အခန်း ၁၈၇
Viewers 25k

အခန်း(၁၈၇) – “မင်းဆီမှာရှိသမျှအကုန် ကိုယ်ယူမယ်” (၃)


သားအမိနှစ်ယောက်စကားပြောနေရင်းပင် ရှန့်ရှင်းကုမ္ပဏီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။


ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်ကို ဒီနေရာမှာတွေ့မြင်ရသည့်အတွက် လုံးဝမအံ့သြပေ။


ရှန့်ရှင်းကုမ္ပဏီပိုင်ရှင်ရဲ့ဘေးတွင် မတ်တပ်ရပ်နေသည့် ကျန်းကျစ်ယန်သည် ခန့်ညားချောမောပြီး လူရည်လည်သည့်အသွင်ရှိသည်။ သူက ပေါ့ပေါ့ပါးပါးအပြုံးလေးဖြင့် ပြောသည်။ “အာ... ဒီနေ့ မစ်ဖန့်လည်း ပါလာလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။”


ဖန့်ကျွင်းရုံသည် သူ့ကို ခေါင်းအသာညွှတ်ပြကာ ပေါ့ပါးစွာ ပြောသည်။ “ဟုတ်တယ်။ ကျွန်မလည်း ဒီနေရာကို ကျွန်မသမီးနဲ့အတူကြည့်ဖို့ လိုက်လာခဲ့တာလေ။”


အခြားတစ်ဖက်တွင် လီရှင်းယွင်၏ရှေ့နေသည် စာချုပ်ကို သေသေချာချာ ပြန်လည်စစ်ဆေးနေပြီး သူမသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။


ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံအနားသို့ လျှောက်သွားပြီး လေးနက်သည့်အသံဖြင့် စကားဆိုလိုက်သည်။ “ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်လက်အောက်ကလူတွေကို သေသေချာချာမစီမံမခန့်ခွဲနိုင်ခဲ့ဘူး။”


ဖန့်ကျွင်းရုံသည် သူပြောနေသည့်အကြောင်းကို သူမ မသိချင်ယောင်ဆောင်လိုက်သည်။ “အိုး...”


ကျန်းကျစ်ယန်သည် တောင်းပန်တိုးလျှိုးသည့်မျက်နှာဖြင့် ဆိုလိုက်သည်။ “ဒါက မိသားစုအတွင်းအရှုပ်တော်ပုံဆိုတော့ လူသိရှင်ကြား မပြောချင်လို့ပါ။”


ဖန့်ကျွင်းရုံသည် အလွန်နားလည်ပေးနိုင်သောအသွင်ကို ဆင်မြန်းထားလိုက်သည်။ “ဟုတ်တာပေါ့။ ရှင့်မိသားစုအတွင်းအရှုပ်တော်ပုံကို ကျွန်မကို အသေးစိတ် ရှင်းပြစရာ မလိုပါဘူး။”


ကျန်းကျစ်ယန်သည် သူ့စကားလုံးများအားလုံးကို သူ့လည်ချောင်းထဲ ပိတ်မိသွားသည်။ ခဏအကြာတွင် “မင်းနဲ့ ကျွန်တော့်အစ်ကို ပဋိပက္ခတွေဖြစ်နေတယ်လို့ ကျွန်တော်တို့မိသားစုထဲက လူတစ်ချို့က ထင်နေကြတယ်။ ဒါ့ကြောင့် မင်းသမီးက ဒီကုမ္ပဏီကိုဝယ်ဖို့လုပ်နေတာကို သူတို့ကြားတဲ့အခါမှာ သူတို့နှောင့်ယှက်ဖို့ စီစဥ်လိုက်ကြတယ်။”


“ဒါက သူတို့သဘောအတိုင်း သူတို့လုပ်ဆောင်ကြတာ သေချာပါတယ်။ ဒီကိစ္စမှာ ကျွန်တော့်ဝမ်းကွဲ မပါဝင်ဘူးဆိုတာ သေချာပါတယ်။”


သူက ဒီလိုပြောနေပေမယ့် သူ့အမူအရာကတော့ ကျန်းကျစ်ဆုက ဒီအရာအားလုံးရဲ့နောက်ကွယ်က တရားခံလို့ အရိပ်အမြွတ်ပြသနေခဲ့သည်။


ဖန့်ကျွင်းရုံသည် ဒါက အရမ်းရယ်စရာကောင်းနေမှန်းကို ရှာတွေ့လိုက်ရသည်။ ဒီလူက လူတွေကြားမှာ သဘောထားကွဲလွဲစေဖို့ သူ့စွမ်းအားတွေ အကုန်သုံးထားပုံပါပဲ။


ဖန့်ကျွင်းရုံက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကျွန်မလည်း သူက အဲ့လိုလူမျိုးလို့ မထင်ဘူး။ မင်းရဲ့ဆွေမျိုးသားချင်းတွေရဲ့လုပ်ရပ်ကတော့ အရမ်းထိတ်လန့်စရာကောင်းတယ်။”


ကျန်းကျစ်ယန် “……”


ကျန်းကျစ်ယန်သည် ရင်းနှီးကျွမ်းဝင်သော အသက်ရှုကြပ်တဲ့ခံစားချက်မျိုးကို ထပ်မံခံစားရပြန်သည်။


သူက စကားအကြောင်းအရာကိုသာ ပြောင်းလဲလိုက်နိုင်သည်။ “ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဝမ်းကွဲ ပြန်လည်သက်သာလာတဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်။’ သူက ဖန့်ကျွင်းရုံက စူးစိုက်ကြည့်ရင်း သူ့ရည်ရွယ်ချက်ကို မကွယ်ဝှက်ထားတော့ပေ။


ဖန့်ကျွင်းရုံသည်လည်း ဒါကို မငြင်းပယ်ခဲ့ဘူး။ “ကျွန်မ သူ့ကို ဆေးပုလင်းအချို့ ပို့ပေးလိုက်တာ။ ဒါက ကျွန်မမျှော်လင့်ထားတာထက် ပိုအလုပ်ဖြစ်သွားတယ်။”


ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံက ဝေ့လည်ကြောင်ပတ်ငြင်းဆိုလိမ့်မယ်လို့ မူလက ထင်မြင်ခဲ့သည်။ မမျှော်လင့်ပဲ သူမက ဒီကိစ္စကို ရိုးရှင်းစွာ အသိအမှတ်ပြုခဲ့သည်။ ဒါက သူမထံမှာလည်း ရည်ရွယ်ချက်ရှိနေတယ်လို့ ဆိုလိုတာလား။

ကျန်းကျစ်ယန်က ဒီစကားများကို မပြောပဲမနေနိုင်ခဲ့ပါ။ “အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော့်မှာ ခြေထောက်ဒဏ်ရာရတာကြာပြီး သွားလာရခက်ခဲတဲ့ တချို့အပေါင်းအသင်းတွေရှိတယ်။ မင်း ဒီအတွက် စဥ်းစားပေးနိုင်မလားမသိ...”


သူ့စကားမဆုံးခင် ဖန့်ကျွင်းရုံက “ရှင် ကျွန်မကို ဘာပြန်ပေးမှာလဲ။” လို့ စကားဖြတ်၍ မေးလိုက်သည်။


ကျန်းကျစ်ယန် သူ ဒီထက်ပိုကြိုးစားပြီး ပြောဆိုရလိမ့်မယ်လို့ တွေးထားသည်။ ဒါက သူမျှော်လင့်ထားတာထက် ပိုရိုးရှင်းလေသည်။ သူ အရင်တုန်းက သူ့ဝမ်းကွဲကို တော်တော်လေးကို လှောင်ရယ်ရယ်မိခဲ့သည်။ သူသာ ဖန့်ကျွင်းရုံနဲ့ လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ပိုပြီးအကျိုးအမြတ်ရရှိမှာ သေချာပါတယ်။ ဒါတွေအားလုံးက အသက်ကယ်ပစ္စည်းတွေပဲ။ သူသည် သူတို့အား အကျိုးအမြတ်အတွက် ရောင်းဝယ်လိုလျှင် ဒီဆေးပုလင်းတွေက တန်ဖိုးမဖြတ်နိုင်ပါ။ စဥ်းစားစရာဖြစ်လာတယ်။ သူက ဖန့်ကျွင်းရုံဆီက ပုလင်းအချို့လက်ခံရရှိခဲ့တယ်။ သူမက ဘာလို့ သူ့ကို ဒီလောက်ကြီးမားတဲ့လက်ဆောင်မျိုး ပေးခဲ့တာလဲ။ 


“တစ်ပုလင်းကို တစ်မီလီယံဆိုရင်ရော ဘယ်လိုလဲ။” သူက ဒီဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖူးသည်။ ထိုဆေးများ၏ အကျိုးအာနိသင်က ဒဏ္ဌာရီလာပုံပြင်များတွင်သာ ဖတ်ဖူးသော အံ့ဖွယ်ဆေးများနှင့်တူသည်။ သူတို့ကို ကျန်းအိမ်တော်၏ အရိုးပြုပြင်ဆေးခရင်မ်နှင့် နှိုင်းယှဥ်တာက စော်ကားရာရောက်သည်။


“ဒီဆေးက ဖော်စပ်ရတာ ခက်ခဲတယ်။ ဒါပေမယ့် ရှင် ကျွန်မသမီးကို ကူညီပေးခဲ့အတွက်ကြောင့် ရှင့်ကို ၂၀ရာခိုင်နှုန်း စျေးလျှော့ပေးမယ်။ ရှင် ဘယ်နှပုလင်းလောက် လိုချင်လဲ။ ကျွန်မ ပြန်ရောက်ရင် ကျွန်မဂိုဒေါင်ထဲ စစ်ကြည့်ပေးမယ်။”


တစ်ပုလင်းလျှင် ယွမ်တစ်မီလီယံ သူက သုံးလအတွင်း တစ်ပုလင်းကို ယွမ်၁၀မီလီယံဖြင့် ရောင်းချနိုင်လိမ့်မည်။


ကျန်းကျစ်ယန်သည် စိတ်လှုပ်ရှားသွားသည်။ သူ့ကံတရားက အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ဒီအရာက အိမ်မက်တစ်ခုလားလို့ပင် မေးခွန်းထုတ်မိသည်။ ဒီအချိန်အထိ သူလုပ်ခဲ့သမျှအရာအားလုံးက ထိုက်တန်ပါတယ်။ သူက ဖန့်ကျွင်းရုံနဲ့ ကျန်းကျစ်ဆုတို့အကြား အောင်မြင်စွာ သွေးခွဲနိုင်ခြင်းသာ မဟုတ်ခဲ့လျှင် အရာအားလုံးဟာ ချောမွေ့လိမ့်မည် မဟုတ်ပေ။


ကျန်းကျစ်ယန်သည် ဒီဆေးညွှန်းရဲ့ ပါဝင်ပစ္စည်းများနဲ့ ဖော်စပ်နည်းက ကျန်းအိမ်တော်က လျင်မြန်စွာ ဖော်ထုတ်နိုင်ဖို့ကိုသာ မျှော်လင့်မိသည်။


ကျန်းကျစ်ယန်သည် သူ့အသံကို တည်ငြိမ်အောင် ကြိုစားပြီး “မင်းဆီမှာရှိသမျှအကုန် ကျွန်တော်ယူမယ်။”


ဖန့်ကျွင်းရုံသည် သက်ပြင်းချလိုက်သည်။ တစ်ယောက်ယောက်က သူမကို ငွေတွေ တကယ်ပေးပို့ချင်နေတဲ့အခါ သူတို့ကိုလက်ခံလိုက်ဖို့ကလွဲလို့ တခြားဘာရွေးစရာ ရှိပါ့မလဲ။


သူမဂိုဒေါင်ထဲမှာ ပုလင်း ဘယ်လောက်များများရှိသလဲ။ သူမထံမှာ အဆိပ်အတောက်ဖယ်ရှားဆေးလုံးနှင့် ကျောက်စိမ်းဖြူဆေးခရင်မ်တို့ဟာ ခန့်မှန်းခြေအရ ပုလင်းပေါင်း ၁၀၀၀နီးပါး ရှိကောင်းရှိနိုင်သည်။