အပိုင်း ၄၁
Viewers 14k

Chapter 41

 စုပြုံဖွဲ့လာသော ရေများက နက်ရှိုင်းလှသည့် အသူရာချောက်ဖြစ်လာသည်။




တည်းခိုခန်းအတွင်းရှိ လူများအားလုံးက တစ္ဆေတစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ ပုံပေါ်နေပြီး ကြင်နာတတ်သော နှလုံးသားရှိသည့်သူများက အကြံပေးရန် ရပ်လာကြသည်။


"ကုန်းဇီ..မင်းက ဒီကလေးရဲ့အဓိပ္ပါယ်မရှိတာတွေကို နားမထောင်သင့်ဘူး သူက ဘယ်တော့မှ မြစ်ထဲကို မဆင်းဖူးဘူးလေ။

 မင်းတို့က သူ့လှေနဲ့ သွားမယ်ဆိုရင် ငရဲပြည်ရဲ့တံခါးဝကို ဝင်သွားတာနဲ့အတူတူပဲ" 


လင်းရုဖေးက ဤစကားလုံးများကို နားထောင်နေရင်း သူကရိုးရှင်းစွာ ပြုံးလိုက်ပြီး ဘေးမှဝိုင်းကြည့်သူ၏ အကြံအဥာဏ်ကို တုံ့ပြန်ခြင်းမရှိချေ။ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သော တစ်စုံတစ်ယောက်က အနည်းငယ် စိတ်တိုစပြုလာသည်။ သူက ပါးစပ်ကိုဖွင့်ပြီး အနှီကျေးဇူးမသိတတ်သော ကုန်းဇီအား ရန်မူသောစကားများ ပြောရန်ပြင်လိုက်စဥ် သူ့မျက်လုံးများရှေ့တွင် လျှပ်တစ်ပျက် အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။သူ၏ အသိအာရုံပြန်ရလာချိန်တွင် သူ့ရှေ့တွင်ရှိနေသော သစ်သားစားပွဲသည် တစ်ဝက်စီကျိုးသွားလေပြီ။ 


"ပြောမယ့်စကားကို သတိထားပြီးပြောပါ ရှင်တို့တွေ..."


လင်းရုဖေးနောက်တွင် တိတ်တဆိတ်နေနေသော ဖူဟွားက အေးစက်သောလေသံနှင့် ခြိမ်းခြောက်လိုက်သည်။ 


ကျန်းချောင်အာသည်ကား မထူးခြားသကဲ့သို့ပင်။ သူက တောက်ပစွာ ပြုံးနေဆဲဖြစ်ပြီး ရာသီဥတုအခြေအနေကို စစ်ဆေးထားပြီးပြီဟုပင် ပြောလိုက်သေးသည်။ ယခုညနေတွင် မိုးရွာလိမ့်မည်မဟုတ်..ထို့ကြောင့်သူသည် လင်းရုဖေးအား မြစ်ကိုဖြတ်ရန် ခေါ်သွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ရထားလုံးကို လွှဲပြောင်းမယူနိုင်သေးသော်လည်း သူတို့က ရထားလုံးအတွင်းရှိ အဖိုးတန်သည့် တစ်စုံတစ်ရာကို စနစ်တကျဖြုတ်ယူ၍ရပြီး မြင်းကိုရောင်းနိုင်ပါကလည်း ကောင်းသွားလိမ့်မည်ဖြစ်သည်။ 


လင်းရုဖေးက မလိုအပ်ပါ ဟုသာပြောလိုက်သည်။ မြင်းနှစ်ကောင်မှာ ဝိဥာဏ်စွမ်းအားများစွာရှိနေဆဲဖြစ်ပြီး ယနေ့တွင် ပြန်လွှတ်လိုက်သည်။ ရက်အနည်းငယ်ကြာပြီးသောအခါ သူတို့က သူတို့ဘာသာ ခွန်းလွန်သို့ ပြန်ရောက်သွားလိမ့်မည်ပင်။ 


ကျန်းချောင်အာက "ခွန်းလွန်"ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ပြုံးဖြဲဖြဲဖြစ်နေမှုကြီးသည်လည်း လျော့ကျသွားသည်။


"ကုန်းဇီ......က ခွန်းလွန်ကနေလာတဲ့ သိုင်းလောကထဲလေ့ကျင့်ရေးထွက်လာတဲ့ မသေမျိုးတစ်ယောက်လား" 


လင်းရုဖေးက ဖြေလိုက်သည်။


"ငါ မဟုတ်ပါဘူး"သူက သူ၏ဘေးတွင် ရပ်နေသော ဖူဟွားနှင့် ယွီရွေ့အား ညွှန်ပြလိုက်သည်၊"သူတို့တွေလေ"  


ကျန်းချောင်အာ၏ မျက်ဆံသည် တစ်တန်းတည်းဖြစ်သွားလေ၏။ လင်းရုဖေးက သူသည် လေ့ကျင့်ရေးဆင်းလာသော မသေမျိုးတစ်ယောက် မဟုတ်ပါဟုပြောသော်လည်း လေ့ကျင့်ရေးဆင်းရသော မသေမျိုးကို အစေခံမလေးများအဖြစ် ထားရှိနိုင်ခြင်းက အနှီကုန်းဇီသည် အလွန်ပင် စွမ်းအားကြီးမားလိမ့်မည် ဖြစ်သည်။ 


"သူတို့က လေ့ကျင့်ရေးဆင်းလာတဲ့ မသေမျိုးတွေ ဖြစ်ပေမယ့် မြစ်ကိုဖြတ်ကူးဖို့က မင်းအပေါ်မှာပဲ မူတည်နေသေးတယ်လေ"လင်းရုဖေးက ဆိုလိုက်သည်။


"မင်း ဒီညက အဆင်ပြေတယ်လို့ ထင်တယ်မဟုတ်လား"


"ဟုတ်တာပေါ့ အဆင်ပြေပါတယ် မှန်တာပေါ့ အဆင်ပြေပါတယ်"ကျန်းချောင်အာက စိတ်လှုပ်ရှားနေခဲ့သည်။ 


အကြောင်းကိစ္စသည်လည်း မကြာခင် အတည်တကျ အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး လင်းရုဖေးနှင့် ကျန်းချောင်အာတို့က အချိန်နှင့် ကုန်ကျစာရိတ်ကို ကြိုတင်တွက်ချက်ခဲ့သည်။ အချိန်ကား ယနေ့ည၏ သန်းခေါင်ယံပတ်လည်တွင်ဖြစ်ပြီး ကုန်ကျစာရိတ်အတွက် လင်းရုဖေးက သူ၏အင်္ကျီလက်ထဲမှ ရွှေစ တစ်စ ထုတ်ယူလိုက်သည်။ သူက ဖြတ်သန်းရန် မည်မျှကြာစေကာမူ ဤအရာသည် ကျန်းချောင်အာအတွက် ဆုပေးသည့်ငွေစဖြစ်သည်ဟု ပြောခဲ့သည်။ ကျန်းချောင်အာက သူ၏မျက်နှာ အနီရောင်ပြောင်းသွားသည်အထိ အလွန်ပင် ဝမ်းမြောက်သွားလေသည်။ အရက်အနည်းငယ်ကို အငမ်းမရသောက်ပြီးနောက် သူက နေ့တစ်ဝက်လောက် အနားယူတော့မည်ဖြစ်ကြောင်းနှင့် ညတွင် လင်းရုဖေးအား လာရှာမည်ဖြစ်ကြောင်း ဆိုသည်။သူ၏စကားလုံးများ အပြီးသတ်ပြီးသည့်အချိန်တွင် အဆုံး၌ သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်သွားလေ၏။ 


ဖူဟွားက သူမ၏အရည်အချင်းများကို ပြသပြီးနောက်တွင် တည်းခိုခန်းရှိ မည်သူမျှ လင်းရုဖေးအား ထပ်မံ၍ အမှားမလုပ်ရဲတော့ချေ။ သူထိုင်နေသောနေရာ ပတ်ပတ်လည်တွင် မည်သူမျှရှိမနေကြပေ။ 


လင်းရုဖေးက လက်ဖက်ရည်တစ်ခွက် သောက်နေပြီးကုရွှမ်းတုက အပြင်ဘက်ကိုကြည့်နေသည်။ 


ထိုအချိန်တွင် တဖွဲဖွဲကျနေဆဲဖြစ်ကာ သိပ်သည်းသော မြူလွှာသည် မြစ်ပေါ်ကို ပေါ်ထွက်လာလေသည်။ မြူခိုးများအောက်ခြေတွင်မူ လွှမ်းခြုံခံရသော မြစ်ရေပြင်ဖြစ်နေသည်ပင်။ မြစ်ပြင်မှာ မှိုင်းပျနေပြီး ကြီးမားသည့် အရိပ်နက်ကြီးများက ရစ်ဝဲ၍ကူးလူးနေကြကာ စောင့်ကြည့်နေသော လူများအား အကြောက်တရားဖြင့် အပိုင်းအစများဖြစ်စေခြင်းကို မြင်တွေ့နိုင်သည်။ 


"ဒီနေ့ညကတော့ အေးချမ်းမှာမဟုတ်ဘူး တစ်ခုခုဖြစ်ရင် မင်းရဲ့လက်တွေကို ပိတ်ဖို့မသုံးနဲ့"


ကုရွှမ်းတုက သူ၏ခါးတွင် ချိတ်ဆွဲထားသည့် ကုယွီကို ချွတ်လိုက်ကာ လင်းရုဖေးဆီသို့ ပေးလိုက်သည်။


"ကုယွီကိုပဲ သုံးလိုက်ပါ"“ 


လင်းရုဖေးက ဆိုလိုက်သည်။ "သင့်တော်ပါ့မလား" 


"မသင့်တော်တာ မရှိဘူး"


ကုရွှမ်းတုက ပျင်းရိစွာ ပြောဆိုလိုက်သည်။


"ကိုယ်က မင်းကို ရွှမ်းကျန်းကိုတောင် ပေးချင်တာ ဒါပေမယ့်....." 


လင်းရုဖေးက မေးလိုက်သည်။


"ဒါပေမယ့် ဘာဖြစ်လို့လဲ" 


ကုရွှမ်းတုက မည်သည့်အရာကိုမျှ ပြောပြလာခြင်းမရှိတော့ဘဲ ရွှမ်းကျန်းအား လင်းရုဖေးဆီ ရိုးရိုးတန်းတန်းပင် ပေးလာ၏။လင်းရုဖေးက သိချင်လာသဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ ချက်ချင်းပင်လွတ်ကျလုမတတ်ဖြစ်သွားပြီး သူ၏နောက်ကျောရိုးကိုပင် ကျိုးသွားလုနီးပါးပင်။ ကံကောင်းစွာဖြင့် ကုရွှမ်းတုက သူ့အား ထိန်းထားပေး၍သာ သူ လဲကျမသွားခြင်းဖြစ်သည်၊ မဟုတ်ပါက သူသည် မတ်တပ်ရပ်လိုက်သောအခါ ထူးဆန်းနေမည်မှာအသေအချာ ဖြစ်သည်။


"လေးလိုက်တာ"  


"ရွှမ်းကျန်းက သေးပေမယ့် ပြောရရင် သူက ၁၃ပေါင်ရှိတယ်"


ကုရွှမ်းတုက ရယ်မောပြီး ပြောလိုက်သည်၊


"တစ်ဆယ့်သုံးပေါင်ရှိတဲ့ သံကို ခါးမှာချိတ်ထားရတာက....."


သူက သူ၏ စကားကို အဆုံးမသတ်နိုင်မီအချိန်တွင် လင်းရုဖေး၏လက်ထဲတွင်ရှိနေသော ရွှမ်းကျန်းက စိတ်မကောင်းဖြစ်သွားသည့်အလားတစ်ကျည်ကျည်မြည်နေသည့် အသံကို ထုတ်လာသည်။ ဤအရာမှာ ကုရွှမ်းတုက သူ့အား လေးသည်ဟူ၍ ပြောခြင်းကြောင့် ပြင်းပြင်းထန်ထန် အပြစ်တင်နေခြင်းပင်ဖြစ်၏။ 


ကုရွှမ်းတုက ရွှမ်းကျန်းကို ယူလိုက်ပြီး နွေးထွေးသော လေသံဖြင့် ပြောလိုက်သည်။


"ကုယွီက အခုကစပြီး မင်းရဲ့ညာဘက်လေးမှာပဲ ရှိနေတော့မှာလေ" 


လင်းရုဖေးက ကုယွီကို ယူ၍ဆုပ်ကိုင်လိုက်သည်။ အကြောင်းပြချက်တစ်ချို့ကြောင့် သူက တော်တော်လေး စိတ်လှုပ်ရှားနေမိကာ သူ၏ညာလက်ပေါ်တွင် အားအနည်းငယ်ထည့်၍ နှင်းဖြူရောင် ဓားသွားကို စိတ်သက်သာသွားစေရန် ဆွဲထုတ်လိုက်သည်။ 


ကုယွီ၏ ကိုယ်ထည်မှာ အနက်ရောင်ဖြစ်သည်။ ယင်းမှာ သုံးပေခုနစ်ရှိပြီး ရှစ်ပေါင်နှင့် ခုနစ်ထယ်(လေးဆယ် ဂရမ်)ခန့်လေးသည်။ အသွားတွင် များစွာသော နက်ရှိုင်းသည့် ရေပြင်ညီမျဥ်းများဖြင့် ရေးထွင်းထားပြီး လင်းရုဖေးသည် ဓါးများအကြောင်း နားမလည်စေကာမူ ဤဓါးသည် ဓါးကောင်းတစ်လက်ဖြစ်ကြောင်း သိပေသည်။ သူက ဓားဆွဲထုတ်ရာတွင်လွယ်ကူနေပြီး ကုယွီက သူ့အား လက်ခံသည်ကိုလည်း သိရှိသွားသည်။ လင်းရုဖေး၏ နှလုံးသားလေး ကျေနပ်လာပြီး သတ္တု၏အအေးဓာတ်ကို ခံစားမိစေရန် ဓားသွားကို ပွတ်တိုက်လိုက်သည်။ ကုယွီက တစ်ကျည်ကျည် အော်နေကာ တုံ့ပြန်သည့်အနေဖြင့် လှုပ်ယမ်းနေသည်။ 


လင်းရုဖေးက သူ၏ လက်ထဲရှိဓါးကို အချိန်အတန်ကြာသည်အထိ ကြင်နာစွာ စိုက်ကြည့်နေပြီးမှ တစ်ဖန်ပြန်၍ နောက်ပြန်လှည့်ကြည့်သောအခါ ကုရွှမ်းတုသည်လည်း တူညီသောအမူအရာ ဖြစ်နေသည်ကို သတိထားမိသွားသည်။ သူက ဓါးကိုသာလျှင် ကြည့်နေခြင်းဖြစ်ကာ ကုရွှမ်းတုကမူ သူ့ကိုသာလျှင် ကြည့်နေခြင်းဖြစ်၏။ 


"ပြန်ကြစို့ အပြင်မှာအေးလာပြီ...ထပ်ပြီးအအေးမမိစေနဲ့"


ကုရွှမ်းတု ညင်ညင်သာသာပြောလာသည်။ 


လင်းရုဖေးက ပြုံးပြလိုက်ပြီး "ကောင်းပါပြီ သွားကြတာပေါ့" 


ရုတ်တရက်ဆိုသလိုပင် သူ၏ခါးတွင် ဓါးအပိုတစ်လက်ရှိနေသဖြင့် ဖူဟွားနှင့်ယွီရွေ့တို့ မေးလာကြမည်ကို စိုးရိမ်လာမိသည်။ သို့သော် ထိုအစေခံမလေးနှစ်ယောက်သည် လွန်စွာပင် သတိကြီးကြပြီး အစမှအဆုံးအထိ မည်သည့်ထူးခြားသည့်အရာကိုမျှ ပြကြလိမ့်မည်မဟုတ်ချေ။ ဤသည်မှာ ရှင်းပြရန်အတွက် နည်းလမ်းမစဥ်းစားရသေးသော လင်းရုဖေးအဖို့ စိတ်သက်သာရာရစေမည့်တစ်ချက်ပင် ဖြစ်သည်။ 


မိုးသည် မွန်းလွဲပိုင်းတွင် တိတ်သွားလေပြီ၊ သို့သော် ကောင်းကင်ယံက တိမ်ထူနေဆဲဖြစ်ကာ ကြည်ကြည်လင်လင်မရှိသေးချေ။ 


ဖူဟွားက ရထားလုံးအတွင်းရှိ ပစ္စည်းများကို ထုပ်ပိုးနေပြီး သူတို့သည် အမှန်ပင် ကျန်းချောင်အာဆိုသည့် ကောင်လေးနှင့်အတူ မြစ်ကိုဖြတ်ကူးရန် ရည်ရွယ်ထားသည်လား ဟူ၍ လင်းရုဖေးအား တုံ့ဆိုင်းစွာဖြင့် မေးလေသည်။ လင်းရုဖေးထံမှ အကောင်းဘက်က တွေးသည့် အဖြေကိုရပြီးသောအခါ သူမသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူမ၏ အောက်နှုတ်ခမ်းကိုသာကိုက်ကာ စိတ်ပူပန်နေသောပုံစံကို ပြသထားလေ၏။ 


လင်းရုဖေးက သူမတွေးနေသောအရာအား သိသာစွာပင် ခန့်မှန်းမိပြီး အထိတ်တလန့်ဖြစ်နေသောစိတ်ကို လျော့ပေါ့သွားစေရန် သူမ၏ဦးခေါင်းကို ဖွဖွလေးပုတ်လိုက်သည်။


"စိတ်မပူပါနဲ့ အဲဒီကျန်းချောင်အာက ထက်မြက်တဲ့ လှေသမားလေးပါ"  


ဖူဟွားက ဆိုလိုက်သည်။


"ဒါပေမယ့် သူက အရမ်းကိုငယ်လွန်းသေးတယ်..." 


လင်းရုဖေးက ရယ်မောလိုက်ရင်း :"သူက ဒီနှစ်ဆို တစ်ဆယ့်လေးနှစ် ရှိပါပြီ မင်းက သူ့ထက် အများကြီးမကြီးပါဘူး..အာ"  


"မတူဘူးလေ"ဖူဟွားက ရေရွတ်လိုက်သည်။ 


"အတူတူပါပဲ အတူတူပဲလေ သူက ပိန်ပိန်ခြောက်ခြောက်လေးမို့ပါ သူက အတော်လေး ယုံကြည်ရတယ်"


လင်းရုဖေးက ဆိုသည်၊"ငါသူ့ကို အရင်နေ့ညက ချန့်လန်မြစ်ကို တစ်ယောက်တည်းဖြတ်သွားပြီးတော့ ဒီနေ့မနက်မှာပဲ ပြန်လာတာကို တွေ့လိုက်တယ်"  


"တကယ်လား"ဖူဟွားက အံ့အားသင့်သွားသည်။


 လင်းရုဖေးက ဆိုလိုက်သည်၊"ဒါပေါ့" 


သူ၏စကားလုံးများနှင့်အတူ ဖူဟွား၏ တွန့်ဆုတ်နေမှုများမှာ အနည်းငယ် စိတ်အေးသက်သာဖြစ်သွားသည်၊သို့သော်လည်း သူမက ဆက်လက်၍ ပူပန်နေဆဲပင်။ သူမသည် စင်္ကြနားတစ်ဝိုက်တွင် အေးစက်သော မျက်နှာအမူအရာဖြင့် ရှေ့သို့လျှောက်ပြန် နောက်သို့လျှောက်ပြန် လုပ်နေ၏။ သူမကိုသိသောသူများက သူမစိတ်လှုပ်ရှားနေမှန်း သိကြပေမည်။ သူမအား မသိသောသူများက သူမ စိတ်ကောက်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။


ညက တစ်ဖြည်းဖြည်း နောက်ပိုင်းသို့ ရောက်ရှိလာသည်။ အရက်ထည့်ထားသော ဘူးသီးခြောက်ကို ကိုင်ထားသော ကျန်းချောင်အာက တည်းခိုခန်းထဲသို့ ဂုဏ်သရေရှိလူကြီးမင်းဟန်အပြည့်ဖြင့် ဝင်လာပြီး လင်းရုဖေးအား အပြုံးလေးဖြင့် "လင်းကုန်းဇီ---"ဟုခေါ်လိုက်သည့်အချိန်တွင် လင်းရုဖေးမှာ ညစာစားပြီးကာစပင် ရှိသေးသည်။ 


လင်းရုဖေးက ဆိုလိုက်၏။


"မင်းက ရောက်တောင်နေပါရောလား" 


"ကျွန်တော် ရောက်ပြီလေ...ကျွန်တော် ရောက်ပြီ"


ကျန်းချောင်အာက သူ၏မျက်နှာကို ပွတ်သတ်ရင်းမေးလိုက်သည်။ 


"ကျွန်တော် တစ်ခုခုစားပြီးရင် ကျွန်တော်တို့ စထွက်ကြတာပေါ့" 


သူက ထိုကဲ့သို့ ပြောလိုက်ရင်း ရှောင်အာအား ထမင်းပေါင်းတစ်ပွဲ မှာလိုက်ကာ အစာကြေရန် လက်ဖက်ရည်တစ်ခွက်ပါ ထပ်ပေါင်းလိုက်သည်။ သူ၏လက်ထဲတွင် ကပ်နေသည်များကို ခါလိုက်ကာ လင်းရုဖေးအား သူ့နောက်သို့လိုက်ရန် အချက်ပေးသည့်အနေဖြင့် လက်ပြလိုက်သည်။ 


သူတို့နှစ်ယောက် လမ်းလျှောက်နေစဥ်တွင် တည်းခိုခန်းထဲရှိ လူများသည် မည်သည့်ကိုမျှ မပြောကြသော်လည်း အများစုက သူတို့၏မျက်နှာထက်တွင် ပြက်ရယ်ပြုနေသည့် သဏ္ဌာန်သာရှိလေသည်။ အချို့မှာမူ ရယ်မောကာ စူးစိုက်၍ပင် ကြည့်နေကြသည်။ သူတို့က သိသိသာသာပင် လင်းရုဖေးဆိုသည့် အနှီကုန်းဇီ မှာ သူ၏ဦးနှောက်ထဲ၌ ရေများသာရှိသည်ဟု တွေးနေကြသည်။ သူက အမှန်တကယ်ပင် ကျန်းချောင်အာဆိုသည့် အမွေးအတောင်ပင် မစုံသေးသော အရွယ်မရောက်သေးသည့် ကောင်လေးအား ယုံကြည်လေသည်။  


ထိုသူတွေအား လင်းရုဖေးက ရှင်းပြရန် လွန်စွာမှ ပျင်းရိလေ၏။ ဖူဟွားနှင့် ယွီရွေ့က နောက်မှတန်းလိုက်လာပြီး သူမတို့သည် တည်းခိုခန်း၏အပြင်ဘက်သို့ထွက်သည်နှင့် ကျန်းချောင်အာအနောက်မှ ဆက်လိုက်သွားကြသည်။ 


တည်းခိုခန်း၏အပြင်ဘက်တွင် ကျောက်ခင်းထားသော လမ်းကြောင်းတစ်ခု ရှိလေသည်။ လမ်းကလေးတစ်လျှောက် လျှောက်လာရင်း သူတို့သည် မြစ်ဆီသို့ ရောက်လာပြီး မြစ်ကမ်းနဘေးတွင် ရိုးရိုးရှင်းရှင်း ဆိပ်ကမ်းလေးတစ်ခုရှိနေသည်။ ယင်းဆိပ်ကမ်းတွင် များစွာသောလှေတို့အား ကြိုးများဖြင့်ချည်ထားလေ၏။ လှပသော လှေကြီးများရှိသော်လည်း ကျန်းချောင်အာ၏ လှေကဲ့သို့ ငါးဖမ်းလှေငယ်လေးများလည်း ရှိနေသည်။ 


သူ၏လှေကလေးမှာ လှပခြင်းမရှိသည်ကို ခံစားကောင်းခံစားနိုင်သဖြင့် ကျန်းချောင်အာမှာ အနည်းငယ် ရှက်သွေးဖြန်းလာပြီး ဆိုလာသည်။


"လှေကတော့ သေးတယ်ဗျာ ကုန်းဇီ စိတ်မရှိဖို့ မျှော်လင့်မိတယ်" 


လင်းရုဖေးသည် လှေက စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိသဖြင့် ပြုံးပြလိုက်သည်။


"ဒီလှေကို သုံးနေတာ ဘယ်လောက်ကြာပြီလဲ" 


"အဲ့ဒီလှေက ကျွန်တော့်ရဲ့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာလေ ပြီးတော့ ကံကောင်းတယ်လို့ ပြောရမယ် သူက တစ်ခါမှ မမှောက်ဖူးသေးဘူး"


ကျန်းချောင်အာက ထိုကဲ့သို့ ပြောနေရင်း သူ၏မျက်လုံးများက စိတ်အားငယ်မှုများနှင့် ညှိုးကျသွားကာ အသံသေးသေးလေးဖြင့် တတွတ်တွတ်ပြောနေသည်။


"ကျွန်တော့်ရဲ့အဖေကသာ ဒီလှေကို သုံးခဲ့မယ်ဆိုရင် သူက သေချာပေါက် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရမှာမဟုတ်ဘူး..."


သူက ခေတ္တရပ်တန့်သွားပြီးနောက် ပြန်၍ပြုံးပြလာသည်။


"သူကသိပ်မခမ်းနားတဲ့ပုံဖြစ်နေလို့ စိုးရိမ်စရာမလိုပါဘူး ကျွန်တော်က သူ့ကို ခဏခဏပြင်ဆင်ကြေဆိုတော့ ကောင်းကောင်း အလုပ်လုပ်ပါတယ်" 


လှေကလေးမှာ အမှန်ပင် သေးငယ်လှပြီး လှေပေါ်ရှိ တဲကလေးမှာ လူသုံးယောက်သာ ဆံ့ပေသည်။ လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့အား အထဲတွင် နေစေသည်။ သူသည်ကား အပြင်ဘက်တွင်ထိုင်ရန် ဆုံးဖြတ်လိုက်ပြီး လှော်တက်ကိုမကိုင်မီ ကြိုးအား ကျွမ်းကျွမ်းကျင်ကျင် ဖြည်နေသော ကျန်းချောင်အာကို စောင့်ကြည့်နေမိသည်။ 


ကြိုးများကို ဖြည်ပြီးသည်နှင့် လွှင့်လာသော လှေငယ်လေးသည် မကြာမီပင် မြစ်ထဲသို့ ကျော်ဖြတ်တော့မည်ဖြစ်သည်။ ကုရွှမ်းတုက လင်းရုဖေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လေ၏။ သူက ဘေးဘက်သို့ ငုံ့လိုက်ကာ သူ၏လက်များကို အဝါရောင်ဖျော့ဖျော့ မြစ်ရေပေါ်တွင် ပြေးလွှားစေလိုက်သည်။ 


"ကုန်းဇီ မြစ်ပေါ်မှာဆို လေတိုက်တာကြမ်းတယ် ဒါကြောင့် မြဲမြဲထိုင်သင့်တယ်နော်"


ကျန်းချောင်အာက တောက်တောက်ပပ ပြုံးပြလာကာ သံရှည်ဆွဲပြီး အော်လိုက်သည်။


"မြစ်ဆီ ထွက်လာနေပြီ------"


သူကဤသို့ပြောလိုက်ရင်း သူ၏လက်ထဲမှ လှော်တက်ကို လွှဲလိုက်သည်။ လှေငယ်လေးသည် ကူးခတ်သွားသည့် ရေနောက်လိုက်ကာ မြစ်၏နှလုံးသားဗဟိုဆီသို့ တည့်တည့်ဦးတည်နေ၏။  


တည်းခိုခန်းရှိရာ ကမ်းပေါ်တွင် လူများသည် ရပ်ပြီးစောင့်ကြည့်နေကြသည်။ သူတို့က ကျန်းချောင်အာ၏လှေက အမှန်ပင် ဆိပ်ကမ်းမှထွက်ခွါကာ ချန့်လန်မြစ်ထဲ ဝင်သွားသည်အား တွေ့သောအခါ လူအများသည် အံ့သြတုန်လှုပ်မှုအပြည့်ဖြင့် ချီးမွန်းကားဆိုလာကြသည်။  


ယခုမတိုင်ခင်အချိန်အထိတိုင် လူတိုင်းက ကျန်းချောင်အာ၏ စကားလုံးများမှာ ကြွားဝါနေသော ပြက်လုံးများအဖြစ်သာ လက်ခံထားကြသည်။ ယခုတွင်မူ လှေငယ်လေးသည် မြစ်ထဲသို့ ရောက်သွားသည့်အပြင် ကျန်းချောင်အာကမူ လှော်တက်ကို လွှဲနေလေပြီ၊ လူစုမှာ ရုတ်တရက်ဆိုသလိုပင် နိုးထလာကြသည်။ ဤကလေးမှာ အမှန်ပင် အတည်ကြီးလုပ်နေခြင်းပင်။



__ __



Translated By IQ-Team.