အခန်း ၁၁၈
Viewers 25k

အခန်း (၁၁၈) - မင်းနဲ့ မင်းအမေရဲ့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို ငါသိတယ်(၁)

 

လီရှစ်ကျီသည် အစပိုင်း၌ အရင်းအနှီးနည်းနေသည့်အချိန်၌ စိတ်ဆင်းရဲနေရသော်လည်း သမ့်အိမ်တော်မှ အရင်းအနှီးများ ထည့်ဝင်ပြီးနောက် အထူးသဖြင့် သူ့ရဲ့စိတ်ဖိစီးမှုများဟာ သိသိသာသာ သက်သာသွားခဲ့သည်။ သူ့အဖေက သူ့ကို အရင်းအနှီးမကူညီပေးပေမယ့်လည်း သူ့ကွန်ယက်၏အကူအညီဖြင့် အော်ဒါတစ်ချို့ရအောင် ကူညီပေးခဲ့သည်။

 

အရာအားလုံး လမ်းကြောင်းမှန်သို့ ပြန်ရောက်ခါနီးမှာပင် ရုတ်တရတ် သူနဲ့အလုပ်အတူတွဲလုပ်မယ့် ကုမ္ပဏီအနည်းငယ်က သူတို့ရဲ့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားကုန်သည်။

 

ရက်အနည်းငယ်အတွင်း ထိုကဲ့သို့သောဖုန်းခေါ်ဆိုမှုများကို ခဏခဏလက်ခံရရှိပြီးနောက် လီရှစ်ကျီသည် သူ့အား ရေအေးလောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဒေါသထွက်ခြင်းနှင့် ဆုံးရှုံးခြင်း နှစ်မျိုးစလုံးကို ခံစားခဲ့ရသည်။ ဘာတွေ မှားယွင်းနေတာလဲ။

 

လီရှစ်ကျီမှာ သူငယ်ချင်းအနည်းငယ်ရှိသည်။ ထို့ကြောင့် သူက သူ့သူငယ်ချင်းတွေကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်။

 

သူက ဘာဖြစ်ခဲ့တာလဲဆိုတာကို သိသွားတာနဲ့ သူ့ဖုန်းကို ရိုက်ခွဲလုနီးပါး ဖြစ်သွားသည်။ စုမိန်ထံမှ ကျန်းယာ့ကောနဲ့ သူ့ကြားက အဖြစ်အပျက်များဟာ လူသိရှင်ကြားဖြစ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။

 

သူ့အမေသာ မပြောခဲ့ရင် စုမိန်က တခြားဘယ်နေရာကနေ ဘယ်လိုလုပ် သိမှာလဲ။

 

ထိုအခိုက်အတန့်တွင် သူသည် ဖန့်ကျွင်းရုံကို မုန်းတီးသည်ဟု ခံစားလိုက်ရသည်။ အမေက ဒီလောက်ထိလုပ်မှ ဖြစ်မှာလား။ အမေက သူ့ကို တစ်ယောက်တည်းထားလို့ မရဘူးလား။

 

သူ့ဒေါသများ လျော့နည်းသွားပြီးနောက် သူ့အမေသာ သူ့အကြောင်း အတင်းအဖျင်းပြောချင်ရင် အစောကြီးကတည်းက ပြောခဲ့လိုက်မှာဆိုတာကို သူနားလည်မိသည်။ သူက သူ့မိခင်ရင်းအကြောင်းကို ကောင်းကောင်းသိသည်။ မကြာသေးမီက ဒီအကြောင်းကို ဖြစ်စေခဲ့မည့်အရာတစ်ခုခု ဖြစ်ပျက်ခဲ့ပေမည်။

 

သူက ဒီအကြောင်းအရာကို ထပ်မံမေးမြန်းပြီးနောက် အဲ့ဒီအရာအားလုံးက သမ့်လန်အမေက စတင်ခဲ့တာဖြစ်ကြောင်း သိလိုက်ရသည်။ သမ့်လန်မိခင်က သူမ၏မာကျောက်ကစားဖော်သူငယ်ချင်းများကို ဖန့်ကျွင်းရုံက ဘယ်လောက်အေးစက်ကြောင်း၊ သူမကလေးများကို ကွက်ပြီးတော့ ဦးစားပေးကြောင်းတို့ကို ပြောပြခဲ့ကြောင့် စုမိန်က သူ့မိခင်ဖက်ကနေ ခုခံပြောဆိုပေးခဲ့တာဖြစ်သည်။

 

လီရှစ်ကျီသည် သူ့လက်များဖြင့် သူ့ဆံပင်တွေကို ဆွဲကုတ်လိုက်သည်။ သူ့လက်ပေါ်မှာ သွေးကြောများတောင် ထောင်ထနေခဲ့သည်။

 

ရင်းနှီးကျွမ်းဝင်သောမီးဖြင့် လောင်ကျွမ်းခံလိုက်ရတယ်ဆိုတာက ဘာကိုဆိုလိုမှန်းကို ရုတ်တရတ် သူ နားလည်သဘောပေါက်မိသည်။ သမ့်အိမ်တော်က သူ့ကို အလွန်အကျူး အကူအညီပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူတို့ကြောင့် ကိစ္စတွေ ပိုဆိုးမသွားစေဖို့ကိုသာ သူ မျှော်လင့်မိသည်။ ပြီးတော့ သူတို့က ဒီကိစ္စလေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ သူနဲ့ ယာ့ကောကြားကကိစ္စတွေက အခြားသူများအတွက် အတင်းအဖျင်းအကြောင်းအရာဖြစ်လာခြင်းသည် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်မိသည်။

 

သူနဲ့ ယာ့ကောတို့က အမှားလုပ်မိတယ်လို့ သူ မယုံကြည်ခဲ့ဘူး။ သူ တစ်ခုခုပြောရမည်ဆိုလျှင် သူ့အမေပေါ် သူ့ယုံကြည်ချက်ပြင်းထန်လွန်းပြီး ဝမ်စစ်ရှန်းကို သူ့အိမ်ထဲသို့ ခေါ်မသွင်းခဲ့သင့်ဘူး။

 

သူ အရမ်းဒေါသထွက်နေသဖြင့် သူ့ရုံးခန်းစားပွဲပေါ်က သူအာရုံစိုက်ဖို့လိုနေသော စာရွက်စာတမ်းများအပေါ်ကိုပင် အာရုံမစိုက်ချင်တော့ပါ။ သူသည် သူ့ရုံးထိုင်ခုံပေါ်သို့သာ အားမရှိစွာ ထိုင်ချလိုက်သည်။

 

“ရှစ်ကျီ ကျွန်မလာတယ်” ဒေါက်ဖိနပ်သံနှင့်အတူ သမ့်လန်က ရွှင်မြူးတက်ကြွသောအသံလေးဖြင့် ဝင်ရောက်လာသည်။ လီရှစ်ကျီသည် မော့ကြည့်လိုက်တော့ သူမလက်ထဲမှာကိုင်ထားတဲ့ အပူခံထမင်းဗူးနှင့် သူမမျက်နှာပေါ်က တောက်ပသောအပြုံးလေးကို မြင်တွေ့လိုက်သည်။ “ကျွန်မ ဒီနေ့ ရှင့်အတွက် ကြက်သားဟင်းချက်လာတယ်။ ရှင် တစ်ခုလောက် စားကြည့်ချင်လား”

 

လီရှစ်ကျီက သူမကိုမော့ကြည့်လိုက်ပြီး “မင်းအမေက အပြင်မှာ ဟိုဟိုဒီဒီလျှောက်ပြောနေတယ်။ အဲ့တာ မင်းအကြံလား” လို့ အေးစက်စွာ ပြောလိုက်သည်။

 

သူက အရမ်းဒေါသထွက်တာကြောင့် ရုတ်တရတ် သမ့်လန်ကလည်း ဗျာများသွားမိသည်။ မတရားသလို ခံစားသွားရပြီး သူမနှုတ်ခမ်းကို အသာကိုက်ကာ ပြောလိုက်သည်။ “အမေက ရှင့်အတွက် စိတ်မကောင်းလို့ ပြောမိတာပါ။ ရှင့်အမေက လီရှင်းယွင်ကိုပဲ အရမ်းဂရုစိုက်ပြီးတော့ ရှင့်ကို နည်းနည်းလေးမှ ဂရုမစိုက်တာကို သူမ မယုံနိုင်ခဲ့ဘူး။ သူမက ရှင့်အတွက် ပြောပေးနေတာပဲ”

 

သမ့်လန်သည် သူမမိခင်က မာကျောက်ကစားပွဲများတွင် ဖန့်ကျွင်းရုံအား မကောင်းကြောင်း ပြောခဲ့တယ်ဆိုတာကိုပဲ သူမ သိသည်။ သို့သော် ကောလဟာလများကို နောက်ထပ်သတင်းအသစ်တစ်ခုဖြင့် အစားထိုးခဲ့ပြီးဖြစ်ကြောင်းကိုတော့ သူမ မသိခဲ့ပါ။ အမှန်အတိုင်းပြောရရင် သမ့်လန်က သူမမိခင် အမှားတစ်ခုခုလုပ်မိတယ်လို့ မခံစားရဘူး။ ဖန့်ကျွင်းရုံက အလွန်အကြောင်းပြချက်မဲ့လေသည်။ သူမက ကွာရှင်းပြီးကတည်းက သူမသားဖြစ်သူအပေါ် မည်သည့်အခါမှ အာရုံမစိုက်ခဲ့ပေမယ့် သူမရဲ့အသုံးမဝင်တဲ့သမီးလေးအပေါ်ကိုသာ ချစ်မြတ်နိုးနေခဲ့သည်။

 

လီရှစ်ကျီက ကျိတ်ရယ်လိုက်သည်။ “ကိုယ့်အတွက် မင်းစကားပြောပေးဖို့ ကိုယ်က လိုမယ်ထင်နေတာလား။ အခုဆိုရင် ကိုယ်အမေရင်းက ကိုယ့်ကို မုန်းနေတယ်ဆိုတာ လူတိုင်း သိနေကြပြီ။ ဒါက စိတ်ကူးကောင်းတစ်ခုလို့ မင်းထင်လား။ မင်းနဲ့ မင်းအမေရဲ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ကိုယ်သိတယ်”