အခန်း ၁၃၀
Viewers 25k

အခန်း (၁၃၀) သူမက သူတို့ကို ပြန်လည်တုံ့ပြန်ဖို့ မလုပ်ခဲ့ဘူးဆိုရင် သူတို့က သူမကို အနိုင်ကျင့်လို့ရနိုင်တယ်လို့ အထင်အမြင်လွဲစရာတွေ ဖြစ်သွားလိမ့်မယ် (၁)

 

ဖန့်ကျွင်းရုံက သူမသမီးဖြစ်သူကို အမြဲတမ်း ဂရုစိုက်သည်။ နေ့လည်က သူမသမီးဆီမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုသိရဖို့ သူမ အချိန်သိပ်မကြာလိုက်ဘူး။ ကျန်းပိပါဝင်ပတ်သက်နေသည်ကို သူမသိလိုက်ရသောအခါ သူမမျက်ဝန်းမှာ မည်းမှောင်လာခဲ့သည်။

 

ဖန့်ကျွင်းရုံဟာ သူမသမီးကိုဖုန်းခေါ်လိုက်ပြီးတော့ အကြောင်းအရာကို အသေးစိတ်မေးမြန်းခဲ့သည်။

 

လီရှင်းယွင်က သူမမိခင်ကို ထိုအကြောင်းအရာအား ပြန်ပြောပြရာတွင် အသေးစိတ်တော့ မပြောပြခဲ့ပေ။ ပြီးတော့ သူမက “သမီးက သာမန်ဆိုရင် တခြားသူတွေအပေါ် တော်တော်လေး ယဥ်ကျေးပါတယ်။ ဒါပေမယ့် ကျန်းပိဆိုတဲ့သူကတော့ စိတ်ပျက်ဖို့ကောင်းတယ်။ အချိန်အခါက လုံးဝပြီးပြည့်စုံလွန်းနေတယ်။ ဆွဲလားရမ်းလားလုပ်နေတဲ့အသံတွေကို ကြားလိုက်တာနဲ့ ချက်ချင်း သူရောက်လာခဲ့တာပဲ။” သူမကို ထပ်ပေါင်းပြောဆိုခဲ့သည်။

 

သို့သော် ထိုလူက အပေါ်ယံဟန်ဆောင်တာ ကောင်းမွန်ပုံရသည်။ ထို့ကြောင့် သူမသည် သူ့ကို သံသယရှိလျှင်ပင် ကျေးဇူးကန်းလိုက်၍ မဖြစ်နိုင်ပါ။ (သူမက သူ့အကူအညီကို မလိုအပ်တာတော့ အမှန်ပင်) ထို့ကြောင့် သူမသည် သူ့ကို‌ငွေကြေးဖြင့်သာ ကျေးဇူးဆပ်လိုက်တာ ဖြစ်သည်။

 

လီရှင်းယွင်သည် ရိုးရှင်းသောသူတစ်ယောက်ဖြစ်သော်လည်း မိုက်မဲသူတစ်ယောက်‌တော့ မဟုတ်ခဲ့ပေ။ သူမသည် ယခင်က လီဝမ့်ကျင်းက သူမဖခင်ဖြစ်ပြီး သူတို့ကမိသားစုတွေဖြစ်သောကြောင့် သူမသည် သူ့ကို ယုံကြည်ခဲ့သော်လည်း လှည့်စားခံခဲ့ရသည်။

 

“သမီးထင်တာ မှန်တယ်။ သူ့ပန်းတိုင်က အမေတို့ရဲ့အလှအပဆေးလုံးတွေလို့ အမေယူဆတယ်။”

 

ဖန့်ကျွင်းရုံသည် လီရှင်းယွင်အား ကျန်းပိနှင့် သူမတွေ့ဆုံခဲ့သည့်အကြောင်းကို တည့်တည့်မတ်မတ် ပြောခဲ့သည်။ ဖန့်ကျွင်းရုံသည် သူမသမီးဖြစ်သူက သူ့ကြောင့် လှည့်စားမခံရတာကို သူမ အရမ်းကျေနပ်မိသည်။ လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့၏ သမီးဖြစ်သောကြောင့် သူမသည် ကလေးဘဝကပင် လူတိုင်း၏သဘောကျနှစ်ခြိုက်ခြင်းကို ခံရသည်။ သူမ ငယ်ရွယ်စဥ်အချိန်ကဆို သူမတို့အသိုင်းအဝိုင်းထဲက မရေမတွက်နိုင်သောလူတွေက သူမကို ချီပိုးပြီး နမ်းဖို့ ကြိုးစားခဲ့သည်။

 

လီရှင်းယွင်က မျက်မှောင်ကြုတ်ပြီး “ဘယ်လောက် စက်ဆုပ်စရာကောင်းတဲ့လူလဲ။ ယင်ကောင်တစ်ကောင် အနားမှာလာပျံသန်းနေသလိုပဲ။”ဟု ပြောလိုက်သည်။

 

ဖန့်ကျွင်းရုံသည် သူမသမီးဖြစ်သူအား မိမိကိုယ်ကိုကာကွယ်နိုင်သည့်ပစ္စည်းများအား ပိုမိုပြင်ဆင်ပေးထားသင့်သည်ဟု ခံစားခဲ့ရသည်။ ငရုတ်ကောင်းစပရေးတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ သူမသည် ကျန်းဝမ်ယုအား ဆေးအချို့ ပြင်ဆင်ဖော်စပ်ပေးဖို့ တောင်းဆိုရမည်။

 

“အိုး… စကားမစပ် အမေ သမီး ရှန့်ရှင်းအဖျော်ယမကာကုမ္ပဏီကို ဝယ်ချင်တယ်။”

 

ဖန့်ကျွင်းရုံသည် သူမကို မော့ကြည့်လိုက်သည်။ ရှန့်ရှင်း၏မန်နေဂျာ မုန့်ချမ်းအား ရှိုးပြရန်အတွက် ကျန်းပိက လာဘ်ထိုးခဲ့သည်။

 

“သမီး လက်စားချေချင်လို့လား”

 

လီရှင်းယွင်က ပေါ့ပေါးပါးပါးဟန်ဖြင့် “အဲ့လိုမျိုးလည်း ဟုတ်တယ်။ သမီး အဲ့ကုမ္ပဏီကို ဝယ်လိုက်ရင် စီးပွားရေးအကြောင်းစာအုပ်တွေထဲမှာ သင်ယူခဲ့ရတာတွေကို လက်တွေ့အသုံးချနိုင်သလို ပြဿနာတွေဖြေရှင်းရတာကိုလည်း သင်ယူနိုင်လိမ့်မယ်လို့ထင်တယ်” ဟု ပြောလိုက်သည်။

 

တစ်နည်းအားဖြင့် သူမ ထိုကုမ္ပဏီကို ဝယ်ယူလိုက်လျှင် ထိုလူ့ကိုလည်း အလုပ်ဖြုတ်နိုင်လိမ့်မည်။

 

“ဒါပေမယ့် ဒါက တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပါဘူး။ သမီး ကုမ္ပဏီတစ်ခုကို အုပ်ချုပ်တဲ့အခါ သမီးဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သွေးတိုးစမ်းကြည့်ကြည့်ချင်တယ်။ ဒါ့အပြင် သမီးတို့‌ကျောင်းကလည်း ပွဲအစီအစဥ်တစ်ခု ကျင်းပဖို့ ပြင်ဆင်နေတာပဲ။ အဲဒီပွဲအတွက် စပွန်ဆာပေးပြီး ကြော်ငြာအချို့ကိုလည်း ပြုလုပ်နိုင်ပြီးတော့ လူသိရှင်ကြားဖြစ်အောင် လုပ်နိုင်တယ်လေ။” 

 

ဒီကုမ္ပဏီကြီးတစ်ခုမဟုတ်သည့်အတွက် ဝယ်ယူဖို့ရာ သန်းဆယ်ချီခန့်သာ ကုန်ကျလိမ့်မည်။ ၎င်းကို စီမံခန့်ခွဲတာက သူမ၏အားသာချက်မဟုတ်ကြောင်း သိရှိသွားခဲ့ရင် သူမသည် နှစ်စဥ်ရှယ်ယာအမြတ်ငွေဝေစုကိုပင် ခွဲဝေပေးတာကိုပဲ ထိုင်စောင့်နေလိုက်မည်။

 

ထုံးစံအတိုင်းပင် ဖန့်ကျွင်းရုံသည် သူမသမီး၏ စိတ်အားထက်သန်မှုကို စိတ်ပျက်အားလျှော့အောင် မလုပ်နိုင်ပေ။ သူမသမီးသည် အရွယ်‌ရောက်လာပြီဖြစ်၍ သူမလေးမှာလည်း ကိုယ်ပိုင်စိတ်ကူးတွေ ရှိလိမ့်မည်။ အဲ့ဒီအတွက် ပိုက်ဆံဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့လျှင်ပင် အဲ့ကုမ္ပဏီကို သူမသမီးလေးအတွက် လက်တွေ့သင်ကြားမှုတစ်ခုအဖြစ်သာ သဘောထားလိုက်မည်။

 

ထိုကုမ္ပဏီကို သူမအမေဝယ်ပေးမယ်လို့ ပြောတာကို ကြားရပြီးနောက် လီရှင်းယွင်က တောက်ပစွာ ပြုံးလိုက်မိပြီး ကျန်းပိကြောင့် ဖြစ်ခဲ့သည့် မတော်တဆအဖြစ်အပျက်အားလုံးကို့ မေ့ပျောက်သွားသည်။ လီရှင်းယွင်သည် ထိုကုမ္ပဏီအား ဝယ်ယူရန် အဆင်သင့်ဖြစ်ရန် ကုမ္ပဏီနှင့်ပတ်သက်သည့်အကြောင်းများကို သူမသည် ထိုကုမ္ပဏီက ဝန်ထမ်းများထံမှ မေးမြန်းရလိမ့်မည်။ လွန်ခဲ့သောနှစ်နှစ်က ကုမ္ပဏီနှင့်ပတ်သက်သည့် အကြောင်းကိစ္စများနှင့် စီးပွားရေး အခြေအနေများကိုလည်း စုံစမ်းစစ်ဆေးကြည့်သည်။ လွန်ခဲ့သောနှစ်နှစ်မှစ၍ ကုမ္ပဏီအခြေအနေဟာ မကောင်းမွန်တော့ပဲ ငွေကြေး တော်တော်များများ အရှုံးပေါ်ခဲ့သည်။ သူမသည် ထိုကုမ္ပဏီကိုဝယ်ယူလိုသောဖြစ်နိုင်ချေမှာ အလွန်မြင့်မားနေဆဲဖြစ်သည်။

 

လီရှင်းယွင်သည် အရောင်းမြှင့်တင်နိုင်ရန်အတွက် လျော့စျေးဖြင့်ရောင်းချမည့် အစီအစဥ်များကို စဥ်းစားကြည့်ခဲ့ပေမယ့် သူမဟာ ပရောက်ဖက်ရှင်နယ် ဆွေးနွေးမှုအချို့ကိုတော့ လိုအပ်နေတုန်းပါပဲ။

 

ဖန့်ကျွင်းရုံသည် သူမသမီးဖြစ်သူ စိတ်အားထက်သန်နေတာကို ကြည့်ပြီးတော့ ယောင်ယောင်လေး ပြုံးလိုက်သည်။ သူမက ကျုံးရီကိုလည်း စဥ်းစားမိလိုက်သည်။ ကျုံးရီသည် လီရှင်းယွင်ထက် တစ်နှစ်ကြီးသည်။ ကျုံးရီသည် သူမအနာဂတ်အတွက် မည်သို့သောအစီအစဥ်များ ရှိမလဲဆိုတာကို သူမ စူးစမ်းကြည့်မိသည်။

 

ကျုံးရီသည် ကောလိပ်၌ ကြော်ငြာပိုင်းကို အထူးပြုလေ့လာခဲ့သည်။ ဖန့်ကျွင်းရုံက သူမ၏အနာဂတ်အစီအစဥ်များအကြောင်းကို မေးမြန်းသောအခါ သူမ အနည်းငယ် အံ့သြသွားမိသည်။ သူမက ဖြည်းညင်းစွာ ပြောခဲ့သည်။ “သမီး အဲ့တာကို မစဥ်းစားရသေးဘူး။ သမီး အခုတော့ သမီးရဲ့သင်ခန်းစာတွေကို လေ့လာနေမှုမှာပဲ အာရုံစိုက်ထားပြီးတော့ သမီးအဖွားနေပြန်ကောင်းဖို့ကိုပဲ စောင့်နေတယ်။”

 

ဖန့်ကျွင်းရုံက သူမကို အလျင်စလို မလုပ်စေချင်ပါ။ “ကောင်းပြီ။ သမီး ဘာကိုပဲလုပ်ချင်ချင် ပြီးတော့ ဘယ်နေရာမှာ အလုပ်သင်ဆင်းဖို့ ဆုံးဖြတ်ပြီးရင်ဖြစ်ဖြစ် အမေ့ကို အသိပေးရမယ်နော်။ အမေ သမီးအတွက် စကားပြောပေးလို့ရတာပေါ့။