အခန်း ၇၂
Viewers 25k


အခန်း (၇၂) – နောက်ကျောကို ဓားနှင့်အထိုးခံလိုက်ရသလို ခံစားခဲ့ရသည် (၃)



ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းက ဘယ်လိုဆက်လက်ဖြေရှင်းမည်ကို သိရှိရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။ သူမက သူ့နောက်ကို နောက်ယောင်ခံလိုက်ရန် လူတစ်ဦးအား ငှားရမ်းခဲ့ပြီး ဆေးရုံပေါ်တွင် ဖြစ်ပျက်နေသောမြင်ကွင်းတစ်ခုလုံးကို သူမထံသို့ ပို့ပေးရန် မှတ်တမ်းတင်ခိုင်းခဲ့သည်။


လီရှစ်ကျီက ကျန်းယာ့ကောအပေါ် မည်သို့ဆက်ဆံပေးခဲ့သည်ကို မြင်လိုက်ရတာက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူမ၏ဘီဘီကျုးဝက်လိုသားက ကျန်းယာ့ကောကို အလွန်ချစ်မြတ်နိုးပြီး သူမနှင့် ပတ်သက်၍ သူ ဘာကို ကြိုက်နှစ်သက်ကြောင်းကိုပင် အတိအကျမသိခဲ့ပါ။ ထိုအကြောင်းကို ပြောရမယ်ဆိုရင် သူ့နှုတ်က ထွက်သည့်စကားတိုင်းက သူမကို မအံ့သြစေနိုင်တော့ပါ။


သူသည် ယခင်ဘဝက သူနှစ်ပေါင်းများစွာအလိုလိုက်ချစ်ခင်ခဲ့သောညီမဖြစ်သူအား ထိုကဲ့သို့သော စကားများကို ပြောဆိုနိုင်ခဲ့လျှင် သူ အစကတည်းက မကြိုက်သောဝမ်စစ်ရှန်းကို ပို၍ ပြောဆိုနိုင်ပေလိမ့်မည်။


မှတ်တမ်းတင်ထားတာကို ကြည့်ပြီးနောက် လီရှင်းယွင်ဟာ အံ့အားသင့်သွားခဲ့သည်။ “အစ်ကိုကြီးက ဘာဖြစ်သွားတာလဲ။ အရင်က သူက ဒီလိုမျိုး မဟုတ်ပါဘူး”


သူမက ဝမ်စစ်ရှန်းကို မကြိုက်နှစ်သက်ပေမယ့် သူ့လိုလူသားတစ်ဦးထံမှ ထိုစကားများဟာ ထွက်လာသင့်သလား။


“အရာအားလုံးထဲမှာ သူ့အတွက် ကျန်းယာ့ကောကသာ အရေးပါဆုံးပဲ” ဟု ဖန့်ကျွင်းရုံက မတုန်မလှုပ်ဆိုသည်။


“ဒါပေမယ့် သူတို့သိကြတာ တစ်လပဲ ရှိသေးတယ်လေ။ ဒီအချစ်စစ်က ဘယ်နေရာကနေ လာတာလဲ” ရှင်းယွင်က ထိုအကြောင်းကို ထောက်ပြလိုက်သည်။ သူမသည် သူမအစ်ကိုက လုံးဝမတူညီကွဲပြားသော လူတစ်ဦးဖြစ်လာသည်ဟု ခံစားခဲ့ရသည်။


ကျန်းယာ့ကောနှင့် ဝမ်စစ်ရှန်းတို့သည် သူတို့မိခင်ကို နာကျင်စေခဲ့သူများဖြစ်သည်မှာ ထင်ရှားသည်။ တကယ်တော့ သူတို့မိခင်က ဒေါသထွန်းလွန်းသည့်အတွက် သူမအစ်ကိုကို အိမ်တော်မှ မောင်းထုတ်ခဲ့သည်။ သို့ပေမယ့် သူမအစ်ကိုသည် ကျန်းယာ့ကောဖက်မှာသာ မတွန့်မဆုတ်နေခဲ့သည်။ သူက သူတို့မိခင်ကို တစ်ခါလေးတောင်မှ မတောင်းပန်ခဲ့ပါ။


ယခု သူမအစ်ကိုသည် သူမအတွက် သူစိမ်းတစ်ယောက်လို ခံစားခဲ့ရသည်။


သူမ ပြန်လည်မွေးဖွားပြီးနောက် ဖန့်ကျွင်းရုံသည် သူမသမီးထံမှာ မည်သို့သော မပျော်ရွှင်မှုကိုမှ မတွေ့ချင်ခဲ့ပါ။ သူမသည် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။ “ဒီအကြောင်းကို ဆက်မတွေးနဲ့တော့။ အမေတို့ စျေးဝယ်ထွက်ကြရအောင်”


စျေးဝယ်ထွက်တာက အမျိုးသမီးများအတွက် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့ အလွန်ကောင်းမွန်သောနည်းလမ်း ဖြစ်သည်။


“ကောင်းတယ်။ သမီးလည်း ပိုက်ဆံအိတ်တစ်လုံးလောက် ဝယ်ရမယ်။ အသစ်ထွက်နေတဲ့ဟာလေးတွေ… သမီး အနည်းဆုံးသုံးလုံးလောက်တော့ လိုချင်တယ်”


သူမသည် ရုံးခန်းထဲမှ ပြေးထွက်သွာမည့်အချိန်တွင် မကြာသေးမီက ယခုရာသီ၏အသစ်ထွက်ရှိသော လက်ကိုင်အိတ်ကို အပြေးသွားဝယ်ခဲ့သည့် ကျန်းယာ့ကောအကြောင်းကို ပြန်တွေးမိလိုက်တော့ လီရှင်းယွင်ဟာ ‌အရမ်းဒေါသထွက်သွားခဲ့သည်။


“သေချာတာပေါ့။ မေမေ သမီးကို လက်ကိုင်အိတ်ငါးလုံးတောင် ဝယ်ပေးနိုင်တယ်”


လီရှင်းယွင်၏စိတ်မချမ်းမြေ့ဖြစ်နေမှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ပျော်ရွှင်မှုက အမြဲရိုးရှင်းခဲ့ပါသည်။ သူမဖခင်နှင့် အစ်ကိုဖြစ်သူသည် ကျန်းယာ့ကောကို ပိုသဘောကျပေမယ့် သူမမှာ သူမအမေရှိသည်။ သူတို့က သူမကို မလိုချင်ဘူးဆိုရင် သူမကလည်း သူတို့ကို မလိုချင်ပေ။


ဖန့်ကျွင်းရုံသည် သူမသမီးနှင့်အတူ စျေးဝယ်ထွက်ရန် ကြီးမားသောစျေးဝယ်စင်တာတစ်ခုသို့ ကားမောင်းထွက်ခဲ့သည်။ သူမသမီးအတွက် ဝယ်ပေးရုံတင်မက သူမအတွက်ပါ ဝယ်ယူခဲ့ပေသည်။ ယခု သူမမှာ ပိုက်ဆံအများကြီးရှိသည်။


သူမသမီးက ဘာကိုပဲ ကြိုက်နှစ်သက်နေပါစေ သူမသည် အရောင်းဝန်ထမ်းကို သူတို့ကို ထုပ်ပေးခိုင်းသည်။ ပြီးတော့ သူမသည် ကျုံးရီအတွက်ပါ ဝယ်ခဲ့သည်။


သူတို့စျေးဝယ်ထွက်နေသည့်လျှောက်လမ်းတွင် ဖန့်ကျွင်းရုံသည် သူမနာမည်ကို တစ်ယောက်ယောက်က လှမ်းခေါ်နေတာကို ကြားလိုက်ရသည်။ သူမသည် အနီးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တော့ စုမိန်ကို တွေ့လိုက်ရသည်။


သူမသည် သူမပန်းတိုင်သို့ရောက်ရန် စုမိန်ကို အသုံးချခဲ့ခြင်းကြောင့် ယခု သူမနှင့်တွေ့ဆုံရချိန်တွင် ဖန့်ကျွင်းရုံသည် သူမ၏ရုပ်အသွင်က ပို၍ကြည့်ကောင်းလာသည်ဟုပင် ခံစားမိခဲ့သည်။


“စုမိန်ပါလား” ဖန့်ကျွင်းရုံက သူမကို ခေါင်းတစ်ချက်ဆတ်ပြကာ လှမ်းနှုတ်ဆက်လိုက်သည်။


စုမိန်က သူမကို အံ့အားသင့်စွာ ကြည့်ခဲ့သည်။ “နင် အခြေအနေကောင်းနေပုံပဲ” သူမက ဖန့်ကျွင်းရုံသည် အစွန့်ပစ်ခံရသဖြင့် ဖရိုဖရဲဖြစ်နေမည့် အမျိုးသမီးတစ်ဦးနှင့်တူနေလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ဖန့်ကျွင်းရုံဟာ သူမ အရင်ကထက် ပိုပျော်ရွှင်နေခဲ့ပြီး လွတ်လပ်တောက်ပနေခဲ့သည်။ မဖြစ်နိုင်ဘူး။ သူမ အဆင်ပြေနေတယ်လို့ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ အဆုံးတွင် ဖန့်ကျွင်းရုံက သူမကို အခြားသူများက ဘယ်လိုမြင်တယ်ဆိုတာကို အမြဲတမ်း ဂရုစိုက်ခဲ့သည်။


သူမက ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ သူမက မညည်းညူပဲ မနေနိုင်ခဲ့ပေ။ “နင် ငါ့ကို စိတ်ဆိုးနေတယ်ဆိုတာကို ငါ သိပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ အရမ်းခက်ခဲတယ်”


“ဟုတ်တယ် အဲ့တာက ခက်ခဲတယ်” ဖန့်ကျွင်းရုံက ခေါင်းညိတ်ထောက်ခံခဲ့သည်။


စုမိန်က ရုတ်တရတ် စိတ်လှုပ်ရှားနေမိရာမှ ဖန့်ကျွင်းရုံထံမှ နောက်ထပ်စကားတစ်ခွန်းကို ကြားရချိန်မှာ သူမမျက်နှာပေါ်က အမူအရာဟာ အေးခဲသွားခဲ့သည်။


“... ရုတ်တရတ် ငါပိုင်ဆိုင်တဲ့နာမည်အောက်မှာ ဆယ်ဘီလီယံကျော်တန်ဖိုးရှိတဲ့ပမာဏကို ရခဲ့တယ်လေ။ သူတို့ကို စီမံခန့်ခွဲဖို့က အရမ်းပင်ပန်းခက်ခဲတာပဲ။ ငါ တစ်နေ့ကို ယွမ်သန်းပေါင်းများစွာ ထိုင်ဖြုန်းနေရင်တောင် သူတို့အားလုံးကို ကုန်အောင် မဖြုန်းနိုင်လောက်ဘူး။ အင်း ပိုက်ဆံထိုင်ဖြုန်းရတာက အရမ်းပင်ပန်းသလို ခံစားရတာပဲ။”


စုမိန်သည် သူမ၏ရန်စလိုက်မှုအတွက် နောင်တရခဲ့သည်။ သူမက ဖန့်ကျွင်းရုံသည် ကွာရှင်းမှုတွင် ပိုင်ဆိုင်မှုအနေဖြင့် အနည်းဆုံးထက်ဝက်ခန့် ရရှိခဲ့ကြောင်းကို မေ့သွားခဲ့သည်။ ထို့အပြင် သူမကွာရှင်းပြီးနောက် ချက်ချင်းပင် သူမပိုင်ဆိုင်မှုထဲက မြေကွက်တစ်ကွက်က စျေးနှုန်းတက်သွားခဲ့သည်ကို ကြားခဲ့ရသည်။


အမလေး... သူမမှာလည်း ဒီလိုပြဿနာမျိုး ရှိချင်မိပါသည်။ ပိုက်ဆံဖြုန်းခြင်းသည် အလွန်ပင်ပန်းသည်ဆိုလျှင် သူမသည် ကျွန်မကို အမြဲ အကူအညီတောင်းနိုင်ပါသည်။