အခန်း ၁၃၆
Viewers 25k

အခန်း(၁၃၆) - သူမသည် အတွင်းရေးများကို အပြင်လူများအား မပြောပြနိုင်ပေ (၁)

 

အစောပိုင်းက လီဝမ့်ကျင်း ဆက်သွယ်ခဲ့သော စီးပွားရေးလုပ်ငန်းများစွာကလည်း သူ့ရဲ့‌ဝေပေါ်ပို့စ်ကို ပြန်တင်ပေးခဲ့ကြပြီး သူ့လမ်းကြောင်းကို အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းပေးခဲ့ကြသည်။ ရေပန်းအစားဆုံးသတင်းအဖြစ် ဆက်လက်မြင့်တက်လာခဲ့သည်။

 

လီဝမ့်ကျင်းသည် နာမည်ကျော်ကြားနေသည့်သတင်းကိုကြည့်ရင်း တန်ဖိုးကြီးဝိုင်နီပုလင်းကို ပျော်ရွှင်စွာ ဖွင့်လိုက်သည်။ ဝိုင်နှစ်ခွက်ခန့်သောက်ပြီးနောက် သူ အနည်းငယ် အူမြူးသွားသည်။ သူက ဖန့်ကျွင်းရုံ၏ဖုန်းနံပါတ်ကို ခေါ်ဆိုဖို့ကြိုးစားခဲ့ပေမယ့် သူက ဘလော့စ်ခံထားရဆဲပင် ဖြစ်သည်။ ဒါကို အရင်တုန်းကဆိုရင် သူ ဒေါသထွက်ချင် ထွက်ဖူးလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ သူ စိတ်အခြေအနေ ကောင်းမွန်နေပြီး သူမနဲ့ နည်းနည်းလေးမှ မပတ်သက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။

 

လီဝမ့်ကျင်းက အခြားဆဲလ်ဖုန်းတစ်လုံးကို ဆွဲထုတ်လိုက်ပြီးတော့ ဖန့်ကျွင်းရုံကို ခေါ်ဆိုလိုက်သည်။ စက္ကန့်နှစ်ဆယ်ခန့်အကြာတွင် လီဝမ့်ကျင်းသည် သူ့ဇနီးဟောင်း၏အသံကို ကြားလိုက်ရသည်။ လီဝမ့်ကျင်းသည် ထိုအသံကို မကြားရသည်မှာ ကြာပြီဖြစ်သည်။

 

“ဟယ်လို” သူမအသံသည် အလွန်သက်တောင့်သက်သာရှိစေပြီးတော့ သူ့အလိုလိုပင် ဒူးထောက်စေနိုင်လောက်သည့်အထိ ဆွဲ‌ဆောင်မှုရှိလေသည်။ သူမသည် သူမအားနည်းချက်များကို သူမ၏ရန်သူများအား ထုတ်ဖော်ပြသနိုင်မည့်အရာဆို ဘာတစ်ခုကိုမျှ မလုပ်ခဲ့ပါ။ သူသည် အရင်တုန်းကပင် သူမ၏စိတ်နေသဘောထားကို သိပ်မကြိုက်ခဲ့ပါ။ အခုအချိန်မှာတော့ လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံကို ချွေးပြိုက်ပြိုက်ကျပြီး သူမ၏တည်ငြိမ်မှု ပျက်စီးသွားမှာကို မျှော်လင့်နေမိသည်။

 

“ကျွင်းရုံ… ကိုယ်ပါ”

 

ဖန့်ကျွင်းရုံရဲ့အသံမှာ လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။ “ရှင်က သိပ်မဆိုးဘူးပဲ။ ရှင်က ကျွန်မဝန်ထမ်းတချို့ကို သွေး‌ဆောင်နိုင်ခဲ့တယ်”

 

လီဝမ့်ကျင်းသည် စိတ်ပျော်ရွှင်သွားသည်။ “သူတို့က သူတို့အတွက် ဘယ်အရာက ပိုအကောင်းဆုံးလဲဆိုတာကို သူတို့ သိတယ်။ လူတိုင်းက သူတို့ကိုယ်ကျိုးအတွက် သူတို့ကြည့်ကြတာပဲ။ အဲ့တာက အဓိပ္ပာယ်ရှိတယ် မဟုတ်ဘူးလား။ ဒါ့အပြင် ကိုယ်တို့ မကွာရှင်းခင်ကတည်းက မင်းမှာ အဲ့ဆေးညွှန်းရှိနေတယ်။ ကိုယ်လည်း ဒီအတွက် ရသင့်တယ်လေ။ ကိုယ် အခု အဲ့တာကို စတင်ထုတ်လုပ်လိုက်ပြီ။ ဒါပါပဲ”

 

လီဝမ့်ကျင်းသည် ကုမ္ပဏီလျှို့ဝှက်ချက်များကို သူလျှိုအား ခိုးယူခိုင်းခြင်းကို ဝန်မခံနိုင်ပါ။ ထို့ကြောင့် သူသည် ကွာရှင်းပြတ်စဲခြင်းမတိုင်မီကတည်းက ဆေးညွှန်းပိုင်ဆိုင်ခွင့်ကို ရရှိလိုသည်။ ဒီကိစ္စကြောင့် သူက ဖန့်ကျွင်းရုံနဲ့ တရားရုံးမှာ ဦးတိုက်မလျှောက်ထားချင်ဘူး။

 

“မင်းက စီးပွားရေးလောကထဲကနေ ထွက်လာခဲ့တာ ကြာပြီပဲ။ ဒီလောကအကြောင်း မင်း သိပ်နားမလည်နိုင်ပါဘူးကွာ။ ကိုယ်တို့က တစ်ချိန်တုန်းက လင်မယားတွေ ဖြစ်ခဲ့တာမို့ ကိုယ် မင်းကို စကားတစ်ခွန်း လက်‌ဆောင်ပါးလိုက်မယ်။ အဲ့စကားတစ်ခွန်းက လက်ဝါးကြီးအုပ်ခြင်းက စီးပွားရေးလောကတွင် ကောင်းသောအရာ မဟုတ်ပါတဲ့။”

 

ဖန့်ကျွင်းရုံကိုသာ ကြည့်ကြပါ။ သူမသည် အရာအားလုံးကို ဆုပ်ကိုင်ထားပြီး အခြားသူများအတွက် အကျိုးအမြတ်အနည်းငယ်ကိုပင် မပေးအပ်ခဲ့ပေ။ အခွင့်အရေးတစ်ခုသာ ရလာသည်နှင့် တခြားသူများက သူမအား ဝါးမျိုရန် ပါဝင်လာကြလိမ့်မည်။ သူ ဒီလောက် လူသိများအောင် လုပ်နိုင်ခဲ့ရသည့် အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်းက သူငှားရမ်းထားသော ရေတပ်ကြောင့်ပင် သာမက ဖန့်ကျွင်းရုံအား အနည်းငယ် တွန်းအားပေးလိုသော အခြားကုမ္ပဏီများကြောင့်လည်း ဖြစ်သည်။

 

သူတို့က စျေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ဖန့်ကျွင်းရုံအစား သဘာဝကျစွာပင် လီဝမ့်ကျင်းဖက်မှ ရပ်တည်ခဲ့ကြသည်။

 

လီဝမ့်ကျင်းသည် စကားထပ်ပြောချင်သေးပေမယ့် ဖန့်ကျွင်းရုံဖက်ကနေ ဖုန်းချလိုက်တာကိ သိလိုက်ရသည်။

 

လီဝမ့်ကျင်းသည် ဖုန်းပြန်ခေါ်ရန် ကြိုးစားသောအခါ သူ့ဖုန်းနံပါတ်ကို ဘလော့စ်လိုက်သည်ကို သတိပြုမိသည်။

 

လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံသည် ဒေါသအလွန်ထွက်သွားသောကြောင့် ဖုန်းချလိုက်သည်ဟု ထင်ခဲ့ပြီး အရင်က သူခံစားခဲ့ရသော မကျေနပ်မှုများစွာကို သက်သာသွားစေသည်ဟု ခံစားလိုက်ရသည်။ သူက ဝေ့ပေါ်ပေါ်တွင် ပို့စ်အသစ်တစ်ခုကို တင်လိုက်သည်။

 

[စျေးရောင်းပွဲတော်နေ့အတွက် ချယ်ရီပန်းပွင့်ဆေးလုံးတစ်ဗူးလျှင် ၈၈၈ယွမ် သန်းခေါင်ကျော် ဆယ်မိနစ်အတွင်း အော်ဒါများအတွက် ငါးဆယ်ရာခိုင်နှုန်းလျော့စျေး မနက် ၁၂နာရီ မိနစ်သုံးဆယ်အတွင်း အော်ဒါများအတွက် သုံးဆယ်ရာခိုင်နှုန်းလျော့စျေး]

 

 

လီဝမ့်ကျင်းသည် ထိုအကြောင်းကို ပို့စ်တင်ပြီးနောက် အကြိမ်အနည်းငယ်ခန့် စာမျက်နှာကို အသစ်ပြန်လည်စတင်လိုက်သည်။ သေချာပေါက် သူ့ကို မကောင်းတဲ့သူလို့ ခေါ်ဆိုကြတဲ့သူတွေ ရှိပေမယ့် သူက ဘယ်လောက်ရက်ရောတယ်ဆိုပြီး သူ့ကို ချီးကျုးတဲ့လူများစွာလည်း ရှိသည်။ လီဝမ့်ကျင်းသည် စိတ်ကျေနပ်စရာကောင်းသည့် မှတ်ချက်အချို့ကို တွေ့ရှိခဲ့ပြီးတော့ ကျေနပ်စွာ အိပ်ရာဝင်သွားခဲ့သည်။

 

***

 

လီဝမ့်ကျင်းက စိတ်ဆိုးသွားတယ်လို့ ထင်နေသော ဖန့်ကျွင်းရုံသည် ယခုအခါ အတော်ပင် စိတ်အခြေအနေကောင်းနေပြီ။

 

စျေးရောင်းပွဲတော်နေ့တွင် လီဝမ့်ကျင်းနှင့် ကျန်းပိတို့သည် ဗူးရေတစ်သန်းကို တစ်ပြိုင်နက် ထုတ်လုပ်ဖြန့်ချိလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူတို့က သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးသွားကြမှာကို စိတ်မပူကြဘူး။ ပြီးတော့ သူတို့က သူတို့ရဲ့အလှအပဆေးလုံးဗားရှင်းကို ပုံမှန်ထက် ပိုပြီးယုံကြည်မှုရှိခဲ့သည်။

 

လီဝမ့်ကျင်းက အလွန်အမင်း စိတ်အနှောင့်အယှက်ပေးခဲ့သောကြောင့် သူမနှင့် ရင်းနှီးသောသူ တော်တော်များများက ထိုအကြောင်းကို မေးမြန်းရန် ဖုန်းခေါ်ခဲ့ကြပြီး သူမအား နှစ်သိမ့်ပေးကြသည်။

 

အမှန်တရားပြောရရင် ဖန့်ကျွင်းရုံမှာ စိတ်ထားကောင်းရှိပေမယ့် သူမရဲ့ အတွင်းရေးကို အပြင်လူများအား မပြောပြနိုင်သဖြင့် ထိုအကြောင်းအား မရေမရာသာ ထားလိုက်နိုင်သည်။

 

လီဝမ့်ကျင်းနှင့် တစ်ဖက်တည်း ရပ်တည်ခဲ့ကြသော ကုမ္ပဏီအနည်းငယ်အတွက်ကတော့ သူမသည် ၎င်းတို့အားလုံးကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်သည်။ သူမက သူတို့နဲ့ ဘယ်တော့မှ ပူးပေါင်းလုပ်ကိုင်မှာ မဟုတ်တော့ဘူး။

 

ဖန့်ကျွင်းရုံဟာ သူမလက်ချောင်းလေးများကို ကွေး၍ သူမ၏စားပွဲပေါ်တွင် ဒရမ်တီးခတ်သလို ခေါက်နေခဲ့သည်။