အပိုင်း ၄၅
Viewers 15k

Chapter 45

 မုန့်မိသားစု 




ကုရွမ်းတုက လင်းရုဖေး၏ အံ့အားသင့်နေသည့် မျက်နှာအားကြည့်ရင်း သူ့စကားလုံးများအား နားလည်မှုလွဲသွားသည်ကို သိလိုက်ပြီး အလျင်အမြန်ပင် ရှင်းပြလာ၏။


"မင်းထင်နေသလို မဟုတ်ဘူးနော် ကိုယ်ပြောချင်တာက ကိုယ်ဒါကိုစိုက်ခဲ့တာမို့လို့...မင်းစားလိုက်လည်း အန္တရာယ်ဖြစ်မှာ မဟုတ်ဘူးလို့" 


လင်းရုဖေးက သေသေချာချာ ကြည့်လိုက်ပြီးမှ အော်ဟစ်နေသောအရုပ်လေးမှာ အမှန်တကယ်တွင် အနီရောင်ကြိုးစလေးဖြင့် ချီထားသည့် ဂျင်ဆင်းလေးဖြစ်နေမှန်း နားလည်သွားတော့သည်။


သို့သော်ငြား ယင်းတွင် ခြေလက်များပါရှိနေကာ စားပွဲပေါ်တွင် နှုတ်ခမ်းဆူ၍အော်ငိုနေသည်။ သူ မည်သို့ပင်ကြည့်ပါသော်လည်း ယင်းမှာ လူသားကလေးငယ်နှင့် အတော်ပင်တူလေသည်။ 


ကုရွှမ်းတုက အရုပ်လေး၏ငိုသံကြောင့် သွေးထိုးလှုံ့ဆော်ခံလိုက်ရသလို စားပွဲအား ရိုက်ချလိုက်ပြီး ဒေါသတကြီးဆူလိုက်သည်။


"ဘာတွေ အော်ငိုနေရတာလဲ"


အရုပ်ကလေးမှာ ငိုရလွန်း၍အသက်ရှူရကျပ်လာသဖြင့် နောက်ဆုံးတွင် တိတ်ကျသွားလေသည်။ စားပွဲပေါ်သို့ကျသွားပြီး ဂျင်ဆင်းမာမာကြီးအဖြစ် ပြန်ပြောင်းသွားလေ၏။ 


လင်းရုဖေး၏ အသံမှာ လွန်စွာအားနည်းနေဆဲဖြစ်ကာ "ကျွန်တော့်ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ အားဆေးတွေလည်း လက်မခံနိုင်တော့ဘူး...ဒါကြောင့် ကျွန်တော် ဒီအားဆေးကိုစားလိုက်ရင်တောင်မှ အများကြီးအကျိုးရှိလာမှာမဟုတ်ဘူး" 


ကုရွှမ်းတုက ဆိုလိုက်သည်။ "ဒီဂျင်ဆင်းက မတူဘူး" 


လင်းရုဖေးက မေးလိုက်၏။ "ဘယ်လိုမျိုး မတူတာလဲ" 


ကုရွှမ်းတုက မပြောရသေးခင် သူ့စကားလုံးများအား ဦးစွာစဥ်းစားလိုက်သည်။ 


"ဒါက အတော်လေးထူးခြားတာမို့လို့ လူကို တကယ် အားဖြည့်စေမှာ" 


လင်းရုဖေးက မရယ်ဘဲမနေနိုင်တော့ချေ။ လင်းရုဖေးက သူ၏လင်းမိသားစုမှာ သူ့ခန္ဓာကိုယ်အတွက် နှစ်တစ်ထောင် မဟုတ်သော်မျှ အနည်းဆုံးနှစ်ပေါင်းရှစ်ရာ အားဆေးအား ရှာဖွေပေးခဲ့ဖူးကြောင်း ပြောပြပေးလိုက်၏။ သို့သော်လည်း ယင်းတို့အား နှစ်ပေါင်းများစွာ သောက်သုံးပြီးသော်လည်း အကျိုးသက်ရောက်မှုမရှိပေ။ ထို့ကြောင့် သူ့က ထိုအားဆေးများကို ငြီးငွေ့လာမိသည်၊ ကုရွှမ်းတုက အနှီဂျင်ဆင်းရုပ်အား မည်သည့်နေရာမှ ရှာတွေ့လာသည်အား မသိသော်ငြား ယင်းက အသက်ရှင်နေဆဲဖြစ်ပြီး သူ့အား စားတော်မတည်စေချင်သည့်အတွက် စားပွဲပေါ်တွင် လှုပ်ရွ ကန်ကျောက်နေသည်။  


ကံကောင်းစွာဖြင့် ကုရွှမ်းတုက လင်းရုဖေးအား အားဆေးကို ပေးလိုက်သည့်အပေါ် သိပ်စိတ်ထဲထားမနေပေ။ လင်းရုဖေး၏ ငြင်းဆန်နေသော ခိုင်မာသည့်သဘောထားအား မြင်ပြီးသောအခါ သူက သက်ပြင်းချရုံသာ တတ်နိုင်သည်။ သူက ဂျင်ဆင်းရုပ်ကလေး၏ အမွေးအားဆွဲလိုက်ရင်း မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်ရာ အနှီဂျင်ဆင်းရုပ်ကလေးမှာ မျက်တောင်တစ်ခါခပ်မျှအချိန်အတွင်း ပျောက်ကွယ်သွားလေ၏။  


လင်းရုဖေးက တစ်နေ့လုံးနှင့် တစ်ညလုံး အဖျားတက်နေသည်။သူက ခုတင်ပေါ်၌ ပျော့ခွေယိုင်နေပြီး အဖျားကြောင့် အရိုးများပင် ကြွပ်ကြွပ်လောင်ကျွမ်းသွားလုနီးပါးပင်။  


အပြင်တွင် စောင့်နေသည့် ဖူဟွားနှင့် ယွီရွေ့တို့က သူနိုးလာသည်အားကြားလျှင် အပြေးအလွှား အခန်းထဲသို့ဝင်လာပြီး လင်းရုဖေးနှုတ်ခမ်း၀ဆီသို့ ပူပူနွေးနွေး ယာဂုအား ယူလာပေးသည်။  


လင်းရုဖေးမှာ အစာစားချင်စိတ်မရှိသဖြင့် နှစ်ငုံမျှသောက်ပြီးသည်နှင့် ဗိုက်ပြည့်သွားပြီဖြစ်ကြောင်း ပြောလိုက်၏။။ 


ဖူဟွားက အချိန်အတန်တန်ကြာ နူးနူးညံ့ညံ့ ဖျောင်းဖျပြီးနောက်မှ လင်းရုဖေးက စိတ်မပါစွာဖြင့်ပန်းကန်လုံးတစ်ဝက် သောက်လိုက်သော်ငြား သူမ မည်မျှပင် ထပ်ပြီး ဖျောင်းဖျလာစေကာမူ သူက ကျန်နေသည်အား အကုန်သောက်ရန် ဆန္ဒမရှိတော့ပေ။ 


ကူကယ်ရာမဲ့စွာဖြင့် ဖူဟွားက လက်ထဲရှိပန်ကန်လုံးအား အောက်ချလိုက်ပြီးနောက် တိုးဖွစွာဖြင့် သတင်းစကားဆိုလာသည်။


"သခင်လေး မုန့်မိသားစုက ကျွန်မတို့ ရှင်းကျိုးကို ရောက်နေမှန်းသိသွားပြီ...ဒီနေ့မနက်မှာ မုန့်အိမ်တော်က ကျွန်မတို့ကို အစောင့်အကြပ်တွေနဲ့လာရောက်ကြိုဆိုဖို့တစ်ယောက်ယောက်ကို လွှတ်ချင်နေတာ....ဒါပေမယ့် သခင်လေးက အိပ်ပျော်နေတုန်းဆိုတော့ သူတို့ကို ငြင်းထားလိုက်တယ်"  


"သူတို့က ငါဒီမှာရောက်နေမှန်း သိတာလား"


လင်းရုဖေးက အကြိမ်အနည်းငယ်ခန့် ချောင်းခပ်တိုးတိုးထပ်ဆိုးလိုက်သည်။


"သူတို့ ဘယ်လိုမြန်မြန် သိသွားရတာလဲ"


"မြစ်နဲ့ပတ်သတ်ပြီးတော့ပဲ ဖြစ်ပုံရမယ်...“


ဖူဟွားကဆိုလိုက်သည်။


"ကျောင်းကောင်က ထွက်သွားပြီဆိုတော့ အိမ်တော်တွေ၊ ဂိုဏ်းတွေ အတော်တော်များများက သဘာဝအလျောက် စုံစမ်းကြတော့တယ်လေ...ဒီထဲမှာလမုန့်မိသားစုက ပိုမြန်သွားတာဖြစ်မယ်..ဆိပ်ကမ်းနားက တည်းခိုခန်းက အရမ်းအကြမ်းထည်ဆန်တယ်...သခင်လေး ..သခင်လေးကလည်းဖျားနေတုန်းပဲလေ..ဘာ့ကြောင့်များ မုန့်မိသားစုဆီ အရင်သွားပြီး ဓါးသိုင်းပြိုင်ပွဲအတွက် ဖိတ်ခေါ်စာမပို့တာလဲ ပြီးရင် ကျွန်မတို့ မြို့ထဲမှာနေရတာအဆင်ပြေတဲ့ တည်းခိုခန်းကောင်းကောင်းတစ်ခုလောက်ရှာပြီး သခင်လေးရဲ့ကျန်းမာရေးပြန်ကောင်းတဲ့အထိနေကြတာပေါ့...". 


မုန့်မိသားစုမှာ ရှင်းကျိုးရှိ မျိုးနွယ်ကြီးတစ်ခု ဖြစ်ပြီး ခွန်းလွန် ဓါးသိုင်းပြိုင်ပွဲသို့ ဖိတ်ကြားခံရသည့် မိသားစုများထဲမှ တစ်ခုဖြစ်ကာ လင်းရုဖေး၏ နေရာလပ်လက်စွပ်ထဲတွင် ထိုသူတို့အတွက် ဖိတ်ကြားစာတစ်ခု ပါ၏။


ဖူဟွား၏စကားလုံးများမှာ အဓိပ္ပါယ်ရှိသည်။ လင်းရုဖေးနေမကောင်းဖြစ်လျှင် သူပြန်ကျန်းမာလာမည့် အချိန်အား မည်သူကမှ မခန့်မှန်းနိုင်ကြချေ။ သူသာ ဖိတ်ကြားစာမပို့သေးဘဲ အပြည့်အဝသက်သာလာသည်အထိ စောင့်နေပါက မုန့်မိသားစုအား ရက်ပေါင်းတစ်ဆယ်ရက် သို့မဟုတ် လဝက်လောက်ပင် စောင့်စေရနိုင်သည်။  


ထို့ကြောင့် လင်းရုဖေးက ဖူဟွား၏အကြံပြုချက်ကို သဘောတူလိုက်ပြီး ဖိတ်ခေါ်စာပို့ရန်အတွက် မုန့်မိသားစုဆီသို့ ယနေ့သွားရန် ဆုံးဖြတ်လိုက်သည်။ 


သူက နောက်ထပ် နာရီဝက်ခန့် နားလိုက်ပြီးနောက် မတ်တပ်ရပ်နိုင်ရုံလောက်သာ ခွန်အားရှိသည်။ ဖူဟွားက ဝတ်ရုံတစ်ထည်အား ထုတ်၍ လင်းရုဖေးအား တင်းတင်းကျပ်ကျပ် လွှမ်းခြုံပေးလိုက်သည်၊ သူမက လင်းရုဖေး၏ ရေတံခွန်ကဲ့သို့စီးကျနေသည့် အနက်ရောင် ဆံနွယ်များအား ကျောက်စိမ်းမက္ကိုင်ဖြင့် ဂရုတစိုက် စည်းနှောင်ပေးလိုက်သည်။ 


လင်းရုဖေးက မှန်ရှေ့တွင် ထိုင်နေပြီး အစေခံမလေးနှစ်ယောက်မှာ ဟိုရွေ့သည်ရွေ့လုပ်နေသဖြင့် သူ၏မေးစေ့အား ပင့်ထောက်၍ကြည့်နေမိကာ သူ့မှာ ထပ်၍ အိပ်ပျော်လုနီးပါးပင် ဖြစ်သွားလေ၏။ 


နောက်ဆုံးတွင် အလုံးစုံပြင်ဆင်ပြီးနောက် သူတို့သုံးဦး စတင်ထွက်ခွာတော့သည်။ 


နေဝင်သွားပြီးပြီဖြစ်သော်လည် ရှင်းကျိုးမြို့မှာမူ အလွန် အသက်ဝင်နေဆဲပင်။ 


လင်းရုဖေးက မူးနောက်နေသဖြင့် ရှုခင်းအား ပျော်မွေ့ရန် စိတ်ဆန္ဒအနည်းငယ်သာ ရှိသည်က သနားစဖွယ်ပင်။ ဖူဟွားက အနီးရှိ စာတိုက်ရုံးတော်မှ မြင်းတစ်ကောင်ယူလာပေးသဖြင့် သူက တက်စီးလိုက်သည်။ ဖူဟွားက အရှေ့မှဦးဆောင်ဆွဲရင်း သူတို့သည် မြို့ထဲသို့ ဖြေးညင်းစွာ ဝင်လာကြတော့သည်။ 


ဤဒေသတွင် ' မုန့် 'ဟူသည့် မျိုးရိုးနာမည်က အတော်လေးကြီးကျယ်များပြားသည်။ သူတို့သည် လူတစ်ဆယ်ယောက်တွင် မျိုးရိုးနာမည်မုန့် ရှိသည့်သူ ခုနစ်ယောက်အား ရွေးထုတ်နိုင်ပေသည်။ 


မုန့်အိမ်တော်သို့ ရောက်သည့်အခါ ဖူဟွားက တံခါးဖွင့်ပေးရန် အော်ခေါ်လိုက်သည်။ တံခါးကပွင့်လာသော်ငြား သူတို့က သူတို့ကိုယ်သူတို့ သေချာ မိတ်မဆက်ရသေးမီ အချိန်အတန်ကြာကြိုတင်ပြင်ဆင်ထားသကဲ့သို့ တံခါးစောင့်ထံမှ နွေးထွေးလှိုက်လှဲစွာကြိုဆိုခြင်းကိုခံလိုက်ရ၏။ 


"ဒါက လင်းရုဖေး...လင်းကုန်းဇီပါလား..မိသားစုခေါင်းဆောင်က သခင်လေး ရှင်းကျိုးမှာရောက်နေမှန်း သိထားတာကြာပါပြီ ...ပြီးတော့ ကျွန်တော်မျိုးကိုလည်း အစောကြီးကတည်းက လာစောင့်ကြိုခိုင်းလိုက်ထားတာလေ"


တံခါးစောင့်မှာ အလွန်ပင် စိတ်လှုပ်ရှားဖြစ်နေကာ လင်းရုဖေးအား မြင်းပေါ်မှဆင်းရန် ကူညီလေသည်။ သူက သူ့အား ပင်မခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားရန်အစေခံမလေးတစ်ဦးအား ဆင့်ခေါ်လိုက်သည်။ 


အစေခံမလေး၏အမည်မှာ ကျူးယင်းဖြစ်သည်။ သူမက အလွန်ပင် လှပကာ ဖူဟွားနှင့်ယွီရွေ့တို့ထက်ပို၍ ထည်ထည်ဝါဝါဝတ်ဆင်ထားလေသည်။ သူမက လမ်းတစ်လျှောက် ဆွဲဆောင်မှုရှိစွာ ပြုံးပြလာပြီး လင်းရုဖေးအား မုန့်အိမ်တော်၏ရှုခင်းများကို မိတ်ဆက်ပေးလာ၏။ သူမက မုန့်အိမ်တော်တွင် အနေကြာသူများထဲမှတစ်ယောက်ဖြစ်ပုံရသည်။ 


မုန့်အိမ်တော်နှင့် ရှဲ့အိမ်တော်၏ အပြင်အဆင်မှာ အလွန်ပင် ခြားနားလေသည်။ မြေပြန့်နှင့် မြစ်ကြီး အနီးတွင် တည်ရှိသောကြောင့်ဖြစ်မည် ထင်သည်။ အိမ်တော်တွင် ရှုခင်းအလှအား ထပ်ပေါင်းပေးမည့် ပညာရှိသစ်ပင်များနှင့် ပွဲကြည့်စင်များရှိလေသည်။ ဥယျာဥ်အား ဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းငယ်တစ်ခုရှိပြီး သူက ဥယျာဥ်လေးမှာ ကျန်းနန် အလှယဥ်ကျေးမှုပုံစံ အနည်းငယ်ရှိနေသည်အား သတိထားမိ၏။ 


လင်းရုဖေးက ထိုအကြောင်းမေးကြည့်သည့်အခါ မုန့်မိသားစု၏ သခင်မမှာ ကျန်းနန်မှဖြစ်သည်အား သိလိုက်ရသည်။ သူမက သူမ၏အိမ်အား လွမ်းဆွတ်မိလွန်း၍ မုန့်မိသားစုအိမ်တော်အား ဤကဲ့သို့ဆင်ယင်ပြင်ဆင်ထားခြင်းဖြစ်ပေသည်။ 


ကျူးယင်းက လင်းရုဖေးတစ်ယောက် ကျန်းမာရေးမကောင်းသည်အား သတိထားမိသွားသဖြင့် အမြော်အမြင်ရှိစွာပင် လမ်းလျှောက်နှုန်းကို နှေးလိုက်လေသည်။ သူမက မိသားစုခေါင်းဆောင်မှာ အနောက်ဘက်ဥယျာဥ်တွင် စားသောက်ပွဲတည်ခင်းထားပြီး အရှေ့မှစင်္ကြံအား ဖြတ်သွားပြီးသော် တွေ့နိုင်ကြောင်းပြောပြလာသည်။ 


သူမနှင့် လင်းရုဖေးတို့ စကားပြောနေစဥ်တွင် အနောက်ဘက် စင်္ကြံမှ ခြေသံပြင်းပြင်းနှင့် လေပြေတစ်ချက်တိုက်ခတ်သွားသည်ကို ကြားသိခံစားလိုက်ရသည်။ လင်းရုဖေးက လှည့်ကြည့်လိုက်ရာ နောက်ကျောတွင် လေးရှည်အား လွယ်လျက် သူအရှေ့သို့ အမြန်ပြေးလာသည့် အဝတ်ထူထူဝတ်ထားသည့် ဆံပင်တို လူငယ်လေးအားတွေ့လိုက်ရ၏။ အနှီလူငယ်လေးတွင် အသက်ဝင်နေသည့် ကြယ်များကဲ့သို့ တောက်ပလင်းလတ်နေသော မျက်၀န်းတစ်စုံနှင့်အတူ ခန့်ညားသေသပ်လှသည့် မျက်ခုံးတန်းလေးလည်းရှိလေ၏။


သူ့ရဲ့ဆံပင်က အရမ်း မရှည်သော်လည်း နောက်ကျောဘက်တွင်မူ ဝက်မြီးပါးပါးရှိလေသည်။ 


"သခင်လေး...ဖြေးဖြေးပြေးပါ..ဧည့်သည်ကို မခြောက်လန့်မိစေနဲ့"

ကျင်းယင်းက ဆုံးမလိုက်သည်။


ဆုံးမနေခြင်းဖြစ်သော်လည်း သူမ၏အသံနေအသံထားမှာ အလိုလိုက်မှုများ အပြည့်ဖြစ်နေသည်။ 


"အို့...ဒီကုန်းဇီက ဘယ်သူလဲ...သူ ဘယ်အချိန်က အိမ်တော်ထဲကို ဝင်ခဲ့တာလဲ..."


ကျူးယင်းက သခင်လေးဟုခေါ်သည့် လူငယ်လေးက မျက်တောင်လေးတစ်ဖြတ်ဖြတ်ခပ်ကာ လင်းရုဖေးဆီ လျှောက်လာ၏။


သူ့ရဲ့တောက်ပသည့် မျက်လူံးနက်များက သူ့အား သိချင်စိတ်အပြည့်ဖြစ်နေသော ခွေးပေါက်လေးတစ်ကောင်နှယ် အပေါ်အောက် စိုက်ကြည့်နေပြီးနောက် ဝေဖန်လိုက်လေသည်။


"သူက ချောလွန်းတယ်.. သူ့က မိန်းမပျိုတစ်ယောက်နဲ့ လျာထားပြီးပြီလားဆိုတာ သိချင်မိတယ်" 


လင်းရုဖေးက ရယ်မောလိုက်ရင်း "ကျွန်တော်မှာ လျာထားတဲ့ကြင်သူသက်လျာမျိုးမရှိသေးပါဘူး...သခင်လေးမှာ ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးဖို့ ရှိလို့လား" 


"အဟမ်း...ကျွန်တော့်မှာ လက်မထပ်ရသေးတဲ့ အစ်မရှိတယ်..သူမက ..အင်မတန် လှတယ်နော်"


သခင်လေးက အဓိပ္ပါယ်ရှိရှိ ပြုံးပြလိုက်ပြီး "ကျွန်တော်ကတော့ ခင်ဗျားက သူမနဲ့သင့်တော်တယ်လို့ထင်တယ်..သူမက ယဥ်ကျေးပြီး အားနည်းတဲ့သူမျိုးကို ကြိုက်တာလေ...ကိုယ်ခံပညာ ရူးသွပ်သူတွေကို စိတ်မဝင်စားဘူး-"  


"သခင်လေး...သခင်လေး.."


ကျူးယင်းက သူမ၏သခင်လေးက အဓိပ္ပါယ်မရှိသည်များပြောဆိုနေသည်ကိုကြားသည့်အခါ ချက်ချင်းပင် စိုးရိမ်လာမိသည်။ အနှီလင်းမိသားစုဝင််က သူမတို့၏မိသားစုက အမှားမလုပ်သင့်သော အလွန်အရေးပါသည့် ဧည့်သည်တစ်ယောက်ဖြစ်သည်။ အဆိုးမြင်စိတ်ရှိသူသာဖြစ်နေပါက၊ သူမ၏သခင်လေးကသာ သူ့အား ဒေါသထွက်သွားစေပါလျှင် အကျိူးဆက်ကောင်းမည် မဟုတ်ပေ။ 


သူမက စိုးရိမ်ကြောင့်ကြစွာ ပြောလိုက်၏။


"ဒီကုန်းဇီက အရေးကြီးဧည့်သည်ပဲ..သခင်လေးဆက်ပြီးပါးစပ်က မဟုတ်တာတွေပြောနေဦးမယ်ဆိုရင်..သခင်မကြီးက ရိုက်လိမ့်မယ်..." 


“ကျစ်..ကျစ်..ကျစ်.."


သခင်လေးက ဤစကားများကြားသောအခါ သူ၏လျှာနှင့် အကြိမ်အနည်းငယ် ကျစ် သတ်လိုက်ရင်း လေအလျင်နှင့်ထွက်ပြေးသွားလေ၏။ သူက မထွက်ခွာမီ လင်းရုဖေး၏စေ့စပ်ပွဲကိစ္စအား အတည်တကျလုပ်ရန် မမေ့ချေ။ သူက သူ၏အမနှင့်ကိစ္စမှာ အတည်တကျဖြစ်သွားပြီဖြစ်ပြီး သူ့မိဘများအား ချက်ချင်းပြောပြလိုက်မည်ဖြစ်ကြောင်း ပြောလေ၏။


ဤသည်က ဒေါသဖြင့် ထရိုက်လုနီးပါးအထိ ကျင်းယင်းအား စိတ်ဆိုးသွားစေသည်။  


"လင်းကုန်းဇီ..စိတ်ထဲမရှိဖို့မျှော်လင့်ပါတယ် သခင်လေးက သခင်မကြီးရဲ့အငယ်ဆုံးသားလေးလေ သူက အမြဲတမ်း အချစ်ခံရဆုံးနဲ့အလိုလိုက်အခံရဆုံးဆိုတော့... ရိုးစင်းပြီးတဲ့တိုးပြောတတ်တဲ့သဘောသဘာ၀ရှိတယ်...သူ့စကားတွေက...သခင်လေးကို ထိပါးမိသွားသလိုဖြစ်သွားသွားစေခဲ့ရင်..." 


ကျင်းယင်းက သူမ၏အသံကိုနိမ့်ချလိုက်ပြီး "ကျေးဇူးပြု၍ စိတ်ထဲမထားလိုက်ပါနဲ့" 


လင်းရုဖေးက သူ့အားထိခိုက်သွားသည့်အရာမရှိပါဟု ဖော်ပြသည့်အနေဖြင့် ခေါင်းယမ်းပြလိုက်သည်။ သူက အနှီသခင်လေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် ထင်မြင်ချက်ရှိသည်။ သူ၏အကိုကြီးနှင့် ဒုတိယအစ်ကိုတို့မှာ သူ့အား ထိုသို့သောပုံစံမျိုးဖြစ်စေချင်ကြသော်လည်း မအောင်မြင်ကြပေ။ အဆုံးတွင် ဤကိစ္စမှာ သူတို့၏နှလုံးသားထဲ၌ အထုံးအဖွဲ့တစ်ခုဖြစ်လာခဲ့၏။ 


စင်္ကြံ၏ဘေးနှစ်ဖက်တွင် ဝစ်စတီးရီးယားပန်းပွင့်များဖြင့် စိမ်းလန်းသာယာနေကာ အောက်ခြေ၌ ဖြတ်သန်းစီးဆင်းနေသည့် ချောင်းရေကြည်လေးရှိပေသည်။ ငါးကြင်းများနှင့်ပုစွန်များက စမ်းချောင်းထဲတွင် ပြေးလွှားနေကြသည်အား မပီမပြင်မြင်နေရပြီး ထပ်ပေါင်းဆိုရလျှင် မြင်ကွင်းကို အလွန်အမင်း ပြိုင်ဘက်ကင်းကာ ရသမြောက်ပေသည်။  


မုန့်အိမ်တော်နှင့် ရှဲ့အိမ်တော်ရှိ လေထုကလည်း ကွာခြားပေသည်။ တစ်ခုက အေးမြပြီး ဆိတ်ငြိမ်ကာ ကျန်တစ်ခုက နွေးထွေးပြီးအသက်ဝင်လေသည်။ သူအတွက်သည်ကား မုန့်အိမ်တော်က ပို၍အိမ်ကဲ့သို့ ခံစားရသည်။ 


ကျူးယင်းက စင်္ကြံအဆုံးတွင် ချိတ်ထားသည့် ဝါးခန်းဆီးအား မလိုက်ပြီး လင်းရုဖေးအား အခြားကမ္ဘာတစ်ခုနှင့် မိတ်ဆက်ပေးလိုက်လေသည်။ 


ဥယျာဥ်အတွင်းတွင် ပန်းမျိုးရာနှင့်ချီ၍ ပွင့်လန်းနေကြကာ ရာသီရောက်မှပွင့်လန်းသည့် ပန်းများအလုံးစုံလည်း ရှိပေသည်။ လင်းရုဖေးက ရေကန်ထဲတွင် အပြည့်ပွင့်နေသည့်ကြာပန်းအား တွေ့လိုက်ရပြီး ရေကန်ဘေးမှ သစ်ပင်မှာမူ ကောင်းမွန်လှသည့် အနီရောင် မက်မန်းပင်ဖြစ်သည်။ မတူညီသော ရာသီနှစ်ခုတွင် ပွင့်ဖူးသည့် အပွင့်လေးများမှာ တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်စွာ ဖြည့်ဆည်းပေးနေကြပြီး အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကိုပုံဖော်ပေးနေတော့၏။ 


ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသည့်အခါ မုန့်မိသားစုမှ တည်ခင်းထားသည့် စားသောက်ပွဲကြီးအား မြင်တွေ့လိုက်ရသည်။ တည်ခင်းဧည့်ခံထားသည့်စားပွဲတွေ ဘေးတွင်မူ မုန့်မိသားစုခေါင်းဆာင်နှင့် မိသားစုဝင်များက လင်းရုဖေးအား အချိန်အတန်ကြာစောင့်နေကြလေသည်။ သူတို့က ကျူးယင်းနောက်မှလိုက်ပါလာသည့် လင်းရုဖေးအားတွေ့လိုက်ချိန်တွင် သူ့အား နွေးနွေးထွေးထွေးကြိုဆိုရန် ထရပ်ကြတော့သည်။


 _ _ ____


Translated By IQ-Team.