အခန်း ၉၀
Viewers 25k


အခန်း (၉၀) – အဖြစ်အပျက်တွေဟာ ရုတ်ခြည်း ပြောင်းလဲသွားပြီး နောက်ကျောကို ဓားဖြင့် အထိုးခံလိုက်တယ်လို့ ထင်မြင်မိသည် (၃)


လီရှင်းယွင်သည် ယခုပန်းချီကားနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို ပြန်တွေးတောမိခဲ့သည်။ ဒီပန်းချီကားဟာ သူမမိခင်ဖြစ်သူမွေးနေ့မှာ သူမဖခင်ဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီးတော့ အကြောင်းအရာအားလုံးကိုတော့ တိတိကျကျ မမှတ်မိခဲ့ဘူး။


ဖန့်ကျွင်းရုံဟာ သူမနှုတ်ခမ်းလေးကို အပေါ်သို့ကွေးညွှတ်လိုက်ကာ ရယ်မောလိုက်ပြီးတော့ "သူ သမီးကို ပန်းချီးကားအတုကို မွေးနေ့လက်ဆောင်ပေးခဲ့တော့ အမေ သူ့ကို သံသယစဝင်သွားခဲ့တယ်။ အဲ့တာနဲ့ အရင်တုန်းက သူ အမေ့ကိုလက်ဆောင်ပေးခဲ့တာတွေ အကုန်လုံးကို စစ်ဆေးကြည့်ခဲ့တယ်။ အကုန်လုံး အတုတွေချည်း ဖြစ်နေခဲ့တယ်လေ"


လီရှင်းယွင်သည် နောက်ထပ်စကားများကို ကြားလိုက်ရတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သောနှစ်များက သူမဖခင်ဖြစ်သူဟာ သူမမိခင်ဖြစ်သူကို ရှုဖန့်ဝမ်ရဲ့လက်ရာများကို လက်ဆောင်ပေးခဲ့ဖူးသည်။ ဆိုလိုတာက သူက သူမကို အရင်ကတည်းက သစ္စာဖောက်ဖို့ ကြံစည်နေခဲ့ပြီး ဖြစ်သည်။


လီရှင်းယွင်သည် သူမမွေးနေ့လက်ဆောင်အဖြစ် ပန်းချီကားအတုကို လက်ခံရရှိပြီးချိန်မှစ၍ သူမဖခင်ဖြစ်သူအပေါ် မျှော်လင့်ချက်တွေ စွန့်လွှတ်ခဲ့ပြီး သူ့အတွက် ဘာခံစားချက်မှ မကျန်တော့သလောက် ရှိနေခဲ့ပြီ။


သူတို့ဟာ အခုအချိန်မှာ ပြန်ပြင်ဆင်လို့ မရတော့တဲ့လမ်းကိုယ်စီကို လျှောက်လှမ်းသွားပြီးကြပြီ။


သူမသည် သူမမိခင်က သူမဖခင် ဖောက်ပြန်ခဲ့သောကြောင့်သာ ကွာရှင်းခဲ့သည့်အကြောင်းကို သိပြီးဖြစ်ပေမယ့် အခုတော့ ဒီအကြောင်းတွေကိုပါ ထပ်မံသိလိုက်ရပြန်သည်။ သူမမိခင်ဖြစ်သူသည် သူမထက်တောင် ပိုနာကျင်နေပေလိမ့်မည်။


ဒီအခိုက်အတန့်မှာပင် သူမသည် သူမဖခင်ဖြစ်သူကိုပင် မုန်းတီးလာခဲ့မိသည်။


***


"ရှေးဟောင်းပစ္စည်းတွေရဲ့ ကံကြမ္မာ"သည် အဆင့်သတ်မှတ်ချက်မြင့် အစီအစဥ်ရှိုးတစ်ခုအနေဖြင့် ဝက်ဘ်ဆိုက်ပေါ်တွင် အလွန်ကျော်ကြားမှုရှိသည်။ ကျန်းယာ့ကော၏ရုပ်ရည်အသွင်အပြင်ကလည်း အစီအစဥ်ရှိုး၏အဆင့်သတ်မှတ်ချက်ကို အမြင့်သို့ တဆင့် ထပ်မံတွန်းပို့နိုင်ခဲ့သည်။ သူတို့၏တရားဝင် ဝက်ဘ်ဆိုက်ပေါ်ရှိ မှတ်ချက်များဟာ အဆမတန် တိုးမြင့်လာခဲ့သည်။


အပိုင်းပြီးဆုံးခါနီးတွင် ကျန်းယာ့ကောသည် ထိုအစီအစဥ်ရှိုးပွဲအတွင်းမှာ ငိုကြွေးနေခဲ့သည်ကို ပရိသတ်အားလုံး မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးက ပြစ်တင်ပြောဆိုကြသူတွေအဖြစ် ပြောင်းသွားခဲ့ပြီး ကျန်းယာ့ကောအတွက် ရင်ဆိုင်တိုက်ခိုက်ပေးခဲ့ကြသည်။


[ကျန်းယာ့ကောက အဲ့တာနဲ့ပဲ ထိုက်တန်တယ်ဆိုရအောင် သူမ ဘာလုပ်ခဲ့လို့လဲ။ သူမ အလွန်တန်ဖိုးထားခဲ့‌သောလက်ဆောင်က အတုတစ်ခုပဲ ဖြစ်နေခဲ့တယ်]


[အင်း... အဲ့တာနဲ့ပတ်သတ်ပြီး မင်းလည်း သေချာမသိနိုင်ဘူးလေ။ ဖန့်ကျွင်းရုံက အမြင်လျှမ်းပြီး မတော်တဆ ပန်းချီကားအတုဝယ်မိတာလည်း ဖြစ်နိုင်တာပဲ]


[အိုး... ထွီ ဖန့်ကျွင်းရုံက ဘယ်လိုလူမျိုးမို့လဲ။ သူမ မဝယ်ခင်မှာ အကဲဖြတ်ဖို့ တစ်စုံတစ်ယောက်ကို ငှားရမ်းခဲ့မှာ သေချာတယ်။ ဒါက အတုလား၊ အတုမဟုတ်ဘူးလားဆိုတာကို ကောင်းကောင်းသိပါတယ်]


[ငါ ကျန်းယာ့ကောအတွက် အရမ်းဝမ်းနည်းမိတာပဲ။ သူမက ဖန့်ကျွင်းရုံအပေါ် အရမ်းယုံကြည်ခဲ့တာ။ ဒီကိစ္စမှာ ဖန့်ကျွင်းရုံ အရမ်းလွန်သွားပြီ။ နောက်ဆုံးတော့ သူမဟာ စီအီးအိုတစ်ယောက်ဖြစ်နေပြီးတော့ မိန်းကလေးတစ်ယောက်အပေါ် ဘယ်လိုလုပ်နိုင်ရတာလဲ။ ငါ သူမရဲ့ပရိသတ်အဖြစ် ခံယူထားခဲ့တာ။ ဒီထက်ပိုပြီး သူမရဲ့ပရိသတ် မလုပ်တော့ဘူး]


[ရှင်းနေတာပဲ။ သူမက ကျန်းယာ့ကောကို နှိမ့်ချဖို့ ကြိုးစားနေတာပဲ။ သူမက အတုနဲ့ထိုက်တန်တယ်လို့ ဆိုလိုနေတာ မဟုတ်လား။ သူဌေးလီက သူမနဲ့ကွာရှင်းလိုက်တာ အံ့သြစရာမရှိပါဘူး။ သူမက အဲ့တာနဲ့ပဲ ထိုက်တန်တယ်]


[ငါ သူမကွာရှင်းရတဲ့အကြောင်း နည်းနည်းလေးကြားမိတယ်။ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။ သူဌေးလီက အရမ်းကောင်းတဲ့လူတစ်ယောက်ပဲ။ ယာ့ကောက သူ့အကြောင်းတွေကို ပြောပြတဲ့အခါ သူနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အကြောင်းတွေကိုပြောနေတာ ကြည့်ရင် သိနိုင်တယ်။ ဖန့်ကျွင်းရုံက လီဝမ့်ကျင်းနဲ့ သိပ်မလိုက်ဖက်ဘူး]


[မနာလိုစိတ် +1 သူမက တကယ်လှပချောမောတာပဲ။ တီဗီပေါ်မှာ သူမငိုနေတာကို ငါ မြင်လိုက်ရချိန်မှာ ငါ့နှလုံးသားလေး ကျိုးပျက်သွားသလို ခံစားရတယ်]


[ဖန့်ကျွင်းရုံရဲ့ကုမ္ပဏီက ရက်အနည်းငယ်အတွင်းမှာ အသားအရေထိန်းသိမ်းမည့်ထုတ်ကုန်အသစ်တစ်ခုကို ဖြန့်ချိသွားမယ်လို့ ငါ သတင်းရခဲ့တယ်။ အဲ့ဆေးကို အလှအပဆေးလုံးလို့ခေါ်တယ်။ ဟမ့်... သူမက မကောင်းတဲ့လူမျိုးပဲ။ အလှအပဆေးလုံးရဲ့အာနိသင်က အစစ်အမှန်ဖြစ်လိမ့်မယ်လို့ ငါတော့ မထင်မိဘူး။ အဲ့ဒီထဲမှာ မင်းတို့ရဲ့အသားအရေကို ထိခိုက်စေနိုင်မယ့် ပါဝင်ပစ္စည်းတွေ ရောနှောထားလိမ့်မယ်]


[ဖန့်ကျွင်းရုံကို သပိတ်မှောက်! မိန်ဖုန်းကော်ပိုရေးရှင်းကို သပိတ်မှောက်!]


"ကျန်းယာ့ကောအပေါ် မနာလိုခြင်း" နှင့် "ဖန့်ကျွင်းရုံကို သပိတ်မှောက်" ဟူသော စာသားနှစ်ခုသည် ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်းတို့ကို ရှာဖွေသည့်စာရင်းမှာ ဆက်လက်မြင့်တက်လာခဲ့သည်။


အခြားသူများစွာက ဖန့်ကျွင်းရုံ၏ဝေ့ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က သူမ၏ရည်ရွယ်ချက်ကို မေးခွန်းများထုတ်ခဲ့ကြသည်။ သူမကို စော်ကားသလိုမျိုး ချီးကျူးသူများ ရှိကြသလို ပေါ်တင်ကဲ့ရဲ့သူများလည်း ရှိကြပေသည်။ ဒါဟာ trollကြသူများအတွက် ရူးသွပ်ဖွယ်ကောင်းသည့် တိုက်ရိုက်မြင်ကွင်းတစ်ခု ဖြစ်ခဲ့ကြသည်။


လီရှင်းယွင်နှင့် ကျုံးရီတို့ နှစ်ယောက်စလုံး ဒေါသထွက်နေခဲ့ကြသည်။ အကယ်၍ သူတို့ကို ဖန့်ကျွင်းရုံက တားဆီးခြင်းမပြုခဲ့ပါက သူတို့သည် ထောက်ခံသူများနှင့် ဆန့်ကျင်နေသူများကို အတူရင်ဆိုင်ပါဝင်ပေလိမ့်မည်။ ဖန့်ကျွင်းရုံသည် သူငယ်ချင်းများစွာထံမှလည်း ဖုန်းခေါ်ဆိုမှုများစွာ ရရှိခဲ့သော်လည်း သူမအနေဖြင့် စကားလုံးအနည်းငယ်ဖြင့်သာ ရှင်းပြခဲ့သည်။ သူမသည် ပျော်ရွှင်စွာပင် ရှာဖွေမှုစာရင်းတွင် အမြင့်ဆုံးနေရာသို့ ရောက်ရှိလာမှာကို စောင့်ကြည့်နေခဲ့သည်။ သူမသည် ငွေမကုန်ပဲ အခမဲ့ကြော်ငြာ ရရှိခဲ့တာဖြစ်သည်။


ဒါတွေအားလုံးက သူမအတွက် အခမဲ့ကြော်ငြာတွေပင် ဖြစ်သည်။


"ကျန်းယာ့ကောအပေါ် မနာလိုခြင်း" ဟူသောစာသားသည် ရှာဖွေမှူစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိသွားသောအခါတွင် ဖန့်ကျွင်းရုံသည် သူမ၏ဝေ့ပေါ်ပို့စ်ကို နောက်ဆုံးတွင် ထုတ်ပြန်ကြော်ငြာခဲ့လေသည်။


[ကျန်းယာ့ကော ကျွန်မတို့အိမ်တော်ကို ပထမဆုံးအကြိမ်လာမယ်ဆိုတုန်းက ကျွန်မ တကယ်မျှော်လင့်မိခဲ့တယ်။ လီဝမ့်ကျင်းကို သူမ ဘယ်လိုလက်ဆောင်မျိုးကို သဘောကျလဲ ဆိုတာကိုတောင် တိတိကျကျမေးမြန်းခဲ့သေးတယ်။ အဲ့အချိန်တုန်းက လီဝမ့်ကျင်းက သူမက ထူးခြားတဲ့လက်ဆောင်မျိုးတွေ ကြိုက်တယ်လို့ ကျွန်မကို ပြောခဲ့တယ်။ အဲ့တာကြောင့် ကျွန်မရဲ့ ကိုယ်ပိုင်စုဆောင်းမှုထဲက မိန်းမလှလေးပန်းချီကားကို သူမကိုပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီပန်းချီကားက လီဝမ့်ကျင်းက မနှစ်က ကျွန်မမွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပဲ။ ထိုနေ့က ကျွန်မမွေးနေ့ပွဲကို တက်ရောက်သည့် မည်သူမဆို အဲ့ပန်းချီကားကို မှတ်မိလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မလည်း အဲ့ဒီပန်းချီကားက အတုဟုတ် မဟုတ် သိချင်မိတယ်။ တစ်စုံတစ်ဦးက ကျွန်မကို ဒီအကြောင်းကို ရှင်းပြချက် ပေးနိုင်မလား @လီဝမ့်ကျင်း @အေယွန်ကော်ပိုရေးရှင်း]


ဖန့်ကျွင်းရုံကို ပျော်ရွှင်စွာ လှောင်ပြောင်ပြောဆိုခဲ့ကြသည့် အင်တာနက်အသုံးပြုသူများအားလုံးသည် ‌ဝေ့ပေါ်ပို့စ်ကို မြင်သောအခါတွင် တိတ်ဆိတ်သွားကုန်သည်။


အဖြစ်အပျက်များ၏ အလှည့်အပြောင်းများသည် အလွန် ရုတ်တရတ်နိုင်စွာ ဖြစ်ပေါ်လာသောကြောင့် သူတို့နောက်ကျောကို ဓားထိုးခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။