အပိုင်း ၄၆
Viewers 14k

Chapter 46

 မုန့်မိသားစု -2

မုန့်မိသားစုခေါင်းဆောင်အမည်မှာ မုန့်ရှန်းရှင်းဖြစ်လေသည်။သူက အသက်တစ်ရာပြည့်ပြီးဖြစ်လင့်ကစား သူ၏မျက်နှာမှာမူ လူငယ်လေးနှင့် ထူးမခြားနားနုပျိုလွန်းလှသည်။ သူက အသက်နှစ်ဆယ်အရွယ်ဝန်းကျင်တွင် ကျင့်ကြံခြင်းအဆင့်ငါးကို ချိုးဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်နိုင်ပေ၏။ ကျင့်ကြံခြင်းအဆင့်ငါးအား ချိုးဖြတ်နိုင်သူများမှာ သူတို့၏ပုံပန်းသွင်ပြင်ပြောင်းလဲမှုများ ရပ်တန့်သွားကာ ထို့အစား ငယ်ရွယ်သည့် ပုံစံလေးအတိုင်း ဆက်၍တည်ရှိနေပေလိမ့်မည်။

မုန့်ရှန်းရှင်းက အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ရှိသည့် လူလေးယောက်ဘေးမှ မတ်တပ်ရပ်လာ၏။ သူတို့ထဲမှတစ်ယောက်မှာ သူ၏အမျိုးသမီးဖြစ်ပုံရပြီး ကျန်သူများမှာ သူ၏ကလေးများပင်ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ သူအခုတင် စင်္ကြံလမ်းတွင် တွေ့ခဲ့ရသည့် ကောင်ချောလေးပင်။

လင်းရုဖေးက သူတို့အား ကြည့်နေပြီး ထိုသူတို့ကလည်း လင်းရုဖေးအား လေ့လာနေ၏။ လင်းမိသားစု၏စတုတ္ထမြောက်သားအား ကြားဖူးခဲ့သည်မှာကြာပြီဖြစ်သော်ငြား ကြားရသည်ထက် မြင်တွေ့ရသည်က ပိုကောင်းလိမ့်မည်။ လင်းမိသားစု၏စတုတ္ထမြောက်သားမှာ အမှန်ပင် ချောမောလှသည်။ သာမန်လူများ ဖျားနာရာတွင် လူများက လေထုထဲတွင် အဆင်မပြေသည့် ဖျားနာမှုကို ခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။

သို့သော်လည်း အနှီဖျော့တော့နေသော မျက်နှာက လင်းရုဖေးပေါ်တွင် ရှိနေသည့်အခါ ဤသည်က သူ့အား လှပကာ အားနည်းနေသည့် ဆွဲဆောင်မှုအားပေးစွမ်းလေသည်။ ပုံမှန်မျက်လုံးနက်များထက် အရောင်ဖျော့နေသည့် ထိုမျက်လုံးများက အပြုံးပါးပါးလေးအဖြစ် အတန်ငယ်ကွေးညွတ်သွားလေ၏။ သူ၏ မျက်တောင်စိပ်စိပ်လေးများက တောင်ပံများနှယ် ပျံသန်းရန် အဆင်သင့်ဖြစ်နေသော လိပ်ပြာကလေးအတိုင်း ဖြစ်နေကာ ထို့အတွက်ကြောင့် သူ၏အားနည်းနေသည့် ပူပန်းသွင်ပြင်မှာ ရှီးဇီထက်ပင် ပို၍လှပနေ၏။

လင်းရုဖေး၏ ဆံနွယ်များမှာ မက္ကိုင်ဖြင့် ထုံးဖွဲ့ထားကာ အရောင်တူသည့် ဝတ်ရုံနှင့်အတူ အထပ်များပါရှိပြီး ဖြန့်ချထားသည့် နဂါးပုံထိုးထားသည့် ပိုးထည်ဖြင့် ချုပ်လုပ်ထားသော အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားပေသည်။ တိမ်လွှာများကဲ့သို့ စီးဆင်းနေသည့်ဟန် ပုံဖော်ထားသော ကျောက်စိမ်းပျော့ကိုလည်း ခါးထက်တွင် ချည်နှောင်ထားကာ သူ၏ ဆင်ယင်ပုံမှာ ပစ္စည်းအနည်းငယ်သာ ပါဝင်သော်လည်း မြင့်မြတ်သည့် အရှိန်အဝါအား လွှမ်းခြုံထားဆဲပင်ဖြစ်သည်။ ထိုအရာများအား နားလည်သောသူများမှာ ပထမဆုံးအကြည့်နှင့်ပင် သူ၏ထင်ရှားသောသွင်ပြင်မှာ သာမန်မဟုတ်ကြောင်း ပြောနိုင်၏။

“ကုန်းဇီ...ကုန်းဇီ..ကျေးဇူးပြုပြီး ဒီလာပါ..”

မုန့်မိသားစု၏သခင်လေးက လင်းရုဖေးအား တွေ့တွေ့ချင်းမှာပင် ပြုံးစစ ပြုလေ၏။ သူက သူ၏မိခင်ထံမှ ကြိမ်ဖန်များစွာ စိုက်ကြည့်ခြင်းခံနေရစဥ်ပင် သူ့အား ဘေးတွင်လာထိုင်ရန် စိတ်ဝင်တစား နှုတ်ဆတ်လာလေသည်။ မည်သို့ပင်ဖြစ်စေ သူက သူ၏နားရွက်တွေ လိမ်ဆွဲခံရသည့်တိုင် ထိုသခင်လေးအား သူကိုယ်တိုင် လေ့လာချင်သည့်ဆန္ဒကရှိနေဆဲပင်။

မုန့်သခင်မကြီးက အံကြိတ်လိုက်ရင်း သူမ သားအရင်း၏နားကိုလိမ်ဆွဲလိုက်ပြီးနောက် ပြစ်တင်ကြိမ်းမောင်းလိုက်၏။

“လင်းကုန်းဇီက ဂုဏ်သရေရှိဧည့်သည်တစ်ယောက်....မင်းပါးစပ်ကို သရမ်းဖို့ ဘယ်သူခွင့်ပြုလို့လဲ...မင်းက နေ့စဥ်နဲ့အမျှအားလုံးကို ပတ်ပြီးအရူးလုပ်နေတတ်တယ် ဒီလိုသာကြပ်ကြပ်လုပ် တကယ်တန်း မင်း အကျပ်အတည်းနဲ့ကြုံလာခဲ့ရင် ဘယ်သူကမှ မင်းကို အရေးလုပ်ကြတော့မှာ မဟုတ်ဘူး..-“

အဆူခံလိုက်ရသည့် မုန့်သခင်လေးမှာ မျက်နှာရှုံ့တွသွားလေသည်။ သို့သော် သူက အရှုံးမပေးလိုသေးပေ။ သူက စကားမပြောရတော့သည့်အခါ လင်းရုဖေးထံ မျက်လုံးအမူအရာများ ဆက်၍ ပြနေသေးသည်။ လင်းရုဖေးသည်လည်း သူနှင့်ပတ်သက်၍ ခံစားချက်ကောင်းရှိသဖြင့် ပြုံးပြလိုက်ကာ အမှန်ပင် သူ့ဘေးနားတွင် သွားထိုင်လိုက်လေ၏။

“လင်းကုန်းဇီ..ကျွန်တော့်သားက ဆိုးတယ်ဗျာ...”

မုန့်ရှန်းရှင်းက သူ့အား ဖျောင်းဖျပြောဆိုလိုက်သော်လည်း လင်းရုဖေးက သူ့အနေဖြင့် အဆင်ပြေသည့်အကြောင်း လက်ယမ်းပြလာသည်ကို မြင်လိုက်ရ၏။

သူက အပြုံးလေးနှင့်ဆိုလိုက်သည်။

“ဦးလေးနဲ့ကျွန်တော့အဖေက မိသားစုလိုမျိုး မိတ်ဆွေတွေပါ..ဒါကြောင့် အရမ်းကြီးယဥ်ကျေးဖို့မလိုပါဘူး..ဦးလေးရဲ့သားက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်....ကျွန်တော် သူ့ကို အများကြီး သဘောကျပါတယ်..”

“ဒီ...”

မုန့်ရှန်းရှင်းတစ်ယောက် အတန်ငယ် ရပ်တန့်မိသွားသည့်အချိန်တွင် သူ၏သားမှာမူ ဤသည်ကို ချက်ချင်းအခွင့်ကောင်းယူလိုက်သည်။ ပြုံးပြရင်းဖြင့် သူက အရက်ခွက်ကို ကိုင်လိုက်ပြီးနောက် အရက်ငှဲ့လိုက်လေသည်။ ထို့နောက် သူက လင်းရုဖေးအား ကြည့်လိုက်ကာ သူက ပထမဆုံး ခွက်မြောက်ပြလိုက်ရင်း ခွက်ကိုချပေးလာသည်။

လင်းရုဖေးက သူသည် ရုပ်ပိုင်းဆိုင်ရာအရ နေမကောင်းဖြစ်နေသောကြောင့် အရက်အစား လက်ဖက်ရည်နှင့်သာ ခွက်တိုက်လိုက်ရသည်။

ထိုသို့သော ရယ်စရာကောင်းတဲ့လူတစ်ယောက်ကြောင့် ညစာစားပွဲရှိ လေထုမှာ အသက်ဝင်လာပြီး ဖော်ဖော်ရွေရွေရှိလာ၏။

စကားစမြည်ပြောနေစဥ်အတွင်းတွင် လင်းရုဖေးက မုန့်မိသားစုတွင် ယောကျ်ားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက် စုစုပေါင်း သုံးယောက်ရှိကြောင်းသိရှိသွားသည်။ အကြီးဆုံးအစ်ကို မုန့်လန်ချောင် ၊ ဒုတိယအစ်မ မုန့်ယိုယွဲ့ နှင့် သူ၏အရှေ့ရှိ လွန်စွာမှသက်ဝင်တက်ကြွနေသော သခင်လေးဖြစ်သည့် အငယ်ဆုံးသားလေး မုန့်လန်ရောတို့ပင် ဖြစ်သည်။

လင်းရုဖေး၏ကျန်းမာရေးမကောင်းသည်အား သိနေသောကြောင့် စားပွဲပေါ်ရှိ အစားအသောက်များမှာ အလွန်ပင်ပေါ့၍ နေမကောင်းဖြစ်နေသည့် လူမမာအတွက် အလွန်အမင်း သင့်လျော်လွန်းသည်။

လင်းရုဖေးတွင် အစာစားချင်စိတ်ကောင်းကောင်းမရှိသော်လည်း မုန့်မိသားစုအား မျက်နှာသာပေးရန် သူ့အရှေ့မှ အစားအသောက်အချို့ကို စားရန်အတော်လေးကြိုးစားလိုက်ရ၏။

သူက ဗိုက်ပြည့်သွားသည်နှင့် သူ၏သိုလှောင်လက်စွပ်ထဲမှ ဓါးသိုင်းပြိုင်ပွဲအတွက် ဖိတ်ကြားစာအား ထုတ်ယူလိုက်ပြီး မုန့်ရှန်းရှင်းထံ ကမ်းပေးလိုက်သည်။

မုန့်ရှန်းရှင်းက လင်းရုဖေးထံ ဂါ၀ရပြုဟန်ကိုယ်ကိုညွတ်ပြပြီးနောက် ကမ်းပေးသည့် ဖိတ်ကြားလွှာကိုယူလိုက်ရင်း နောက်ထပ် မည်သည့်နေရာသို့သွားမည်ကို မေးလာသည်။

လင်းရုဖေးက ခပ်တိုးတိုးချောင်းအသာဆိုးလိုက်ရင်း သူက အခြားအစီအစဥ်များမချမီ သူ၏ဖျားနာမှုအား ကုသရန် ရှင်းကျိူးမြို့တွင် တည်းခိုခန်းရှာရန် စီစဥ်ထားကြောင်း ပြောပြလိုက်၏။

မုန့်လန်ရောက ဤသည်အားကြားသည်နှင့် ချက်ချင်းပင် သူ၏မျက်နှာအား လင်းရုဖေးရှေ့သို့ ပို့လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလာသည်။

“ဒါက ဒီလိုကိုး..လင်းကုန်းဇီ ..ဘာကြောင့်မုန့်အိမ်တော်မှာ မနေတာလဲ..ကျွန်တော်အာမခံတယ်..မုန့်အိမ်တော်နဲ့ယှဥ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းကောင်းရှိတဲ့ တည်းခိုခန်းမျိုး ဒီရှန်းကျိုးမြို့မှာမရှိဘူးဆိုတာ...”

လင်းရုဖေးက တစ်ခဏမျှ အေးခဲသွားသည်။ သူက မည်သည်မျှ မပြောရသေးမီ မုန့်လန်ရောက နူးညံ့သောအိပ်ရာများ၊ အရသာရှိသော အစားအသောက်များနှင့် အခြားနေရာတွင်ရှိသည့် အရာများထက်ပိုလှပသည့် ခြံဝန်းထဲမှပန်းပင်များ စသည့်မုန့်အိမ်တော်၏ ကောင်းခြင်းကောင်းရာအဖြာဖြာကို တရစပ် ပြောလာသည်။ သူက လင်းရုဖေးပင် ကြားဖြတ်ပြောလို့ရမည့် အချိန်မရှိအောင် အမြန်အဆန်ပြောလာသည်။

အဆုံးတွင်မူ မုန့်သခင်မကြီးက သူ့ခေါင်းအားခေါက်လိုက်ပြီး ဒေါသတကြီးဆူပူလိုက်၏။

“မင်းက ဧည့်သည်တွေရဲ့ တုံ့ပြန်ချက်ကို မကြည့်နိုင်လောက်အောင်ကို စကားပြောရအလုပ်ရှုပ်နေလိုက်တာ”

ထို့နောက် သူမက လင်းရုဖေးအား အပြုံးလေးဖြင့်ကြည့်လိုက်ရင်း : “လင်းကုန်းဇီ..သူက အမြဲတမ်းဒီလိုပဲ..ကျေးဇူးပြုပြီး အမှတ်မထားလိုက်ပါနဲ့”

လင်းရုဖေးက ပြုံးပြလိုက်ပြီး သူအဆင်ပြေကြောင်းပြရန် လက်ယမ်းပြလိုက်သည်။

သို့ရာတွင်မူ မုန့်လန်ရောက အမှုထားခြင်းမရှိဆဲဖြစ်သည်။

သူက လင်းရုဖေး၏ အဝတ်အား ရုတ်တရက်ဆွဲကာ ပြောလာသည်။

“လင်းကုန်းဇီ သခင်လေးက စားပြီးတာနဲ့ ထွက်သွားပြီး တည်းခိုခန်းမှာ သွားနေတယ်..တကယ်လို့ တခြားသူတွေသာ ဒါကိုသိသွားရင် ကျွန်တော်တို့က ဧည့်သည်ကို ကောင်းကောင်းမဆက်ဆံဘူးလို့ အပြစ်တင်လာကြတော့မှာမဟုတ်ဘူးလား”

သူက ထိုကဲ့သို့စကားဆိုပြီးသည်နှင့် သူက အမှန်ပင် ပျင်းရိငြီးငွေ့နေသည်အကြောင်းအား တတွတ်တွတ်ပြောနေသေးသည်။ သိပ်မကြာခင်လေးတင်မှ ဤသို့သော စိတ်ဝင်စားဖွယ် ကစားဖော်အား တွေ့ဆုံခဲ့ရပြီး သူ့အား ယခုချက်ချင်း အလွယ်တကူ ထွက်သွားခွင့်ပြုလိုက်ရခြင်းက အလွန်ပင်စိတ်မကောင်းဖွယ်ဖြစ်စရာပင်။

ခဏအကြာသော် လင်းရုဖေးခမျာ အော်ရယ်လိုက်မိ၏။

မုန့်ရှန်းရှင်းက ပေါ့ပေါ့ပါးပါးပြုံး၍ ပြောလာသည်။

“လင်းကုန်းဇီ..ဘာကြောင်များ ကျွန်တော့်အိမ်မှာ ရက်နဲနဲလောက်မနေကြည့်တာလဲဟင်”

လင်းရုဖေးက မုန့်မိသားစုအား အလုပ်များစေမည်စိုးတာကြောင့် ငြင်းဆန်ချင်ခဲ့၏။ သို့သော်လည်း မုန့်လန်ရောက သူ့မျက်နှာအား သူ့နှာခေါင်းနှင့် ထိလုနီးပါး နီးနီးကပ်ကပ်ရွေ့လာပြီး မျက်၀န်းနက်လေးတစ်စုံက သူ့အား သနားစဖွယ်ကြည့်လာသည်။ လင်းရုဖေးက အမှန်ပင် ခုခံနိုင်စွမ်းမရှိတော့သဖြင့် နောက်ဆုံးတွင် လက်ခံလိုက်ရတော့သည်။ အနှီမုန့်လန်ရောက သန်မာသည့် စိတ်ဝိဥာဥ်ဖြင့် မွေးဖွားလာခဲ့ပုံရပြီး သူက အရှက်မရှိလုပ်ရမည့်အရာမျိုးတွင် အတော်လေးအရည်ထူပေ၏။

မုန့်မိသားစုမှာ မုန့်လန်ရော၏အရှေ့မှ လင်းရုဖေး၏ မသာမယာဖြစ်နေသည့် ပုံစံအား ကြည့်နေရင်းဖြင့် မပြုံးဘဲမနေနိုင်အောင်ပင်။ မုန့်ရှန်းရှင်းက ဘေးတွင်ရပ်နေသည့် ကျူးယင်းအား လင်းရုဖေးနှင့် သူ၏အစေခံမလေးများအတွက် အကောင်းဆုံးအခန်းများပြင်ဆင်ထားရန် ညွှန်ကြားလိုက်၏။

ထို့ကြောင့် သူတို့က မုန့်အိမ်တော်တွင် နေထိုင်ရန်မှာ အတည်တကျဖြစ်သွားလေသည်။

သူတို့တွေ စားသောက်လို့ပြီးစီးသွားချိန်တွင် အတော်လေးနောက်ကျနေပြီဖြစ်သည်။ ပုံမှန်အားဖြင့် မုန့်လန်ရောက လင်းရုဖေးအား စကားစမြည်ပြောရန် ဆွဲခေါ်ချင်ပါသော်ငြား သူ၏နားများမှာ မုန့်သခင်မကြီးထံမှ အဆွဲခံလိုက်ရပြီးနောက် အဝေးသို့ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။ မုန့်သခင်မကြီးက လင်းရုဖေးအား တောင်းပန်ဟန် ပြုံးပြလိုက်ပြီး လင်းကုန်းဇီမှာ ခရီးရှည်ထွက်လာခဲ့ရ၍ ကောင်းကောင်း အနားယူရန်လိုအပ်ကာ မနက်ဖြန်တွင်မှ တခြားအကြောင်းအရာများ ပြောကြရန် ဆိုလာသည်။ဆက်၍ သူက တစ်စုံတစ်ရာလိုအပ်ပါက ကျူးယင်းအား ခိုင်းနိုင်ကြောင်း ထပ်ပြောလိုက်လေ၏။

မုန့်လန်ရောက သူ၏အသံကို အားစိုက်ထုတ်ပြီး လင်းရုဖေးအား သူသည် မနက်ဖြန်တွင် ကစားရန် လာခေါ်မည်ဖြစ်ကြောင်း အော်ပြောလိုက်သည်။

လင်းရုဖေးက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်၏။

ကျူးယင်းက သူတို့သုံးဦးအား ပြင်ဆင်ထားသည့် အခန်းများဆီ ခေါ်ဆောင်လာသည်။ မုန့်အိမ်တော်မှာ အလွန်ပင် ကြီးမားပြီး လမ်းဖြတ်လျှောက်သွားရသည်က ဝင်္ကပါထဲသို့ လျှောက်နေရသည့်နှယ်။ သူတို့က သပ်ရပ်သည့် အဆောက်အအုံတန်းအား မမြင်မိသည်အထိ ဥယျာဥ်ထဲတွင် အချိန်အတန်ကြာ ဘယ်ညာ ပတ်ချာလှည့်နေခဲ့ကြရသည်။

အဆောက်အအုံမှာ စိမ်းလန်းဝေဆာသည့် ပန်းပွင့်များနှင့် အပင်ငယ်များ အလယ်တွင်ရှိကာ တံတားငယ်လေးနှင့် စမ်းချောင်းတိမ်တိမ်လေးတို့မှာလည်း နဘေးတွင်ရှိလေသည်။ သူက အကြည့်တစ်ချက်ဖြင့်ပင် ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ကြောင်း ပြောနိုင်၏။

ကျူးယင်းက ဤသည်မှာ သူမသခင်လေးအမြဲလိုလိုနေတတ်သည့် နေရာဖြစ်၍ အရာတိုင်းအား ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း ပြောပြလာသည်။ သို့သော်လည်း သူတို့က လင်းရုဖေးအား သက်တောင့်သက်တာရှိစေရန်နှင့် သူ့အား အိမ်တွင်နေသကဲ့သို့ ဖြစ်စေရန် ယနေ့တွင် အရာအားလုံး ပြန်လည်ရှင်းလင်းပြင်ဆင်ထားလေသည်။

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်ရင်း သူမအား ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ သူက သူ၏အင်္ကျီလက်ထဲမှ ကျူးယင်းအား ဆုချရန် ရွှေစအနည်းငယ် ထုတ်လိုက်သည်။ သို့သော်လည်း သူမက မုန့်လန်ရော၏ပထမဆုံးအစေခံဖြစ်ပြီး သူမကဲ့သို့အစေခံမလေးများ လေးငါးယောက်ခန့်ရှိသေးကြောင်း ပြောကာ အပြုံးလေးနှင့် ငြင်းဆန်လိုက်သည်။ သူမက ဧည့်သည်များထံမှ ပစ္စည်းများ လက်မခံရဲပေ။

လင်းရုဖေးက ဤသည်ကို မြင်သည့်အခါ သူမအား လက်ခံရန် တွန်းအားမပေးတော့ချေ။

လင်းရုဖေးအား အခန်းထဲသို့ ပို့ဆောင်ပေးပြီးနောက်တွင် သူမက အပြင်တွင် စောင့်နေမည်ဖြစ်ကြောင်း ပြောကာ ထွက်သွားလေ၏။ သူသာ တစ်စုံတစ်ရာ လိုအပ်ပါက သူမအား အော်ခေါ်လိုက်ရုံပင်။ ဖူဟွားနှင့်ယွီရွေ့တို့ကလည်း သူမတို့၏အခန်းဆီသို့ ဝင်သွားကြပြီး လင်းရုဖေးသာ သူ့အခန်းထဲတွင် တစ်ယောက်တည်းကျန်နေခဲ့တော့သည်။

လင်းရုဖေးတစ်ယောက် မုန့်မိသားစုထဲသို့ ဝင်လိုက်သည်နှင့် ပျောက်သွားသော ကုရွှမ်းတုက နောက်ဆုံးတွင် လင်းရုဖေးဘေးမှ ပေါ်လာသည်။

သူက လက်ဖက်ရည်ခွက်အားယူ၍ တစ်ငုံမျှ မသောက်မီ : “အဲ့ဒီမုန့်မိသားစုရဲ့ သခင်ငယ်လေးက တော်တော် စိတ်ဝင်စားစရာကောင်းတပါ”

လင်းရုဖေးက သူ့မျက်ခုံးများအား ပင့်လိုက်ရင်း “စိတ်ဝင်စားဖို့ကောင်းတယ်လား”

ကုရွှမ်းတုက ခေါင်းညိတ်ပြလိုက်သည်။

“သူက ဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတာလဲ”

လင်းရုဖေးက မေးလိုက်၏။

“အိမ်မှာရှိတဲ့ မင်းအစ်ကိုတွေ...သူတို့က မင်းကို သူ့လိုမျိုး ဆိုးဆိုးလေးဖြစ်စေချင်ကြတာ”

ကုရွှမ်းတု၏ လုံးဝန်းကာရှည်သွယ်သည့် လက်ချောင်းလေးများက ခွက်၏အနားစွန်းအား ပွတ်သတ်နေရင်း “ဒါပေမယ့်...”

လင်းရုဖေးက သူ၏မျက်ခုံးတစ်ဖက်ကို အမှတ်မထင် ပင့်တင်လိုက်မိပြီး :”ဒါပေမယ့်... ဘာဖြစ်တာလဲ”

ကုရွှမ်းတုက ပြုံးလိုက်သည်။

“ဒါပေမယ့် မင်းရဲ့ဒီပုံစံလေးကို ကိုယ်ပိုကြိုက်တယ်”

လင်းရုဖေးက ခပ်ယဲ့ယဲ့လေး ပြုံးပြလိုက်မိသည်။ သူက အနှီအကြီးအကဲ၏ ပန်းကဲ့သို့မွှေးပျံ့ချိုသာသော ပါးစပ်အား ကျင့်သားရနေပြီးဖြစ်သည်။

သူက ဖျားနေဆဲဖြစ်တာကြောင့် လင်းရုဖေးမှာ ပင်ပန်းနွမ်းနယ်လာပြီး ဆေးနောက်ထပ်တစ်ကြိမ်သောက်ပြီးသည်နှင့် အိပ်ရာဝင်တော့သည်။ သို့သော်လည်း သူက အိပ်ရာမဝင်မီ သူယခင်က အနံ့မရဖူးသည့် ထူးဆန်းသည့် ပန်းရနံ့အား မသဲမကွဲရလိုက်သည်။ သူက အနှီပန်းအမျိုးအစားအား မသိသော်ငြား ရနံ့မှာ လန်းဆန်းကြော့ရှင်းကာ များစွာ ပြင်းထန်ခြင်းမရှိချေ။

“အဲ့တာ ဘာနံ့လဲ”

လင်းရုဖေးက အိပ်ချင်မူးတူးဖြစ်နေရင်းမှ မေးလိုက်မိ၏။

“အဲ့တာ ချီလင်မြက်ပဲ[1]”

ကုရွှမ်းတုက ပြန်၍ မသဲမကွဲဖြေလိုက်သည်။

ချီလင်မြက်လား....သူက စိတ်တည်ငြိမ်သည့် အကျိုးသက်ရောက်မှုရှိသည့် အနှီမြက်ပင်အကြောင်းကို ရေးတေးတေး မှတ်မိသည်။

လင်းရုဖေးက “အို့”ဟုရေရွတ်လိုက်ပြီးနောက် ချိုသာရိုးရှင်းသည့် အိပ်မက်နယ်မြေဆီသို့ ကျရောက်သွားပေပြီ။

ထိုကဲ့သို့ သီးသန့်ညလေးတွင် လင်းရုဖေးက အလွန်ကောင်းမွန်စွာ အိပ်စက်ခဲ့ရပြီး ထူးဆန်းသည့် အိပ်မက် တစ်ခုလေးသော်မျှ မဖြစ်မက်မိချေ။ နောက်နေ့မနက်တွင် သူ၏အဖျားမှာ အတော်ပင်ကျသွားပြီး ပို၍အားရှိလာသည်အား ခံစားလိုက်ရ၏။

မနက်စာစားပြီးသည့်နောက်တွင် မုန်းလန်ရော၏အသံက တံခါးအပြင်မှ ထွက်လာချိန်တွင် လင်းရုဖေးက ရာသီဥတုကြောင့်လား..သို့မဟုတ် နောက်ထပ်ဆေးသောက်ရမည်ကြောင့်လား တွန့်ဆုတ်နေချိန်ဖြစ်သည်။ သူက ကျူးယင်း၏ ဟန့်တားမှုအား လျစ်လျူရှုလိုက်ကာ စိတ်အားထက်သန်စွာ ဝင်လာတော့သည်။

_ __

စာရေးသူမှာ ပြောစရာရှိတယ်~

ကုရွှမ်းတုက အရှက်မဲ့စွာဖြင့် : ထူးထူးခြားခြား အားပြည့်စေမယ့် တစ်ခုခုကို ကိုယ်သိတယ်

လင်းရုဖေး : ဘာများလဲ...?

ကုရွှမ်းတုက ဆက်၍ အရှက်မဲ့စွာဖြင့် : မင်း အဲ့တာကို စားပြီးရင် မင်းလုံး၀ပျောက်ကင်းသွားမယ်လို့ ကိုယ်သေချာအာမခံပြီးပြောရဲတယ်

လင်းရုဖေး : ခင်ဗျားပြောမယ့်ဟာကိုသာ ပြောစမ်းပါ ..ဘာလို့ ခါးပတ်ကြိုး ဖြေသလိုကြာနေရတာလဲ..

────────────────────────────

[ T/N - ပရိတ်သတ်ကြီးအယောက်တစ်ရာရဲ့အဖြေကရော ဘာဖြေဆေးလို့ထင်သလဲဗျ 🤭 ]

─────────────────────

 [1] ဟုတ်ပြီ ..”ရွှေရောင်အချောင်းများ”လို့လည်းသိကြတယ်...သို့သော်လည်း သူက ပို၍အေးသောဟု အသံထွက်သောကြောင့် ချီလင်မြက်အဖြစ်နဲ့ပဲ ဆက်ပြောခြင်းပင်။

Translated By IQ-Team.