အခန်း ၆၀
Viewers 25k


အခန်း (၆၀) – မျှော်လင့်ထားတဲ့ တရားမျှတမှုဆိုတာ ဘယ်နေရာမှာလဲ (၁)


"ကျေးဇူးတင်ပါတယ်"


ဖန့်ကျွင်းရုံသည် သူမဝိုင်ခွက်ကိုမြှောက်၍ သူမသူငယ်ချင်းကို ချီးယားလုပ်လိုက်သည်။


"ကိစ္စမရှိပါဘူးကွာ။ ငါ အမှန်အတိုင်းပြောရရင် အရမ်းသဘောကျတာပဲ။" ဖန့်ကျွင်းရုံက သူမ ကွာရှင်းပြတ်စဲတော့မည်ဟု ပြောခဲ့သည်။ အခြားမည်သည့်အကြောင်းအရာကိုမှ ထုတ်မပြောခဲ့ပေ။ ထိုအရာက ဟဲကျန့်ပင်းကို အမှန်တကယ် အထင်ကြီးသွားစေခဲ့သည်။ သူမကိုယ်တိုင်ဆိုရင် သူမ ဒီလိုမျိုး လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ သူမနှင့် သူမခင်ပွန်းမိသားစုများက သူတို့ပေါင်းစည်းခြင်းကနေ အကျိုးများစွာ ဖြစ်ထွန်းခဲ့သည်။ ဒါကြောင့် သူတို့နှစ်ဦးအကြား ခံစားချက်မရှိရင်တောင်မှ သူမက ကျွင်းရုံကဲ့သို့ စွန့်ခွာနိုင်မှာ မဟုတ်ခဲ့ဘူး။


သူမသည် သူမကိုယ်တိုင်ဆိုရင် ထိုသို့လုပ်နိုင်မည်မဟုတ်သော်လည်း သူမသည် သူမမိတ်ဆွေအား ကူညီပြီးတော့ လိုအပ်သည့်အထောက်အပံ့ကိုပေးရန် လိုလိုလားလားရှိခဲ့သည်။ ဖန့်ကျွင်းရုံသည် ယခင်က အကူအညီပေးခဲ့ပြီးတော့ ဝမ်ရှောင်းပြင်ဆင်ထားခဲ့သည့် ကျည်ဆန်များကို ရှောင်ရှားနိုင်စေခဲ့သည့်အချက်ကိုပင် ထည့်မပြောရသေးချေ။ သူမသည် ကျွင်းရုံ၏မျက်နှာသာပေးမှုကို အမြဲတမ်း ပြန်ပေးဆပ်ရန် ဆန္ဒရှိခဲ့သည်။


***


ဖန့်ကျွင်းရုံသည် သူမ အောင်မြင်စွာ ကွာရှင်းပြီးနောက်ပိုင်းတွင် အတော်လေး စိတ်အခြေအနေကောင်းနေခဲ့သည်။ သူမ ယခင်က ကုမ္ပဏီတွင် ထားခဲ့သော သစ္စာရှိလူယုံတော်များသည် သူတို့အလုပ်မှနုတ်ထွက်ခဲ့ပြီး သူမ၏ မိန်ဖန့်အလှကုန်ကုမ္ပဏီသို့ ဝင်ရောက်လာခဲ့ကြသည်။ သဘာဝကျစွာပဲ သူမသည် သူမလူများကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ လူတိုင်း၏လုပ်ခလစာကို ဆယ်ရာခိုင်နှုန်းစီ တိုးမြှင့်ပေးခဲ့သည်။


သူမအမည်အောက်ရှိ ပိုင်ဆိုင်မှုများကိုကြည့်ပြီး ဖန့်ကျွင်းရုံသည် သူမဘဝတစ်လျှောက်လုံးတွင် ဤမျှလောက်ချမ်းသာကြွယ်ဝမှုမရှိခဲ့ပါလားဟု ခံစားခဲ့ရသည်။


ပြောရရင် သူတို့နှစ်ဦး နှစ်ပေါင်းများစွာ ဝယ်ယူခဲ့သောအိမ်ခြံမြေပိုင်ဆိုင်မှုများအပါအဝင် သူတို့လက်ရှိနေထိုင်သည့် အိမ်တော်ကြီးကလည်း ဖန့်ကျွင်းရုံရရှိခဲ့တာ ဖြစ်သည်။ လီဝမ့်ကျင်းနှင့် ကျန်းယာ့ကောတို့သည် ထွက်ခွာသွားသင့်သည်။ လီဝမ့်ကျင်းသည် မေ့လျော့နေတာဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ထွက်မသွားခဲ့တာဖြစ်စေ မသေချာသော်လည်း ကွာရှင်းပြီးနှစ်ရက်ကြာသွားသည့်တိုင် သူတို့ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည့် လက္ခဏာကို မတွေ့ရသေးပေ။


လီရှစ်ကျီအနေဖြင့် သူက ထိုကဲ့သို့သော ကိုယ်ပိုင်နားလည်သဘောပေါက်မှုမျိုး မရှိခဲ့ပါ။ အမှန်မှာ သူ့စိတ်ထဲမှာ သူ့မိဘများက ကွာရှင်းပြတ်စဲခဲ့ကြသော်လည်း သူ၏မိဘများဖြစ်နေဆဲပင်ဟု တွေးထားခဲ့တာဖြစ်သည်။ သူဟာ သူလက်ရှိနေထိုင်သည့်နေရာတွင် ဆက်လက်နေထိုင်လို့ ရသည်ဟုသာ မှတ်ထင်ထားခဲ့သည်။


ဖန့်ကျွင်းရုံက သူတို့ကို နှင်ထုတ်ရန် စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ပါ။ သူမသည် ထိုလူတစ်ဦးချင်းစီအတွက် သူမ၏ပုံရိပ်ကို ထိခိုက်စေရန်အလို့ငှာ မထိုက်တန်ပါ။ ထို့အပြင် သူမဟာ ဘာပဲဖြစ်ဖြစ် ဒီအိမ်‌တော်မှာ နေထိုင်မည် မဟုတ်ပါ။ သူမယခင်ဘဝတုန်းက သူမကို ဒီအိမ်တော်ကနေ စိတ္တဇဆေးရုံသို့ ပို့ဆောင်ခဲ့တာဖြစ်သည်။ လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့က ဒီခမ်းနားကြီးကျယ်သောအိမ်တော်တွင် ပျော်ရွှင်စွာဆက်လက်နေထိုင်ခဲ့ကြသည်။


ထိုနေ့ရက်များကုန်လွန်သွားခဲ့သော်လည်း သူမသည် ထိုအကြောင်းကို စဥ်းစားမိချိန်တိုင်း သူမလည်ချောင်းထဲ ငါးရိုးစူးသကဲ့သို့ ခံစားခဲ့ရသည်။ လီဝမ်ကျင်းနှင့်အခြားသူများ အထူးသဖြင့် ကျန်းယာ့ကောရောက်ရှိလာပြီးနောက်ပိုင်းတွင် အိမ်ရှိအစေခံများအားလုံးသည် သူတို့ဖက်မှာ ရပ်တည်ခဲ့ကြသည်။ သူတို့သည် ကျန်းယာ့ကောကို လျင်မြန်စွာ သစ္စာရှိနှစ်သက်လာခဲ့ကြသည်။ ဖန့်ကျွင်းရုံသည် သူမကွာရှင်းပြီးနောက် ဒီဝန်ထမ်းများကို ဆက်လက်ခန့်အပ်ရန် မရူးမိုက်ပေ။ သဘာဝကျကျ သူတို့အားလုံးသည် လီဝမ့်ကျင်းနှင့် အတူ ထွက်သွားကြလိမ့်မည်။


သူမသည် ကျုံးရီအား ပြောင်းရွှေ့မည့်အကြောင်းအား‌ ပြောပြခဲ့ပြီး ကျုံးရီနှင့် သူမသမီး၏ပစ္စည်းများကို အိမ်အသစ်သို့ ပြောင်း‌ရွှေ့ခဲ့သည်။ အိမ်အသစ်သည် သူတို့၏အိမ်တော်ကဲ့သို့ မကြီးမားသော်လည်း ၎င်းသည် နှစ်ထပ်တိုက်ပင်ဖြစ်သည်။ သူတို့သုံးဦးအပြင် သူတို့အစေခံများအတွက်ပါ ထိုအိမ်သည် လုံလောက်သည်ထက် ပိုကြီးပါသည်။ သူမသည် ကားမောင်းသူအသစ်၊ စားဖိုမှုးများ၊ နာရီပိုင်းအိမ်အကူများနှင့် သက်တော်စောင့်များကို ချက်ချင်းငှားရမ်းလိုက်သည်။ ထိုလူများကို သူမက လစာပေးထားသောကြောင့် သဘာဝကျစွာပဲ သူတို့သည် သူမအပေါ် သစ္စာစောင့်သိပေလိမ့်မည်။


သူမသည် စုစုပေါင်း သက်တော်စောင့်ငါးဦး ငှားရမ်းခဲ့သည်။ ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင် သူမသည် အလွန်သတိကြီးစွာထားခဲ့သည်။


ဖန့်ကျွင်းရုံက ကျန်းယာ့ကောကို သမီးအဖြစ် အသိအမှတ်မပြုခဲ့သော်လည်း ကျုံးရီကတော့ သူမလက်ဖြင့် ကိုယ်တိုင်ရွေးချယ်ခဲ့ပြီး သမီးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ကျုံးရီသည် အစပိုင်း၌ ဖန့်ကျွင်းရုံက စိတ်အခြေအနေဆိုးရွားနေမှာကို စိတ်ပူခဲ့ပြီးတော့ သူမကို ကုမ္ပဏီသို့မသွားစေပဲ အိမ်တွင် အချိန်အနည်းငယ်ခန့် အနားယူရန် တိုက်တွန်းပြောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မျက်စိကန်းသူတစ်ဦးပင် ဖန့်ကျွင်းရုံသည် ကွာရှင်းပြီးကတည်းက အတော်လေးပျော်ရွှင်နေခဲ့သည်ကို ပြောနိုင်ခဲ့သည်။ သူမသည် နေ့တိုင်းလိုလိုပင် ပျော်ရွှင်မှုကြောင့် လေချွန်မိလုနီးပါး ဖြစ်နေပုံရသည်။ အဲ့ဒါက ကျုံးရီကို စိတ်သက်သာရာရစေခဲ့သည်။