အခန်း(၁၉၃) - ကျန်းယာ့ကောက လီရှစ်ကျီကို အပြစ်ရှိသောအကြည့်ဖြင့်ကြည့်၍ တိတ်တဆိတ်ထွက်သွားသည် (၃)
“ဘယ်သူလာတာလဲ။”
“ရှင့်လက်ကို လာကြည့်ပေးတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူက ဒီဆေးကို ယူလာပေးတယ်။” ဟု ကျန်းယာ့ကောက ပြောလိုက်သည်။
လီရှစ်ကျီက မေးခွန်းများ ထပ်မေးမည်ကို စိုးရိမ်သောကြောင့် သူမသည် ဆေးပုလင်းကိုဖွင့်ကာ ဆေးကို အမြန်လိမ်းပေးလိုက်သည်။
လီရှစ်ကျီ၏လက်များသည် အခုရက်ပိုင်းအတွင်း အလွန်နာကျင်နေခဲ့သော်လည်း ထိုဆေးကို ဒဏ်ရာအား လိမ်းလိုက်သောအခါတွင် အေးစက်သော အထိအတွေ့သည် သူ့နာကျင်မှုများအား ချက်ချင်း သက်သာပျောက်ကင်းသွားစေပြီး တွန့်ကွေးနေသော သူ့မျက်ခုံးများကို ပြေလျော့သွားစေခဲ့သည်။
သူ့ကံဆိုးမှုဟာ ကျန်းယာ့ကောနှင့် အများကြီး သက်ဆိုင်လေသည်။ ကျန်းယာ့ကောသည် အတိတ်၌ ဝမ်ရှောင်းကို ပြစ်မှားခဲ့ပြီး ယခုအခါ ဝမ်ရှောင်းသည် ထောင်ဒဏ်အနှစ် ၂၀နှင့် လျော်ကြေးငွေ အများအပြား ချမှတ်ခံခဲ့ရသည်။ သူက ထောင်ကျသွားခဲ့ပေမယ့်လည်း အပြင်မှာ သူ့ညီငယ်တချို့ရှိနေသောကြောင့် သူမကို အပြစ်ရှာဖို့ ရောက်လာကြတာဖြစ်သည်။
သူ့လက်၏နာကျင်မှုသည် တော်တော်ဆိုးရွားသည်။ တစ်ချိန်လုံး နာကျင်နေသာကြောင့် သူ သေသွားချင်စိတ်ပင် ဖြစ်မိသည်။ အဲ့ဒီနာကျင်မှုက သူ့ကောင်မလေးကို မုန်းတီးသွားစေသည်။ ကျန်းယာ့ကောက သူ့ကို နေ့နေ့ညည ပြုစုပေးတာကိုမြင်ပြီး အခုတော့ သူ့ရင်ထဲက နာကြဥ်းမှုတွေ ပျောက်ကွယ်သွားခဲ့သည်။
သူမမှာ ချို့ယွင်းချက်များစွာ ရှိသော်လည်း သူ့အပေါ် သူမခံစားချက်တွေကတော့ တော်တော်လေး စစ်မှန်ပါသည်။ သူမဟာ သူ့ဆီကနေ ပိုက်ဆံကြောင့် ချဥ်းကပ်တဲ့ တခြားမိန်းကလေးတွေလို မဟုတ်ဘူး။
သူ့လက်က တဖြည်းဖြည်း သက်သာလာသည်နှင့်အမျှ သူတို့နှစ်ယောက်အကြား မပြေလည်မှုတွေဟာ ပျောက်ကွယ်သွားပြီးတော့ သူတို့ရဲ့ မူလက ချစ်မြတ်နိုးသည့် အခြေအနေသို့ ပြန်ရောက်သွားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ချစ်ခင်မြတ်နိုးနေသည်က ငွေရေးကြေးရေးကိစ္စများအား မပြေလည်စေပါ။ သိပ်မကြာခင်မှာပဲ သူတို့လက်ထဲကငွေများ ကုန်သွားခဲ့သည်။ လီဝမ့်ကျင်းသည် သူ မသေဆုံးမီက ယွမ်ဆယ်မီလီယံအား လီရှစ်ကျီထံ အမွေပေးခဲ့သော်လည်း သူတို့နှစ်ဦးသည် လီဝမ့်ကျင်းကို သေဆုံးသွားစေခြင်း၏ တရားခံများဖြစ်သောကြောင့် သူတို့၏ နာမည်ဂုဏ်သတင်းသည် ပျက်စီးသွားခဲ့သည်။ သူတို့၏ဝန်ထမ်းမျာစွာသည် ကုမ္ပဏီမှထွက်ခွာသွားခဲ့ပြီး ပူးပေါင်းထားသော ကုမ္ပဏီများသည်လည်း သူတို့၏ စာချုပ်များကို ဖျက်သိမ်းလိုက်ကြသည်။ ထိုအရာက လီရှစ်ကျီအား သူရင်းနှီးမြှုပ်နှံထားသော ငွေအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။
လီရှစ်ကျီသည် နူးညံ့သိမ်မွေ့ပြီး မာနကြီးသူတစ်ယောက်ဖြစ်၍ အခြားသူများ၏ အတင်းအဖျင်း ပြောဆိုခြင်းများကို သည်းမခံနိုင်သောကြောင့် မူလနေထိုင်ရာမှ ပြောင်းရွှေ့လာခဲ့သည်။ သူတို့သည်လည်း ခြွေတာတတ်တဲ့သူတွေတော့ မဟုတ်ဘူး။ သူတို့ လက်ရှိနေထိုင်သည့် အိမ်ကိုဝယ်ယူရာတွင်လည်း သူတို့၏ လက်ကျန်ငွေအားလုံးနီးပါး ကုန်ကျသွားစေသည်။ လီရှစ်ကျီသည် သူတို့ယခင်က နေထိုင်ခဲ့သောအိမ်ကို ပိုင်ဆိုင်နေဆဲဖြစ်သော်လည်း အရွယ်အစားကြီးမားသော အိမ်ကြီးတစ်လုံးကို ရောင်းချရန် အချိန်ကြာမြင့်ပေလိမ့်မည်။
နောက်ဆုံးတော့ သူမနဲ့ လီရှစ်ကျီတို့အကြား ဆက်ဆံရေးကို ပြန်လည်ပြုပြင်သွားနိုင်သည့်အတွက် ပိုက်ဆံတောင်းသောကြောင့် ဖြစ်ရမည့် ပဋိပက္ခများတွေကို မဖြစ်ချင်ပါဘူး။ တစ်ဖန် သူမသည် သူမ၏ ဒီဇိုင်နာထုတ် ပိုက်ဆံအိတ်များနှင့် အဝတ်အစားတွေကိုလည်း မရောင်းချလိုပါ။
ဤသည်မှာ သူမ အလွန်ဆိုးဆိုးရွားရွား ဆင်းရဲပင်ပန်းခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
မကြာမီအချိန်မှာပင် သူမသည် ဘေးအိမ်တွင် နေထိုင်သော ရုပ်ရှင်ဧကရာဇ် ဖန့်ကြွယ်မင်ကို အမှတ်ရမိခဲ့သည်။ သူမ အပြင်သို့ အမှိုက်ထွက်ပစ်သည့် ရံဖန်ရံခါအချိန်များတွင် ဖန့်ကြွယ်မင်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ဖန့်ကြွယ်မင်သည် သူ့လက်ဒဏ်ရာကြောင့် ဘာအလုပ်မှမလုပ်နိုင်ပဲ အိမ်ထဲမှာသာ ပုန်းအောင်းနေခဲ့ရသည်။
အစာငတ်သေသော ကုလားအုတ်သည် မြင်းတစ်ကောင်ထက်တော့ ပိုကြီးပါသေးသည်။ တစ်ချိန်က နာမည်ကျော် ရုပ်ရှင်ဧကရာဇ်တစ်ဦးအနေနှင့် သူသည် များစွာချမ်းသာလိမ့်မည်။ သူမ သူ့လက်ကိုသာ ကုသပေးနိုင်ခဲ့ရင် သူမရရှိနိုင်မည့်ပမာဏဟာ နည်းပါးမှာ မဟုတ်ဘူး။ အနာဂတ်မှာ သူမအနေနဲ့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကိုဝင်လိုလျှင် သူက သူမကို ကူညီပေးနိုင်လိမ့်မယ်။ သူမကိုယ်တိုင် လုံခြုံမှုရရှိစေရန်အတွက် အစီအစဥ်ချထားသင့်သည်။
ဒါကိုတွေးရင်း လီရှစ်ကျီ အိပ်ပျော်နေတာကို အခွင့်ကောင်းယူကာ သူမသည် ပုလင်းအလွတ်တစ်ခုထဲသို့ ကျောက်စိမ်းဖြူဆေးခရင်မ် တစ်ဝက်ခွဲထည့်လိုက်သည်။
လီရှစ်ကျီက သူ့လက်ချောင်းများတွင်သာ ဒဏ်ရာရရှိခဲ့သည်။ သူက ကျောက်စိမ်းဖြူဆေးခရင်မ်ကို အလွန်အကျွံ မသုံးစွဲသင့်ပါ။ ကျန်တာက သူ့အတွက် လုံလောက်သင့်တယ်။ သူမသည် သူတို့ရဲ့အနာဂတ်အတွက် စဥ်းစားတာဖြစ်သည်။
ကျန်းယာ့ကော အိပ်ပျော်နေသော လီရှစ်ကျီကို အပြစ်ရှိသောအကြည့်ဖြင့် ကြည့်လိုက်ပြီး တိတ်တိတ်လေး ထွက်သွားခဲ့သည်။