အခန်း ၁၆၃
Viewers 26k

အခန်း(၁၆၃) - သူမမှာ အတွေးတစ်ခုသာရှိသည်။ လီဝမ့်ကျင်းက ဒီလူတွေကိုဘယ်လောက်ပေးခဲ့တာလဲ။ (၂)


ကျောက်စိမ်းတုံးများသည် ပုံမှန်အားဖြင့်ဆိုလျှင် ထိတွေ့လိုက်တာနဲ့ အေးသည်။ သို့သော် ဒီကျောက်စိမ်းတုံးသည် ပူနွေးသောကျောက်စိမ်းနှင့်တူသည်။ သူ့လက်ထဲမှာ ကိုင်ထားရတာက သူ အခုနတုန်းကထက် နည်းနည်း‌လေးတောင်မှ ပင်ပန်းနွမ်းနယ်နေတာတွေ သက်သာလာသလို ခံစားလိုက်ရသည်။


ကွမ်းယွမ်က သူ့မြေးကွမ်းရီကို ကြည်နူးနွေးထွေးစွာကြည့်ပြီး "ရီ ဒီနားကို လာ" လို့ သူ့ကိုပြောခဲ့သည်။


သူ့မြေးသည် ယခုနှစ်တွင် အသက် ၁၂ နှစ်ရှိနေပြီး သူ့အသွင်အပြင်မှာ ၁၀ နှစ်သား ခန့်သာရှိသေးသည်။ တောက်ပသောမျက်ဝန်းများဖြင့် သူ့အဘိုးဆီသို့ လျှောက်လာပြီး အဖိုးဖြစ်သူ လက်ထဲက ကျောက်စိမ်းကို ယူသွားခဲ့သည်။


"အာ..."  သူက ပျော်ရွှင်သောအသံလေးကို ထုတ်လွှတ်လိုက်ပြီး ကျောက်စိမ်းတုံးကို သူ့ပါးပေါ်တင်ပြီး ပွတ်သပ်ကြည့်သည်။ သူကြည့်ရသည်မှာ နေရောင်အောက်တွင် နေပူဆာလှုံနေသည့် ကြောင်တစ်ကောင်နှင့်ပင်တူနေသည်။


"အဘိုး၊ ကျွန်တော် ဒါကိုကြိုက်တယ်" ကွမ်းရီ၏အသံသည် အလွန်ရှင်းလင်းပြတ်သားသည်။ သူသည် သူ့အဖိုးက သူ့အား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး သု့တွင် ရိုးသားဖြောင့်မတ်သောကိုယ်ရည်ကိုယ်သွေးတစ်ခုရှိသေးသည်။


ဒါကို ဘယ်လိုလုပ်ရမလဲ။ ကျောက်စိမ်းသည် လေးလံသည့်အဆင်တန်ဆာဖြစ်ပြီး အထူးသဖြင့် သူသည် အခြားတစ်ခုကို ခန္ဓာကိုယ်ပေါ်မှာ ၀တ်ဆင်ထားပြီးသားဖြစ်နေသည်။


စောစောက ပိုင်ရှစ်ယွင် လက်ဆောင်‌ပေးထားသော ကျောက်စိမ်းတုံးကို ဆွဲထုတ်လိုက်ပြီး သူ့အနီးအနားမှာ စောင့်နေတဲ့ အိမ်စေတစ်ယောက်ကို လွှဲပြောင်းပေးကာ ဖန့်ကျွင်းရုံ လက်ဆောင်ပေးသည့် ကျောက်စိမ်းတုံးကို ဂရုတစိုက်နေရာပေးလိုက်သည်။


ကွမ်းရီက ဖန့်ကျွင်းရုံကို ချိုသာယဉ်ကျေးသည့် အပြုံးလေးနဲ့ “ကျေးဇူးအများကြီးတင်ပါတယ် အစ်မကြီး” လို့ ‌ကျေးဇူးတင်လိုက်သည်။


ဖန့်ကျွင်းရုံကို သူက အသက်နှစ်ဆယ်၀န်းကျင်ခန့်ဟု ထင်နေပုံရသည်။ ထို့ကြောင့် အစ်မကြီးလို့ခေါ်တာက သင့်တော်သည့်အသုံးအနှုန်းဖြင့်  သုံးနှုန်းလိုက်တာဖြစ်သည်။


ပိုင်ရှစ်ယွင်သည် အံ့အားသင့်သွားသည်။ နှစ်တစ်သန်းအတွင်း သူမသည် သူမရွေးထုတ်ထားသော နွေးထွေးသောကျောက်စိမ်းကို ဤမျှဂရုမစိုက်ပဲ စွန့်ပစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။ အထူးသဖြင့် ကွမ်းရီသည် သူမကျောက်စိမ်းတုံးအား ဖန့်ကျွင်းရုံထံမှရရှိသော ကျောက်စိမ်းဖြင့် ဂရုတစိုက်နှင့်အစားထိုးလိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် သူမ၏ကျောက်စိမ်းတုံးသည် အမှိုက်သာဖြစ်ကြောင်း ကြေငြာခြင်းနှင့်တူသည်။


ပိုဆိုးတာက ကွမ်းရီက သူမကို အန်တီလို့ စောစောက ခေါ်ခဲ့ပေမယ့် အခု သူက ဖန့်ကျွင်းရုံကို အစ်မကြီးတစ်ယောက်လို ဆက်ဆံခဲ့သည်။


ပိုင်ရှစ်ယွင်သည် သူမမျက်နှာကို အကြိမ်ကြိမ်ရိုက်နှက်ခံရသကဲ့သို့ သူမ၏မျက်နှာဟာ ပူလောင်လာသည်။ သူမအား လူအများက လှောင်ပြောင်နေကြသည်ဟုပင် သူမခံစားမိသည်။ ထိုအရာက သူမအား အလွန်အမင်း စိတ်မသက်မသာဖြစ်စေခဲ့သည်။


ပိုင်ရှစ်ယွင်သည် ဒေါသထွက်ခြင်း၊ ရှက်ခြင်း၊ ဆုံးရှုံးခြင်းစသည့်အကြောင်းတို့ကြောင့် သူမနှုတ်ခမ်းများ လှုပ်ရှားသွားသည်။


ဒါကို သူမသာ ကြိုသိခဲ့ရင် သူမဟာ ဖန့်ကျွင်းရုံကို ရန်စဖို့ မရွေးချယ်ခဲ့ဘူး။ ဖန့်ကျွင်းရုံက အဆိပ်ပြင်းတယ်။ ဖန့်ကျွင်းရုံနှင့်တစ်ခုခုပတ်သက်မိတိုင်း သူမ အသာစီးမရခဲ့ပေ။


ကောယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါက ဒီနေ့ ငါရခဲ့တဲ့လက်ဆောင်‌တွေခဲမှာ အကောင်းဆုံးလက်ဆောင်ပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။"


ဖန့်ကျွင်းရုံသည် နောင်တွင် သူ့ကို အကူအညီတောင်းခဲ့လျှင် သူက သူမဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်မှာ သေချာသည်။ သူ့မြေးသည် သူ့အတွက် အလွန်အရေးပါပြီး ဖန့်ကျွင်းရုံ၏လက်ဆောင်သည် ပိုမိုအသုံးဝင်လာနိုင်သည်။


ပိုင်ရှစ်ယွင်သည် အဆက်မပြတ်ရိုက်ချက်များကို လက်ခံရရှိပြီးနောက် သူမ၏စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားခဲ့ရသော်လည်း သူမမျက်နှာကို ထိန်းသိမ်းထားရန်အတွက် ထွက်သွားခဲ့သည်။


အနည်းဆုံးတော့ သူမရဲ့လက်ဆောင်က တော်တော်ကောင်းပေမယ့် ဖန့်ကျွင်းရုံရဲ့လက်ဆောင်လောက်တော့ မကောင်းမွန်ခဲ့ဘူး။


ပိုင်ရှစ်ယွင်ဟာ သူမ နေနိုင်တဲ့ထောင့်တစ်နေရာကို အလျင်အမြန် ရှာတွေ့ခဲ့သည်။ သူမဟာ လွန်ခဲ့တဲ့နာရီဝက်ကလို မမောက်မာတော့ဘူး။ ရှုံးနိမ့်ခဲ့သောကြက်တစ်ကောင်ကဲ့သို့ညသူမခေါင်းကို မမော်ကြွားနိုင်တော့ပေ။


 ***


ထိုအချိန်၌ ကွမ်းယွမ်သည် သူ၏အခြားဧည့်သည်များနှင့်စကားပြောနေစဉ်ပင် ဖန့်ကျွင်းရုံအား လျစ်လျူမရှုခဲ့ပါ။ သူက သူမရဲ့ပွဲတက်‌ဖော်ဖြစ်တဲ့ ကျန်းသဲ့ရှန်းကိုတောင် ချီးကျူးစကားဆိုခဲ့ပြီး သူက အရမ်းကြည့်ကောင်းပြီး လီဝမ့်ကျင်းထက် အများကြီးပိုချောတယ်လို့တောင် ပြောခဲ့သည်။


ဖန့်ကျွင်းရုံက သူ‌ ပြောတာကို စိတ်နှလုံးအကြွင်းမဲ့ သဘောတူသည်။ သူမဟာ ငယ်ငယ်တုန်းက လီဝမ့်ကျင်းရဲ့ရုပ်သွင်ကိုပင် မမှတ်မိတော့ပါ။


အခြားဧည့်သည်များစွာကလည်း ဖန့်ကျွင်းရုံနှင့်စကားပြောဆိုရန် လမ်းလျှောက်လာကြသည်။ ပိုင်ရှစ်ယွင်ကဲ့သို့သောသူများသည် ဒီပွဲ၏ခြွင်းချက်ဖြစ်သည်။ ယနေ့ ဒီပွဲသို့ တက်ရောက်လာသည့် ဧည့်သည်အများစုသည်မိုက်မဲခြင်းမရှိပေ။ ဖန့်ကျွင်းရုံက အပေါ်ကိုတက်နေတဲ့ အရှိန်အဟုန်ရှိပြီး ​​အခု သူမကို ဘယ်သူမှ အလျင်စလို စော်ကားလိမ့်မှာမဟုတ်ဘူး။


စားသောက်ပွဲသည် မြန်ဆန်သွက်လက်စွာကျင်းပခဲ့ပြီး ဖန့်ကျွင်းရုံသည် အနည်းငယ်စားပြီးနောက် ကွမ်းယွမ်နှင့်အတူ ဥယျာဉ်ထဲ၌ အတူလမ်းလျှောက်ခဲ့သည်။


ကွမ်းယွမ်သည် တောင်တန်းများနှင့် မြစ်များ ဝန်းရံထားသော ဤဥယျာဉ်ကို ဒီဇိုင်းထုတ်ရန် ပညာရှင်များကို ဖိတ်ကြားပြုလုပ်ထားတာဖြစ်သည်။ အထူးသဖြင့် အကွေ့အကောက်များသောစင်္ကြံလမ်းသည် ရှားပါးသော အနုပညာလက်ရာတစ်ခုဖြစ်ပြီး သူမအနေနှင့် ထိုမြင်ကွင်းမျိုးကို လွယ်လွယ်ကူကူ မတွေ့နိုင်ပေ။


ညဥ့်အခါ ဤဥယျာဉ်ထဲမှာ လမ်းလျှောက်ရခြင်းသည် အလွန်ကွဲပြားခြားနားသော စိတ်ခံစားချက် ဖြစ်ပေါ်စေခဲ့သည်။


သူမ၏အတိတ်သင်ခန်းစာမှသင်ယူခြင်းဖြင့် ဤအချိန်၌ သူမသည် အပေါ်ထပ်အင်္ကျီကို ယူလာခဲ့သည်။ သူမ ဂျာကင်အင်္ကျီနှင့်မို့ မအေးလွန်းပါ။ ဧည့်သည်အများစုသည် ဧည့်ခန်းအတွင်း၌ရှိနေပြီး ဥယျာဉ်သည် သူတို့၏ခြေသံများကို ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။


စောစောတုန်းက သူမ၏ဒေါသထွက်မှုဟာ စတင် ဖြေဖျောက်လာခဲ့သည်။


သူမသည် လီဝမ့်ကျင်းနှင့် အိမ်ထောင်ကျစဉ်အချိန်က သူမသည် စားသောက်ပွဲများကို နည်းနည်းသာ တက်ရောက်ခဲ့သည်။  လူအများစုက လီဝမ့်ကျင်းကြောင့်ဟုထင်ကြပေမယ့် အမှန်မှာ သူမသည် ထိုမြင်ကွင်းများကို နှစ်သက်သောသူမဟုတ်ချေ။


ဖန့်ကျွင်းရုံဟာ သူမပြန်လည်မွေးဖွားပြီးနောက် သူမသည် ဤပွဲများကို ပိုမိုတက်ရောက်လာခဲ့သည်။ သူမဟာ ဟဲကျန့်ပင်းကို အရမ်းလေးစားသည်။ ဟဲကျန့်ပင်းက အမြဲတမ်း ဒီလိုမျိုးစားသောက်ပွဲတွေမှာ အဆင်ပြေပြေနေနိုင်ပုံရသည်။


ခဏလောက်လမ်းလျှောက်ပြီးတဲ့နောက် သူမက ခဏအနားယူရန်ထိုင်ဖို့စီစဉ်ခဲ့သည်။ သူမသည် လူလုပ်တောင်တန်းနှင့် ‌ကျောက်ဆောင်တို့က သူတို့ဘေးနားရှိ ရေကန်ကဲ့သို့ ချီးကျူးချင်မိသည်။ ရေကန်သည် အရွယ်အစားကြီးပြီး ရေတွေက အလွန်ကြည်လင်သည်။


သူမသည် သူမအတွက် ရံဖန်ရံခါ လမ်းလျှောက်ထွက်နိုင်အောင် ဤကဲ့သို့သောအရာမျိုးကိုလုပ်ရန် သူမကိုယ်တိုင် စဉ်းစားခဲ့သည်။


ခဏအနားယူပြီးနောက် သူမထတော့မည့်အချိန်တွင် တစ်စုံတစ်ယောက် စကားပြောနေတာကို သူမ ကြားလိုက်ရသည်။


“အမှန်အတိုင်းပြောရရင် ငါ ဖန့်ကျွင်းရုံကို တော်တော်လေး မနာလိုဖြစ်မိတယ်။ သူမက အမျိုးသမီးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူမ မကွာရှင်းခင်မှာဖြစ်စေ၊ သူမ ကွာရှင်းပြီးချိန်မှာဖြစ်စေ သူမက အမြဲတမ်း မနာလိုချင်စရာကောင်းတဲ့ လူတစ်ယောက်ပဲ။"


ဖန့်ကျွင်းရုံသည် သူမနှာခေါင်းကို အသာပွတ်လိုက်သည်။ သူတို့က သူမအကြောင်းပြောနေတာလား။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်လွန်းခဲ့တယ်။ ဒါက မတော်တဆသက်သက်ပဲလို့သူမ မထင်ဘူး။ သူမက ဒီစကားဝိုင်းကို ဆက်လက် နားထောင်ခဲ့သည်။


“မှန်တယ်။ သူမက ငါတို့နဲ့လုံးဝမတူဘူး။ လီဝမ့်ကျင်းကိုသာကြည့်ပါ။ သူ အခုနောင်တရနေပြီး သူမနဲ့တကယ် အတူပြန်နေချင်နေတယ်။”


"အဲဒါက နင် သေချာရဲ့လား။ လီဝမ့်ကျင်းက သူ့ချစ်သူနဲ့ရှိနေသေးတယ်လို့ ငါ ထင်နေတာ။"


“နင့်သတင်းက အရမ်းခေတ်နောက်ကျနေပြီ။  လီဝမ့်ကျင်းက အဲ့ဒီအမြှောင်မကို သူ့အိမ်ကနေ ကန်ထုတ်လိုက်ပြီးတော့ သူ အခု အချိန်တိုင်း သောက်နေတယ်လို့ ငါကြားတယ်။  သူက ဖန့်ကျွင်းရုံကသာ သူနဲ့အတူ ပြန်ပေါင်းချင်ရင် သူ့ပိုင်ဆိုင်မှုအားလုံးကို သူမကို လွှဲပေးလိုတဲ့အကြောင်းကိုပါ သူက သီးသန့်ပြောခဲ့သေးတယ်။ ဒီလိုစကားမျိုးကို ဘယ်လိုယောက်ျားမျိုးက ပြောလိမ့်မလဲ။ အခု သူ တကယ် နောင်တရနေတယ်လို့ ငါထင်တယ်။”


"အဲဒါ ကောင်းတယ်။ သူက သူ့အမှားများကိုသင်ယူခဲ့ပြီး ပြင်ဆင်ဖို့ ဆန္ဒရှိနေတာပဲ။ သူတို့နှစ်ဦးမှာ ကလေးနှစ်ယောက်လည်း ရှိနေတာပဲ။ ကလေးတွေရဲ့ အကျိုးစီးပွားအတွက် သူတို့ အတူတူပြန်နေသင့်တယ်။ ကလေးတွေအတွက် ပြီးပြည့်စုံတဲ့မိသားစုရှိတာက ပိုကောင်းတယ်။”


လီဝမ့်ကျင်းဖက် လုံးလုံးလျားလျား ရှိသောစကားများကို ကြားရသောအခါ ဖန့်ကျွင်းရုံသည် ရယ်ချင်သွားမိသည်။ သူမခေါင်းထဲတွင် တစ်ခုတည်းသောအတွေးမှာ လီဝမ့်ကျင်းသည် ဒီနှစ်ယောက်ကို ဘယ်လောက်ပေးခဲ့တာလဲ။


သူ့အကြွေးရှင်တွေက သူတို့ရဲ့အကြွေးတွေကို စုဆောင်းရာမှာ သိပ်မတော်ဘူးထင်တယ်။