Chapter 43
ကျောင်းကောင်ငယ်လေး ထွက်သွားပြီ (1)
ဤသည်မှာ လင်းရုဖေးက မိစ္ဆာကျောင်းအား ပထမဆုံးမြင်ဖူးခြင်းပင်။
အနှီသတ္တဝါကြီးက လင်းရုဖေးဖတ်ခဲ့ဖူးသည့် ပုံပြင်များနှင့်ရုပ်ပြစာအုပ်များတွင် ရှိခဲ့ဖူးသည်။ သို့သော်လည်း ပြဌာန်းချက်များတွင် ဤသတ္တဝါအား မည်သို့ပင်ဖော်ပြထားစေကာမူ မိမိ၏ကိုယ်ပိုင်မျက်စိဖြင့် မြင်ရသည်ထက် ထိန့်လန့်သွားမည်မဟုတ်ချေ။ မိစ္ဆာကျောင်းသည် တစ်ဆယ်ပေထက်မနည်း မြင့်ပြီး ရပ်လိုက်ပါက ဘေးဘက်ရှိ မတ်စောက်သော ချောက်ကမ်းပါးနံရံလောက် မြင့်၏။
သူ၏ကြီးမားသော ကိုယ်ထည်က အမည်းရောင်ကြေးခွံများနှင့် ကျပ်သိပ်နေကာ ထိုကြေးခွံများမှာ အသက်ရှူလိုက်သည်နှင့် လှိုင်းထလာပြီး ဖျက်ဆီး၍မရနိုင်ပုံပေါ်လေသည်။
မိစ္ဆာကျောင်းက သူ၏ခေါင်းအားနိမ့်လိုက်ရင်း မှဲ့စက်လေးလောက်သာရှိသည့် လှေလေးအား ငုံ့ကြည့်လာသည်။ လင်းရုဖေးက ခေါင်းမော့ကာ မီးအိမ်ကြီးမျှ ကြီးမားသည့် မျက်လုံးများအား စိုက်ကြည့်လိုက်သည်။ ကျောင်းကောင်၏ ခေါင်းဘယ်ဘက်တွင် ချိုတစ်ခု ပျောက်နေသည်ကို သတိထားမိ၏။ လှေသမားပြောသကဲ့သို့ပင် ကောင်းကင်ဘုံအုပ်ချုပ်သူထံမှ ဒဏ်ရာရရှိခဲ့ကာ ယင်းအဖြစ်အပျက်ကြောင့်သာ ကျောင်း၏ဦးချိုကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပေမည်။
သူ၏ရှေ့မှ သားရဲကောင်အား မျက်နှာမူထားသည့် ဖူဟွားနှင့်ယွီရွေ့တို့မှာမူ အသက်မရှူရဲလောက်အောင်ပင် ကြောက်ရွံ့နေကြသည်။ သူတို့၏ဓါးများအား ဆွဲထုတ်ချင်ပါသော်လည်း ကျောင်းကောင်၏အရှိန်အဝါဖိနှိပ်ခံနေရကာ လှုပ်၍ပင်မရနိုင်ချေ။
မကောင်းဆိုးရွား ကျောင်းက ကျင့်ကြံခြင်းအဆင့် ခုနစ်တွင်ရှိကာ သေမျိုးတို့၏ဓါးဖြင့် မခုတ်နိုင်လောက်မည့် ကြေးခွံများပင် ပါရှိနေလေသည်။ အဆင့်ရှစ်ရှိသည့် ဓားသိုင်းကျင့်ကြံသူ ရောက်လာလျှင်ပင် ပြင်းထန်သည့် တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်မှာ အသေအချာပင်။ ဖူဟွားနှင့်ယွီရွေ့တို့ကဲ့သို့ အဆင့်ငါးသာရှိသည့် ကျင့်ကြံသူများအနေဖြင့် အားသာလိမ့်မည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ လင်းရုဖေးသည် ကြောက်ရွံ့မနေပေ။ သူက ကုရွှမ်းတု၏ နံဆော်နေတာပဲ ဟူသည့်စကားများအား နားထောင်လိုက်ရခြင်းကြောင့် မှားယွင်းခံလိုက်ရသကဲ့သို့သော ခံစားချက်များဖြင့်ပြည့်နေသည့် ကျောင်းကောင်၏ အဝါရောင်တောက်တောက်မျက်လုံးတစ်စုံအား ကြည့်လိုက်မိသည်။
ထို့နောက် သူက ကုရွှမ်းတုအား ကြည့်၍ မေးလိုက်၏။
"ဘာလို့ သူ့ကို ဆူပူနေရတာလဲ"
ကုရွှမ်းတုက ဖြေလိုက်သည်။
"ဘယ်အချိန်တုန်းက ကိုယ် သူ့ကို ဆူတာမြင်လို့လဲ...ဒါဆို...မင်းရော အနံ့မရဘူးလား"
လင်းရုဖေးက ဆိုလိုက်သည်။
"ကျွန်တော် တကယ်တော့ အနံ့ရပါတယ်.."
မိစ္ဆာကျောင်းသည် အသားစားသောကြောင့် သူ၏သွားကြားထဲတွင် အသားစများ ကပ်နေမည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် အနံ့သည် အမှန်ပင် မနှစ်မြို့ဖွယ်ကောင်းလှသည်။
မည်သို့ပင်ဆိုစေကာမူ သူတပါး၏နယ်မြေအား ကျူးကျော်သည့်အပြင် မြင်မြင်ချင်းစောက်နဲ့ထွင်းလိုက်သကဲ့သို့ နံဆော်နေတာပဲဆိုသည့် စကားကိုပြောလိုက်ခြင်းက အတော်လေးကို မဆီလျော်သလို သူ ခံစားလိုက်ရ၏။
ကုရွှမ်းတုက မနှစ်မြို့စွာဖြင့် ဆိုလိုက်သည်။
"မင်း မကြားလိုက်ဘူးလား...သူလည်း အဲ့ဒီအနံ့ရတယ်တဲ့"
သူက ဤကဲ့သို့ ပြောပြီးသည့်နောက်တွင် ကျောင်းကောင်၏ အကျယ်ကြီးဖွင့်ထားသော ပါးစပ်မှာ အမှန်ပင် ပိတ်သွားလေပြီ။သို့သော်လည်း လေးလံစွာ အသက်ရှူထုတ်လိုက်ချိန်တွင်စိုစွတ်နေသည့်အရာတစ်ခုက သူ့နှာခေါင်း၀မှတဆင့် လေနှင့်အတူလွင့်ပျံလာလေသည်။
လင်းရုဖေးက အချိန်မီ ရှောင်တိမ်းလိုက်နိုင်ခြင်းမရှိသဖြင့် ငါးတစ်ကောင်က သူ၏ပုခုံးသို့ တည့်တည့်ထိမှန်လာသည်။
သူက "အာ"ခနဲအသံထွက်မိသွားပြီး အခြေအနေကို မြင်လိုက်ရသော ကုရွှမ်းတုက သူ၏အင်္ကျီလက်အနားအား လိပ်တင်လိုက်ကာ ကျောင်းကောင်၏ နှာခေါင်း၀ဆီသို့ လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီးနောက် သူက ရက်ရက်စက်စက်ဖြင့် စတင်ကြိမ်းမောင်းတော့၏။
"မိမစစ်ဖမစစ်ကောင်...မင်းဘာလုပ်လိုက်တာလဲ မင်းက ရန်ဖြစ်ချင်နေတာလား....."
မိစ္ဆာကျောင်း : "...."
လင်းရုဖေးက သူ၏ပုခုံးအား ပွတ်လိုက်မိပြီး နှာကျင်မှုကြောင့် အသက်ရှုသံများပင် တရှူးရှူးရှဲရှဲမြည်လာသည်။
ကုရွှမ်းတုက စစ်ဆေးရန် မြန်ဆန်စွာပင် ရှေ့ကိုတိုးသွားပြီး ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ မရသည်အား မြင်ပြီးမှသာလျှင် စိတ်သက်သာရာစွာ အသက်ရှူထုတ်လိုက်သည်။ သူက တစ်ဖန်ပြန်၍ ကျောင်းကောင်အား ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်လိုက်သည်။
အကြည့်ခံလိုက်ရသော မိစ္ဆာကျောင်းက အမှန်ပင် ဝက်မြည်သံကဲ့သို့ တကွပ်ကွပ် အသံလေးလုပ်ပြလာသည်။
ယင်း၏အမြီးကြီးမှာမူ နက်ရှိုင်းလှသောမြစ်ကြီးအား လှိုင်းပြင်းပြင်းဖြင့်အရာရာကိုပျက်ဆီးဖြိုဖျက်ပစ်နိုင်သည်အထိ မြစ်အတွင်း၌ ဆိုးဆိုးဝါးဝါး လှုပ်ယမ်းနေသည်။
"ဟုတ်ပြီ...ဟုတ်ပြီ...မင်းစောင့်နေတယ်ဆိုတာ ငါသိတယ်"
ကုရွှမ်းတုက ဆိုလိုက်သည်။
"ဒါပေမယ့် အများကြီး ကြိုတင်စီစဥ်ထားတတ်တဲ့သူတောင် တစ်ခုမဟုတ်တစ်ခု ကြုံတတ်သေးတာပဲ ငါတို့က နည်းနည်းပါးပါးနောက်ကျသွားရုံပါ ဘာလဲ လာလို့တောင်မရတော့ဘူးလား"“
မိစ္ဆာကျောင်းမှာ ချက်ချင်းပင် သူ၏ခေါင်းအား နီးနီးကပ်ကပ်ဖြစ်သည်အထိ ငုံ့ချလာသည်။ ယင်း၏ခေါင်းမှာ ကောင်းကင်တစ်ခွင်တွင်ချိတ်ဆွဲထားသည့် မျက်နှာကျက်ကဲ့သို့ပင် အနီးကပ်ဖြစ်နေ၍ပင် အတော်လေးပင်ကြီးမားနေသည်။ သေချာ ကြည့်လျှင် သူ၏ခေါင်းထက်တွင် ချောမွေ့သော အမည်းရောင် ကြေးခွံများရှိနေသည်ကိုပင် မြင်နိုင်ပေသည်။
လင်းရုဖေးက အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ချင်ပါသော်လည်း ကုရွှမ်းတုက သူ၏လက်အား ဆွဲယူလိုက်ပြီးနောက် ဆိုလာ၏။
"သူက ဂုဏ်ပုဒ်တစ်ခု တောင်းနေတာ ဒီဂုဏ်ပုဒ်[1]ကို မင်းက ပေးရမှာ"
လင်းရုဖေးက အံ့အားသင့်ကာ ဆိုလိုက်သည်။
"ဂုဏ်ပုဒ်တစ်ခုလား"
ကုရွှမ်းတုက သူ၏ခေါင်းကို ညိမ့်ပြလိုက်သည်။
ဒဏ္ဌာရီတွင်အဆိုရှိခဲ့သည်က ကျောင်းက နဂါးတစ်ကောင်ဖြစ်လာချိန်တွင် ကောင်းကင်၊ ကမ္ဘာမြေ၊ လူသားဆိုသည့် ဘေးဒုက္ခသုံးမျိုးအား ကျော်ဖြတ်ခဲ့ရသည်။ ကောင်းကင်က ကောင်းကင်ဘုံမိုးကြိုးဒဏ်၊ ကမ္ဘာမြေသည်ကား ရေဒဏ်ဖြစ်ပြီး လူသားကမူ ဂုဏ်ပုဒ်ဒဏ်ဖြစ်သည်။ ကျောင်းက နဂါးတစ်ကောင်မဖြစ်မီ မသေမျိုးတစ်ယောက်အား ရှာလိုခဲ့၏။ ထိုမသေမျိုးက ကျောင်းအား ပုံစံပြောင်းခွင့်ပြုရန်အတွက် စကားလုံးများပြောပြရန်လိုကာ ဤအရာသည် ဂုဏ်ပုဒ်တစ်ခုရခြင်း၏သက်သေပြယုဂ်အဖြစ် သတ်မှတ်၍ရသည်။
သို့သော်လည်း ထိုမသေမျိုးတွင် မကောင်းသောရည်ရွယ်ချက်တွေရှိနေသဖြင့် ကျောင်းအား မြွေတစ်ကောင်နှင့်တူသည်ဟုပြောလိုက်ပါက ကျောင်း၏နှစ်ရာပေါင်းများစွာကျင့်ကြံခြင်းမှာ အဖတ်မတင်တော့မည်ဖြစ်ကာ မူလပုံစံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီး အစမှ ပြန်လည်ကျင့်ကြံရတော့မည်ဖြစ်သည်။ဂုဏ်ပုဒ်တစ်ခုသာရပြီးသွားပါလျှင် ကျောင်းက ရေထဲသို့ဆင်းသွားကာ ပင်လယ်ဆီသို့ နွေဦးရေလွှမ်းမိုးမှုနောက်သို့ စီးမျှောလိုက်ပါသွားမည်သာဖြစ်၏။
ပင်လယ်ပြင်သို့ရောက်ပါက အမည်းရောင်ကြေးခွံအား အရေခွံလဲလိမ့်မည်ဖြစ်ပြီး နဂါးတစ်ကောင်အဖြစ်သို့ ပြီးပြည့်စုံစွာအသွင်ပြောင်းသွားပေလိမ့်မည်။
ပြောရသည်မှာ လွယ်သော်လည်း လုပ်ရသည်မှာတော့ ခက်ခဲပေသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နဂါးအဖြစ်သို့ အောင်မြင်စွာ အသွင်ပြောင်းသွားနိုင်သော ကျောင်းမိစ္ဆာများ မှာ အနည်းငယ်သာရှိသည်။ သူ၏ရှေ့တွင်ရှိနေသည့် မစ္ဆာကျောင်းမှာမူ နှစ်ပေါင်းခြောက်ရာ ပြည့်ပြီးပြီဖြစ်ကာ သူ၏အသက်အား စဥ်းစားလိုက်ပါက အမှန်ပင် ဂုဏ်ပုဒ်တစ်ခုတောင်းရန် အချိန်ပင်ဖြစ်သည်။
သို့သော်လည်း လင်းရုဖေးမှာ သာမန်သေမျိုးလေးတစ်ယောက်သာဖြစ်သည်။
ကျောင်းက သူ့ကို ဂုဏ်ပုဒ်တစ်ခုတောင်းလို့ အဆင်ပြေပါ့မလား။
မိစ္ဆာကျောင်းက နှစ်ကြိမ်ခန့် နှာမှုတ်လိုက်ပြီးနောက် သူ၏ခေါင်းအားငုံ့လိုက်သည့် အချိန်တွင် လင်းရုဖေးမှာမူ ဤအကြောင်းအား အလေးအနက်ထားကာ စဥ်းစားနေဆဲဖြစ်သည်။
ယင်း၏ချောမွေ့ကာ တောင်ပြောင်နေသော ဦးခေါင်းက လင်းရုဖေးအား ညင်ညင်သာသာ ထိတွေ့လာသည်။ အားအနည်းငယ်သာ သုံးသော်လည်း လင်းရုဖေးအတွက်မူ ရထားလုံးဖြင့် ထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကုရွှမ်းတုသာ မကိုင်ထားပါက သူက လွင့်ပျံသွားနိုင်ပေ၏။
လင်းရုဖေးက ပြင်းပြင်းထန်ထန် စတင်ချောင်းဆိုးလာသဖြင့် သူ၏ရင်ဘတ်အား အုပ်ကိုင်လိုက်မိသည်။ ကုရွှမ်းတုက ဤသည်ကို မြင်သောအခါ သူက ဒေါသထွက်လာ၏။ သူ၏ခြေထောက်အား မကာ ကျောင်း၏ကိုယ်ထည်ဆီသို့ ရွယ်၍ ပိတ်ကန်ပစ်လိုက်ည်။
ကျောင်း၏ခေါင်းက လှေငယ်လေးမှာ သူနှင့်အတူ လဲကျသွားလုနီးပါးအထိ ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရသည်။
"အဟွတ် အဟွတ် အဟွတ် ..အဟွတ် အဟွတ် အဟွတ်....."
လင်းရုဖေးက သူ၏ရင်ဘတ်အား အုပ်ကိုင်လိုက်ရင်း လန်ကျသွားသောမိစ္ဆာ ကျောင်းဆီ လက်ယမ်းပြလိုက်သည်။
မိစ္ဆာကျောင်း၏ တောက်ပသော မျက်လုံးများမှာမူ အတော်လေးစိတ်ရှုပ်ထွေးမှုတွေရှိနေပြီး လင်းရုဖေးက မည်သည်ကြောင့် ထိုကဲ့သို့ တုံ့ပြန်သည်အား နားမလည်နိုင်တော့ချေ။
"မ....မလာလိုက်ပါနဲ့...."
ယင်းက သူ၏ခေါင်းအား ပြန်၍ တိုးလာချင်သည်အား တွေ့လိုက်သည့်အခါ လင်းရုဖေးက ထိတ်လန့်တကြားဖြင့်ပြောလိုက်၏။
"မင်း..မင်းသာ ငါ့ကို ထပ်ထိရင် ငါ တကယ်ပဲ သေသွားရလိမ့်မယ်"“
ကုရွှမ်းတုက အံကြိတ်လိုက်သည်။ သူက ခပ်ပြင်းပြင်းလေး ယင်းအား နောက်ထပ် နှစ်ခါလောက်ပင် ရိုက်ပစ်ချင်နေ၏။
"သူ့နားကနေ ဝေးဝေးနေစမ်း မင်းရဲ့ ခေါင်းကို ထပ်ပြီးမနီးလာစေနဲ့...လျှောက်ရှုပ်နေတာကိုရပ်လိုက်တော့-"
လင်းရုဖေးက အသက်ရှူကျပ်လုနီးပင် ဖြစ်သွားရသည်။
"ဒါက လျှောက်ရှုပ်နေတာလား"
ကုရွမ်းတု : "ဟမ်~"
လင်းရုဖေးက ဆွံ့အသွားရသည်။
ကျောင်းကောင်မှာ လည်ချောင်းမှ တုန်ဟီသံနှစ်ချက်ထွက်လာပြီး တစ်ခုခုနှင့် ပတ်သက်၍ တိုင်တန်းနေဟန်ရကာ အဝါရောင်တောက်တောက် မျက်လုံးများမှာမူ ဥာဏ်နီဥာဏ်နက်အပြည့်ဖြင့် လှည့်နေလေ၏။ သိသာထင်ရှားသည့် ခွဆုံဖြင့် မြွေတစ်ကောင်နှင့်အတန်ငယ်တူသည့် ယင်း၏လျှာကို ထုတ်လာရင်း လင်းရုဖေးဆီ တည့်တည့်တိုးလာလေ၏။
လင်းရုဖေးက နေရာတွင်ပင် အေးခဲသွားပြီး သူ၏ခါးမှာ လျှာနှင့်လိပ်ခံထားရသည်ကို ခံစားလိုက်ရသည်။
သူ၏ဘေးတွင် ရပ်နေသည့် ကုရွှမ်းတုက ဒေါသတထောင်းထောင်းထွက်လာရသည်။
"အဲ့ဒါကြီးကို ဖယ်လိုက်စမ်း...မင်းရဲ့ရှိသေးတဲ့ဦးချိုကို မလိုချင်တော့ဘူးလား..."
သို့သော်လည်း မိစ္ဆာကျောင်းကမူ သူ၏လျှာအား စိတ်မပါစွာဖြင့် မရုတ်သိမ်းမီ လင်းရုဖေးအား အနည်းဆုံး တစ်ကြိမ် အပေါ်အောက် လျက်ရန် အခွင့်အရေးယူသွားသေး၏။
လင်းရုဖေး၏ကိုယ်မှာ စိုစွတ်နေပြီးတံတွေးများနှင့် စေးကပ်နေသည်။ ငါးညီနံ့တင်သာမက ငါးအချို့နှင့် ပုစွန်ဆိတ်လေးပင် သူ့ကိုယ်ပေါ်၌တင်ကျန်သွားသည်။
သူက မည်သို့ပြောရမည်မသိတော့ဘဲ ကြောင်အစွာဖြင့် ရပ်နေမိသည်။
"ရွှမ်းတု......"သူက စိတ်တုန်လှုပ်သွားကာ "အကြီးအကဲ"ဆိုသည့် စကားလုံးထည့်ရန်ပင် မေ့သွား၏။
မူလက ဒေါသတကြီးဖြစ်သည့် ကုရွှမ်းတုက "ရွှမ်းတု"ဆိုသည့် စကားလုံးအား ကြားလိုက်ရချိန်တွင် ရုတ်တရက် စိတ်ငြိမ်သွားပြီး ဆိုလာသည်။
"မင်း ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာလဲ"
လင်းရုဖေးက ဆိုလိုက်သည်။
"ရွှမ်းတု....."
သူက သူ၏အကျိအချွဲများ အပြည့်ဖြစ်နေသည့် လက်များအား ကြည့်ကာ သူ၏ မျက်နှာလေးမှာ အားငယ်၀မ်းနည်းမှုများဖြင့်ပြည့်နှက်လာသည်။
"ကျွန်တော်...."
ကုရွှမ်းတုက အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ဟုတ်ပါပြီ...အဆင်ပြေတယ်နော်...နောက်ကျရင် ရေလေးချိုးလိုက်ရင်ရပြီနော်"
သူက ထိုသို့ပြောလိုက်ပြီးနောက် မိစ္ဆာ ကျောင်းအား တစ်ချက်ပိတ်ကန်လိုက်သည်။ အကန်ခံလိုက်ရသည့် ကျောင်းကောင်က မဝံ့မရဲဖြင့် သူ၏ခေါင်းအား ရွေ့ရန်ကြိုးစားလိုက်သည်။
"ဂုဏ်ပုဒ် ဘာဂုဏ်ပုဒ်လဲ ကျွန်တော် သူ့ကို ဘယ်လို ဂုဏ်ပုဒ်မျိုးပေးရမှာလဲ"
လင်းရုဖေးက နောက်ဆုံးတွင် အသိစိတ်ဝင်လာသည်။ သူက ရုတ်တရက်ပင် သူ၏ရှေ့ရှိ မိစ္ဆာ ကျောင်းအား အဝေးသို့ ထွက်သွားစေချင်သဖြင့် အလောတကြီး မေးလိုက်လေသည်။
"ကျွန်တော်သာ သူ့ကို ဂုဏ်ပုဒ်တစ်ခုပေးလိုက်ရင် သူထွက်သွားလိမ့်မယ်လို့ ဆိုချင်တာလား"
ကုရွှမ်းတု၏ အာဒမ်ပန်းသီးမှာ အနည်းငယ် လှုပ်သွားလေသည်။အဆုံးတွင် သူက လင်းရုဖေးအား အနှီ မိစ္ဆာကျောင်းမှာ သူ့ သွားကြားညှပ်နေသည်အား ကူညီထွင်ပေးစေချင်နေသည်ကိုလည်း မပြောရဲချေ။
ဤစကားလုံးများက လင်းရုဖေးအား ထိတ်လန့်စေမည် စိုးသဖြင့် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ဟုတ်တယ်...ဟုတ်တယ်...မင်းပြောသလိုပဲ သူက ထွက်သွားလိမ့်မယ်"
လင်းရုဖေးက သူ၏ခေါင်းအား လှည့်လိုက်ပြီးစိတ်လှုပ်ရှားကာ လှုပ်လှုပ်ရွရွဖြစ်နေသည့် မိစ္ဆာ ကျောင်းအားပြောလိုက်သည်။
"မင်းက နဂါးတစ်ကောင်ပဲ မင်းက နဂါးတစ်ကောင်ပဲ မင်းက နဂါးတစ်ကောင်ပဲ-"
သူက အနှီ မိစ္ဆာကျောင်း မကြားနိုင်မည်စိုး၍ သုံးကြိမ်ဆက်တိုက်အော် ပြောလိုက်သည်။
ထိုစာသားသုံးကြောင်းကို ပြောပြီးသည့်နောက်တွင် ဆိုးယုတ်သော ကျောင်းက လေချွန်လိုက်ကာ သူရစ်ပတ်ထားသည့် လှေငယ်လေးမှ ရှည်မျောမျောကိုယ်လုံးမှာမူ ပြေလျော့သွားလေပြီ။သူ၏ကိုယ်မှ အမည်းရောင် ကြေးခွံများမှာ အတုံးလိုက်ကျလာပြီး ကြေးခွံသစ်များ ပေါ်လာသည်။ ယင်းတို့မှာ မည်းနေဆဲဖြစ်လင့်ကစား ရွှေညိုရောင်သန်းနေလေသည်။
မိစ္ဆာကျောင်းမှာမြစ်ထဲ၌ ပတ်မွှေနေသဖြင့် မရေမတွက်နိုင်သည့် ကျောက်ဆောင်များကပါ ကြမ်းခင်းအဖြစ်သို့ ရောက်သွားရလေ၏။ တစ်စုံတစ်ရာက ရုတ်တရက်ရေစီးတစ်ခုထွက်လာလာပြီးနောက် လှေကလေးမှာ မြစ်၏ လှိုင်းများကြားအရှိန်ရှိန်ပြင်းပြင်းဖြင့်လှုပ်ယမ်းနေတော့သည်။
လှေငယ်လေးမှာ ရေအဟုန်၌ ကူးလူးနေရသော်လည်း မည်သည့်အခါမျှ နစ်မြုပ်သွားခြင်းမရှိပေ။ ကျောင်း၏အမည်းရောင် ကြေးခွံများက တဖြည်းဖြည်း အရေလဲပြီးသည့်နောက်မှသာလျှင် မြစ်ပြင်သည် တစ်ဖန်ပြန်၍ငြိမ်သက်သွားသည်။
သတိမထားမိလိုက်သည့် အခြေအနေတွင် လင်းရုဖေးက ယခင်က မြင်ဖူးသကဲ့သို့ အနှီပြကွက်အား အတန်ပင် ရင်းနှီးနေမိ၏။
ကုရွမ်းတုက ကြိမ်းမောင်းလိုက်သည်။
"လှည့်ပတ်နေတာကို ရပ်လိုက်စမ်း"
မိစ္ဆာကျောင်းမှာ ပါးစပ်အပြည့် ရေအား ကုရွှမ်းတုထံ မှုတ်ထုတ်ပစ်လိုက်သည်။ ထိုအရာအား ကြိုသိနေသကဲ့သို့ ကုရွှမ်းတုက စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းနေရင်းမှ ဓါးဖြင့် ရေများကို ဝှေ့ယမ်းဖယ်ရှားပစ်လိုက်သည်။
"မင်းကို ဒီနေရာမှာ နှစ်ပေါင်းသုံးရာလောက် ထားခဲ့မိတာ တကယ့်ကို ငါ့အမှား...ဒါပေမယ့် ငါက ငါ့ကတိကို တည်ပြီးပြီမို့လို့ မင်းလည်း ဒီနေရာကနေ ထွက်သွားသင့်ပြီ မြစ်ကို ပြသနာဖြစ်အောင်လုပ်ပြီး ဖြတ်သွားဖြတ်လာ ကုန်သည်တွေကို အန္တရာယ်ပေးနေတာ ရပ်လိုက်တော့"
ကျောင်းကောင်ထံမှ ညည်းညူသံထွက်လာသည်။
ညည်းညူသံမှာ မည်သည်ကို ဆိုလိုသည်မှန်း နားလည်နိုင်တဲ့သူမရှိသော်ငြား ကုရွမ်းတုကမူ သူ၏ဘေးတွင် ရပ်နေသည့် လင်းရုဖေးအား ကြည့်ကာ စိတ်မပါစွာ ဆိုလိုက်သည်။
"ငါ သိတယ်"
ထို့နောက် ကျောင်းကောင်မှာ လှည့်ထွက်သွားနေစေကာမူ သူ၏ အဝါရောင်တောက်တောက် မျက်လုံးလေးများမှာမူ တောင့်တမှုအာရုံပြင်းစွာ ရှိနေဆဲပင်။
"သွားတော့"
ကုရွမ်းတုက အသံနက်ကြီးဖြင့် ဆိုလိုက်သည်။
"မင်း ဒီမှာ ထပ်နေလို့မရတော့ဘူး"
မိစ္ဆာ ကျောင်း၏ကြီးမားသော ကိုယ်ထည်မှာ မြစ်ထဲသို့မဝင်သွားပေ။ ထို့အစား အရိပ်မည်းတစ်ခု အဖြစ်ပြောင်းသွားပြီး စုန်ရေလမ်းကြောင်းအတိုင်း ဖြည်းညင်းစွာ သွားနေလေ၏။ လအနည်းငယ်ကြာသော် ရေလျှံသည့်ရာသီ ရောက်လာပေမည်။ ထိုသည်ကား ကျောင်းကောင် အတွက် ထွက်ခွါရန် အကောင်းဆုံးနေ့ဖြစ်ရာ ရေစီးနောက်လိုက်ရင်း ပင်လယ်သို့ရောက်ချိန်တွင် ယင်းမှာ ကျောင်းကောင် မဟုတ်တော့ချေ။ ယင်းက တိမ်လွှာထက်တွင် ပျံလွှားနိုင်ပြီး မြူခိုးများမှုတ်ထုတ်နိုင်သည့် ပင်လယ်နဂါးတစ်ကောင် ဖြစ်သွားမည်မှာဧကန်မုတ်ချပင်။
သို့သော်ငြား တစ်နေ့သောရာသီဥတု၌ ရေသို့စုန်ဆင်းနေသည့် အချိန်တွင် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သူ၏သွားများကို မသေမျိုးလူငယ်လေးတစ်ယောက်က မနှစ်မြို့ဟန်ဖြင့် ဓါးသွားနှင့်တူးယူသွားသည့်အဖြစ်ကို ရုတ်တရက် မှတ်မိလာပေလိမ့်မည်။
လှိုင်းလုံးသံများမှာ တူညီနေဆဲပင်။ မိစ္ဆာကျောင်းကို မမြင်ရတော့သဖြင့် လှေငယ်လေးက တည်ငြိမ်နေသည့် မြစ်ပြင်အထက်တွင်မြစ်ရေအစုန် နောက်လိုက်၍ ရွက်လွှင့်နေပေ၏။
သတိလစ်နေသော ကျန်းချောင်အာက ဖြေးညင်းစွာ ထိုင်လိုက်ချိန်တွင် လှေဦးစွန်းတွင် အမူအရာကင်းမဲ့နေဟန်ဖြင့် ရပ်နေသည့် လင်းရုဖေးအား တွေ့လိုက်ရသည်။ သူ သတိမလစ်ခင် အခြေအနေနှင့် နှိုင်းယှဥ်ပါက သူ၏ရှေ့မှ အနှီမြင့်မြတ်လှသော ကုန်းဇီသည် ခက်ခဲသော အခြေအနေတွင် ရှိပုံရ၏။ သူ၏ခန္ဓာမှာ စိုရွှဲနေကာ သူ၏အစေခံမလေးများက အဝတ်အစားတွင် စွန်းထင်းနေသည်များအား ချီဓားကို သုံး၍သန့်ရှင်းပေးနေရင်း မျက်မှောင်ကြုတ်နေကြသည်။ သို့ရာတွင်အစွန်းအထင်းများမှာ ထူးခြားပုံရသည်၊ မည်သို့ပင် ကြိုးစားစေကာမူ စွန်းနေဆဲပင် ။
နောက်ဆုံးတွင် အနှီကုန်းဇီသည် အရှုံးပေးလိုက်ချေပြီ။ သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ နာကျင်နေသော ပုခုံးအားပွတ်လိုက်ရင်း သူတ်ပစ်ရန် မလိုတော့ဟု ဆိုလာသည်။ ကျန်းချောင်အာနိုးနေသည်ကို တွေ့သောအခါ ဆိပ်ကမ်းသို့ ရောက်ရန် မည်မျှကြာမည်အား မေးလာသည်။
ကျန်းချောင်အာက သတိမလစ်မီ ကျောင်းကောင်ကြီးကြီး၏ ခေါင်းအား မြင်ခဲ့ရသည်ကို ဝိုးတိုးဝါးတားသတိရလာ၏။သို့ရာတွင်မူ ယခုတွင် ပတ်ဝန်းကျင်က ဗလာဖြစ်နေကာ ကျောက်နံရံများသာလျှင် တွေ့ရလေသည်။ ကျောင်း၏ခြေရာလက်ရာပင်မရှိ၊ သို့ဆိုလျှင် သူမြင်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာမြင်ကွင်းမှာ အိပ်မက်ဆိုးသာလျှင် ဖြစ်ပေမည်။
"နာရီဝက်လောက်ပေါ့"
ကျန်းချောင်အာက ဆိုလိုက်သည်။
"ရှေ့မှာရှိနေတဲ့ တကွေ့ကို ကျော်ပြီးရင် ရှင်းကျိုးရဲ့မြောက်ဘက် ဆိပ်ကမ်းကို ရောက်တော့မှာ"
လင်းရုဖေး စိတ်သက်သာရာရသွားသည်။ သူ၏ကိုယ်ပေါ်မှ စေးကပ်စေးကပ်အရည်များကို ကြည့်ကာ သူ၏စိတ်ဝိဥာဏ်မှာ အချိန်အတန်ကြာ တည်ငြိမ်နိုင်သေးမည်မဟုတ်ကြောင်းတွေးမိ၏။
_____
ကုရွှမ်းတုက ယင်းအား နဂါးတံတွေးဟူ၍ တွေးတောရန် ပြောလာသည်။ ဤအရာအား ချီဓါးဖြင့်ဖယ်ရှားရန် ခက်ခဲသော်လည်း ရေနှင့် လွယ်လွယ်ကူကူ ဆေးကြောနိုင်ပေ၏။
လင်းရုဖေးက သူ၏ဦးခေါင်းအား လှေဘေးနှုတ်ခမ်း ထက်တင်၍ ထိုင်နေသည်။ သူ၏နှလုံးသားတွင် မကြာမီ ဆိပ်ကမ်းသို့ရောက်ရန် မျှော်လင့်နေပြီး တစ်နည်းအားဖြင့် သူက အချိန်အတန်ကြာ အနံ့နံနေတော့မည်ဟု ခံစားနေရသည်။
ကျန်းချောင်အာက လှော်တက်ကို ပြန်၍မလိုက်သည်။ လှေ၏ဦးတည်ရာအား ထိန်းချုပ်နေစဥ်တွင် သူက မည်သည့်အရာများဖြစ်ပွားခဲ့သည်ကို သတိထားလျက် မေးလာ၏။
လင်းရုဖေးက သူသည် ကျောင်းကောင်အား မြစ်ထဲမှထွက်သွားရန် ဖျောင်းဖျခဲ့ကာ ယင်းမှာ ဤနေရာတွင် ပြသနာထပ်မွှေတော့မည် မဟုတ်ကြောင်းအား မပြောပြမီ စကားလုံးများကို အတော်လေး ချင့်ချိန်စဥ်းစားလိုက်ရသည်။
ကျန်းချောင်အာ၏မျက်လုံးများက မယုံကြည်နိုင်ပုံအပြည့်ဖြင့် ပြူးကျယ်လာပြီး "ခင်ဗျားက သူ့ကို ထွက်သွားဖို့ ဖျောင်းဖျလိုက်တာနဲ့ သူက ထွက်သွားရောလား"
လင်းရုဖေးက ဖြေလိုက်သည်။
"သူ ထွက်သွားပြီ"
ကျန်းချောင်အာက ဆိုလိုက်သည်။
"သူတကယ်ကြီး ထွက်သွားတာလား"
လင်းရုဖေးက သူ၏ခေါင်းကို ညိတ်ပြလိုက်သည်။
ကျန်းချောင်အာက အများအပြား မေးချင်သော်ငြား စကားလုံးများစွာဖြစ်နေသောကြောင့် လည်မြိုတွင် ကျပ်သိပ်ပြည့်နေကာ အချိန်တစ်ချို့ထိ စကားလုံးတစ်လုံးမျှ ထွက်မလာနိုင်ချေ။ လင်းရုဖေးက ပင်ပန်းနွမ်းနယ်စွာဖြင့် ရွက်တိုင်အား မှီလိုက်သည်။
သူ၏ကိုယ်ရှိ စေးစေးကပ်ကပ် အရည်များကြောင့် ကမ်းရိုးတန်း၏ဘေးနှစ်ဘက်ရှိ ရှုခင်းများသည်လည်း ဆွဲဆောင်မှုမရှိတော့ချေ။
......
1] ဤအရာအား အဓိပ္ပာယ်ကောက်နည်းများစွာရှိသော်လည်း ပြင်းပြသည့်ဆန္ဒအား တောင်းဆိုခြင်း ၊ချိတ်ပိတ်ထားသည့်အရာအား တောင်းဆိုခြင်း
ဟူ၍ စဥ်းစားနိုင်ပါသည်။ သို့ရာတွင် ဧကရာဇ်များက နယ်မြေနှင့် ဘွဲ့ထူးဂုဏ်ပုဒ်တို့အား ဆုံးရှုံးသောအခါတွင် ဤသည်ကို ပို၍အသုံးများသည်။ ထို့ကြောင့် ကိုယ်တို့က "ဂုဏ်ပုဒ်တစ်ခု"ဆိုသည်က အသင့်လျော်ဆုံးဖြစ်မည်ဟုထင်မိ၍သုံးလိုက်ခြင်းပင်။
__
Translated By IQ-Team.