အခန်း ၁၃၂
Viewers 25k

အခန်း (၁၃၂) သူမက သူတို့ကို ပြန်လည်တုံ့ပြန်ဖို့ မလုပ်ခဲ့ဘူးဆိုရင် သူတို့က သူမကို အနိုင်ကျင့်လို့ရနိုင်တယ်လို့ အထင်အမြင်လွဲစရာတွေ ဖြစ်သွားလိမ့်မယ် (၃)

 

ဖန့်ကျွင်းရုံသည် ခုန်းလီလီနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ကျန်းဝမ်ယုထံသို့ မတ်ဆေ့ချ်တစ်စောင်ပို့ပြီး သူနဲ့ချိန်းဆိုလိုက်သည်။

 

သူမသည် ဆေးညွှန်းဖော်မြူလာကို ပိုင်ဆိုင်သူဖြစ်သော်လည်း ဒီအကြောင်းကို သူမ ဘာမှမသိနားမလည်သောကြောင့် ကျန်းဝမ်ယုနှင့် တိုင်ပင်ရန် အချိန်အနည်းငယ်ယူရန် လိုအပ်သည်။ ပြောရလျှင် ကျန်းဝမ်ယုသည် စာတမ်းပြုစုရန် တံခါးပိတ်ထားခဲ့သည်မှာ ကြာနေပြီ ဖြစ်သည်။ ဖန့်ကျွင်းရုံသည် ကျန်းဝမ်ယု၏စာတမ်း ဘယ်လောက်အံ့သြဖွယ်ရာကောင်းမလဲဆိုတာကို တွေးကြည့်မိသည်။

 

***

 

မကြာသေးမီကပင် ကျန်းဝမ်ယုသည် သူ့စာတမ်းပြုစုရန် အလုပ်များနေသော်လည်း တစ်ရက် သို့မဟုတ် နှစ်ရက်ယူရန် ပြဿနာမရှိပါချေ။

ဖန့်ကျွင်းရုံက ကျန်းဝမ်ယုရဲ့မျက်နှာကို ကြည့်ပြီး သူမခေါင်းကို ခါယမ်းလိုက်သည်။ “ရှင့်ပုံစံကို ပြန်ကြည့်ပါဦး။ မသိတဲ့သူတွေက ကျွန်မ ရှင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံနေတယ်လို့ ထင်ကုန်တော့မယ်။ ရှင် အခုတလော ထမင်းအချိန်မှန်မစားဘူးလား”

 

ကျန်းဝမ်ယုသည် သူမနှင့် နောက်ဆုံးအကြိမ်တွေ့စဥ်က ကိုယ်အလေးချိန် ကျသွားပုံပေါ်သည်။

 

ကျန်းဝမ်ယုသည် သူမမေးခွန်းကြောင့် စိတ်ရှုပ်သွားခဲ့သည်။ “ကျွန်တော် ကျွန်တော်ရဲ့အစားအစာတွေကို စားပြီးပြီလေ”

 

ဖန့်ကျွင်းရုံသည် သူ့ကို ဘာစကားမှထပ်မပြောတော့ပဲ ကျန်းဝမ်ယုအတွက် အစားအစာများကို စီစဥ်ပေးရန် အာဟာရပညာရှင်တစ်ယောက်ကို ငှားရမ်းလိုက်သည်။ ထို့နောက် အာဟာရပညာရှင်က သူ့အတွက် တစ်နေ့သုံးနပ် စီစဥ်ပေးလိမ့်မည်။

 

ကျန်းဝမ်ယုကို မော့ကြည့်ရင်း သူမက “ရှင် မစားလိုက်တဲ့ ထမင်းအနပ်တိုင်းအတွက် ရှင့်ရဲ့ဘတ်ဂျက်ကနေ တစ်နပ်ဆိုရင် ယွမ်တစ်သောင်းနုတ်မယ်။ ရှင် ကျန်းမာရေး ထိခိုက်ရင် ကျွန်မရဲ့ အမြတ်ဝင်ငွေကို ထိခိုက်လိမ့်မယ်။ ရှင့်အတွက် ကျွန်မရဲ့ရင်းနှီးမြှုပ်နှံမှု အချည်းနှီးဖြစ်သွားလိမ့်မယ်”

 

ကျန်းဝမ်ယု၏နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ ဒါက သူမကဲ့သို့ ဘော့စ်တစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဒါပေမယ့် သူမရဲ့ရင်ထဲမှာ သူ့ကျန်းမာရေးအတွက် တကယ်အလေးထား ဂရုစိုက်ပေးတယ်ဆိုတာကို သူ နားလည်ပါသည်။

 

“ကျွန်မရဲ့အကျိုးအမြတ်အတွက် မဟုတ်ဘူးဆိုရင်တောင် ရှင် အချိန်မှန် စားသောက်သင့်တယ်”

 

ကျန်းဝမ်ယုသည် ခေတ္တမျှ ဆွံ့အသွားခဲ့ပြီး သူ့မျက်နှာပေါ်မှာ အပြုံးခပ်ပါးပါး ပေါ်လာခဲ့သည်။ “ကောင်းပါပြီ”

 

သူ့အပြုံးဟာ ရေကန်တစ်ခုထဲက ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ပန်းတစ်ပွင့်၏ရောင်ပြန်ဟပ်မှုနှင့်ဆင်တူသည်။

ဖန့်ကျွင်းရုံသည် ကျန်းဝမ်ယု၏အသွင်ကြောင့် ဆွဲဆောင်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းဝမ်ယုသည် ကျန်းပိနှင့် မျက်နှာသွင်ပြင် ဆင်တူသော်လည်း ကျန်းဝမ်ယုကို ကျန်းပိထက် ပိုနှစ်သက်သည်။ ဖန့်ကျွင်းရုံသည် သူမကိုယ်သူမ ပြန်လည်ထိန်းသိမ်းလိုက်ပြီးတော့ သူမ သူနှင့် တွေ့ဆုံဖို့ချိန်းဆိုရသည့် လာရင်းရည်ရွယ်ချက်ကို သူ့အား ပြောပြလိုက်သည်။

 

“ကျွန်မ ရှင့်ကို မေးချင်တဲ့ အကြောင်းအရာတစ်ခုရှိတယ်။ အလှအပဆေးလုံးနဲ့ပတ်သက်ပြီးတော့ တူညီတဲ့ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ဖော်မြူလာအသစ်တစ်ခုကို ရှင် ထုတ်လုပ်ပေးနိုင်မလား”

 

ကျန်းဝမ်ယုသည် ထိုအကြောင်းကို ခဏလောက် စဥ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “အလှအပဆေးလုံးတွေရဲ့ အဓိကပါဝင်ပစ္စည်းက မင်းပေးတဲ့ စမ်းရေပဲ။ စမ်းရေက အခြားပါဝင်ပစ္စည်းအားလုံးကို ပြီးပြည့်စုံအောင် ထိန်းညှိပေးပြီးတော့ အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ အာနိသင်ကို ရရှိစေတယ်”

 

“အဲဒီစမ်းရေသာ မပါဝင်ဘူးဆိုရင် တူညီသော အခြားပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ခဲ့မယ်ဆိုရင် တူညီတဲ့အာနိသင်ကို မရှိနိုင်ဘူး။ ဆေးဖက်ဝင်ပစ္စည်းတွေရဲ့ ဂုဏ်သတ္တိတွေကြောင့် အစပိုင်းမှာတော့ ထိရောက်မှုရှိလိမ့်မယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းအရောအနှောတွေက ခန္ဓာကိုယ်ကနေ ထွက်သွားတာနဲ့ အာနိသင်လျော့သွားလိမ့်မယ်။ ဒါ့အပြင် ရေရှည်သုံးစွဲခြင်းကနေ အခြားဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်တယ်”

 

“ဥပမာအားဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေလဲ”

 

ကျန်းဝမ်ယုသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့ “လေထိုး လေအောင့်” လို့ ပြောလိုက်သည်။

 

ဖန့်ကျွင်းရုံသည် သူ ဘာကိုဆိုလိုတာလဲဆိုတာကို ချက်ချင်း စဥ်းစားလိုက်သည်။ ဆိုလိုသည်က ထိုဆေးအသစ်ကို သုံးစွဲသူတွေက လေလည်တာနဲ့ ကြို့ထိုးတာမျိုးတွေ အများကြီး ဖြစ်နိုင်လိမ့်မယ်ပေါ့။

 

အရမ်းကောင်းတာပဲ။ သူမက ဒီဖော်မြူလာကို လီဝမ့်ကျင်းလက်ထဲကို သေချာပေါက် လွှဲပေးရလိမ့်မယ်။

 

***

 

အခုနောက်ပိုင်းတွင် လီဝမ့်ကျင်းသည် သူစိတ်ချယုံကြည်ရသောသူများအား ဆက်သွယ်ရန် အလုပ်များနေခဲ့သည်။ သူ ယုံကြည်နိုင်လောက်သောသူများကိုသာ ရွေးချယ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထုတ်လုပ်ဖြန့်ချိရေးဌာန၏ ဒုတိယအကြီးအကဲ ခုန်းလီလီက အလားအလာအရှိဆုံးလူတစ်ယောက်ဖြစ်သောကြောင့် သူမအား ငြင်းပယ်မရနိုင်သော ဆုလာယ်တစ်ခုဖြင့် ကမ်းလှမ်းခဲ့သည့်တိုင် သူ့ကိုကူညီပေးရန် ငြင်းပယ်ခဲ့သည်။

 

အာ… ကောင်းပြီ။ သူ့ဖက်မှာ ခုန်းလီလီမရှိဘူးဆိုရင်တောင်မှ အခြားသူတွေ ရှိသေးတယ်။

 

လီဝမ့်ကျင်းသည် သူ့လက်ထဲ ဆေးညွှန်းရရှိအောင် ကြိုးစားနေစဥ်တွင် စက်ရုံမတည်ဆောက်မီ သက်ဆိုင်ရာပြင်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ဤကဲ့သို့သော အသားအ‌ရေထိန်းသိမ်းခြင်းဆိုင်ရာထုတ်ကုန်များထုတ်လုပ်ခြင်းသည် ထောက်ခံချက်များစွာနှင့် လုပ်ထုံးလုပ်နည်းများစွာ လိုအပ်သည်။ ဖန့်ကျွင်းရုံက ကံကောင်းတာဖြစ်သည်။ သူမသည် ကွာရှင်းသောအခါက မိန်ဖုန်းကိုလက်ခံခဲ့ပြီး မိန်ဖုန်းကုမ္ပဏီတွင် ဤလုပ်ထုံးလုပ်နည်းအားလုံးကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရရှိခဲ့ပြီးဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လီဝမ့်ကျင်းသည် ကျန်းပိနှင့် အတူလက်တွဲ အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ ဆေးဝါးနယ်ပယ်က မိသားစုတစ်ခုအနေဖြင့် ကျန်းအိမ်တော်မှာလည်း သူတို့၏ကိုယ်ပိုင် အသားအရေထိန်းသိမ်းသည့်ထုတ်ကုန် “ရိဖန်” ကို ပိုင်ဆိုင်ထားပြီး သူတို့၏အဓိကထုတ်ကုန်မှာ အသားအ‌ရေထိန်းသိမ်းသည့် maskများပင်ဖြစ်သည်။

 

လီဝမ့်ကျင်းသည် ကျန်းအိမ်တော်နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီးနောက် ကျန်းအိမ်တော်သည် စက်ရုံနှင့် စက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး လီဝမ့်ကျင်းက အရင်းအနှီးအတွက် တာဝန်ယူခဲ့သည်။ လီဝမ့်ကျင်းသည် ငွေတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေလိမ့်မည်။ အရင်တုန်းက ယွမ်တစ်ဘီလီယံဆိုတာ သူ့အတွက် ဘာမှမဟုတ်ခဲ့သော်လည်း အခုအချိန်တွင် သူ့ကို အနည်းငယ် ခက်ခဲနေစေခဲ့သည်။ ကွာရှင်းပြီးနောက် ဖန့်ကျွင်းရုံသည် ငွေအားလုံးနီးပါးကို ရရှိသွားခဲ့ပြီး အေယွန်ကော်ပိုရေးရှင်းကသာလျှင် သူ့အတွက် ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာဖြစ်သည်။ သူ့ရှယ်ယာများသည် အလွန်တန်ဖိုးရှိသော်လည်း နံပါတ်တစ်စတော့ရှယ်ယာရှင်အဖြစ် သူ့အခြေအနေကိုလည်း ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်နေသေးသည်။ ထို့ကြောင့် သူ့ရှယ်ယာများကို‌ ရောင်းချခြင်းနှင့်ပတ်သက်၍ အလွန်သတိထားခဲ့သည်။ သူသည် အကြီးဆုံးရှယ်ယာရှင်အနေဖြင့် စတော့ရှယ်ယာ ၄၇ရာခိုင်နှုန်းနှင့် ဒုတိယအကြီးဆုံးရှယ်ယာရှင်က စတော့ရှယ်ယာ ၃၆ရာခိုင်နှုန်းကို ကိုင်‌ဆောင်ထားသည်။

 

အကယ်၍ သူက ချေးငွေထုတ်ယူမည်ဆိုလျှင်ပင် ငွေချေးရမည့်လုပ်ငန်းစဥ်သည် ရက်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ မကြာသေးမီက သူ ချေးငွေတစ်ခု ထုတ်ယူခဲ့ပြီး ထိုရရှိသည့်ချေးငွေများပင် သူ့လက်ထဲတွင် ကုန်လုနီးပါးဖြစ်နေခဲ့ပြီ။ ထို့အပြင် ကုမ္ပဏီမှငွေများကို  မကြာသေးမီကပင် သူ့အိတ်ကပ်ထဲသို့ ထည့်ခဲ့ပြီး သူ့ရဲ့လိုအပ်နေသည့် အခြားလုပ်ငန်းများထဲသို့ ဘယ်ညာဖြည့်တင်းပေးခဲ့သည်။ ဒါရိုက်တာဘုတ်အဖွဲ့မှ လူအတော်များများသည် ဒီအချက်ကို သတိပြုမိခဲ့ပြီး သူ့ထံမှ ရှင်းပြချက် တောင်းခံခဲ့ကြသည်။