အခန်း ၆၅
Viewers 25k


အခန်း (၆၅) – ဘယ်သူကများ သူမကို မုန်းတီးလွန်းလို့ သူမမျက်နှာကို ပျက်စီးစေချင်ရတာလဲ (၂)


အဆုံးမှာတော့ ထိုအရာက လီဝမ့်ကျင်းအတွက် အများကြီး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လေသည်။


ဝမ်စစ်ရှန်းသည် နူးညံ့စွာ သူ့အတွက် နေ့စဥ် အိမ်ဖော်တစ်ဦးလို ချက်ပြုတ်ပြင်ဆင်ပေးသည့် အတွက်ကြောင့် သူ့တွင် ကြည့်ကောင်းရှုပျော်ဖွယ်ရှိသော အိမ်ဖော်တစ်ဦးရရှိသွားသကဲ့သို့ ခံစားရစေပြီး အစောပိုင်းက ထွက်ရှိလာခဲ့သောဗီဒီယိုကြောင့် ဝမ်စစ်ရှန်းအပေါ် သူ့ရဲ့မကျေမနပ်ဖြစ်မှုတွေက အနည်းငယ် လျော့ကျသွားခဲ့သည်။ သူမက သူတို့နှင့်အတူ နေထိုင်ရင်း သူ စိတ်အလိုရှိသမျှ သဘောတူ လက်ခံပေးလေသည်။


အခြားတစ်ဖက်တွင်မူ သူက ဖန့်ကျွင်းရုံကို ပါးရိုက်ခံလိုက်ရသလို ခံစားသွားစေချင်ခဲ့သည်။ ဖန့်ကျွင်းရုံသည် သူတို့အိမ်တော်ကို ရည်ရွယ်ချက်ရှိရှိရောင်းချခဲ့ပြီး သူတို့ကို ခက်ခဲသောအချိန်များကို ရရှိစေခဲ့သောကြောင့် သူက သူမရှေ့မှောက်၌  ဝမ်စစ်ရှန်းကို အသုံးပြုပြီး သူမကို နာကျင်ခံစားစေချင်ခဲ့သည်။


ဖန့်ကျွင်းရုံက သူနဲ့ ထပ်မံ မပတ်သက်ချင်တော့သည့်ပုံ ဖြစ်နေသည်။ သူက သူမနှလုံးသားထဲမှာ နေရာမရှိတော့ဘူးဆိုရင် သူနဲ့ကွာရှင်းခွင့်ရဖို့ကို ဘာလို့  အရမ်းကြီး သရုပ်ဆောင်နေရတာလဲ။ ပြောကြသလိုပဲ အချစ်ကြီးလွန်းလို့ အမျက်ကြီးသွားတာလား။


ဝမ်စစ်ရှန်းကို သူတို့နှင့်အတူနေထိုင်ဖို့ ခွင့်ပြုပေးခဲ့သည့်အပြင် သူသည် ကျန်းယာ့ကောကို ပိုမိုကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူသည် သူ့၏ဖခင်ချစ်ခြင်းမေတ္တာကို သူမအတွက် ပစ္စည်းများစွာကို ဝယ်ယူပေးခြင်းဖြင့် ပြသခဲ့လေသည်။ သူသည် သူမကို လစဥ်မုန့်ဖိုးငွေ ယွမ်နှစ်သိန်း ပေးခဲ့သည်။ ဒါကြောင့် သူမ လိုချင်တဲ့အရာမှန်သမျှကို ဝယ်ယူနိုင်ခဲ့သည်။ သူမအဆိုအရ ဒါက မိန်းကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန် သင့်လျော်သောနည်းလမ်း ဖြစ်သည်။


သူ့သမီးရင်းဖြစ်သည့် လီရှင်းယွင်ကိုတော့ သူက လုံးဝဂရုမစိုက်လျစ်လျူရှုခဲ့ပြီး ဘယ်တော့မှ သူမကို ပြုစုပျိုးထောင်ပေးခြင်း မရှိခဲ့ပါ။ ပြီးတော့ နောက်ဆုံးတွင် ကျန်းယာ့ကောကို ချမ်းသာသော မိန်းကလေးတစ်ဦးဖြစ်ခြင်း၏ ဇိမ်ကျသောဘဝဟာ ဘယ်လိုဘဝမျိုးလဲဆိုတာကို သိရှိစေခဲ့သည်။


သူ့အပြုအမူများသည် ဖန့်ကျွင်းရုံအပေါ်ကိုတော့ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပါ။ သို့သော် ဝမ်ရှောင်းကိုတော့ လုံးဝဒေါသထွက်စေခဲ့သည်။


ဝမ်ရှောင်းသည် မကြာသေးမီကပင် ဆရာဝန်များစွာထံ လှည့်လည်ပြသခဲ့ပြီး သူ့လက်ကို ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာပဲ သူ့ဘယ်ဖက်လက်က အလွန်အကျွံ ဘာမှမလုပ်နိုင်ရုံတင်မက ခွက်ကိုတောင်မကိုင်နိုင်ပဲ အကြိမ်ပေါင်းများစွာ သူ့လက်ထဲမှ ထွက်ကျ ကျကွဲသွားစေခဲ့ပြီး သူ့မျှော်လင့်ချက်ကို ရိုက်ချိုးစေခဲ့သည်။


အဲ့တာက သူ့ကို ဒေါသပေါက်ကွဲစေပြီး သူ့ပတ်ဝန်းကျင်ကို သူ မကြာခဏ မထွက်နိုင်ခဲ့ချေ။


သူ့လက်က တစ်ခုခုမှားယွင်းနေသည့်အချိန်တိုင်း သူ့ကို မသန်မစွမ်းဖြစ်အောင်ပြုလုပ်ခဲ့သည့်အတွက် တာဝန်ရှိသော အမျိုးသမီးဖြစ်သည့် ကျန်းယာ့ကောအကြောင်းကို သူ စဥ်းစားမိခဲ့သည်။


သူက ကျန်းယာ့ကောသည် ယခင်ကထက် ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်လာခဲ့ပြီး သူမ၏ပုံရိပ်က အစစ်အမှန်သခင်မလေးလီရှင်းယွင်ထက်ပင် ပိုမိုမြင့်တက်ကောင်းမွန်နေကြောင်းကို သိလိုက်ရသောအခါ သူက ဒေါသထွက်လာခဲ့သည်။ အဆုံးတွင် သူက ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး အရေးကိစ္စအမျိုးမျိုးကိုလည်း မအောင်မြင်ခဲ့ပေ။ သို့သော် ကျန်းယာ့ကောကတော့ ကံကောင်းစွာ ပျော်ရွှင်နေခဲ့ပြီးတော့ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပါ။ ဒါက ဘယ်လိုကြောင့် သူ့ကို အဆင်ပြေစေမယ်လို့ ထင်ရတာလဲ။ 


ဝမ်ရှောင်းသည် အငြိုးကြီးသူတစ်ယောက်ဖြစ်သည်။ သူက ကျန်းယာ့ကောကို လွယ်လွယ်ကူကူ မလွှတ်ပေးနိုင်ဘူး။ ယခင်က သူသည် ဖန့်ကျွင်းရုံကြောင့် လီဝမ့်ကျင်းကို ရဲရဲရန်မစဝင့်တာ ဖြစ်သည်။ ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းနှင့်ကွာရှင်းပြီး သူတို့၏ပိုင်ဆိုင်မှုများကို ခွဲဝေယူပြီးကြချိန် လီဝမ့်ကျင်းကို နာကျင်စေသည့်အချိန်တွင် ဝမ်ရှောင်းက စိတ်ပူစရာမလိုတော့ပဲ ပြဿနာရှာနိုင်လေသည်။


သူ့မျက်နှာဟာ အကြင်နာကင်းမဲ့ရက်စက်နေပုံရပြီးတော့ သူ့ရဲ့အမိန့်ကို ပြတ်ပြတ်သားသားဆိုလိုက်သည်။ “ငါ ဒီသုံးရက်အတွင်းမှာ ကျန်းယာ့ကောကို အသက်ရှင်နေရတဲ့အတွက် နောင်တရစေချင်တယ်။ ပြီးတော့ လီဝမ့်ကျင်းကို ငါ သူ့ကို ဘာလို့ဒုက္ခပေးခဲ့တာလဲဆိုတာကို သိအောင် လုပ်ခဲ့လိုက်”


သူ့အသံဟာ ဒီဇင်ဘာလအချိန် ရေခဲသကဲ့သို့ အေးစက်နေပြီး နက်ရှိုင်းစွာအမြစ်တွယ်နေသော အလွန်တရာမုန်းတီးခြင်းတွေ ပေါင်းစပ်ပါဝင်နေခဲ့သည်။


***


ဝမ်ရှောင်း၏ လက်စားချေမှု စတင်သည်နှင့် လီဝမ့်ကျင်းထံ၌ ကံဆိုးမှုများ စတင်လာခဲ့သည်။ သူ့လုပ်ငန်းခွင်တွင် ပြဿနာရှာသူများစွာ ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံ သူတို့က ပြတင်းပေါက်တံခါးများကို ပေါက်ခွဲချိုးဖျက်ကြသည်။ တစ်ခါတစ်ရံ သူ လမ်းပေါ်လျှောက်နေစဥ်တွင် မြောင်းထဲသို့ မတော်တဆဖြစ်သလို ထွက်ကျတတ်သည်။ ယခင်က သူ့အား ပြဿနာရှာခဲ့သူများအား ပြန်လည်ရှာဖွေခဲ့လေသည်။ သူတို့က သဲလွန်စများ မချန်ထားခဲ့သောကြောင့် မည်သူလုပ်ကြောင်းကို သူ တွက်ဆလို့ မရနိုင်ခဲ့ဘူး။


လီဝမ့်ကျင်းသည် ရဲများနှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း သူ့ကြိုးပမ်းမှုများအားလုံးက အချည်းနှီးဖြစ်ခဲ့သည်။ သူဟာ တစ်ချိန်တည်းမှာပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူတို့ဟာ ဘယ်လောက်ဝေး‌ဝေးသွားလိမ့်မယ်ဆိုတာကို သူမသိသလို ‌နောက်တစ်ခါဆိုရင် သူ့အသက်အန္တရာယ်ပင် ရှိလိမ့်မလားဆိုတာကို သူမသိခဲ့ဘူး။ လီဝမ့်ကျင်းသည် သူ့အသက်ကို အတော်လေး တန်ဖိုးထားလေသည်။ ထို့ကြောင့် သူသည် ငွေအနည်းငယ်အကုန်အကျခံကာ သူ့ပတ်ဝန်းကျင်ကို အမြဲစစ်ဆေးရန် သက်တော်စောင့် အနည်းငယ် ငှားရမ်းခဲ့သည်။


ယခုအချိန်မှာ သူသည် ဖန့်ကျွင်းရုံနှင့် မကြာသေးခင်က ကွာရှင်းခဲ့ခြင်းအတွက် နောင်တရခဲ့သည်။ ဖန့်ကျွင်းရုံမှာ သူ့ထက် ပိုကောင်းတဲ့ သတင်းအချက်အလက်ကွန်ယက်တစ်ခု ရှိခဲ့သည်။ သို့သော် ယခုအချိန်မှာ နောင်တရနေ၍ ဘာမှမထူးပေ။ သူ့အတွက် သူလုပ်နိုင်တာက သူ့ကို ကာကွယ်စောင့်ရှောက်ပေးရန် သက်တော်စောင့်တွေ ငှားရမ်းဖို့ပါပဲ။