အခန်း (၇၀) – နောက်ကျောကို ဓားနှင့်အထိုးခံလိုက်ရသလို ခံစားခဲ့ရသည် (၁)
လီဝမ့်ကျင်းသည် သူ့ပြိုင်ဖက်စီးပွားရေးသမားများကိုသာ သံသယဝင်ခဲ့ပြီး သူတို့တစ်ဦးချင်းစီအတွက် သင့်တင့်လျောက်ပတ်သော ငွေပမာဏတစ်ခုထိ အကုန်ကျခံကာ စောင့်ကြည့်စေခဲ့သည်။ ကျန်းယာ့ကောနှင့် ပတ်သက်နေမယ်လို့တော့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။ ယာ့ကောဟာ သန့်ရှင်းစင်ကြယ်လွန်းတယ်။ သူမက ဝမ်ရှောင်းလို အကြင်နာကင်းမဲ့ရက်စက်တတ်တဲ့လူတစ်ယောက်ကို ဘယ်လို အမှားလုပ်မိရတာလဲ။
သို့သော် အက်စစ်ဖြင့်ပက်ခြင်းကဲ့သို့သောာ ဆိုးရွားသောလုပ်ရပ်မျိုးကို မည်သူကမျှ မကျူးလွန်နိုင်ပေ။
အကယ်၍ ဝမ်ရှောင်းဆိုရင် သေချာပေါက် ဖြစ်နိုင်တယ်။
“အဲ့အကြောင်းကို ရှင် သူမကို မေးကြည့်သင့်တယ်။ ကျွန်မထင်တာကတော့ သူမက သူ့လက်ဒဏ်ရာကို ပိုဆိုးရွားသွားအောင် လုပ်ခဲ့မိတဲ့သူပဲ။ သူက အရမ်းလက်စားချေလိုစိတ်ပြင်းပြတဲ့သူမျိုးပဲ။ ဒါကြောင့် ကျွန်မတို့ကလည်း သူ လက်စားချေမယ့်လူစာရင်းထဲပါဝင်သွားပြီး သားကောင်တွေ ဖြစ်လာလိမ့်မယ်” သူမက လီဝမ့်ကျင်းကို ထေ့ငေါ့သောအကြည့်ဖြင့်ကြည့်လိုက်သည်။ “အခု ကျွန်မတို့ ကွာရှင်းထားပြီးပြီဆိုတာကို လူသိရှင်ကြားဖြစ်သွားပြီးနောက်မှာ ရှင်သွားတဲ့နေရာတိုင်းကို ရှင် ကျန်းယာ့ကောကို ခေါ်သွားတယ်လေ။ လက်စားချေဖို့ သူ့ဦးတည်ရာအဖြစ် ရှင့်ကို ရွေးချယ်လိုက်တာပဲ။”
ဝမ်ရှောင်းက သူမမှတ်ဥာဏ်တွေထဲကလူနှင့် အတူတူပင်ဖြစ်သည်။ သူက အကြင်နာကင်းမဲ့ရက်စက်ပြီး သူကိုယ်တိုင်က ဥပဒေအထက်မှာရှိသည်ဟု မှတ်ယူထားခဲ့သည်။ ယခု သူသည် တစ်စုံတစ်ဦးအပေါ် အက်စစ်ဖြင့်ပက်ခြင်းကို ပြုလုပ်ခဲ့ပြီ။ အကယ်၍ သူတို့က သူ့ကို ထိုကိစ္စဖြင့် ဖမ်းဆီးနိုင်မယ်ဆိုလျှင်ပင် ၎င်းက သူ့အတွက် ထောင်ဒဏ် နှစ်အနည်းငယ်ခန့်သာ ကျနိုင်စေသည်။
လီဝမ့်ကျင်းသည် သူ့ဇနီးဟောင်းကို ကောင်းစွာ နားလည်သိကျွမ်းခဲ့သသည်။ အကယ်၍ သူမသည် ဝမ်ရှောင်းအကြောင်းကိုသာ သေချာမသိခဲ့ဘူးဆိုပါက ဒီအကြောင်းကို မည့်သည့်အခါမျှ ပြောပြမည် မဟုတ်ပါ။ သူမ ထိုကဲ့သို့ပြောဆိုခဲ့သည့်အတွက် ထိုကိစ္စမှာ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းခန့် သေချာနေပေလိမ့်မည်။
ကျန်းယာ့ကောသည် ထိုကဲ့သို့ရက်စက်သောသူကို ရန်သူဖြစ်စေခဲ့သည်ဟူသောအတွေးက လီဝမ့်ကျင်းအား အဲ့တာက သူ့အတွက် ဆူးငြောင့်ခလုတ်တစ်ခုလို့ ခံစားစေခဲ့သည်။ သူသည် ဖန့်ကျွင်းရုံနှင့် ဆက်လက် စကားပြောချင်စိတ် မရှိတော့ပါ။
ယခု သူ့မှာ သေချာသည့်ပစ်မှတ်တစ်ခုရှိသွားပြီဖြစ်သောကြောင့် စုံစမ်းစစ်ဆေးနေမှုက ပိုမိုလွယ်ကူချောမွေ့သွားခဲ့သည်။ ထို့အပြင် ဝမ်ရှောင်း၏လူသည် မာနထောင်လွှားပြီး အဆင့်မနိမ့်ပေ။ သူ သိချင်သည့် အရာအားလုံးကို သိရဖို့အတွက် သူတို့ကို ပိုက်ဆံ အနည်းငယ် ပေးခဲ့ရသည်။
ကုန်လွန်ခဲ့သောနှစ်များတစ်လျှောက် လီဝမ့်ကျင်းသည် အကျပ်အတည်းများကို မကြုံတွေ့ခဲ့ရပေ။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တစ်ဦး၏အနိုင်ကျင့်ခြင်းကို မခံရဖူးပါ။ သူသည် အရမ်းဒေါသထွက်ပြီးတော သူ့သွားများကို တင်းတင်းစေ့ထားခဲ့သည်။ သို့သော် သူက အကြံသမားတစ်ယောက် ဖြစ်သည်။ သူက ချက်ချင်း တရားစွဲဆိုဖို့ မလုပ်ခဲ့ပဲ ဝမ်ရှောင်းကို ဆန့်ကျင်လို့ရမည့် အထောက်အထားများကို ထပ်မံစုဆောင်းမိဖို့ စောင့်နေခဲ့သည်။
သူ့မှာ အလွန်တိကျသော သတင်းအချက်အလက်များကို ရရှိခဲ့ပြီးနောက် ဝမ်စစ်ရှန်းနှင့် ကျန်းယာ့ကောတို့ရှိရာ ဆေးရုံသို့ ပြန်လာခဲ့သည်။ ကျန်းယာ့ကောသည် ဝမ်စစ်ရှန်းကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံတွင် တစ်ညလုံးနေခဲ့ရသည်။ သူမသည် တစ်ညလုံး အိပ်မပျော်ခဲ့ပဲ သူမမျက်လုံးများဟာ ယုန်တစ်ကောင်၏မျက်လုံးများကဲ့သို့ နီရဲနေခဲ့ပြီး သူမအသားအရေဟာလည်း ပုံမှန်လို တောက်ပ မနေခဲ့ပါ။ သူမမေးစေ့ပေါ်မှာတောင် ဝက်ခြံတစ်လုံးပင် ရှိနေခဲ့ပြီး မျက်တွင်းများ ချောင်ကျနေခဲ့သည်။
လီဝမ့်ကျင်းကို မြင်တွေ့ရတော့ သူမမျက်လုံးများဟာ တောက်ပနေခဲ့သည်။ “အဖေ အဲဒီလက်သည်တရားခံက ဘယ်သူလဲဆိုတာကို ရှာတွေ့ခဲ့ပြီလား” သူမစိတ်ထဲတွင် သူမမွေးစားဖခင်က အလွန်အင်အားကြီးမားသည်။
ဝမ်စစ်ရှန်းကလည်း လီဝမ့်ကျင်းကို တူညီသောမေးခွန်းပါသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
လီဝမ့်ကျင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှုကာ ပြောလိုက်သည်။ “အဲ့ဒီကိစ္စတရားခံက ဝမ်ရှောင်းတဲ့”
ဝမ်စစ်ရှန်းသည် “ဖန့်ကျွင်းရုံ”ဟူသော အမည်ကိုသာ မျှော်လင့်ထားခဲ့တာဖြစ်သည်။ ဒါပေမယ့် လီဝမ့်ကျင်းနှုတ်မှ သူမ တစ်ခါမှမကြားဖူးခဲ့သောလူတစ်ယောက်၏နာမည်ကိုသာ ကြားလိုက်ရသည်။ သူမဒေါသများဟာ မရေရာမှုအလည်မှာ လမ်းပျောက်နေခဲ့သည်။ “ဝမ်ရှောင်းက ဘယ်သူလဲ။ သူက ဘာကြောင့် ကျွန်မကို ဒီလိုလုပ်ရတာလဲ။”
ကျန်းယာ့ကော၏မျက်နှာသည် ဖြူရာမှ စိမ်းသွားကာ အတွေးနက်သွားခဲ့သည်။ သူ ထွက်မသွားခင်က သူမကို ကြည့်ခဲ့သော ဝမ်ရှောင်း၏အန္တရာယ်ရှိသော အသွင်အပြင်က ရုတ်တရတ် သူမစိတ်အတွေးထဲမှာ ပေါ်လာခဲ့သည်။ အကူအညီကင်းမဲ့ပြီး ကြောက်လန့်သော သူမအသံဖြင့် စကားဆိုလိုက်သည်။ “သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်ပဲ သူဆိုတာ သေချာရဲ့လား။”
သူမရဲ့အမူအယာကိုကြည့်ရင်း လီဝမ့်ကျင်း သူ့စိတ်ထဲမှာ ရှုပ်ထွေးသည့်စိတ်ခံစားချက်တစ်ခု ရှိနေခဲ့သည်။ “ဟုတ်တယ်။ အဲ့တာက သူပဲ ဖြစ်မယ်။”
မကြာသေးမီက သူသည် ဤမျှလောက်များစွာသော အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းတွင် ထိုကိစ္စကြောင့် အချိန်ကုန် ငွေများစွာကုန်ပြီး သူ့အသိုင်းအဝိုင်းတွင် လှောင်ရယ်စရာ ဖြစ်လာခဲ့သည်။ တစ်ယောက်ယောက်ကို သူအမှားပြုလုပ်မိတာလို့ သူ အမြဲတမ်း ထင်ခဲ့မိသည်။ သူ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များအားလုံးသည် ရိုးရှင်းပြီးကြင်နာစွာကြည့်မြင်တတ်သည့် ကျန်းယာ့ကောကြောင့် ဖြစ်ရခြင်းဖြစ်သည်။