အခန်း ၁၇၃
Viewers 26k

အခန်း(၁၇၃) - မင်းတို့နှစ်ယောက်က ဒီကိစ္စရဲ့တရားခံတွေပဲ (၁)

 

လီရှစ်ကျီလည်း ဆေးရုံသို့‌ရောက်တော့မှ သူ့အဖေ လီဝမ့်ကျင်း ဘာဖြစ်သွားခဲ့တာလဲဆိုတာကို သိခဲ့ရသည်။

 

ကျန်းယာ့ကောရဲ့မိခင်က အတိတ်မှာ ဒီလိုမျိုး လုပ်ခဲ့ပြီး သူက မမျှော်လင့်ပဲ ကျန်းယာ့ကောကို ဒီအရှုပ်အထွေးတွေထဲ ဆွဲထည့်မိလိုက်သည်။ မည်သို့ပင်ဆိုစေ သူမဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီးတော့ ကျန်းယာ့ကောက အဆက်မပြတ် ငိုကြွေးနေခဲ့သည်။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော သူ့ယောက္ခမကို ဆိုးဆိုးရွားရွား မပြောနိုင်ဘူး။

 

ကျန်းယာ့ကောသည် အတန်ကြာ ငိုကြွေးပြီး သူမမျက်ရည်များကို သုတ်ဖယ်လိုက်ကာ မျက်ရည်များသန့်ရှင်းသွားသော သူမမျက်လုံးများသည် အထူးသဖြင့် သူမမျက်ဝန်းထောင့်များကတော့ အနည်းငယ် အနီရောင်သန်းနေခဲ့ပြီး သူမကို အပြစ်ကင်းစင်သည့်ဟန်ပေါ်စေခဲ့သည်။

 

“အဖေက အခု ကျွန်မကို မတွေ့ချင်ဘူးဆိုတာကို ကျွန်မ သိပေမယ့် ကျွန်မ သူ့ကို တွေ့နေချင်တုန်းပဲ။ အနည်းဆုံးတော့ ကျွန်မအမေလုပ်ခဲ့တဲ့ကိစ္စတွေအတွက် ရှင်းပြချင်သေးတယ်။”

 

လီဝမ့်ကျင်းက သူမကို အရင်တုန်းကလို ကောင်းကောင်းမွန်မွန် မဆက်ဆံတော့ကို သူ စိတ်ပျက်မိပေသည်။ ကျန်းယာ့ကော၏ရုပ်သွင်က သူမအမေဖြစ်သူနဲ့ဆင်တူနေတာက ယခင်ကဆိုရင် လီဝမ့်ကျင်း၏စိတ်သဘောထားကို ပျော့ပြောင်းမိပေမယ့် ယခုအချိန်မှာတော့ စက်ဆုပ်ရွံ့ရှာမိပေလိမ့်မည်။

 

လွန်ခဲ့သောနှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သောအရာတစ်ခုသည် ဒီလိုပေါ်ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ လီဝမ့်ကျင်းက သူမတို့နှစ်ဦးကို တမင်တကာ ငြင်းပယ်ဆန့်ကျင်နေရင် သူမဟာ လီရှစ်ကျီနဲ့ ဆက်လက်ရှိနေနိုင်ဦးမှာလား။ ထိုအတွေးက သူမကို အလွန်ထိတ်လန့်စေသည်။ အခုအချိန်မှာ သူမရဲ့နာမည်ဂုဏ်သတင်းက အဆိုးဆုံးအခြေအနေမှာရှိတယ်။ တကယ်တော့ အလွန်ဆိုးရွားလွန်းတာကြောင့် ကျောင်းမှ ခေတ္တထွက်ခဲ့ရသည်။ လီရှစ်ကျီသာ သူမကိုကျောခိုင်းသွားခဲ့ရင် သူမ ဘာလုပ်ရမလဲဆိုတာကို မသိဘူး။

 

လီရှစ်ကျီသည် ကျန်းယာ့ကောနှင့်ပတ်သက်၍ သူ အနှစ်သက်ဆုံးအရာသည် သူမရဲ့နူးညံ့သိမ်မွေ့မှုနဲ့‌ရောစပ်နေသည့် ခွန်အားကိုပင် ဖြစ်သည်။ သူက ဒါကို သည်းမခံနိုင်တော့ဘူး။ 

 

“မင်းနဲ့ မင်းအမေက မတူညီတဲ့လူနှစ်ယောက်ပဲ။ ကိုယ့်အဖေက ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပါ။ သူက မင်းကို အဲ့ကိစ္စကြောင့် အပြစ်တင်မှာ မဟုတ်ပါဘူးကွာ။”

 

သူက ကျန်းယာ့ကောကို သူမအမေကိစ္စအတွက် တာဝန်ယူဖို့ပြောရင် လီဝမ့်ကျင်းက အလွန်ယုတ္တိမတန်တဲ့ လူတစ်ယောက်ဖြစ်သွားလိမ့်မယ်လို့ သူ့စကားသံအရ ယူဆနိုင်သည်။

 

သူတို့နှစ်ယောက်စလုံးက ဒီလိုတွေးတာ ဘာတစ်ခုမှ မှားယွင်းနေကြောင်း မခံစားရဘူး။

 

လီရှစ်ကျီသည် ကျန်းယာ့ကောအား နှစ်သိမ့်ပေးပြီး သူမနှင့်အတူ လီဝမ့်ကျင်းဆေးရုံတက်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။ သူ့ဆော့ဝဲလ်ရဲ့အလားအလာက တဟုန်ထိုး တိုးတက်နေခဲ့သည်။ ခဏအကြာ ကျောထောက်နောက်ခံပေးခဲ့သည့် ကုမ္ပဏီအနည်းငယ်ကျန်ရှိနေသေးပြီး သူနှင့်အလုပ်အတူတွဲလုပ်သည့် လူအနည်းငယ်လည်း ကျန်ရှိနေသေးသည်။ သူ့အခြေအနေသည် ပိုမိုကောင်းမွန်လာခဲ့ပြီး သူသည် ယုံကြည်မှဒအချို့ကို ပြန်လည်ရရှိခဲ့သည်။ ဒ့ါအပြင် လီဝမ့်ကျင်းက သူ့ကို ယွမ် ၁၀မီလီယံပေးထားတော့ ခဏလောက်တော့ သူ ရင်းနှီးမြှုပ်နှံသူ ရှာနေစရာမလိုတော့ပါဘူး။ ထို့ကြောင့် သူသည် ကျန်းယာ့ကောနှင့် ပြန်လည်လက်တွဲခဲ့တာဖြစ်သည်။

 

သူတို့နှစ်ဦးဆေးရုံသို့ရောက်သောအခါ လီရှင်းယွင်ထံသို့ ပြေးသွားခဲ့ကြသည်။

 

လီရှစ်ကျီသည် လီရှင်းယွင်ထံသို့ ပြေးသွားသောအခါ သူ့အသွင်သည် အတော်လေး ကမောက်ကမဖြစ်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် သူ့ညီမသည် ငွေဖြုန်းရုံမှတပါး အခြားဘာမှမသိသော သုံးဖြုန်းသူတစ်ယောက်ဖြစ်သည်။ သူမသည် အသုံးမဝင်သူမှန်း သိသာထင်ရှားလှသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အမေသည် သူမအား ဦးစားပေးနေမှုအား မရပ်တန့်ခဲ့ပါ။ အထူးသဖြင့် ကွာရှင်းပြတ်စဲပြီးတဲ့နောက်မှာ သူ့အမေက သူမ လိုချင်တဲ့အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။

 

ဒီလိုမတူညီနိုင်သောယှဥ်ပြိုင်မှုကြောင့် သူ့အနေဖြင့် လီရှင်းယွင်အပေါ် ရန်လိုနေမှုကို ပိုခံစားရသည်။

 

သူ့တို့နှစ်ဦးအနားသို့ ‌ရောက်လာသောအခါ လီရှင်းယွင်သည် ပျက်ရယ်ပြုလိုက်သည်။

 

“အဖေ ဆေးရုံတက်ရတဲ့အကြောင်းအရင်းကို နင်မသိဘူးလား။”

 

“နင်က ကျန်းယာ့ကောကို နင်နဲ့အတူခေါ်လာပြီးတော့ အဖေ့ကို သတ်ဖို့ကြိုးစားနေတာလား။”

 

ကျန်းယာ့ကော၏မျက်လုံးများသည် ချက်ချင်းပင် နီရဲလာခဲ့သည်။ “ငါ ဒီအကြောင်းအရာအားလုံးကို ဦးလေးကိုရှင်းပြဖို့ ငါ ဒီကိုရောက်လာတာပါဟာ။”

 

လီရှစ်ကျီသည် ချက်ချင်းပြန်လည်ချေပလိုက်သည်။

 

“မင်းက အဖေနဲ့ ဒီလိုစိတ်ဓာတ်မျိုးက နည်းနည်းလေးတူတယ်လို့ထင်တာပဲ။ ယာ့ကောက မိန်းမကောင်းလေးပါ။ အဖေက သူမကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အပြစ်တင်လို့မဖြစ်ဘူးလေ။ မင်း ဘယ်လိုတုံ့ပြန်တယ်ဆိုတာကိုကြည့်ပြီးတော့ အဖေက ဘယ်လိုဆက်ဆံမယ်ဆိုတာကို ခန့်မှန်းလို့ရနေပြီ။”

 

“ဘာပဲဖြစ်ဖြစ် မင်းက အမေကိုပဲ ဂရုစိုက်နေတာလေ။ အဖေ့ကို ဂရုစိုက်ချင်ယောင်ဆောင်မနေပါနဲ့။”

 

ထိုသို့ပြောပြီးနောက် သူက ကျန်းယာ့ကောလက်ကိုကိုင်ရင်း ဆေးရုံခန်းထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။

 

လီဝမ့်ကျင်းသည် ငွေကြေးမြောက်များစွာကို ဆုံးရှုံးခဲ့သော်လည်း ဆေးရုံတွင် ကိုယ်ပိုင်သီးသန့်ခန်း ယူထားရန်မှာ ပြဿနာမရှိပေ။

 

လီရှစ်ကျီ အခန်းထဲသို့ဝင်လာသောအခါ လီဝမ့်ကျင်းသည် အိပ်ရာမှနိုးနေပြီ။ သူက သတင်းစာဖတ်နေပြီး တံခါးဖွင့်သံကြားရသဖြင့် သူ့သမီးပြန်လာပြီဟု ယူဆလိုက်မိသည်။

 

“ရှင်းယွင်” ဟု လီဝမ့်ကျင်းခေါင်းမော့ကြည့်ရင်း ခေါ်လိုက်သည်။

 

လီရှစ်ကျီ‌နောက်မှာ ပုန်းနေတဲ့ ကျန်းယာ့ကောကိုတွေ့လိုက်တဲ့အခါ လီဝမ့်ကျင်း၏မျက်နှာကအပြုံးဟာ‌ အေးစက်လာသည်။