အခန်း (၆၃) – မျှော်လင့်ထားတဲ့ တရားမျှတမှုဆိုတာ ဘယ်နေရာမှာလဲ (၄)
တစ်ဖက်က လီဝမ့်ကျင်းမူကား ချက်ပြုတ်နေသည့်ပုံစံက ကြိုးကြာဖြူကလပ်၏နာမည်ကြီးစားဖိုမှုး ချက်ပြုတ်သည့်စတိုင်မှန်း သတိထားမိလိုက်သည်။ သူ အကြိမ်အနည်းငယ်သွားရောက်ခဲ့ပြီး အသိအမှတ်ပြုမိခဲ့သည်။ သူ့နှုတ်ခမ်းကအပြုံးက လျော့ရဲသွားခဲ့သည်။
သူ့အသံက အေးဆေးတည်ငြိမ်နေခဲ့သည်။ “ဒီဟင်းပွဲကို ငါ သိပ်မကြိုက်ဘူး။ နောက်ဆို ဒီဟင်းပွဲကို မကြာခဏ မချက်နဲ့” သူက သူမ ကလပ်မှာရှိခဲ့သည့် မည်သည့်ဆက်နွယ်မှုမျိုးကိုမှ မကြိုက်နှစ်သက်ခဲ့ပေ။
ကျန်းယာ့ကောသည် တစ်စက္ကန့်လောက် ရပ်တန့်သွားပြီးနောက် နာကျင်ဝမ်းနည်းသွားပုံ ဖြစ်သွားခဲ့ရသည်။
ပုံမှန်အားဖြင့် ကျန်းယာ့ကောသည် သူမက အခြားသူများနှင့်ပတ်သက်လျှင် ဤပုံစံကိုသာ တွေ့ရသည်။ ထိုစဥ်က လီဝမ့်ကျင်းသည် အမြဲတမ်း သူမဖက်မှ ရပ်တည်ကာကွယ်ပေးခဲ့သည်။ အခုအချိန်မှာတောင် သူမက သူ့အပေါ်မှာတောင် ဒီလိုအမူအရာကို အသုံးပြုနေဆဲပင်။ ဒါက သူ့ကို အတော်လေး မပျော်နိုင်အောင် ဖြစ်စေခဲ့သည်။ သူက သူမအပေါ် လုံလောက်စွာ မကောင်းပေးခဲ့လို့လား။
ကျန်းယာ့ကောသည် ထိုအမူအရာကိုသာ အသုံးပြု တုံ့ပြန်ခဲ့သည်။ သူမက လီဝမ့်ကျင်း၏အကြည့်ကို သတိပြုမိလိုက်တာနဲ့ ချက်ချင်းပင် သူမအမူအရာကို ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ “ဒီဟင်းလျာကို အဖေမကြိုက်မှန်း သမီးမသိလို့ပါ။ သမီး ဒါကို ပြောင်းလိုက်ပါ့မယ်။ ဒါက သမီးအမှားပါ။ သမီး အဖေအကြိုက်ကို ကြိုတင်မေးမြန်းပြီး တိုင်ပင်ထားသင့်ပါတယ်”
သူမရဲ့အသံက အလွန်ပျော့ပျောင်းနေခဲ့ပြီး သူမကိုယ်သူမ အလွန်နိမ့်ကျသော အနေအထားသို့ ကျရောက်စေခဲ့သည်။ လီဝမ့်ကျင်း၏စိတ်မချမ်းသာမှုဟာ လေပြေလေးတစ်ခုလို ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။ ချက်ချင်း လေထုဟာနွေးထွေးလာပြီး သာယာချမ်းမြေ့လာခဲ့သည်။
ကံမကောင်းစွာပဲ ဒီလိုနွေးထွေးတဲ့မြင်ကွင်းကို အနှောင့်အယှက်ဝင်လာခဲ့သည်။ အိမ်တော်ကို ဝယ်ယူမည့်သူများက အိမ်ကိုကြည့်ရှုရန် ရောက်ရှိနေကြောင်းကို လုံခြုံရေးက လီဝမ့်ကျင်းကို အင်တာကွန်ကနေတဆင့် အကြောင်းကြားခဲ့သည်။
လီဝမ့်ကျင်းဟာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ “ဘာ ဝယ်သူတွေလဲ”
သူက စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း သူက အများပြည်သူရှေ့မှောက်က သူ့ဂုဏ်သိက္ခာကို အမြဲတန်ဖိုးထားသည့်အတွက်ကြောင့် သူတို့ကို ဝင်ခွင့်ပြုပေးခဲ့သည်။ အိမ်တော်ထဲဝင်ရောက်လာသူများကို သူတွေ့လိုက်ရသောအခါ သူ အံ့သြသွားခဲ့သည်။ ဧည့်သည်များဟာ သစ်လုပ်ငန်းလုပ်ကိုင်သည့် သူဌေးကျောက်နှင့် သူ့ဇနီးတို့ ဖြစ်ကြသည်။ သူတို့နဲ့ အရင်က တွေ့ဆုံခဲ့ဖူးကြသည်။ စိတ်ထဲမှာတော့ လီဝမ့်ကျင်းသည် သူဌေးကျောက်ကဲ့သို့ ကံကောင်းပြီး ရုတ်တရတ်ချမ်းသာလာသူများကို အထင်သေးလေသည်။
ပြီးပြည့်စုံသည့်အပြုံးကို တပ်ဆင်ထားရင်း သူက မေးလိုက်သည်။ “သူဌေးကျောက် ခင်ဗျား ဘာလို့ အိမ်တော်ကိုကြည့်ဖို့ ဒီကို ရောက်လာတာလဲ။ ဒီအိမ်တော်နဲ့ဆင်တူတဲ့အိမ်မျိုး ဝယ်ယူဖို့ ခင်ဗျားစဥ်းစားထားလို့ ဒီအိမ်တော်ကို လာကြည့်တာလား”
ယခုအချိန်မှာ သူက ဒီအိမ်တော်သည် ဥပဒေအရ ဖန့်ကျွင်းရုံပိုင်ဆိုင်သည်ကို လုံးဝမေ့နေခဲ့လေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဤအိမ်တော်တွင် ဆက်လက်နေထိုင်ခွင့် မရှိပါ။
သူဌေးကျောက်က ပတ်ပတ်လည်ကို ကြည့်ရှုပြီး အလွန်သဘောကျသွားခဲ့သည်။ “မဟုတ်ပါဘူး။ ကျွန်တော်က ဒီအိမ်တော်ကိုပဲ လာကြည့်တာပါ။ ကျွန်တော်က ဒီအိမ်တော်ကို ဝယ်ဖို့ စီစဥ်ထားတယ်”
လီဝမ့်ကျင်းဟာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့လေသံဟာ အနည်းငယ် အေးစက်သွားခဲ့သည်။ “ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဒီအိမ်တော်မှာနေရတာ အရမ်းပျော်ရွှင်နေတဲ့အတွက် ဒီအိမ်တော်ကို ရောင်းချဖို့ ရည်ရွယ်ချက်မရှိပါဘူး”
သူဌေးကျောက်က သူ့ကို ပြုံးပြလိုက်သည်။ သူ့အပြုံးဟာ လေးနက်သည့်အဓိပ္ပာယ်တစ်ခုကို ဖော်ညွှန်းနေခဲ့သည်။ “ဒါပေမယ့် ဒီအိမ်တော်က မင်းဇနီးဟောင်း သူဌေးမဖန့်ရဲ့ပိုင်ဆိုင်မှုလို့ ကျွန်တော် ကြားသိထားတယ်။ ခင်ဗျားတို့နှစ်ယောက် ကွာရှင်းပြတ်စဲခဲ့ပြီးပြီဆိုတာကိုလည်း ကျွန်တော် ကြားသိထားတယ်။ ကျွန်တော် ခင်ဗျားတို့ ဒီနေရာမှာ ဆက်လက်နေထိုင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” သူက တစ်စက္ကန့်လောက် ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်ပြန်သည်။ “သူဌေးမဖန့်က ဒီအိမ်တော်ကို ရောင်းဖို့ ရည်ရွယ်ထားတာကို ကျွန်တော်တို့အသိုင်းအဝိုင်းတစ်ခုလုံး သိထားကြတယ်။ သူဌေးလီက သူမထံမှ ဒီအိမ်တော်ကို ပြန်လည်ဝယ်ယူဖို့ ရည်ရွယ်ထားတာလား။ ဒီအိမ်တော်က အတော်လေး စျေးကြီးတယ်လို့ ကြားထားတယ်။ ဒါပေမယ့် သူဌေးလီကလည်း ဒါကို ဝယ်ယူဖို့ စဥ်းစားထားရင် ဒီအိမ်တော်ကိုရဖို့ ကျွန်တော်နဲ့ စျေးပြိုင်ပေးရလိမ့်မယ်”
ဟုတ်ပါတယ်။ လီဝမ့်ကျင်းက ဒီအိမ်တော်ကို မဝယ်ယူနိုင်ဘူး။ သူက အိမ်အားလုံးကို ဖန့်ကျွင်းရုံထံ လွှဲပြောင်းပေးခဲ့သည်။ သူ့မှာ ယွမ်ဆယ်သန်းခန့်သာ ရှိသည်။ သူက “ကျွန်တော်တို့ မကြာခင်မှာ ပြောင်းရွှေ့ပေးမယ်” ဟု ပြောရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
ဒီအိမ်တော်ဟာ ဖန့်ကျွင်းရုံ၏ပိုင်ဆိုင်မှုဖြစ်ကြောင်းကို သူ့ကို ထောက်ပြခံလိုက်ရသည်မှာ အထူးသဖြင့် သူ့အတွက် အရှက်ရစရာပင်။ အထူးသဖြင့် သူ့ကို သူဌေးကျောက်ထံမှ သူ့ဇနီးဟောင်း၏ ပိုင်ဆိုင်မှုများအပေါ် ဂုတ်သွေးစုပ်နေသည်ဟူသောအကြည့်ဖြင့် အကြည့်ခံလိုက်ရတဲ့အချိန်မှာပေါ့။
သူဌေးကျောက်၏ဇနီးကလည်း အိမ်ကိုလှည့်ပတ်ကြည့်ပြီး ပြန်ရောက်လာခဲ့သည်။ “ရှင်တို့ ဒီအိမ်တော်ကနေ ဘယ်အချိန်လောက်ကြာရင် ပြောင်းမှာလဲ။ အချိန်တစ်ရက်ဆို လုံလောက်လား”
ဖန့်ကျွင်းရုံက သူတို့ကို လီဝမ်ကျင်းတို့အိမ်ပြောင်းပြီးတာနဲ့ ချက်ချင်း ဝင်ရောက်နေထိုင်နိုင်ကြောင်း ပြောထားသည့်အပြင် သူတို့ကို လျှော့စျေးအများကြီး ပေးထားခဲ့လေသည်။ သူတို့ ဘယ်လောက်ပဲ ချမ်းသာနေပါစေ အိမ်တော်တစ်ခုစျေးသည် ယွမ်မီလီယံပေါင်းများစွာ ကုန်ကျပါသည်။ ငွေအနည်းငယ်ခန့် သက်သာစေတာကလည်း အရေးပါလှသည်။
လီဝမ့်ကျင်းသည် အလွန်ဒေါသထွက်သွားခဲ့ပြီး သူ့မျက်နှာဟာ အစိမ်းရောင် ပြောင်းသွားခဲ့သည်။ သူက အမှိုက်တစ်စမဟုတ်ပေမယ့် သူတို့က သူ့ကို နှင်ထုတ်ဖို့ မစောင့်နိုင်ကြဘူး။ ဒါက သူ့အတ္တကို နက်ရှိုင်းစွာ ထိခိုက်စေခဲ့သည်။
“တစ်ရက်တောင် မလိုဘူး။ ကျုပ်တို့ အခုချက်ချင်း ပြောင်းပေးမယ်။” လီဝမ့်ကျင်းက အေးစက်စွာ ပြောလိုက်သည်။