အခန်း ၁၉၂
Viewers 26k

အခန်း(၁၉၂) - ကျန်းယာ့ကောက လီရှစ်ကျီကို အပြစ်ရှိသောအကြည့်ဖြင့်ကြည့်၍ တိတ်တဆိတ်ထွက်သွားသည် (၂)


ဒီဆေးပုလင်းတွေကို သူ့လက်ထဲမှာ ကိုင်ထားပြီး မတော်တဆ ထွက်ကျသွားမှာကို သူထိတ်လန့်နေမိသည်။ သူ့လက်ထဲမှာ ကျောက်စိမ်းဖြူဆေးခရင်မ် ၃ဗူးနဲ့ အဆိပ်အတောက်ဖယ်ရှားဆေးလုံး ၂ဗူး စုစုပေါင်း ပုလင်းငါးပုလင်းကို ကိုင်ဆောင်ထားသည်။


သူက အနည်းငယ် တုံ့ဆိုင်းသွားကာ ကျောက်စိမ်းဖြူဆေးခရင်မ်အား ဗူးတစ်ခုထဲသို့ သေသေချာချာ ထည့်လိုက်ပြီး ရပ်ကွက်အသေးလေးတစ်ခုဆီသို့ မောင်းသွားခဲ့သည်။

 

သော့ကတ်ကိုကိုင်ထားပြီး သူရင်းနှီးနေတဲ့ ရပ်ကွက်လေးအတွင်းက အဆုံးသို့မရောက်မီ ဒုတိယအဆောက်အဦးရှေ့တွင် ရပ်လိုက်ပြီး ၁၂ထပ်သို့ ဓာတ်လှေကားသုံးကာ တက်သွားခဲ့သည်။ သူက တံခါးဘဲလ်တီးပြီး ရပ်စောင့်နေလိုက်သည်။ တစ်မိနစ်လောက်အကြာတွင် တံခါးပွင့်လာပြီး နူးညံ့သိမ်မွေ့တဲ့ မျက်နှာငယ်လေး ပေါ်လာခဲ့သည်။


ကျန်းပိရဲ့နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး “ယာ့ကော”


သူ ဒီနေ့ ကျန်းယာ့ကောဆီသို့ လာရောက်လည်ပတ်တာဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့ ပြေးလွှားနေတာကို တွေ့မိခဲ့သည်။ ထိုအချိန်တွင် လီရှစ်ကျီသည် လူဆိုးများစွာတို့၏ ဝန်းရံရိုက်နှက်ခြင်းကို ခံနေရသော်လည်း ကျန်းယာ့ကောအား မနာကျင်စေရန် အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ပေးနေခဲ့သည်။ သူက သူတို့နှစ်ဦးကိုမှတ်မိခဲ့ပြီး ကျန်းယာ့ကော ငိုကြွေးနေပုံကို မြင်လိုက်ရချိန်တွင် သူ့အသိစိတ်က နာကျင်သွားခဲ့ပြီး သူတို့အား ကယ်တင်ပေးခဲ့သည်။


ထိုမတော်တဆမှုပြီးနောက် ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့သည် သူတို့မူလနေထိုင်ရာမှ လက်ရှိရပ်ကွက်ငယ်လေးသို့ ပြောင်းရွှေ့လာခဲ့သည်။ လီရှစ်ကျီသည် ထိုရန်ပွဲအတွင်း သူ့လက်မ အချိုးခံလိုက်ရပြီး ကုသမှုကောင်းစွာ မခံယူခဲ့ရသဖြင့် အဖျားကြီးလာခဲ့သည်။

 

ကျန်းပိသည် သူ့မိသားစုမှ အရိုးပြုပြင်ဆေးခရင်မ်ကို ယူလာခဲ့သော်လည်း ထိုဆေး၏ အကျိုးသက်ရောက်မှုမှာ နည်းပါးလေသည်။ အခု သူ့လက်ထဲမှာ ကျောက်စိမ်းဖြူဆေးခရင်မ်ကို ရရှိလာခဲ့သောကြောင့် သူက ဒီမတော်တဆမှုကို ပြန်အမှတ်ရမိပြီး ဆေးတစ်ပုလင်း ယူသွားပေးရန် ဆုံးဖြတ်လိုက်သည်။


သူက ဒီလောက် စေတနာရှိရသည့် အကြောင်းရင်းမှာ ရှင်းပါသည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် သူက ကျန်းယာ့ကောကို စိတ်ဝင်စားသောကြောင့်ဖြစ်သည်။ သူမက အရမ်းချောမောလှပတာ မဟုတ်ပေမယ့် သူမငိုနေတဲ့ပုံစံက အရမ်းဆွဲဆောင်မှုရှိတယ်။ ဒုတိယအချက်မှာ သူသည် ဖန့်ကျွင်းရုံကြောင့် မကြာခဏ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး သူ တစ်ခါမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ့သားရဲ့ရည်းစားကို ခိုးယူရန် စိတ်ကူးသည် သူ့တွင် ထူးဆန်းစွာ ပေါ်ပေါက်လာစေခဲ့သည်။


ထို့အပြင် ယခုအချိန်တွင် မျိုးစေ့ကောင်းကိုကြဲထားခြင်းက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အကျိုးရှိပေလိမ့်မည်။ ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောကို မုန်းတီးသော်လည်း လီရှစ်ကျီမှာ သူမသားဖြစ်နေသေးသည်။ သူမက ဒီသားကို ထပ်မလိုချင်တော့ဘူးလို့ ပြောကောင်းပြောနိုင်လိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာရင် သူမစိတ်ပြောင်းသွားမှာ သေချာပါပဲ။


ထိုအကြောင်းကို စဥ်းစားရင်း ကျန်းယာ့ကောနှင့် စကားပြောသည့်အချိန်မှာ သူက ပိုပိုပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံလာခဲ့သည်။


“ဒီဆေးကို ကျွန်တော် အိမ်ကနေ ယူလာခဲ့တာပဲ။ မင်းရည်းစားကို သုံးကြည့်ခိုင်းလိုက်ပါ။” သူက ကျန်းယာ့ကောအား ‌ကျောက်စိမ်းဖြူဆေးခရင်မ်အား လက်လွှဲပေးရင်း မတော်တဆ သူမလက်ချောင်းများနှင့် ထိတွေ့သွားမိခဲ့သည်။


ကျန်းယာ့ကောသည် သူမစိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး သူမလက်ကို နောက်သို့ အမြန်ပြန်ရုတ်လိုက်သည်။ သူမ အလွန်အကျွံ့တုံ့ပြန်မိတာကို သတိထားမိလိုက်ပြီး ကျောက်စိမ်းဖြူဆေးခရင်မ်ကို ရှက်ရွံ့တဲ့အပြုံးလေးဖြင့် လက်ခံလိုက်သည်။ သို့သော် သူမနားများနှင့် ပါးပြင်များဟာ ပူလောင်ပြီး အနီရောင်သမ်းနေပေသည်။


ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းသော သူမချစ်သူနှင့် နှိုင်းယှဥ်ပါက ကျန်းပိသည် ရင့်ကျက်သော အမျိုးသားတစ်ယောက်၏ ဆွဲ‌ဆောင်မှုရှိကာ သူမ ခံနိုင်ရည်မရှိပေ။


ကျန်းပိက သူမအား ကျောက်စိမ်းဖြူဆေးခရင်မ်၏ အကျိုးအာနိသင်အား နူးညံ့ညင်သာစွာ ရှင်းပြပေးခဲ့သည်။ ကျန်းယာ့ကောက ဂရုတစိုက်နားထောင်နေပြီးတော့ မေးမြန်းလိုက်သည်။ “ဒါက သူ့ကို တကယ်ကုသပေးနိုင်မှာလား။”


ကျန်းပိသည် အလွန်စိတ်ရှည်စွာ ပြန်ဖြေသည်။ “ဟုတ်တယ်”

 

“ရှင် ကျွန်မကို နောက်ထပ် ပုလင်းအနည်းငယ်လောက် ထပ်ပေးလို့ ရမလား။ တစ်ပုလင်းနဲ့ မသက်သာမှာ ကျွန်မ ကြောက်တယ်။” ထိုပုလင်းသည် အရမ်းသေးတဲ့ပုံပေါ်သည်။


ကျန်းပိတောင် အချိန်ခဏလောက် ဆွံ့အသွားခဲ့သည်။ ဒါကို သူမက လမ်းဘေးကနေ ကောက်လာတဲ့ပစ္စည်းလို ထင်နေတာလား။


သူက ခပ်တည်တည်ပြောလိုက်သည်။ “ဒီဆေးက တော်တော်ရှားပါးပြီး ဒီတစ်ပုလင်းကို ယွမ်တစ်မီလီယံ ပေးရတယ်။ ကျွန်တော့်ဆီမှာတောင် ဒီပုလင်းအရေအတွက်က အကန့်အသတ်နဲ့ရှိတာ။”


ကျန်းယာ့ကောသည် စကားထစ်သွားခဲ့သည်။ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မသိလို့ပါ။” ယွမ်တစ်မီလီယံကျော်... သူမက ဒီဆေးပုလင်းကို ဒီ‌လောက်စျေးကြီးမယ်လို့ မထင်မိဘူး။ ပြီးတော့ သူက သူမကို ဒီလိုစျေးကြီးတဲ့ပစ္စည်းကို မတွန့်မဆုတ်ပဲ  ပေးလိုက်သည့်အတွက် ကျန်းယာ့ကောသည် သူက သူမကို နှစ်သက်သဘောကျနေတာကို ရိပ်စားမိလိုက်သည်။


လီရှစ်ကျီနိုးလာချိန်တွင် ကျန်းပိသည် ပြန်သွားခဲ့ပြီး ကျန်းယာ့ကောသည် လီရှစ်ကျီအား အလျင်အမြန် ဂရုစိုက်ပေးကာ ဆေးကို လိမ်းပေးလိုက်သည်။


လီရှစ်ကျီသည် ရက်အနည်းငယ်အတွင်း အိပ်ရာထဲလဲနေတာတောင်မှ အလွန်ခန့်ညားသော အမျိုးသားတစ်ယောက်ဖြစ်နေဆဲပင်။ သူက ရက်အနည်းငယ်ခန့် မပြင်မဆင်ပဲနေတာတောင်မှ အလွန်ဆွဲ‌ဆောင်မှုရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ရက်အနည်းငယ်အတွင်း သူက ရေမချိုးရသောအခါတွင်မူ သူ့ထံမှ အလွန်ထူးဆန်းသောအနံ့တစ်ခု ထွက်လာခဲ့သည်။