အခန်း ၈၇
Viewers 25k


အခန်း (၈၇) – ဖန့်ကျွင်းရုံသည် လီရှစ်ကျီတစ်ယောက် သူမ ယခင်ဘဝကကဲ့သို့ အောင်မြင်မှုကို ဆက်လက်ဆွတ်ခူးနိုင်ပါဦးမလား ဆိုတာကို အလွန်သိချင်မိသည် (၃)


လီရှင်းယွင်သည် သူမပါးပြင် အသာအယာကုတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ် သူ သမီးကိုလည်း အဲ့အကြောင်းကိုပဲ ပြောခဲ့တာ။ သူက သူ့အဖွဲ့က ဆော့ဝဲအသစ်တစ်ခုကို တီထွင်ခဲ့နိုင်ပေမယ့် စျေးကွက်သို့ ဖြန့်ချိရန် အရင်းအနှီးလိုအပ်နေတယ်လို့ ပြောတယ်။ သူက သမီးကို ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုခဲ့ပြီးတော့ သမီးနဲ့အကျိုးအမြတ်ခွဲဝေယူမယ်လို့ ပြောခဲ့တယ်။ သူက သမီးကို မှန်မှန်ကန်ကန်လုပ်ပေးမယ်လို့လည်း ပြောတယ်"


ဒီအကြောင်းကိုပြောရင်း လီရှင်းယွင်ဟာ ဒေါသထွက်လာခဲ့သည်။ သူမအစ်ကိုဖြစ်သူက သူမမွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ဘာမှ မပေးခဲ့သလို မွေးနေ့ဆုတောင်းလည်း မပို့ခဲ့ပါ။ သူက သူမကို ပိုက်ဆံအကြောင်းကို ပြောဖို့အတွက်သာ ဖုန်းခေါ်ခဲ့တာလား။ ပြီးတော့ သူ့ရဲ့လေသံမာမာက ဘာသဘောလဲ။ သူ့လေသံက သူမသာ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့ပါက ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ယူဆရတယ်။ သူမက မိုက်မဲတယ်သလား။ သူမက ဖုန်းထဲကနေ သူ့ကိုအော်ဟစ်ပြီး ဖုန်းချခဲ့လိုက်သည်။


"သမီး အမေ့ကုမ္ပဏီရဲ့ရှယ်ယာတွေကို ဝယ်တာက ပိုကောင်းလိမ့်မယ်" ဟု ဖန့်ကျွင်းရုံက ပြောလိုက်သည်။ သေချာတာကတော့ သူမကုမ္ပဏီရဲ့စတော့ရှယ်ယာတွေက အများကြီးတက်သွားလိမ့်မည်။


လီရှင်းယွင်က သူမခေါင်းကို အသာငဲ့စောင်းကာ မေးလိုက်သည်။ "ဒါပေမယ့် အစ်ကိုကြီးက ဘာလို့ ပိုက်ဆံလိုရတာလဲ။ သူက သမီးထက် ငွေ ပိုပြီးစုမိသင့်တယ်လေ" သူမသည် ရံဖန်ရံခါ မိတ်ကပ် (သို့မဟုတ်) ဇီမ်ခံပစ္စည်းများအတွက် ပိုက်ဆံသုံးစွဲခဲ့သော်လည်း သူမအစ်ကိုဖြစ်သူက ၎င်းတို့ကို မလိုအပ်ပါ။ ဟမ်... သူမဖခင်ဖြစ်သူက သူမနောက်ကွယ်မှာ အစ်ကိုဖြစ်သူကို ပိုက်ဆံ အမြဲတမ်းပေးနေတယ်ဆိုတာကို သူမ သိသည်။ သူမဟာ ဒီအကြောင်းကို ဘယ်တော့မှ စိတ်ထဲမှာ မထားခဲ့ပေ။ သူမက သူမမိခင်ဖြစ်သူ၏ပိုက်ဆံကို ပိုကြိုက်သည်။


ဖန့်ကျွင်းရုံက ပြောလိုက်လေသည်။ "မင်းအဖေနဲ့ အမေ ကွာရှင်းပြီးတဲ့နောက်မှာ မင်းအဖေနာမည်အောက်မှာ အိမ်တစ်လုံးမှ မရှိတော့ဘူးလေ။ အဲ့တာအပြင် သူ့လက်ထဲမှာ ပိုက်ဆံမကျန်ဘူး။ ဒါ့ကြောင့် မင်းအစ်ကိုက အိမ်အကြီးကြီးတစ်လုံးဝယ်ဖို့အတွက် သူ့လက်ထဲက ငွေအများကြီးကို သုံးစွဲပစ်လိုက်တယ်လေ"


သူတို့က နိမ့်ကျတဲ့လူနေမှုပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်တဲ့လူမျိုးတွေ မဟုတ်ကြဘူး။ အိမ်တော်ကြီးနဲ့ အစေခံများအတွက် လစာများကိုလည်း လီရှစ်ကျီ၏ငွေသားများထဲက အားလုံးကို သုံးစွဲလိုက်ရသည်။


"ပြီးတော့ သူတို့က ဝမ်စစ်ရှန်းကိုလည်း အဲ့နေရာမှာ ခေါ်ထားကြတယ်လေ" ဟု ဖန့်ကျွင်းရုံက ထပ်ပေါင်းပြောဆိုခဲ့သည်။


လီရှင်းယွင်သည် ထိုအရာအားလုံးကို မသိရှိခဲ့ပေ။ ယခု သူမ သိလိုက်ရတော့ အလွန်ဒေါသထွက်သွားမိခဲ့သည်။ သူမမျက်နှာဟာ‌ ဒေါသကြောင့် နီစွေးသွားပြီးတော့ ပြောလိုက်သည်။ "သမီး အခုချက်ချင်း သူ့ဖုန်းနံပါတ်ကို ဘလော့ခ်လိုက်တော့မယ်"


"ကျေးဇူးကန်းတယ်! မျက်လုံးဖြူဝံပုလွေ! အသိဥာဏ်မရှိဘူး!" ဟု လီရှင်းယွင်က ထပ်ကာ ထပ်ကာ ကျိန်ဆဲနေခဲ့သည်။ ထို့နောက် သူမသည် ဖန့်ကျွင်းရုံဖက်သို့ မျက်နှာမူကာ ကတိပေးလိုက်သည်။ "မေမေ စိတ်မပူပါနဲ့။ သမီးက အစ်ကိုကြီးလို မဖြစ်စေရပါဘူး"


"အခုကစပြီးတော့ သမီးမှာ အစ်ကိုကြီး မရှိတော့ဘူး" ဟု လီရှင်းယွင်က ပြတ်ပြတ်သားသားဆိုလိုက်သည်။


ထို့နောက် သူမသည် ဖန့်ကျွင်းရုံရှေ့မှာတင် လီရှစ်ကျီ၏ ဖုန်းနံပါတ်ကို ဘလော့ခ်လိုက်လေသည်။ သူမသည် ဒီအကြောင်းကိုတွေးရင်း တော်တော်စိတ်ဆိုးနေတုန်းပဲ ဖြစ်သည်။ သူမသည် သူ့ကို မblockမီ ကျိန်ဆဲသည့် စာအနည်းငယ်ရိုက်ပို့လိုက်သည်။


ဒီအချိန်၌ လီရှစ်ကျီသည် ဖန့်ကျွင်းရုံ၏နှလုံးသားကို ထိခိုက်နာကျင်စေနိုင်စွမ်း မရှိတော့ပေ။ နောက်ဆုံးတော့ သူမသည် သူ့ကို လက်လျော့လိုက်နိုင်ပြီ ဖြစ်သည်။ အစကတည်းက မျှော်လင့်ချက်ဆိုတာ မရှိခဲ့ရင် စိတ်ပျက်စရာ မရှိနိုင်ပါဘူး။ သို့သော်လည်း ဖန့်ကျွင်းရုံကတော့ သူမသမီးဖြစ်သူ အနားမှာရှိနေတာကိုတော့ အရမ်းပျော်ရွှင်နေမိဆဲပါပဲ။


ဖန့်ကျွင်းရုံသည် လီရှစ်ကျီတီထွင်ခဲ့သော ဆော့ဝဲလ်အကြောင်းကို ယခုထက်ထိတိုင် မှတ်မိနေသေးသည်။ သူမ ယခင်ဘဝ၌ တူညီသောအချိန်ကာလအတွင်းမှာ သူမသည် လီရှစ်ကျီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသေးသည့်အတွက် အရင်းအနှီးအမြောက်အများ မတည်ပေးခဲ့သည်။ လီရှစ်ကျီ၏ဆော့ဝဲလ်သည် စျေးကွက်ထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့ပြီးတော့ သူသည် ၎င်းမှ ငွေအမြောက်အများ ရရှိခဲ့သည်။ ထို့နောက် သူသည် အလွန်ထက်မြက်သော လက်ရွေးစင်အဆင့်အိုင်တီကျွမ်းကျင်သည့်ကောင်လေးနှင့်လည်း ရင်းနှီးနိုင်ခဲ့သည်။


ဤဘဝတွင် သူမ အကူအညီမပါပဲ ငွေကြေးပြတ်လပ်မှုနှင့်အတူ လီရှစ်ကျီသည် သူမ၏ယခင်ဘဝကကဲ့သို့ အောင်မြင်သောအဆင့်သို့ တက်လှမ်းနိုင်မလားဆိုတာကို ဖန့်ကျွင်းရုံသည် အလွန်သိချင်နေမိခဲ့သည်။


***


သူမသည် ရှုဝေဝေပြောခဲ့တာကို ပြန်သတိရမိလိုက်သည်နှင့် ဖန့်ကျွင်းရုံသည် “ရှေးဟောင်းပစ္စည်းတွေရဲ့ ကံကြမ္မာ” အစီအစဥ်ကို အာရုံစိုက်မိခဲ့သည်။


အရာအားလုံး ချောချောမွေ့မွေ့ဖြစ်ကြောင်း သေချာစေဖို့အတွက် သူမသည် အစီအစဥ်ရှိုး ဒါရိုက်တာနဲ့တောင် စကားပြောဖြစ်ခဲ့သည်။ အစီအစဥ်ရှိုးဒါရိုက်တာသည် ဟဲကျန့်ပင်းနှင့် အကျွမ်းတဝင်ရှိသောကြောင့် ကျန်းယာ့ကောကို အစီအစဥ်ရှိုးထဲသို့ အောင်မြင်စွာ ထည့်သွင်းပေးခဲ့သည်။


ကြော်ငြာတွင် ကျန်းယာ့ကော၏မျက်နှာကို မပြသခဲ့ပေ။ ၎င်း၏မျက်နှာကို ဝါးထားခဲ့သည်။ သူတို့၏ကြော်ငြာဆောင်ပုဒ်သည် အလွန်နှစ်သက်ဖွယ်ကောင်းလှသည်။


[ပထမဆုံးအကြိမ်တွေ့ဆုံမှုအတွက် ဒေါ်လာတစ်သန်းလက်ဆောင် - အသွင်အပြင်ရော အရည်အချင်းရောရှိတဲ့ ဒီမိန်းကလေးက လူကြီးသူမများကို ဘယ်လိုသဘောကျစေတာလဲ]


[ချစ်ခြင်းမေတ္တာနောက်ကွယ်မှ တန်ဖိုးကြီးလက်ဆောင် - ဂုဏ်သိက္ခာကြီးမားတဲ့မိသားစုတွေကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရှိတယ်]


ဖရဲသီးစားသောလူအုပ်ကြီးသည် ဂုဏ်သတင်းကြီးမားသော မိသားစုများမှ သူတို့၏ဘဝအကြောင်းများကျု အမြဲ သိချင်ကြသည်။ ဆောင်ပုဒ်တွင် ပါဝင်သော "ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုများ" ဟူသော စာသားများအရ သူတို့၏ရှာဖွေမှုအရေအတွက်ဟာ အလိုအလျောက် တိုးပွားလာခဲ့သည်။ သူမရဲ့အသွင်အပြင်နဲ့ အရည်အချင်းအကြောင်း တစ်စိတ်တစ်ပိုင်းကို ဖရဲသီးစားသုံးသူတွေက စတင်ခန့်မှန်း ပြောဆိုနေခဲ့ကြသည်။ "ရှေးဟောင်းပစ္စည်းတွေရဲ့ ကံကြမ္မာ"အစီအစဥ်သည် စိတ်ဝင်စားစေရန် လှုံဆော်သည့်ဆောင်ပုဒ်များကို အမြဲအသုံးပြုခဲ့သည်။ ဒါပေမယ့် သူတို့ရဲ့ မမှန်မကန်ကြော်ငြာခဲ့တာတွေကြောင့် လူထုပရိသတ်ကို ပိုမိုစိတ်ဝင်စားစေခဲ့သည်။


လူတော်တော်များများက ဒီမိန်းက‌လေးက ဘယ်သူလဲဆိုတာကို စတင်ခန့်မှန်းလာခဲ့ကြသည်။ လီရှင်းယွင်သည်ပင် ဖြစ်နိုင်ချေရှိသောပုဂ္ဂိုလ်များစာရင်းထဲသို့ပင် ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ရှာဖွေမှုစာရင်းထိပ်ဆုံးမှာရှိခဲ့ပြီး လီဝမ့်ကျင်းသည်လည်း ရှေးဟောင်းပစ္စည်း အရူးအမူးစုဆောင်းသူအဖြစ် လူသိများကြသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ကျန်းယာ့ကောသည် မည်သည့်အခါမျှ ဖော်ပြခြင်းကို မခံရပေ။ သူမရဲ့အနေအထားဟာ သူမရဲ့အသိုင်းအဝိုင်းမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေမယ့် သူမကို တရားဝင်မိတ်ဆက်ပေးထားခြင်းမျိုး မရှိခဲ့ပါဘူး။


ရုတ်တရတ်ဆိုသလိုပဲ ပြပွဲရဲ့ကျော်ကြားမှုကြောင့် လူတိုင်းရဲ့ထင်ကြေးပေးမှုဟာ မြှင့်တက်လာခဲ့သည်။


ဖန့်ကျွင်းရုံသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ည၈နာရီတွင် တီဗွီကို ဖွင့်ကြည့်လိုက်သည်။