အခန်း ၁၂၉
Viewers 25k

 အခန်း ၁၂၉ - ငွေလွှဲရောက်လာသံက သူ့အတွက် ဒီထက် ပိုကြီးမားတဲ့လှောင်ရယ်စရာ မရှိလာနိုင်တော့ဘူး (၃)

 

မုန့်ချမ်းနှင့်ပတ်သက်၍ သူက အရက်အလွန်အကျွံသောက်မိပြီး အမှားလုပ်မိတာဖြစ်ကြောင်း ရဲများကို ရှင်းပြတောင်းပန်ခဲ့ပြီး သူ့အမှားအတွက် ပေးဆပ်ဖို့ ဆန္ဒရှိကြောင်း ပြောခဲ့လေသည်။ သူက ရဲစခန်းမှာဖြေရှင်းနေရတုန်းက သူတို့အပေါ် မောက်မာတာ တစ်ခုမှမရှိဘူး။ မုန့်ချမ်းဟာ သူ့အမှားအတွက် အလွန်နှိမ့်ချနေခဲ့သည်။

 

လီရှင်းယွင်က ဒီလူရဲ့ရွံရှာဖွယ်ကောင်းလောက်အောင် သရုပ်ဆောင်ကောင်းမှုကို တွေ့ခဲ့ရတော့ အလွန်စက်ဆုပ်မိလေသည်။ သူ့ရဲ့အပြုအမူတွေက အသေးအဖွဲလောက်သာဖြစ်လို့ အမြင့်ဆုံးထောင်ဒဏ်အဖြစ် ငါးရက်သာကျခံခဲ့ရသည်။

 

လီရှင်းယွင်က သူ့ရဲ့တောင်းပန်မှုနှင့် လျော်ကြေးငွေကို ငြင်းပယ်ခဲ့ပြီး သူမက ဖြေရှင်းရန် သဘောတူလိမ့်မည်မဟုတ်ပေ။ အကယ်၍ သူ့အတွက် ထောင်ဒဏ်ငါးရက်ပဲ အပြစ်ဒဏ်ချမှတ်ခံရရင် ချခံရပါစေ ဒါကိုပဲ လက်ခံလိုက်မည်။

 

လီရှင်းယွင်သည် ရဲစခန်းထဲမှ လမ်းလျှောက်ထွက်လာသောအချိန်တွင် ညနေသို့ပင် ရောက်နေခဲ့ပြီ။ သူမ၏နေ့ခင်းတစ်ချိန်လုံးဟာ အလဟသကုန်ဆုံးသွားခဲ့ရသည်။

 

ကျန်းပိသည် သူ့မျက်လုံးများကို တော်တော်ကြာ ဆေးကြောခဲ့ပြီးပြီဖြစ်သော်လည်း မသက်မသာခံစားနေရတုန်းပင်။ သူ့ဒေါသကို ထိန်းသိမ်းကာ နူးညံ့သိမ်မွေ့သောအသွင်အပြင်ကို ပြသခဲ့ပြီး “ဒါက မှန်ပါတယ်။ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိတာက မှန်ပါတယ်။”

 

လီရှင်းယွင်ကလည်း ခေါင်းညိမ့်လိုက်ပြီး “ဟုတ်တယ်။ ကျွန်မလည်း အဲ့လိုပဲထင်ပါတယ်”လို့ ပြောလိုက်သည်။ 

 

ကျန်းပိ “……”

 

သူ ဘာများ ထပ်ပြောနိုင်မှာလဲ။ လီရှင်းယွင်ကဲ့သို့သော မိန်းကလေးများနှင့် သူ သိပ်မတွေ့ခဲ့ရဘူးပေ။ သူက သူမနှင့် စကားစမြည်တောင် ပြောလို့မရနိုင်ခဲ့ဘူး။

 

“ကျွန်တော့်မျက်လုံးတွေတော့ နာကျင်နေတုန်းပဲ။ မင်း အဆင်ပြေတယ်ဆိုတာကို သိရလို့ ကျွန်တော် ဝမ်းသာမိပါတယ်ဗျာ” ကျန်းပိသည် သူကလည်း နစ်နာသူတစ်ယောက်ဖြစ်ကြောင်း အရိပ်အမြွတ် ပြောခဲ့လေသည်။

 

လီရှင်းယွင်ကလည်း အရမ်းအားနာလွန်းသည့်ပုံစံလေးဖြင့် ထပ်မံတောင်းပန်လိုက်ပြန်သည်။ “ကျွန်မ တကယ်စိတ်မကောင်းပါဘူးရှင်။ အိုး… ဟုတ်သားပဲ။ ရှင် တစ်လကို လစာဘယ်လောက်ရလဲ။”

 

ကျန်းပိသည် အနည်းငယ် အံ့သြသွားမိသည်။ ဒီအမှတ်တမဲ့မေးခွန်းကြောင့် သူ စိတ်ရှုပ်ထွေးသွားရသည်။ “ကျွန်တော်က မိသားစုစီးပွားရေးလုပ်ငန်းထဲမှာပဲ လုပ်ကိုင်နေတာပါဗျ” သူ့မှာ အမှန်တကယ့်ကိုပဲ လက်ဆုပ်လက်ကိုင်ပြစရာ နာမည်မရှိချေ။ သူက လစဥ်တော့ ဝင်ငွေရရှိနေတာပဲ။

 

ကျန်းပိသည် သူ့ရဲ့ထူးခြားသော အဆင့်အတန်းကို အလေးပေးပြောပြရန် ကြိုးစားခဲ့သည်။ ကျန်းပိသည် ဒေါင်းဖိုတစ်ကောင်က သူအမွှေးအ‌တောင်များကို ဟန်ရေးပြသလိုမျိုး သူကလည်း အကောင်းဆုံးလုပ်‌ဆောင်နေခဲ့သည်။

 

“ဟမ်…ကောင်းပြီလေ။ ဒါဆိုရင် ယွမ်ငါးသောင်းလို့ပဲ ပြောကြပါစို့”ဟု လီရှင်းယွင်က ပြောလိုက်သည်။

 

“ကျွန်မကြောင့် ရှင် အလုပ်သုံးရက်လောက် အနားယူရလိမ့်မယ်။ အဲ့တာက ယွမ်ခြောက်ထောင်လောက်လို့ ကျွန်မထင်တယ်။ ကျွန်မ ရှင့်ဆေးဖိုးအပါအဝင် ယွမ်ရှစ်ထောင်ရအောင် လုပ်ပေးမယ်နော်”

 

ကျန်းပိ: !

 

လီရှင်းယွင်သည် သူမကိုယ်သူမ အရမ်းသဘောထားကြီးပြီး ရက်ရောတယ်လို့ ခံစားမိသည်။ မည်သို့ပင်ဖြစ်စေ ဒီကိစ္စကို ဘယ်သူကပဲကြည့်ကြည့် လုံးဝအပြစ်ပြောစရာစကား မရှိပါချေ။

 

လီရှင်းယွင်၏အခန်းဖော် ကျောက်ရွှင်ကလည်း အရမ်းအံ့သြသွားလေသည်။ ကျန်းပိသည် လီရှင်းယွင်အပေါ် အလွန်နူးညံ့သိမ်မွေ့စွာဆက်ဆံတာကို သူမသတိပြုမိခဲ့ပြီး သူတို့နှစ်ယောက်အကြားတွင် တစ်ခုခု ရှိကောင်းရှိလာလိမ့်မည်ဟု သူမထင်ခဲ့သည်။ နောက်တစ်ခုက ကျန်းပိက အရမ်းကြည့်ကောင်းနေရုံတင်မက ပိုက်ဆံပြတ်လပ်နေပုံလည်းမရပါ။ ဘယ်သူကများ သူ့လိုပိုးပန်းသူမျိုးကို ငြင်းပယ်နိုင်မှာလဲ။ လီရှင်းယွင်ကသာလျှင် တစ်နည်းတစ်ဖုံအားဖြင့် ဤအခြေအနေတစ်ခုလုံးကို စီးပွားရေးအရောင်းအဝယ်တစ်ခုအသွင်ပြောင်းပြီး ဆက်ဆံနိုင်ခဲ့သည်။

 

ကျန်းပိ၏မျက်ခွံများဟာ တဖြတ်ဖြတ်ခတ်လာသည်။ သူ့ရဲ့နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ထိန်းသိမ်းရန် အလွန်ခက်ခဲနေမိသည်။

 

လီရှင်းယွင်သည် သူမဆဲလ်ဖုန်းကိုဆွဲထုတ်လိုက်ပြီး သူ့ကို ပြောလိုက်သည်။ “ရှင့်ရဲ့ QR codeကို တစ်ချက်ပြပေးပါဦး။ ကျွန်မ ရှင့်ဆီကို ငွေလွှဲပေးမလို့”

 

ကျန်းပိဟာ သွေးအန်သွားချင်မိသော်လည်း သူ့ဆဲလ်ဖုန်းကို ဆွဲထုတ်ပြီး QR codeကို ပြသရုံမှလွဲလို့ အခြားရွေးချယ်စရာမရှိချေ။

 

ငွေလွှဲရောက်လာသံက သူ့အတွက် ဒီထက် ပိုကြီးမားတဲ့လှောင်ရယ်စရာ မရှိလာနိုင်တော့ဘူး။ သူ ယွမ်ရှစ်ထောင်ကို မလိုအပ်ဘူး။

 

လီရှင်းယွင်ဟာ ငွေလွှဲပြီးတဲ့နောက်မှာ ကျန်းပိအပေါ် ထပ်မံအကြွေးမတင်တော့ဘူးလို့ ခံစားရသည်၊ သူမက သူမအခန်းဖော်ကျောက်ရွှယ်ကို “ငါတို့ ပြန်ကြရအောင်” လို့ ပြောလိုက်လေသည်။

 

“…..ကောင်းပြီလေ”

 

သူမတို့ထွက်ခွာလာတဲ့အချိန်မှာ “နင် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာ ဒါမှမဟုတ် တစ်ခုခုလက်ဆောင်ပေးလိုက်မယ်လို့ ငါထင်နေခဲ့တာ” ဟု ကျောက်ရွှယ်က လီရှင်းယွင်ကို နူးညံ့ညင်သာစွာ ပြောလိုက်သည်။ 

 

လီရှင်းယွင်က သူမခေါင်းလေးကိုယမ်းပြလိုက်သည်။ အဓိပ္ပါယ်ဖွင့်ဆိုရခက်ခဲသည့်အသွင်ဖြင့် သူမက ပြောလိုက်သည်။ “အင်း… ငါ အလိမ်မခံချင်လို့ပါဟာ”

 

“ဟမ်”

 

“ငါက ငယ်ရွယ်တယ်။ လှပတယ်။ ပြီးတော့ ချမ်းသာတဲ့မိန်းကလေးတစ်ယောက်လေ။ လူတွေအများကြီးက ငါ့ကို အခက်အခဲကြားကနေ ကယ်တင်တဲ့အစီအစဥ်မျိုးတွေကို ငါ့ကို ချဥ်းကပ်ဖို့ အခွင့်အလမ်းတစ်ခုအနေနဲ့ အသုံးချခဲ့ကြတယ်။ ငါ သူ့ကို ပမထုတ်ခဲ့ရင် ဘာဆက်ဖြစ်နိုင်မလဲ” ထို့ကြောင့် သူမသည် ဒီပြဿနာကို ငွေဖြင့်ဖြေရှင်းခဲ့တာ ဖြစ်သည်။

 

ကျောက်ရွှယ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ သက်တော်စောင့်နှစ်ဦး၏ပုံစံကို အကဲဖြတ်ကြည့်ရသလောက် လီရှင်းယွင်သည် အရမ်းချမ်းသာသောမိသားစုမှ ဖြစ်ရမည်။ သူမအနေဖြင့် ဒီလိုကိစ္စမျိုးကို စိုးရိမ်နေတာက တကယ့်ကိုအဓိပ္ပါယ်ရှိရလိမ့်မည်။

 

“အဲ့တာ အမှန်ပဲ။ သူက နည်းနည်း စိတ်အားထက်သန်လွန်းနေတယ်။ ဒါက မြင်မြင်ချင်း ချစ်တာမျိုး ဒါမှမဟုတ်ရင် သူက ဆယ်နှစ်ကြာ ကြိုးစားမှုတွေကို ကျော်ဖြတ်ချင်နေခဲ့တာပဲ။ နင် အရမ်းမလုံခြုံနေဘူးပဲ။”

 

“မှန်တယ်။ ဒီလိုကိစ္စမျိုးတွေကြုံလာရတဲ့ အတွေ့အကြုံတွေ ငါ့မှာ အများကြီးရှိတယ်။ ငါ တော်တော်လေး ဥာဏ်ကောင်းတယ်လို့ ခံစားမိတယ်။”

 

ကံကောင်းစွာနဲ့ ကျန်းပိက သူတို့စကားပြောတာတွေကို မကြားရတော့ဘူး။ အဲ့စကားကို သူ ကြားလိုက်ရရင် ဒေါသထွက်လွန်းလို့ အသည်းဆတ်ဆတ်ခါအောင် နာကျင်မိလိမ့်မည်။