အခန်း ၁၃၁
Viewers 25k

အခန်း (၁၃၁) သူမက သူတို့ကို ပြန်လည်တုံ့ပြန်ဖို့ မလုပ်ခဲ့ဘူးဆိုရင် သူတို့က သူမကို အနိုင်ကျင့်လို့ရနိုင်တယ်လို့ အထင်အမြင်လွဲစရာတွေ ဖြစ်သွားလိမ့်မယ်

 

ကျုံးရီသည် ပြုံးပြလိုက်ပြီးတော့ “ကျေးဇူးပါ မေမေ သမီးစဥ်းစားပြီးရင် မေမေ့ကို ပြောပြပါ့မယ်။”

 

သူမသည် ကောလိပ်တွင် ဒုတိယနှစ်သာ ရှိသေးသည်။ သူမ ဒါကို စဥ်းစားဖို့ အချိန်အများကြီးရှိသည်။ သူမအခြေအနေနှင့် ဆန့်ကျင်ဖက်ဖြစ်နေသော ကျန်းယာ့ကောအကြောင်းကိုလည်း သူမ မစဥ်းစားပဲ မနေနိုင်ခဲ့ပါ။ တစ်စုံတစ်ဦးသည် ထိုအဖြစ်အပျက်အား အွန်လိုင်းပေါ်တွင်တင်လိုက်သောကြောင့် ထိုသတင်းက လူသိများလာခဲ့သည်။ ယခုအခါတွင် ကျန်းယာ့ကော၏နာမည်ဂုဏ်သတင်းသည် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ The Fate of Anitque ရှိုးပွဲတွင် သူမပါဝင်သည့်အချိန်က သူမသည် လီဝမ့်ကျင်းကြောင့် နစ်နာသူဖြစ်ခဲ့ရသည်ဟု ပြောပေးခဲ့သူများ ရှိသေးသည်။ ဒီဗွီဒီယိုဖိုင်ထွက်ပေါ်လာသည့်အခါမှာတော့ သူမရဲ့ အသေခံပရိသတ်တွေတောင် သူမကို ခုခံကာကွယ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။

 

ဒီအဖြစ်အပျက်က ‌ကျောင်းမှာ သူမ၏အခြေအနေကို ရှုပ်ထွေးစေခဲ့သည်။ သူမ ဘယ်နေရာကိုသွားသွား လူတိုင်းက သူမကို လက်ညှိုးညွှန်ပြပြီး သူမအကြောင်း အတင်းပြောကြသည်။ ပိုမိုဆိုးဝါးသောလူတစ်ချို့က သူမမျက်နှာအား တည့်တည့်ကြည့်ပြီး လှောင်ပြောင်ပြောဆိုတာလုပ်လိမ့်မည်။ နောက်ဆုံးတော့ ကျန်းယာ့ကောသည် အဲ့တာကို သည်းမခံနိုင်တော့ပဲ အခြားသူတွေနဲ့ဝေးဝေးနေဖို့ ကျောင်းနားရန် ဆုံးဖြတ်လိုက်သည်။

 

လအနည်းငယ်လောက်အကြာမှာပဲ သူတို့နှစ်ဦးဟာ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ဖက်သို့ ဦးတည်သွားခဲ့ကြသည်။ ဒီအရာက ကျုံးရီအား အလွန်စိတ်မသက်မသာဖြစ်စေခဲ့သည်။

 

***

 

ဖန့်ကျွင်းရုံသည် သူမသမီးနှစ်ယောက်အား စစ်ဆေးပြီးနောက် ကျန်းပိအကြောင်းကိုလည်း ဖန့်ကျွင်းရုံက မမေ့လျော့သွားခဲ့ပေ။ သူမသည် ကျန်းပိအား နောက်ယောင်ခံလိုက်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ထားပြီးဖြစ်သည်။ သူမစိတ်ထဲတွင် ကျန်းပိသည် အမှောင်ထဲ၌ ပုန်းအောင်းနေတတ်သည့် အဆိပ်ပြင်းမြွေတစ်ကောင်နှင့်တူသည်။ မကြာခဏ အလစ်ဝင်ပြီး ကိုက်ခဲတတ်သည်။

 

ကျန်းပိအား စောင့်ကြည့်ရန် တစ်စုံတစ်ယောက်အား ငှားရမ်းထားသည့်အတွက် ကျန်းပိနှင့် လီဝမ့်ကျင်းတို့ ပူးပေါင်းနေတာကို သူမ လျင်မြန်စွာ သိရှိလိုက်ရသည်။ အရင်ဘဝတုန်းက ကျန်းယာ့ကောသည် သူမပိုင်ဆိုင်သော ဆေးညွှန်းများဖြင့် ကျန်းပိ၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ကျန်းပိသည် သူ့ရဲ့ကြည့်ကောင်းသောရုပ်ရည်နှင့် နောက်ခံအင်အားတို့ကြောင့် ကျန်းယာ့ကော၏ ခင်မင်နှစ်သက်ခြင်းကို လျင်မြန်စွာ ရရှိခဲ့ပြီးတော့ သူတို့ဟာ သူငယ်ချင်းတွေ ဖြစ်လာခြ့သည်။ ပြီးတော့ ကျန်းပိသည် လီအိမ်တော်နှင့်လည်း အဆက်အသွယ် ရှိလာခဲ့သည်။ ကျန်းပိနှင့် လီရှစ်ကျီတို့သည် အချစ်ပြိုင်ဖက်များ ဖြစ်ကြသောလည်း စီးပွားရေးနှင့်ပတ်သက်လာလျှင်တော့ မဟာမိတ်များ ဖြစ်ကြသည်။

 

ဒီဘဝမှာတော့ ကျန်းပိဟာ ကျန်းယာ့ကောအား မသိရှိခဲ့ပေမယ့် လီဝမ့်ကျင်းနဲ့ ဆက်သွယ်ပူးပေါင်းနိုင်ဆဲပင်ဖြစ်သည်။ ဒါက ဘယ်လိုကံကြမ္မာမျိုးပါလဲ။ သူမ မုန်းတီသောလူနှစ်ဦးဟာ အတူတကွ ရှိနေကြသည်။

 

ဖန့်ကျွင်းရုံသည် သူတို့တွေ့ဆုံကြသည့် အကြောင်းအရင်းကို လျင်မြန်စွာ သိရှိလိုက်သည်။

 

ဖန့်ကျွင်းရုံ၏ရှေ့မှာ ထုတ်လုပ်ဖြန့်ချိရေးဌာန၏ အကြီးအကဲလက်ထောက်ဖြစ်သူ ခုန်းလီလီက မတ်တပ်ရပ်ရင်း တင်ပြနေသည်။ “ဘော့စ်လီက ကျွန်မကို လာရှာခဲ့တယ်။ သူက ကျွန်မကို အလှအပဆေးလုံးရဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဂရုတစိုက်ကြည့်ရှုပေးဖို့ တောင်းဆိုလာခဲ့တယ်”

 

ဖန့်ကျွင်းရုံသည် ခုန်းလီလီကို အလွန်အထင်ကြီးသည်။ ပိုတိတိကျကျပြောရရင် သူမသည် ယခင်ဘဝ၌ပင် ခုန်းလီလီကို အလွန်အထင်ကြီးခဲ့တာ ဖြစ်သည်။ လီဝမ့်ကျင်းသည် သူ့လူအနေဖြင့် ထားရန် သူမကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့သူဖြစ်သည်။ သူမ ကုမ္ပဏီသို့ ဝင်ရောက်လာပြီးနောက် ခုန်းလီလီသည် လီဝမ့်ကျင်း၏လူများနှင့် အလုပ်အတူတွဲ၍ လုပ်ကိုင်ခဲ့ကြရသည်။

 

ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် ခုန်းလီလီကို လီဝမ့်ကျင်း၏လူအနေဖြင့် မှတ်ယူနိုင်ပါသည်။ သို့သော်လည်း ဖန့်ကျွင်းရုံက သူမကို အများကြီး ယုံကြည်ပေးခဲ့သည်။ သူမ၏ယခင်ဘဝတွင် ခုန်းလီလီသည် လီဝမ့်ကျင်း၏လုပ်ရပ်များကို လက်မခံနိုင်တော့ပဲ ဒေါသထွက်ကာ အလုပ်မှနှုတ်ထွက်ခဲ့သည်။ ရလဒ်အနေနှင့် လီဝမ့်ကျင်းသည်လည်း ဒေါသအရမ်းထွက်ကာ သူမအား မည်သည့်ကုမ္ပဏီမှ လက်ခံနိုင်တော့အောင် နာမည်ပျက်စာရင်းသွင်းခဲ့သည်။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် ယခုဘဝ၌ ခုန်းလီလီကို သူမဖက်မှာထားရှိရန် ရွေးချယ်ခဲ့ပြီး ထုတ်လုပ်ရေးဌာန၏ အရေးပါလှသောရာထူးကိုပင် ပေးခဲ့သေးသည်။ 

 

“ကျွန်မ သူ့အကြောင်းကို သိရသလောက် သူ့ကို လူကောင်းတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ အဲ့တာက ကျွန်မရဲ့ ထင်မြင်ယူဆချက်တွေပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မ သူ့အတွက် ဆေးညွှန်းဖော်မြူလာကို ခိုးယူပေးရင် သူက စက်ရုံအသစ်ရဲ့ရှယ်ယာ တစ်ရာခိုင်နှုန်းကို ကျွန်မကို ပေးမယ်လို့ ကတိပေးထားတယ်” လို့ ခုန်းလီလီက ဖန့်ကျွင်းရုံကို ပြောပြခဲ့သည်။

 

ထိုကမ်းလှမ်းမှုက အလွန်ဆွဲဆောင်မှုရှိသော ကမ်းလှမ်းမှုတစ်ခုဖြစ်သည်။ အဆုံးမှာတော့ အလှအပဆေးလုံးမှရရှိတဲ့ အမြတ်ငွေကို လူတိုင်း သိသာထင်ရှားစွာ တွက်ဆကြည့်နိုင်သည်။ ၁ ရာခိုင်နှုန်းရှယ်ယာသည် အလွန်ရက်ရောလှသော ကမ်းလှမ်းမှုဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ခုန်းလီလီမှာ သူမရဲ့ကိုယ်ပိုင်မူဝါဒများ ရှိသည်။ သူမကို ချည်းကပ်လာသည့် လီဝမ့်ကျင်း၏နည်းလမ်းများကို သူမ အလွန်ရွံရှာစက်ဆုပ်သည်။ သူမသည် လီဝမ့်ကျင်းကြောင့် စိတ်ရှုပ်ထွေးသွားခဲ့၍ သူမသည် ချက်ချင်းပင် ထိုအကြောင်းအား ဖန့်ကျွင်းရုံကို လာရောက်တင်ပြခဲ့ခြင်းဖြစ်သည်။

 

ဖန့်ကျွင်းရုံက သူမမျက်ဝန်းများကို မှေးစင်းလိုက်ပြီး ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စဥ်းစားနေခဲ့သည်။ သူမသည် လီဝမ့်ကျင်းနှင့် ကျန်းပိတို့၏ လုပ်ရပ်များကြောင့် ဒေါသထွက်မိသည်။ သူမသည် သူတို့ကို သင်ခန်းစာသေးသေးလေးမဟုတ်ပဲ သင်ခန်းစာအကြီးကြီး ပေးချင်ခဲ့သည်။ အခု သူတို့က လှိုင်းအကြီးကြီးတစ်ခုနဲ့ ရိုက်ခတ်ခံချင်၍ တံခါးကို လာခေါက်ပြီး အစပျိုးလိုက်တာပဲ။

 

သူမသည် ကုမ္ပဏီ၌ အတွင်းလူများ ရှိမရှိကို ဒီအခွင့်အရေးကိုသုံးပြီး စစ်ကြည့်နိုင်သည်။ ကုမ္ပဏီ၏လျှို့ဝှက်ချက်များကို ခိုးယူခြင်းသည် ခိုးယူသူများအား နှစ်ရှည်‌ထောင်ချရန် လုံလောက်သည်။ 

 

ဖန့်ကျွင်းရုံက ခုန်းလီလီကို ပြောလိုက်သည်။ “မင်း လီဝမ့်ကျင်းတောင်းဆိုတာကို ငြင်းပယ်ရင် သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဥပမာအနေနဲ့ အရင်တုန်းက မင်းကို သူအကူအညီပေးခဲ့ဖူးလို့ ဒီအကြောင်းကို မင်းက ပြောပြလိမ့်မှာမဟုတ်ဘူးလို့ သူထင်နေလိမ့်မယ်။ မင်းရဲ့အလုပ်က သူဆီကနေ သက်သေအထောက်အထားတွေကို စုဆောင်းပေးဖို့ပဲ”

 

သူမက သူတို့ကို ပြန်လည်တုံ့ပြန်ဖို့ မလုပ်ခဲ့ဘူးဆိုရင် သူတို့က သူမကို အနိုင်ကျင့်လို့ရနိုင်တယ်လို့ အထင်အမြင်လွဲစရာတွေ ဖြစ်သွားလိမ့်မယ်။