အခန်း (၅၂) – ဖန့်ကျွင်းရုံက “ကျွန်မ ရှင်နဲ့ ကွာရှင်းမယ်၊ ကျွန်မ ရှင့်ကို အရမ်းရွံမုန်းတယ်” လို့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည် (၂)
ဖန့်ကျွင်းရုံသည် ဖန့်အိမ်တော်သို့ ပြန်သွားခဲ့သည်။ သူမမိဘများသည် စောစောစီးစီးကွယ်လွန်သွားခဲ့ကြပြီး သူမနှင့် သူမအစ်ကို နှစ်ဦးစလုံးသည် သူမအဖွားလက်ထဲတွင် ကြီးပြင်းလာခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးခဲ့ကြသည်။ လီဝမ့်ကျင်းနဲ့ကွာရှင်းပြတ်စဲမယ်ဆိုရင် သူမအစ်ကိုက သူမအတွက် ခေါင်းခံပေးဖို့ လိုတယ်။ သူမယခင်ဘဝ၌ သူမအစ်ကိုသည် သူမဖက်မှာ ရပ်တည်ခဲ့သောကြောင့် လီဝမ့်ကျင်းနှင့်သူ့သားတို့၏ဖိနှပ်ခြင်းခံရကာ သူ့ကုမ္ပဏီအား ပျက်စီးသွားစေခဲ့သည်။ သူမအား စိတ္တဇဆေးရုံသို့ ပို့ဆောင်ခြင်းခံလိုက်ရသောကြောင့် သူမသည် ဒီအဖြစ်အပျက်တွေကို မသိခဲ့ပါ။ ဒါပေမယ့် ၎င်း၏နောက်ဆုံးအဆုံးသတ်ကလည်း မကောင်းခဲ့ပေ။
ဖန့်အိမ်တော်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ အဝတ်အစားနှင့်ပတ်သက်သည်။ အထူးသဖြင့် သူမယောင်းမသည် နာမည်ကျော်ကြားသော အဝတ်အစားဒီဇိုင်နာဖြစ်သည်။ ဖန့်ကျွင်းရုံ၏ယောင်းမသည် သူမကောလိပ်တုန်းက အခန်းဖော်အစ်မဖြစ်ပြီးတော့ သူတို့နှစ်ဦး၏ဆက်ဆံရေးက အလွန်ရင်းနှီးခဲ့ကြသည်။
သူမသည် သူမအစ်ကိုနှင့် ယောင်းမဖြစ်သူတို့ကို သူမအိမ်တော်သို့ မလာမီ ဖုန်းကြိုဆက်ခဲ့သောကြောင့် သူမအိမ်တော်သို့ရောက်သောအခါ သူတို့နှစ်ဦးစလုံးဟာ သူမကို အိမ်မှာစောင့်နေခဲ့တာကို တွေ့လိုက်ရသည်။
ယန်ရှီးသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က နိုင်ငံရပ်ခြားခရီးစဥ်မှ ပြန်ရောက်လာခဲ့တာဖြစ်သည်။ သူမက ဖန့်ကျွင်းရုံကိုတွေ့လိုက်သောအခါ သူမမျက်လုံးများ ပင့်တက်သွားခဲ့သည်။ “နင် အရမ်းအရမ်းကြည့်ကောင်းလာတာပဲ။ နင် အရင်တုန်းက သုံးတာနဲ့မတူတဲ့ အသားအရေ ထိန်းသိမ်းပစ္စည်းတွေကို သုံးစွဲနေခဲ့တာလား။” အမျိုးသမီးတစ်ဦးအနေဖြင့် နုပျိုလှပသောအသွင်အပြင်ကို မလိုချင်တဲ့သူ ရှိပါ့မလဲ။
“ငါ မကြာသေးမီက အလှအပဆေးပြားအသစ်ကို ထုတ်လုပ်ထားခဲ့တယ်။ ငါ နင့်ကို ဒီရက်အနည်းငယ်အတွင်းမှာပဲ ပို့ပေးလိုက်မယ်။” ဟု ဖန့်ကျွင်းရုံက ပြောလိုက်သည်။ သူမသည် ဆေးပြားအချို့ကို အနည်းငယ် ပိုထုတ်လုပ်ထားခဲ့ပြီး သူမ၏ကျောက်စိမ်းနယ်မြေအတွင်းမှာ သိုလှောင်ထားခဲ့သည်။
ဖန့်ရွှယ်ပေါ်သည် သူတို့အဘိုးနှင့် အလွန်ဆင်တူသည်။ သူသည် တော်တော်လေး ကြည့်ကောင်းပေါ်လွင်ပေမယ့် စိတ်ထားကောင်းသည်။ သူက စီးပွားရေးသမားတစ်ဦးထက် စာပေပညာရှင်တစ်ဦးနဲ့ပိုတူတယ်။ သူသည် အမျိုးသမီးနှစ်ဦး၏စကားဝိုင်းကို အပြုံးလေးဖြင့် ကြည့်နေခဲ့ပြီးတော့ မေးမြန်းခဲ့သည်။ “ညီမလေး နင် ဘာကြောင့် အိမ်ကို ရုတ်တရတ်ပြန်လာခဲ့ရတာလဲ။”
သူက သူမ ယခုပြန်လာသည့်အကြောင်းနှင့် ပတ်သက်သည့် အကြောင်းကိစ္စကို သိချင်မိသည်။ သူ့ညီမဟာ အိမ်ထောင်ကျပြီးတာ နှစ်နှစ်ဆယ်ကြာညောင်းခဲ့သော်လည်း သူမဟာ သူ့မိသားစုဝင်ဖြစ်နေဆဲပင်။ သူက သူမကို အမြဲတမ်း ဂရုစိုက်ပေးရလိမ့်မယ်။
“အိုးရ်... ညီမကွာရှင်းမယ့်ကိစ္စကို အစ်ကိုတို့နှစ်ယောက်ကို ပြောပြချင်လို့” ဟု ဖန့်ကျွင်းရုံက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ဖန့်ရွှယ်ပေါ်ရဲ့မျက်နှာပျက်သွားခဲ့လေသည်။
နောက်ထပ်ဘာစကားမှထပ်မဆိုပဲ ဖန့်ကျွင်းရုံသည် သူတို့ကို ဗီဒီယိုအား အသံနှင့်တကွ ဖွင့်ပြလိုက်သည်။ ပုံမှန်အားဖြင့်ဆိုရင် ဒါက အတော်လေးကိုးရိုးကားရားနိုင်ပေမယ့် ယခုအချိန်မှာတော့ ထိုစုံတွဲကား သူ့ကိုဒေါသထွက်စေခဲ့သည်။
ဖန့်ရွှယ်ပေါ်က ဒေါသအရမ်းထွက်နေခဲ့သည်။ “ညီမလေး နင် ကွာရှင်းချင်တာ သေချာပြီလား”
ဖန့်ကျွင်းရုံက ခေါင်းညိမ့်ပြလိုက်သည်။ “ဒီအချိန်ကာလအတောအတွင်းမှာ ဒီလိုလက္ခဏာတွေပြလာတာပဲ။ သူက ညီမလေးကို ကုမ္ပဏီစီးပွားရေးလုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်တာကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့တဲ့အပြင် ညီမလေးအပေါ် သူ့သဘောထားဟာလည်း ဝတ်ကျေတန်းကျေပါပဲ။ ကျန်းယာ့ကောရောက်ရှိလာချိန်မှစလို့ သူက သူမကို ရှင်းယွင်ထက် ပိုအလေးပေးတယ်။ သူက ရှင်းယွင်ကို အမြဲတမ်းနှိမ်ချပြောဆိုတယ်။ သူက ကျန်းယာ့ကောကို အရာအားလုံးထက် ပိုအလေးထားတယ်။”
သူမက သူတို့ကို ထိုအကြောင်းတွေအား တစ်ခုပြီးတစ်ခုပြောပြတာကို နားထောင်ခဲ့ပြီးတော့ ဖန့်ရွှယ်ပေါ် ဒေါသထွက်သထက်ထွက်လာခဲ့သည်။ မဟုတ်ဘူး... မကြာခင်မှာ သူ့ယောက်ဖဟောင်း ဖြစ်လာတော့မည့် ယောက်ဖဖြစ်သူကို သူရိုက်နှက်လိုခဲ့သည်။
“ကလေးနှစ်ယောက်နဲ့ပတ်သတ်ပြီး ဘာလုပ်မှာလဲ။” ယန်ရှီးက ဖန့်ကျွင်းရုံ၏ကလေးနှစ်ယောက်ကို စိတ်အပူပန်ဆုံးပင်ဖြစ်သည်။
“သူတို့ထဲက တစ်ယောက်က ကောလိပ်ကျောင်းပြီးသွားပြီ။ နောက်တစ်ယောက်ကတော့ သူမရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားပြီ။ ငါ သူတို့ရဲ့ကျောင်းကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာမလိုဘူး။”
သူမပြောတာတွေကို နားထောင်ပြီးတော့ ဖန့်ရွှယ်ပေါ်ဟာ သိချင်စိတ်ပြင်းပြခဲ့သည်။ သူ့ညီမက ဒီနေ့ဒီအချိန်ကို အတန်ကြာစောင့်ဆိုင်းနေခဲ့သည်ဟု သူ ဘာကြောင့် ခံစားနေရတာလဲ။ အန်... ဒါက ငါ စိတ်ကူးလွန်နေတာပဲဖြစ်ရမယ်။ သူ့ညီမက အမြဲတမ်းနူးညံ့သိမ်မွေ့နေခဲ့သည်။ အကယ်၍ သူမပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင် ဒါတွေအကုန်လုံးက လီဝမ့်ကျင်းရဲ့အမှားကြောင့်ပဲ ဖြစ်လိမ့်မည်။
နောက်နာရီဝက်အတွင်းမှာ ဖန့်ကျွင်းရုံသည် သူမအစ်ကိုဖြစ်သူနှင့် အဓိကအားဖြင့် ကွာရှင်းခြင်းနှင့်ပတ်သက်သောအကြောင်းအရာများကို ဆွေးနွေးပြီးခဲ့သည်။ ဖန့်ရွှယ်ပေါ်က သူတို့ရဲ့ပိုင်ဆိုင်မှုခွဲဝေရမည့်ကိစ္စကို အစိုးရိမ်အပူပန်ဆုံးပဲ။ သူက သူ့ညီမကို အစွန်အဖျားလောက်သာ မရစေချင်ဘူး။ မည်သို့ပင်ဆိုစေကာမူ ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့် လီဝမ့်ကျင်းသည် သူနှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော ပုံရိပ်ကောင်းကို စွန့်လွှတ်ရန်ဆန္ဒမရှိပဲ ဆန့်ကျင်ဖက်အနေဖြင့် သူက ဒီကိစ္စကို ဘူးခံငြင်းဆိုနိုင်လိမ့်မည်မဟုတ်ဟုသာ သူယူဆခဲ့သည်။
သူတို့၏ကနဦးဆွေးနွေးမှုပြီးဆုံးသွားသောအခါတွင် ဖန့်ရွှယ်ပေါ်နှင့် ဖန့်ကျွင်းရုံတို့ မောင်နှမနှစ်ဦးသည် လီအိမ်တော်သို့ အတူဦးတည်၍ထွက်လာခဲ့ကြသည်။
သူတို့ရောက်ရှိသွားသောအခါ လီဝမ့်ကျင်းနှင့် အခြားသူများသည် ညစာစားရန်လုပ်နေပြီးတော့ သူမ၏ဘီဘီကျူးဝက်လိုသားလည်း အိမ်မှာ ရှိနေသည်။ သူတို့သုံးဦးသည် ထမင်းစားပွဲရှေ့တွင်ထိုင်နေခဲ့ပြီး နွေးထွေးငြိမ်းချမ်းပြီး သက်တောင့်သက်သာရှိနေပုံရသည်။
လီဝမ့်ကျင်းသည် ပြုံးရင်းရယ်ရင်းပင် ကျန်းယာ့ကောကို နူးညံ့ချိုသာစွာ စကားပြောဆိုနေခဲ့သည်။ သူက ခြေသံကြား၍လှည့်ကြည့်လိုက်သောအခါ ဖန့်ကျွင်းရုံကို တွေ့လိုက်ရသည်။ သူ့အပြုံးတွေဟာ သူ့မျက်နှာပေါ်မှာ ခေတ္တခဏမျှ အေးစက်သွားခဲ့သည်။ သူက အလျင်အမြန်ပဲ တည်ငြိမ်မှုကို ပြန်တည်ဆောက်ကာ မေးလိုက်သည်။ “ကျွင်းရုံ မင်းပြန်ရောက်လာပြီလား။ မင်း ညစာရောစားပြီးပြီလား။ မင်း ထမင်းစားပြီးသွားပြီလို့ ကိုယ်ထင်နေတာ။”
ဖန့်ကျွင်းရုံက ခပ်ဟဟရယ်ရင်း ပြောလိုက်သည်။ “ကျွန်မ ညစာစားချင်စိတ်မရှိဘူး။ ကျွန်မ အရမ်းစိတ်ဆိုးနေလို့။”
ဖန့်ရွှယ်ပေါ်သည်လည်း လီဝမ့်ကျင်းကို ရွံရှာစက်ဆုပ်စွာ ကြည့်နေခဲ့သည်။ သူ့စိတ်ထဲမှာ သူ့ယောက်ဖကို “ကြောင်သူတော်”ဟူသော တံဆိပ်တပ်ခဲ့ပြီးပြီ ဖြစ်သည်။
လီဝမ့်ကျင်းသည် အရူးမဟုတ်ပေ။ သူ့(ဖန့်ရွှယ်ပေါ်)ထံမှ ဒေါသကို သူ ခံစားနိုင်သည်။ သူက မျက်မှောင်ကြုတ်ကာ “ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်တာလဲ” ဟုမေးလိုက်သည်။