အခန်း၁၁၅
Viewers 25k

အခန်း (၁၁၅) - သူမသည် ဖန့်ကျွင်းရုံက သူမသားနှင့်ဆက်ဆံရေးကို အမှန်တကယ် ဖြတ်တောက်ခဲ့လိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပါ (၁)

 

လူများစွာ၏အမြင်တွင် စုမိန်သည် အနားမှာထားရန် နှစ်သက်စရာကောင်းသောသူ မဟုတ်ခဲ့ပါ။ သူမက အတင်းအဖျင်းပြောတတ်ပြီး အမြင်ကျဥ်းသည်။ သူမ အလိုရှိသည့်အတိုင်း ပြုမူပြီးတော့ အလွန် တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်ဖြစ်သော်လည်း သူမကိုယ်တိုင် ချမှတ်ထားသည့်ကိုယ်ပိုင်မူများကို လိုက်နာသည်။ ထို့ကြောင့် သူမက ယနေ့ထိတိုင် ဂရုမစိုက်စွာ တည်ရှိနေနိုင်တာဖြစ်သည်။ ဥပမာအားဖြင့် သူမသည် သူမကိုသာ လာမစော်ကားရင် သူမကလည်း ပြန်လည်လက်စားချေမှာ မဟုတ်ပါ။ သူမမျက်လုံးထဲတွင် လျှိုကျူးသည် ထိုကဲ့သို့‌သော အမျိုးအစားထဲသို့ပင် မရောက်ခဲ့ပေ။ နောက်ထပ် ဥပမာတစ်ခုကတော့ သူမက သူမရဲ့ရပ်တည်ချက်ကို သိသိသာသာပြောင်းဖို့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ သူမသည် အရင်တုန်းက ဖန့်ကျွင်းရုံနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေပေမယ့် သူတို့နှစ်ယောက်အကြားမှာ မနှစ်မြို့ဖွယ်ရာကောင်းတဲ့ကိစ္စတွေ ဘာတစ်ခုမှ မဖြစ်ခဲ့တာကြောင့် အခု သူမသည် သူငယ်ချင်းကောင်းတစ်ယောက်၏ ရပ်တည်ချက်ကို လွယ်လွယ်ကူကူ ထုတ်ပြခဲ့တာဖြစ်သည်။ ဒါက လူတိုင်း ကျွမ်းကျင်ပိုင်နိုင်တဲ့ကိစ္စမဟုတ်တာ သေချာသည်။

 

သို့သော် ဖန့်ကျွင်းရုံကသာ စိတ်ပူနေပေမယ့်လည်း စုမိန်ကတော့ သူမ၏ပင်ကိုယ်စရိုက်အရ ဒီလိုအနှောင့်အယှက်တစ်ခုကို ဂရုမစိုက်ခဲ့ပါ။ ဒါ့အပြင် စုမိန်၏ပင်ကိုယ်စရိုက်ကြောင့်သာ မဟုတ်လျှင် သူမသည် လီဝမ့်ကျင်းကို လက်စားခြေရန်အတွက် ငွေများစွာကို သုံးစွဲခဲ့လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် စုမိန်အပေါ် စိတ်ရှည်မှု တစ်အောင်စလောက် ပိုရှိခဲ့သည်။

 

ယခုအချိန်တွင် စုမိန်က သူမ၏အစွမ်းအစကို အသုံးချမှာကို ဖန့်ကျွင်းရုံက အပြုံလေးနှင့်သာ စောင့်ကြည့်နေရုံပင် ဖြစ်သည်။

 

စုမိန်၏မျက်လုံးများထဲတွင် ဖန့်ကျွင်းရုံက၏အပြုံးက သူမကို အားပေးနေသည့်ပုံဟု တစ်ထစ်ချယူဆလိုက်သည်။ “မျက်နှာနှစ်ဖက်နဲ့လူလိမ်လူညာ၊ ကြောင်သူတော်၊ ကြွက်သူခိုး အဲ့ဒီစကားလုံးတွေက ရှင့်ကို ဖော်ပြဖို့သုံးသင့်တဲ့ စကားလုံးတွေပဲ။ ကျွန်မသာဆိုရင် ဘယ်သူ့ကိုမှ မျက်နှာမပြရဲလောက်အောင် ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ် လှီးပြစ်မိလိမ့်မယ်”

 

သူမသည် ဖန့်ကျွင်းရုံထံမှ အသိုင်းအဝိုင်းအတွင်းသီးသန့်ထုတ်လုပ်ထားသော အလှအပဆေးလုံးများကို ဝယ်ယူရန် ကြိုးစားခဲ့သော်လည်း ဖန့်ကျွင်းရုံက ထိုဗားရှင်းက ထုတ်လုပ်ရန်ခက်ခဲပြီး သူမဆီမှာလည်း အများကြီးမရှိဘူးလို့ ထုတ်ပြောခဲ့သည်။ သူမက စုမိန်ကို ဗူးရေ သုံးဗူးလောက်ပဲ ရောင်းချပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဒီနေ့ ဘယ်နေရာက ထွက်လာမှန်းမသိတဲ့ လျှိုကျူးက ဖန့်ကျွင်းရုံထံမှ ဗူးရေတစ်ချို့ကို သေချာပေါက်ရရှိရန် ကြိုးစားနေသောအခါ စုမိန်သည် ဘယ်လိုမှ ဒေါသမထွက်ပဲနေနိုင်မှာလဲ။

 

ထို့အပြင် အရင်ကတည်းက သူတို့နှစ်ဦးအကြားမှာ မပြေလည်မှုတွေ ရှိခဲ့သည်။ စုမိန်နှင့် လျှိုကျူးမှာ သားတစ်ယောက်စီရှိကြပြီးတော့ သူတို့တွေက ချမ်းသာပြီးတော့ ပွေရှုပ်တတ်သော ကောင်လေးတွေ ဖြစ်ကြသည်။ ထိုနှစ်ယောက်က အဆင့်တူမှာရှိတယ်ဆိုတာ နားလည်ခဲ့ရင် ကောင်းလိမ့်မည်။ စုမိန်သည် လျှိုကျူးက အထူးသဖြင့် သူမ၏အသုံးမကျသည့်သားအကြောင်းကို ကြွားဝါပြောဆိုရာတွင် အမြင်ကတ်နေခဲ့တာ ဖြစ်သည်။ ရန်ကြွေး အသစ်နဲ့အဟောင်းပေါင်းသွားပြီးတော့ စုမိန်သည် သွေးကြွေးဆပ်ရန်လုပ်လေသည်။

 

ဖန့်ကျွင်းရုံက သူမကိုယ်သူမ ညည်းတွားလိုက်မိသည်။ စုမိန်သည် သူမ၏စကားလုံး ဝေါဟာရသုံးစွဲရာနှင့်ပတ်သက်၍ အလွန်ကောင်းမွန်မှန်းကို သူမ မသိခဲ့ဘူး။

 

စုမိန်၏စကားများက လျှိုကျူး၏မျက်နှာကို နီရဲသွားစေသည်။ သူမ၏ရင်ဘတ်ဟာ ဒေါသကြောင့် အပေါ်မှအောက်သို့ မြင့်တက်သွားသည်။ လူအများရှေ့မှောက်တွင် သူမ၏ပုံရိပ်ကို ဂရုစိုက်တတ်သူတစ်ဦးအတွက် စုမိန်ကဲ့သို့လူမျိုးနှင့် ရင်ဆိုင်ရခြင်းဟာ သူမအတွက် အားနည်းချက်တစ်ခု ဖြစ်စေသည်။ သူမ ရိုးရှင်းစွာ ပြုလုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သောအလုပ်တစ်ခုသည် ယခုအခါ စုမိန်ကြောင့် ချွတ်ချော်သွားခဲ့ရသည်။

 

“အဲ့တာက ရှင်ထင်သလို မဟုတ်ရပါဘူး။ ရှစ်ကျီအကြောင်းပြောဆိုဖို့ ကျွန်မတို့ လီဝမ့်ကျင်းနဲ့တွေ့တာပါ။” ရုတ်တရတ် လီရှစ်ကျီအကြောင်းကို အမှတ်ရလိုက်မိပြီးတော့ လျှိုကျူးက သူမကိုယ်သူမ အသက်ကယ်ကောက်ရိုးမျှင်တစ်ခုကိုဆွဲကိုင်လိုက်နိုင်ပြီဟု ခံစားလိုက်ရသည်။

 

လျှိုကျူးက ဖန့်ကျွင်းရုံကို တစ်ချက်ကြည့်လိုက်ကာ ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားလိုက်ပြီးတော့ “ရှစ်ကျီနဲ့ ငါ့ရဲ့လန်လန်လေးတို့ အတူရှိနေကြပြီလေ။ ငါရဲ့လန်လန်လေးက အရမ်းကြင်နာတတ်တဲ့ မိန်းကလေးဖြစ်တော့ ဘော့စ်ဖန့်နဲ့ သူမသားတို့အကြား နားလည်မှုလွဲနေတာမျိုး မရှိစေချင်တော့ဘူးလေ။ ဒါ့ကြောင့် သူမက ငါ့ကို ဘော့စ်ဖန့်ဆီမှာ အလှအပဆေးလုံးဗူးရေအနည်းငယ်လောက် ရမရ မေးကြည့်ပေးဖို့ တောင်းဆိုလိုက်လို့လေ။ ဒီနည်းနဲ့ သူမက ရှစ်ကျီကို ဘော့စ်ဖန့်အကြောင်း အကောင်းပြောပေးနိုင်ပြီးတော့ သူ့စိတ်ထဲ အကောင်းမြင်စိတ် ရရှိအောင် လုပ်ပေးချင်လို့ပါ။”

 

လျှိုကျူးက စကားကိုဆက်ပြောနေခဲ့ပြီးတော့ သူမဆင်ခြေဟာ ပိုပြီးပြည့်စုံလာပြီး မှန်ကန်လာသည်ဟုပင် ထင်မိလေသည်။ သူမသည် ဖန့်ကျွင်းရုံက သူမသားဖြစ်သူနှင့် ဆက်ဆံရေးကို အမှန်တကယ် ဖြတ်တောက်လိမ့်မည်ဟု သူမ  ယုံကြည်လိမ့်မည် မဟုတ်ပါ။ သူမက သူမစီးပွားရေးလုပ်ငန်းကို ဘယ်သူ့ကို လွှဲပေးမှာလဲ။ လက်ထပ်ပြီး အိမ်ထောင်စုမှထွက်ခွာသွားရမယ့် သမီးဖြစ်သူကိုလား။

 

သေချာရေရာသော ရှုထောင့်မှ ကြည့်လျှင် လျှိုကျူး၏အကဲဖြတ်ခြင်းကလည်း လုံးဝမှားယွင်းနေခြင်းတော့ မဟုတ်ပါ။ လျှိုကျူးသည် လီဝမ့်ကျင်းကြောင့် အလှအပဆေးလုံးရရှိရန် ကြိုးစားနေသည့်အပြင် သူမက ဖန့်ကျွင်းရုံနှင့် လီရှစ်ကျီတို့အကြားက ကိစ္စများကိုလည်း ကူညီဖြေရှင်းပေးရန်