အခန်း (၁၁၉) - မင်းနဲ့ မင်းအမေရဲ့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို ငါသိတယ်(၂)
သမ့်လန်နဲ့ သူမမိခင်တို့က သူတို့နှစ်ယောက်အကြားက ဆက်ဆံရေးကို လူသိရှင်ကြားသိအောင် ပြောဆိုချင်ရုံသက်သက်ကြောင့်ပဲ။ အဲ့တာက သူ့အနေနဲ့ သူတို့အသိုင်းအဝိုင်းမှာ အချိန်အကြာကြီးကတည်းက ရှိနေခဲ့တဲ့ သမ့်လန်လို ချမ်းသာတဲ့မိန်းကလေးတွေကို သူ ဘယ်တုန်းကမှ မကြိုက်နှစ်သက်ခဲ့တဲ့ အကြောင်းအရင်းပဲ။ သူတို့ဟာ သူတို့အတွက် အကျိုးအမြတ် ဘယ်လိုရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ အမြဲတမ်းကြံစည်ပြီး စဥ်းစားနေကြသူတွေ ဖြစ်သည်။
သူတို့အားလုံးဟာ သူ့အဖေလို အကျင့်စရိုက်နှစ်မျိုးရှိသည့်ပုံစံမျိုး ရှိကြသည်။ ကျန်းယာ့ကောကတော့ သူ့တစ်ဦးတည်းကိုပဲ အားကိုးလေးစားတာကြောင့် ဒါက သူ့စိတ်နှလုံးကို ထိမိစေပြီး သူမကို အလွန်တန်ဖိုးထားမိသည်။ သမ့်လန်ကကျတော့ ကြိုးကိုင်ချယ်လှယ်ဖို့ စီမံချင်နေခဲ့သည်။
လူတစ်ဦးဟာ အခြားသူတစ်ဦးအား မချစ်မနှစ်သက်သောအခါ ရေသောက်ခြင်းကဲ့သို့သော ရိုးစင်းသော လုပ်ဆောင်ချက်လေးကပင် မှားယွင်းလေသည်။ ပြီးတော့ ထိုသို့သောအနေအထားမျိုးဟာ သမ့်လန် ယခုရှိနေသောအနေအထားမျိုးဖြစ်သည်။
လီရှစ်ကျီသည် သူမမျက်နှာအား စေ့စေ့ကြည့်ပြီး အော်ဟစ်လိုက်တာက သမ့်လန်းအား သူမနှလုံးသားကို အက်စစ်ဖြင့် အပက်ခံလိုက်ရသလိုမျိုး ခံစားရစေသည်။ သူမက အလွန်မတရားသလို ခံစားခဲ့ရသည်။ လီရှစ်ကျီသည် သူမအပေါ် အချိန်တိုင်း ချိုမြိန်ပြီးတော့ အလိုက်သိသည်။ ရုတ်တရတ်ကြီး ဘာဖြစ်လို့ ပြောင်းလဲသွားရတာလဲ။
သမ့်လန်၏ မျက်လုံးများဟာ နီရဲနေပြီဖြစ်သော်လည်း သူမဟာ သူ့ကို နားလည်မှုရှိသောအပြုံးလေးတစ်ခုကို ပေးနေဆဲဖြစ်သည်။ “ကျွန်မ တောင်းပန်ပါတယ်။ နောက်တစ်ခါ ကျွန်မ မလုပ်တော့ဘူးလေ။
သူမသည် အပူခံထမင်းဗူးလေးကို အောက်ချလိုက်ပြီး သူမလက်များကို သူ့အား မြင်စေလိုက်သည်။ သမ့်လန်သည် ရှစ်ကျီအား သူမလက်မှ အပူဖုလေးများကို တွေ့စေချင်သည်။ သမ့်လန်ဟာ ခဏလောက် စောင့်နေပေမယ့် လီရှစ်ကျီထံမှ ဂရုစိုက်တဲ့စကားလုံးများ မထွက်လာခဲ့ဘူး။ သမ့်လန်က လီရှစ်ကျီကို ထပ်မံ၍ စိတ်အနှောင့်အယှက် မပေးချင်တော့ဘူး။ သူမမိခင်က ယောကျာ်းလေးများက ဘယ်အချိန်မှာ ရပ်တန့်ရမှန်းမသိတဲ့ မိန်းကလေးမျိုးကို သဘောမကျကြောင်း သူမကို သတိပေးဖူးသည်။ သူတို့က နားလည်မှုရှိတဲ့မိန်းကလေးတွေကို ပိုဦးစားပေးပြီး သဘောကျကြသည်။
ထို့ကြောင့် သူမအတွက် ဘာက အကောင်းဆုံးလဲဆိုတာကို နားလည်လိုက်သောကြောင့် ထွက်သွားခဲ့သည်။
သမ့်လန်သည် လီရှစ်ကျီက သူမအပေါ် ဘာလို့ ဒီလိုဆက်ဆံတာလဲဆိုတာကို မသိရဘူး။ သူမအပေါ် ထားတဲ့ သူ့သဘောထားက ဘာကြောင့်ပြောင်းလဲသွားတာလဲဆိုတာကို ရှာဖွေဖို့ လိုအပ်သည်။ နောက်ကွယ်ကအကြောင်းအရင်းက သူမအမေကြောင့်ဆိုတာကို သူမ မယုံကြည်ဘူး။ ယခင်အပတ်မှစ၍ လီရှစ်ကျီက သူမအပေါ် သူ့ရဲ့စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးနေခဲ့တာကို သတိထားမိသည်။
သမ့်လန်သည် ဒီကိစ္စများကို ကျော်ဖြတ်နိုင်ရန် လီရှစ်ကျီ သဘောကျနှစ်သက်သည့် ကျန်းယာ့ကောအား သူမဖက်တွင် ရပ်တည်ပေးရန် လိုအပ်လိမ့်မည်။ သမ့်လန်သည် သူမက ကျန်းယာ့ကောနှင့် ဆက်ဆံရေးကောင်းရှိသည့်အတွက် အလွန်ဝမ်းမြောက်မိသည်။ သမ့်လန်က အံတင်းတင်းကြီတ်ပြီးတော့ ကျန်းယာ့ကောအတွက် ဒီဇိုင်းနာထုတ်ပိုက်ဆံအိတ်အချို့ကို လက်ဆောင်ပေးခဲ့သည်။ ယခုအချိန်မှာ သူမ တည်ဆောက်ထားခဲ့သောဆက်ဆံရေးကို အသုံးပြုရန် အချိန်ဖြစ်သည်။
သမ့်လန်က ကျန်းယာ့ကောကိုရှာဖို့ သူမ၏ကျောင်းသို့သွားရန် ကားမောင်းသမားအား ပြောလိုက်သည်။ ကျန်းယာ့ကော၏ကောလိပ်တွင် ဒုတိယနှစ်ကျောင်းသားကျောင်းသူများသာရှိနေ၍ အတန်းအနည်းငယ်ခန့်သာရှိသည်။ ညနေငါးနာရီထိ ကျန်းယာ့ကောက မဆင်းရသေးပေ။ သမ့်လန်၏အချိန်ကိုက်တွက်ချက်မှုက မကောင်းသောကြောင့် သူမသည် ကျန်းယာ့ကော ကျောင်းဆင်းမည့်အချိန်ကို တစ်နာရီခန့် စောင့်ခဲ့ရသည်။
ကျန်းယာ့ကောသည် ကျောင်းဝင်းထဲမှ ထွက်လာသောအခါဝယ် သမ့်လန်၏ကားကို တန်းတွေ့လိုက်ရ၍ ကားဆီကို အမြန်လျှောက်လာလိုက်သည်။ ကားတံခါးကိုဆွဲဖွင့်လိုက်ပုံက သူမ အကြိမ်ကြိမ်အခါခါ ဖွင့်သလိုမျိုး ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
“လန်လန်” ဟု သူမ ခေါ်လိုက်သည်။
သမ့်လန်အပေါ် သူမခံစားချက်တွေက အလွန်ရှုပ်ထွေးနေခဲ့သည်။ တစ်ဖက်တွင်မူ သမ့်လန်သည် မကြာသေးမီက ရှစ်ကျီကို အကူအညီ အမြောက်အများပေးထားသည့်အပြင် ရှစ်ကျီအပေါ် အခြားသောခံစားချက်များရှိနေသည်မှာ သိသာထင်ရှားသည်။ သူမက အခွင့်အရေးရသည့်အခါတိုင်း သမ့်လန်က သူ့မသူငယ်ချင်းအသိုင်းအဝိုင်းအကြားမှာ သူတို့ဆက်ဆံရေးကို မသိမသာ ရည်ညွှန်းပြောဆိုလေ့ရှိသောကြောင့် ကျန်းယာ့ကောသည် မနာလိုဝန်တိုဖြစ်ပြီး သူမနှလုံးသားကို နာကျင်စေခဲ့သည်။ သို့သော် သူမမှာ မနာလိုဝန်တိုစရာအကြောင်းပြချက်မရှိပါ။ သူမဟာ ရှစ်ကျီနဲ့ လမ်းခွဲပြတ်စဲပြီးပြီ။ ထို့အပြင် သမ့်လန်သည် သူမကို လက်ဆောင်များစွာ ဝယ်ပေးခဲ့သည်။ ထိုနည်းအားဖြင့် ယာ့ကောသည် အခြားသူများရှေ့တွင် သူမ၏မျက်နှာကို ထိန်းသိမ်းနိုင်ခဲ့ပြီး လူအများရယ်စရာ မဖြစ်တော့ပေ။
ကံကောင်းစွာဖြင့် လီရှစ်ကျီ၏စီးပွားရေးလုပ်ငန်းသည် တိုးတက်မှုများစွာ ရရှိခဲ့ပြီးတော့ စာချုပ်အနည်းငယ် ရရှိခဲ့သည်။ သူသည် ရင်းနှီးမြှုပ်နှံရန် အခြားသူများကို ရှာဖွေရန် မလိုအပ်တော့ပါ။
သမ့်လန်က ခေါင်းငုံ့နေသော ကျန်းယာ့ကောကိုကြည့်ပြီးတော့ “ငါ တော်တော်လေး စားကောင်းတဲ့ စားသောက်ဆိုင်တစ်ခု တွေ့ထားတယ်။ သွားစားကြည့်ရအောင်။” ဟု ခင်မင်ရင်းနှီးမှုအပြည့်ပါဝင်သည့် အသံလေးဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ”
သမ့်လန်သည် ကျန်းယာ့ကောနှင့် အာလာပသလ္လာပ အနည်းငယ် ပြောဆိုပြီးနောက်ဆုံးတွင် လီရှစ်ကျီအကြောင်းကို စကားလမ်းကြောင်း လွှဲလိုက်သည်။ “ခုတစ်လော ရှစ်ကျီက ငါ့အပေါ် အေးစက်နေသလိုပဲ။ ဘာလို့လဲဆိုတာ နင်သိလား”
သူမအကြည့်အောက်တွင် ကျန်းယာ့ကောသည် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူမက သမ့်လန်၏အကြည့်ကို ရှောင်ရှားဖို့ အဝေးသို့ အကြည့်လွှဲလိုက်သည်။ ကျန်းယာ့ကောသည် သူမအသံကို တည်ငြိမ်စေရန် တတ်နိုင်သမျှ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ “သူ့အလုပ်ကြောင့်လည်း ဖြစ်နိုင်တယ်လေ။ မကြာသေးခင်ကပဲ သူ အရမ်းအလုပ်များနေတော့ အချိန်ပိုတွေဆင်းပြီး လုပ်နေရတာမလား။ သူ့ဘေးနားမှာ သူ့ကို ကူညီပေးနိုင်မယ့်သူ အများကြီး မရှိဘူးလေ”