အခန်း ၇၈
Viewers 25k


အခန်း (၇၈) – အဆုံးသတ်မှာ နာကျင်မှု တစ်ခုတည်းကိုသာ လက်ခံရရှိခဲ့သည် (၃)


လီဝမ့်ကျင်း၏ မျက်လုံးထဲတွင် ကြင်နာပြီးသိမ်မွေ့သော ကျန်းယာ့ကောသည် ယခုအချိန်တွင် ဆေးရုံ၌ ဝမ်စစ်ရှန်းနှင့် အတူရှိနေဆဲ ဖြစ်သည်။ ဝမ်စစ်ရှန်းသည် သူမ၏ပထမဦးဆုံး ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံတွင် ရက်အနည်းငယ်ခန့်‌ နေထိုင်ရန် လိုအပ်သည်။


ကျန်းယာ့ကောသည် ထိုသတင်းစကားကို သူမမွေးစားဖခင်ထံ ပြောပြခဲ့ပြီးနောက် မပျော်ရွှင်ရတော့ပေ။ သူက မကြာသေးမီက သူ့အရင်းအနှီး ငွေကြေးများအားလုံးကို သူ့ကုမ္ပဏီတွင် ထည့်သွင်းမြှပ်နှံထားရလိမ့်မည်ဟု တိကျပြတ်သားစွာ ပြောခဲ့သည်။ သူ့မှာ ငွေကြေးအနည်းငယ် ကြပ်တည်းသွားသည့်အတွက် သူမမုန့်ဖိုးငွေကို ယာယီရပ်တန့်လိုက်သည်။ သူမဟာ ချမ်းသာကြွယ်ဝတဲ့ မိန်းကလေးတစ်ယောက် ရူးသွပ်စွာ ပိုက်ဆံဘယ်လိုဖြုန်းတယ်ဆိုတာကို သိလိုက်ရချိန်မှာပဲ သူမရဲ့အထူးအခွင့်အရေးက သူမဆီကနေအခု လုယူခံလိုက်ရပြီ။


သူမသည် သူမမွေးစားဖခင်၏ဘကုမ္ပဏီထံ သွားရောက်လည်ပတ်သည့် နေ့လည်ခင်းအချိန်မှာ သူမကြားလိုက်ရသည့်စကားကို ပြန်တွေးမိသည်။


“သူဌေးက မစ်စတာရှုရဲ့အထူးလက်ရာကို မမလေးဆီ ပို့ပေးဖို့ ငါ့ကို ခိုင်းလိုက်တယ်”


“ဘယ်မမလေးလဲ”


“လီရှင်းယွင်မမလေးပေါ့။ လီအိမ်တော်ရဲ့အစစ်အမှန်သခင်မလေးလေ။ ငါ ကြားဖူးတာ အဲ့ဒီပန်းချီကားက တစ်မီလီယံကျော်တယ်တဲ့။ ဒါက သူဌေးရဲ့အချစ်ဆုံးက သူ့သမီးရင်းလေး ဆိုတာကို ပြနေတာပဲ။ ငါ အရင်တုန်းက သူဌေးက ကျန်းယာ့ကောကို ပိုချစ်တယ်လို့ ထင်ခဲ့တာ”


“နင် အတွေးလွန်မနေပါနဲ့ဟယ်။ ကျန်းယာ့ကောကို ပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့တွေနဲ့ ဂုဏ်တက်အောင် လုပ်ပေးခဲ့တာပဲ နေမှာပါ။ သေချာပေါက် သူမက သမီးရင်းနဲ့တော့ ဘယ်ယှဥ်လို့ရပါ့မလဲ။ စာကလေးတစ်ကောင်က သစ်ကိုင်းတစ်ကိုင်းပေါ် နားလိုက်နိုင်တာနဲ့ ဖီးနစ်တစ်ကောင်လို့ မဆိုနိုင်ဘူးလေ” ဟု ထေ့ငေါ့ပြောဆိုနေသည့် အမျိုးသမီးတစ်ဦးအသံကို ကြားလိုက်ရသည်။


“ကောင်လေး မင်းက တကယ့်ကို ဗြောင်ကျတာပဲ။ မင်း သူမရဲ့နို့လက်ဖက်ရည်ကို မရဘူးလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမလာတိုင်း ငါတို့အတွက် နို့လက်ဖက်ရည်တွေ ယူလာခဲ့တယ်လေ”


“ဘယ်သူက ငါးယွမ်ခြောက်ယွမ်လောက်ပဲရှိတဲ့ နို့လက်ဖက်ရည်ကို ဂရုစိုက်နေမှာလဲ။ ငါတောင် အမြဲလိုလို နို့လက်ဖက်ရည်ကို သောက်လေ့မရှိဘူး။ မမလေး နောက်ဆုံးအကြိမ် လာလည်တုန်းကတောင် သူမက လူတိုင်းအတွက် အထူးစပါယ်ရှယ်ကော်ဖီကို ယူလာခဲ့ပေးတာလေ။ ကျန်းယာ့ကောလို ခြိုးခြံချွေတာနေမျိုး မဟုတ်ဘူး။ အဲ့တာကို ကြည့်ရတာနဲ့တင် ဘယ်သူက အစစ်အမှန်သခင်မလေးလဲဆိုတာကို သိသင့်နေပြီ”


“ဟီးဟီး… နင် မနက်ဖြန်ကျရင် သူမယူလာတဲ့ နို့လက်ဖက်ရည်ကို သောက်မလား”


“ငါ မသောက်တော့ဘူး။ ဒါပေမယ့် ငါ အဲ့ဒီနို့လက်ဖက်ရည်ကို ယူသွားပြီး ငါအိမ်ပြန်လမ်းမှာ သူတောင်းစားကို ပေးလို့ရတယ်။ အဲ့တာက ငါ့ရဲ့ကောင်းမွန်တဲ့ လက်တွေ့လုပ်ဆောင်ချက်တစ်ခုပဲ”


ကျန်းယာ့ကောသည် သူမခေါင်းထဲမှ စကားလုံးများကို ညှစ်ထုတ်ရန် ကြိုးပမ်းလိုက်ပေမယ့် သူတို့ရဲ့ စကားဝိုင်းသာ အဆုံးသတ်သွားသည် သူမ ဘာပြောရမယ်ဆိုတာကို မစဥ်းစားနိုင်ခဲ့ပါ။ မဟုတ်ဘူး။ သူတို့က သွေးထိုးနေတာပဲ။ ငါ သူတို့ပြောတာကို မယုံသင့်ဘူး။ သူတို့က ငါပျော်နေတာကို မနာလိုလို့ ငါကြားအောင် ပြောနေကြတာပဲ။


သူမသည် သူမမွေးစားဖခင်ကို ဘယ်လောက်တောင်တန်ဖိုးထားချစ်ခင်ကြောင်းကို သူမကိုယ်တိုင်သာ သိသည်။ သို့သော် သူမမွေးစားဖခင်ဖြစ်သူမှာ လီရှင်းယွင်အား ဤမျှစျေးကြီးသော ပန်းချီကားတစ်ချပ်အား ပေးခဲ့သည်ကို သူမသိလိုက်ရချိန်တွင် ထိုတန်ဖိုးထားချစ်ခင်သည့် ခံစားချက်က ပြောင်းလဲသွားခဲ့သည်။ သူမမွေးစားဖခင်က သူ့စုဆောင်းမှုကို အစဉ်အမြဲတန်ဖိုးထားလေ့ရှိပြီး များသောအားဖြင့် ထိုပန်းချီကားများကို မပေးချေ။ သူမသည် ဘယ်တော့မှ သူမကိုယ်တိုင်အတွက် တစ်ခုတစ်လေမှ မရရှိခဲ့ဖူးပါ။


ယခုအချိန်မှာတော့ သူမမှာ သူမမွေးစားဖခင် ပေးထားသော ပိုက်ဆံများ ကုန်သွားခဲ့ပြီ။ သူကလည်း သူရဲ့စုဆောင်းမှုတစ်ခုအတွက် သူမ၏မုန့်ဖိုးငွေကို ရပ်ပစ်လိုက်သည်။ သူက သူပြောခဲ့သလိုပဲ သူမကို ဂရုမစိုက်ခဲ့ပါဘူး။


ပြောကြသည့်အတိုင်းပင် ဖောဖောသီသီသုံးစွဲခြင်းကနေ ချွေတာသုံးစွဲခြင်းသို့ ပြန်လည်ပြောင်းလဲပါက အမြဲခက်ခဲသည်။ ကျန်းယာ့ကောသည် မကြာသေးမီက သူမသူငယ်ချင်းများနှင့် များများလျှောက်လည်ပတ်ခဲ့ပြီးတော့ လီအိမ်တော်၏သခင်မလေးအဖြစ် သူမအဆင့်အတန်းကို မြှင့်တင်ရန် ဇိမ်ခံအဝတ်အစားများနှင့် ဖိနပ်များစွာကို ဝယ်ယူခဲ့သည်။ ထို့ကြောင့် သူမ ပေးချေရန် အကြွေးများ ကျန်ရှိနေသေးသည်။


ရက်အနည်းငယ်အတွင်းမှာ သူမအခန်းဖော်အား ကြယ်ငါးပွင့်စားသောက်ဆိုင်တစ်ဆိုင်၌ ဧည့်ခံကျွေးမွေးရန် စီစဥ်ထားခဲ့သည်။ သူမက သူမ၏မွေးစားဖခင်က သူမကို လစဥ်မုန့်ဖိုးငွေ ပိုပေးမည်ဟု ထင်ခဲ့ပြီး သူမအနေဖြင့် အခြားသူများရှေ့တွင် သူမကိုယ်သူမ အရှက်မရစေချင်ခဲ့ပါ။


သူမ၏စိတ်များက သူမ၏လက်များကို မထိန်းချုပ်နိုင်ပဲ လီရှင်းယွင်၏နာမည်ကို ရှာဖွေမှုဇယားတွင် ရိုက်နှိပ်၍ ရှာဖွေခဲ့သည်။


ချက်ချင်းဆိုသလို သတင်းဆောင်းပါးတစ်ပုဒ်မှာ လီရှင်းယွင်သည် သူမရဲ့မွေးနေ့ပွဲမှာ စိန်ပွင့်များစွာခြယ်မှုန်းထားသည့်ဂါဝန်ကို ဝတ်ဆင်ထားပြီး မင်းသမီးတစ်ပါးလို ဂုဏ်ယူဝင့်ကြွားနေပုံလေးကို တွေ့လိုက်ရသည်။ သူမက ထိုဆောင်းပါးကို အလျင်အမြန် သော့ကာ ဖတ်လိုက်သည်။ ထိုဆောင်းပါးတွင် သူတို့က အဲဒီမွေးနေ့ပွဲမှာ ဖျော်ဖြေရန်အတွက် နာမည်ကြီးအဆိုတော်များကိုပင် ငှားရမ်းထားကြောင်း မွေးနေ့ပွဲအကြောင်းကို အများကြီး ပြောထားကြသည်။ သူမ ထိုမွေးနေ့ပွဲစရိတ် မည်မျှကုန်ကျကြောင်းကို စိတ်ကူးကြည့်ရုံသာ စိတ်ကူးကြည့်နိုင်သည်။ အခြားတစ်ဖက်က သူမကတော့ သူမလစဥ်မုန့်ဖိုးငွေကို ဖြတ်တောက်ခံလိုက်ရသည်။


ဆွေးနွေးချက်များအားလုံးသည် လီရှင်းယွင်အပေါ် အခြားသူများ၏ ဘယ်လိုမနာလိုအားကျကြောင်းတွေပဲ ဖြစ်သည်။ သူမသည် လူတိုင်းရဲ့စံပြ အားကျစရာလေး ဖြစ်လာခဲ့သည်။


ကျန်းယာ့ကောသည် သက်ပြင်းတစ်ချက်ချပြီးနောက် ဝက်ဘ်ဆိုက်စာမျက်နှာကို ပိတ်လိုက်သည်။ သူမဖတ်လေလေ ပို၍မပျော်ရွှင်လာလေလေ ဖြစ်လာခဲ့သည်။ သူမ မပျော်ရွှင်ရသည်က လီရှင်းယွင်ကြောင့် မဟုတ်ပေ။ ပုံထဲတွင် ကျုံးရီသည် တည်ငြိမ်သော ကိုယ်နေဟန်ထားဖြင့် ကြော့မော့နေလေသည်။


ဦးဆုံးအနေဖြင့် သူမသည် သူမကိုယ်တိုင်အတွက် အသုံးပြုရန် ငွေသားအချို့ကို ရှာဖွေရန် လိုအပ်ခဲ့သည်။ သူမသည် လီဝမ့်ကျင်း၏မွေးစားသမီးဆိုတာကို လူတိုင်း သိကြသည်။ ကျောင်းစဖွင့်ချိန်တွင် သူမ ဝတ်စားဆင်ယင်ဖို့ လိုအပ်သည်။ သူမ ထိုကဲ့သို့ ဝတ်စားမဆင်ယင်ခဲ့လျှင် သူမနောက်ကွယ်မှာ သူမအကြောင်းအား အတင်းအဖျင်းပြောကြလိမ့်မယ်။ ပို၍အရေးကြီးဆုံးသည်မှာ သူမက ကျုံးရီထက် ပိုတောက်ပဖို့ လိုတယ်။


သူမသည် သူမ၏အဝတ်အစား သို့မဟုတ် ဖိနပ်များကို တတ်နိုင်သမျှ မရောင်းချချင်ဘူး။ သူမမှာ ထိုပစ္စည်းတွေကို ရှေ့ဆက်ဝတ်ဆင်ဖို့ လိုအပ်လိမ့်မယ်။


ထို့နောက် သူမစိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ရုတ်တရတ် သူမမျက်လုံးများဟာ တလက်လက် တောက်ပလာခဲ့သည်။


ဒါအမှန်ပဲ။ ဖန့်ကျွင်းရုံသည် သူတို့ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံချိန်တုန်းက သူမကို ရှုဖန့်ဝမ်၏လက်ရာ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်။ အကယ်၍ သူမသည် ထိုပန်းချီကားအား ရောင်းချလိုက်မည်ဆိုပါက ၎င်းကနေ ရရှိသောဝင်ငွေသည် သူမအတွက် လအနည်းငယ်လောက် ဖူလုံစေနိုင်သည်။ ထို့နောက် သူမမွေးစားဖခင်၏ ပိုက်ဆံကို ချွေတာစေနိုင်ပြီးတော့ သူမ လစဥ်မုန့်ဖိုးငွေကို ထပ်မံရရှိနိုင်လိမ့်မယ်။


ထိုအတွေးက သူမ၏စိုးရိမ်ကြောင့်ကြနေသောမျက်နှာပေါ်ကို အပြုံးတစ်ပွင့် ဖြစ်ပေါ်လာစေသည်။