အခန်း ၅၄
Viewers 26k


အခန်း (၅၄) – သူ သူမကို တစ်ချက်လှမ်းကြည့်လိုက်မိသည်၊ ယခုလို အေးဆေးတည်ငြိမ်နေသော သူ့ဇနီးသည်ရဲ့ အသွင်အပြင်က သူ့ကို သိပ်မရင်းနှီးပုံပေါ်သည် (၁)


သူမရဲ့တည်ငြိမ်နေသည့်အသံက လီဝမ့်ကျင်း၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သလိုမျိုး ပေါက်ကွဲသွားခဲ့လေသည်။


“မဟုတ်ဘူး။ ကိုယ် ကွာရှင်းပေးမှာ မဟုတ်ဘူး။” သူက အလွန်စိတ်ပိုင်းဖြတ်ထားသည့်အသံဖြင့် ဆိုလိုက်သည်။ သူက အရင်ကကွာရှင်းဖို့ စဥ်းစားခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ ထိုကိစ္စကို စီစဥ်ဖို့ အချိန်မရှိသေးပါ။ သူတို့ အခုအချိန်ကွာရှင်းလိုက်မယ်ဆိုရင် သူ့မှာ အရှုံးများစွာနဲ့ ရင်ဆိုင်ရတော့မယ်။


“ကျွင်းရုံ ဒါက မတော်တဆအမှားတစ်ခုပါပဲ” သူ့လေသံဟာ အက်ကွဲနေခဲ့သည်။ “ငါတို့နှစ်ယောက်စလုံး အဲ့နေ့ အမူးလွန်ပြီး မှားယွင်းမိတာပါ”


ဖန့်ကျွင်းရုံသည် သူမပိုက်ဆံအိတ်ထဲမှ ဓာတ်ပုံများကို ဆွဲထုတ်ပြီး သူ့မျက်နှာရှေ့မှောက်သို့ ပစ်ချလိုက်သည်။ “အိုး... မင်းတို့နှစ်ယောက် ဒီလိုမျိုးပွေ့ဖက်နေချိန်မှာလည်း မင်းတို့နှစ်ယောက်စလုံး မူးနေတာပဲလား”


သူမသည် ထိုဓာတ်ပုံများကို စုမိန်ထံမှ ရရှိခဲ့တာဖြစ်သည်။ 


  
လီဝမ့်ကျင်းဟာ ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။ “ကိုယ်....” သူက သူ့သားကို ပြန်လှည့်ကြည့်လိုက်ပြီး လီရှစ်ကျီက သူ့အတွက် ကူပြောပေးရန် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သည်။ သူက သူမကလေးများသည် သူမအတွက် မည်မျှအရေးပါကြောင်းကို ကောင်းစွာ သိထားခဲ့သည်။


လီရှစ်ကျီသည် သူ့အဖေထံမှ အကြည့်ကို လက်ခံလိုက်ရတော့ စိတ်ထဲ သက်ပြင်းခိုးချလိုက်သည်။ သူ့အဖေဟာ ယောကျာ်းသားတစ်ဦးအနေဖြင့် သူ့မိခင်ကို ဘာကြောင့် လိမ်လည်ရဝာာလဲဆိုတာကို သူ နားလည်မိခဲ့သည်။ သို့သော် အိမ်နှင့်ရင်းနှီးသောလူတစ်ဦးနှင့် ဒီလိုခိုးစားတာမျိုးကတော့ မကောင်းပေ။ ထိုကြောင့် သူ့မိခင်က ဤကဲ့သို့သောအကြောင်းတွေကြောင့် ကွာရှင်းဖို့ကို အလျင်အမြန် လုပ်ခဲ့တာ ဖြစ်သည်။ သူ့မိသားစုပြဿနာများသည် သူတို့အသိုင်းအဝိုင်း၏ အတင်းအဖျင်းပြောစရာ ဖြစ်သွားလိမ့်မည်ဟူသော အတွေးကြောင့် လီရှစ်ကျီကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်။


သူက ကျန်းယာ့ကောကို ကြည့်လိုက်သည်။ ကျန်းယာ့ကောသည် အလွန်ဝမ်းနည်းနေပုံရသည့်အသွင်ဖြင့် အတွေးနစ်ခဲ့သည်။ သူမက သူမကိုယ်သူမ တီးတိုးရေရွတ်နေခဲ့သည်။ “ဒေါ်လေးက ဒီလိုမျိုး ဘယ်လိုလုပ်နိုင်ရတာလဲ။ သူမက ငါ့ကို ဘယ်လိုမျိုး လုပ်နိုင်ရတာလဲ။”


သူမကို ကြည့်မိလိုက်တော့ လီရှစ်ကျီ၏ဒေါသများဟာ လျော့နည်းလာခဲ့သည်။ သူ့မိခင်က ဒီအဖြစ်အပျက်ရဲ့နစ်နာသူဖြစ်ရုံသာမက ယာ့ကောလည်း အတူတူပါပဲ။ ယာ့ကောသည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအတွက် သူမမှာ အပြစ်ရှိသည်ဟု ခံစားနေခဲ့သည်။ အခု သူမ ဒီအကြောင်းကို သိသွားသောအချိန်တွင် အလွန်ကြောက်လန့်နေပေလိမ့်မည်။


သူက မနေနိုင်ပဲ သူမအတွက် ပြောပေးလိုက်သည်။ “မေမေ ယာ့ကောက အပြစ်ကင်းပါတယ်”


လီဝမ့်ကျင်းကြောင့် ဝမ်းနည်းစိတ်ပျက်နေခဲ့သော ဖန့်ရွှယ်ပေါ်သည် ထိုစကားသံကို ကြားလိုက်ရတော့ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။ “မင်းက သူမဖက်က ရပ်တည်ပေးနေတာလား”


ဖန့်ကျွင်းရုံသည် သူ့အတွက် ချစ်ခြင်းမေတ္တာအလုံးစုံကို ပေးခဲ့ပြီးသား ဖြစ်သည်။ ထို့အပြင် သူမ ပြန်လည်မွေးဖွားလာပြီးသည့်အချိန်ကစလို့ သူ့ကို သူမသားအဖြစ် မတွေးထားခဲ့တော့ပေ။ သူမက ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်မှာ အလွန်အေးဆေးတည်ငြိမ်ခဲ့ပြီး နာကျင်မှုများကို မခံစားရတော့ဘူး။


ဖန့်ရွှယ်ပေါ်က သူမနှင့် မတူညီစွာ တုန်လှုပ်နေခဲ့သည်။ သူက အမြဲတမ်း ဒီတူလေးအကြောင်းကို ကောင်းကောင်းသိခဲ့ဖူးသည်။ လီဝမ့်ကျင်း၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအပြုအမူနှင့် ကျန်းယာ့ကောက ဒီအဖြစ်အပျက်တွင် တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း သိသာထင်ရှားနေခဲ့ပေမယ့် လီရှစ်ကျီသည် သူ့မိခင်အစား မျက်လုံးဖြူဝံပုလွေမကို ဘက်လိုက်ပေးလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ခဲ့ပါ။


ကျန်းယာ့ကောက လီရှစ်ကျီကို ကျေးဇူးတင်သောအကြည့်ဖြင့် နူးညံ့စွာ ပြောလိုက်သည်။ “ကျွန်မအတွက် ရှင် ဒီလို ပြောပေးဖို့ မလိုပါဘူး။ ဒါက ကျွန်မအမှားပါ။ ကျွန်မ ဒါကို စောစောသတိထားမိခဲ့ရင် ကျွန်မ သူတို့ကို တားမြစ်ဖို့ ကြိုးစားမှာ အသေအချာပါပဲ။ အဲ့ဒီလိုဆို ကျွန်မအမေရဲ့ ဒေါသပုံချစရာဖြစ်မှာ မဟုတ်ဘူး”


သူမ၏အားနည်းသောအသံနှင့် ဖြူဖပ်ဖြူရော်ဖြစ်နေသော အသွင်အပြင်သည် မုန်တိုင်းကြားရှိ ပျက်စီးထိခိုက်လွယ်နေသော ပန်းတစ်ပွင့်နှင့် အလျားသဏ္ဍာန်တူညီနေခဲ့သည်။ လီရှစ်ကျီ၏နှလုံးသားဟာ အလွန်နာကျင်သွားခဲ့သည်။ သူ့လေသံက ပို၍ပင် တိကျပြတ်သားလာခဲ့သည်။ သူက ဖန့်ကျွင်းရုံကို သူသာလျှင် မှန်ကန်ကြောင်း အခိုင်အမာပြောဆိုသောလေသံဖြင့် စကားဆိုခဲ့သည်။ “မေမေ ဒီဟာက ယာ့ကောနဲ့ ဘာမှမဆိုင်ဘူးလေ။ အမေ အဖေ့ကို စိတ်ဆိုးဒေါသထွက်နေတာကို သားနားလည်တယ်။ ဒါပေမယ့် အမေ့ရဲ့ဒေါသတွေကို ယာ့ကောအပေါ် ပုံမချသင့်ဘူး။”


ဖန့်ကျွင်းရုံက ကျန်းယာ့ကောထံ အကြည့်တစ်ချက်ပို့ရင်း မေးလိုက်သည်။ “ဒါ အမှန်ပဲ။ သူမမျက်လုံးတွေက သာမာန်အလှဆင်ရုံမျှပဲ ရှိတာလား။ သူမက သူတို့နဲ့ နေ့တိုင်း အပြင်ထွက်နေပေမယ့် ဘာမှ သတိမပြုမိခဲ့ဘူးပေါ့လေ။ အကယ်၍ သူမမျက်လုံးတွေကို အသုံးမပြုတော့ရင် အဲ့ဒီမျက်လုံးတွေကို လှူဒါန်းလိုက်သင့်တယ်။”


လီရှစ်ကျီသည် မျက်မှောင်ကြုတ်ရင်း “မေမေ ဒီလိုမျိုးစကားတွေ မပြောလို့ မရဘူးလား။ ဒီစကားတွေက ယာ့ကောကို နာကျင်စေလိမ့်မယ်။” ဟု ပြောလိုက်သည်။


ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောကို အလွန်တရာ လေးစားမိသည်။ သူမရောက်ရှိလာခဲ့ပြီး တစ်လအကြာမှာပဲ ကျန်းယာ့ကောက သူမ၏ဘီဘီကျူးဝက်လိုသားကို ဆွဲဆောင်နိုင်ခဲ့သည်။ သူ့မျက်လုံးထဲမှာ သူမတစ်ယောက်တည်းကိုသာ မြင်နိုင်လောက်သည့်အထိ ဆွဲဆောင်နိုင်ခဲ့သည်။


သူမက ခေါင်းညိမ့်ရင်း ပြောလိုက်သည်။ “ဟုတ်တယ်။ ငါက သွေးအေးပြီးရက်စက်တယ်။ ငါ့လိုသွေးအေးပြီးရက်စက်တတ်တဲ့လူက မင်းအမေဖြစ်ဖို့ မတန်ဘူး။ အနာဂတ်မှာ မင်း ငါ့ကို အမေလို့ ထပ်ခေါ်စရာ မလိုတော့ဘူး။” သူမက ခပ်ဖွဖွရယ်မောလိုက်ရင်း ဆိုလိုက်သည်။ “ဒီအကြောင်းကို မင်း မည်သည့်နည်းလမ်းမျိုးနဲ့ ကြည့်ရှုလိုက်တာလဲ။ ငါက သူတို့နှစ်ယောက်စလုံးရဲ့ သစ္စာဖောက်ခြင်းကို ခံရတဲ့ နစ်နာရဆုံးသူပဲ။ ဒါပေမယ့် တစ်ချို့သော အကြောင်းအရင်းတွေကြောင့် ငါ့ရဲ့ထိခိုက်နာကျင်ရမှုတွေက ကျန်းယာ့ကောရဲ့မျက်ရည်တွေနဲ့တောင် မယှဥ်နိုင်ပါလား။ ကောင်းပြီ။ ကျေးဇူးမသိတတ်တဲ့သားမျိုးကို ငါပြုစုပျိုးထောင်ခဲ့မိတယ်။ ဘယ်လိုငိုကြွေးရမှန်းကို မသင်ယူခဲ့မိတဲ့ ငါ့အမှားပါပဲ။”


သူမသည် ထိုစကားကို ပြောပြီးသွားသောအခါ လီရှစ်ကျီကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် လီရှစ်ကျီသည် သူမနှင့် ဝေးကွာသွားသလိုမျိုး ခံစားခဲ့ရသည်။


ဖန့်ရွှယ်ပေါ်၏လက်များဟာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူ့တူက ယခင်က သာမာန်လူတစ်ဦး ဖြစ်ခဲ့သည်။ သူ့ကို ဘာတွေက ပြောင်းလဲသွားစေခဲ့တာလဲ။