အခန်း ၁၉၈
Viewers 25k

အခန်း(၁၉၈) – ဒါက ဘယ်လိုဖြစ်သွားရတာလဲ (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)


ပိုင်ရှစ်ယွင်သည် ဖန့်ကျွင်းရုံက ယနေ့ သူမ ဝတ်ဆင်ထားသော လက်ကောက်၏အရောင်နှင့် လိုက်ဖက်သော အစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏အသားအရေသည် အလွန်ချောမွေ့ပြီး တောက်ပနေသည်။ သူမ၏မြစိမ်းရောင်လက်ကောက်သည် သူမဝတ်ဆင်လိုက်သည့်အခါမှာ တောက်ပဝံ့ကြွားပုံဖြစ်သွားရမယ့်အစား သူမရဲ့အလှတရားနဲ့ အဆင့်အတန်းကို အပြည့်အဝဖော်ကျူးနေသည်။


ရာသီဥတုကြောင့် သူမပုခုံးထက်တွင် အဖြူရောင်ပုဝါကို လွှမ်းခြုံထားသည်။ သူမရဲ့အသွင်အပြင်က ပေါ့ပါးသည့်အသွင်ရှိပေမယ့် ကျက်သရေရှိပြီး အလွန်ဆွဲ‌ဆောင်မှုရှိသည်။


သေချာပေါက် သူမကတော့ ဖန့်ကျွင်းရုံကို မုန်းတီနေဆဲပါပဲ။ အထူးသဖြင့် သူမကိုယ်သူမ ဖန့်ကျွင်းရုံရဲ့ခြေနင်းကျောက်လို့ထင်ပြီး ပိုဒေါသဖြစ်သွားမိသည်။


သူမမျက်နှာပေါ်မှာ အပြုံးတုတစ်ခုချိတ်ဆွဲထားရင်း ဖန့်ကျွင်းရုံကို ပြောသည်။ “ကျွင်းရုံ နင့်မှာ ကျောက်မျက်ရတနာကောင်းကောင်း မရှားပါးပါဘူး။ မင်း အခု ဘာလို့များ ငါတို့နဲ့ယှဥ်ပြိုင်ဖို့ ဒီပွဲကိုလာရတာလဲ။”


သူမနှင့်အတူ ခေါ်ဆောင်လာသော ကျွမ်းကျင်သူအုပ်စုသည် သူမကိုယ်သူမ ယုံကြည်မှုအပြည့်အဝ ရရှိစေသည်။ သူမသည် သူတို့အားလုံးကို လစာမြင့်မြင့်နဲ့ ငှားရမ်းပြီး ဒီနေ့မှာ သူမအတွက် အောင်မြင်မှု အများကြီး ရရှိစေမသည်မှာ သေချာသည်။


ဖန့်ကျွင်းရုံက တခစ်ခစ်ရယ်မောကာ Duchess Capetဆီ အကြည့်တစ်ချက်ရောက်ပြီး ဤသို့ဆိုသည်။ “ဒီကျောက်စိမ်းတွေက ငါ့ရဲ့အသားအရေထိန်းသိမ်းတဲ့လုပ်ငန်းအတွက် အရမ်းအသုံးဝင်လိမ့်မယ်လို့ ခံစားရတယ်။ ပြီးတော့ သူတို့က အရမ်းလှပတဲ့အတွက် ငါ့လက်ထဲရောက်လာဖို့ မစောင့်နိုင်တော့ဘူး။ ဒါ့ကြောင့် ဒီနေ့ကျောက်စိမ်းတုံးအချို့ ဝယ်သွားရမယ်။ အဲ့တာတွေကို ခွဲခြမ်းပြီး အမှုန့်ပြုတဲ့အခါကျရင် အရမ်းရင်ခုန်ဖို့ ကောင်းလိမ့်မယ်။”


ထိုစကားကိုကြားလိုက်သောအခါ ပိုင်ရှစ်ယွင်၏မျက်နှာကြွက်သားများသည် တုန်ယင်သွားသည်။ သူတို့က ဒီပွဲကို သူတို့စီးပွားရေးအတွက် ကျောက်စိမ်းဝယ်ယူဖို့ ရောက်ရှိလာကြတာဖြစ်သည်။ ဖန့်ကျွင်းရုံက သူတို့ကို အသားအရေထိန်းသိမ်းတဲ့လုပ်ငန်းအတွက် ဝယ်ယူဖို့တဲ့လား။ ဒါက သူတို့ကို လှောင်ပြောင်တာလား။


သူမက အလွန်ချဲ့ကားပြောဆိုလိုသောအသွင်ဖြင့် ပြောသည်။ “နင်က အရမ်းရယ်စရာကောင်းတာပဲ။ ဘယ်လိုအရူးမျိုးက ကျောက်စိမ်းတွေကို ကြိတ်ချေပြီး သူတို့မျက်နှာအပေါ် လိမ်းခြယ်ဖို့ အသုံးပြုမှာလဲ။”


သူတို့တွေက တရုတ်လိုသာ ပြောဆိုနေကြတာဖြစ်သည်။ Duchess Capetသည် တရုတ်စကားကို နားမလည်သော်လည်း ဒီပွဲသို့ သူမကိုယ်ပိုင်စကားပြန်သူကိုပါ ခေါ်ဆောင်လာခဲ့သည်။


ထို့ကြောင့် ပိုင်ရှစ်ယွင်ပြောခဲ့သော စကားတိုင်းကို သူမရဲ့ဘာသာပြန်သူက ဘာသာပြန်ပေးခဲ့သည်။


သူမက ချက်ချင်း စိတ်မကျေမနပ်ဖြစ်သွားခဲ့သည်။ “ဒါဆိုရင် ငါလည်း ကျောက်စိမ်းတွေကို အမှုန့်ကြိတ်တော့ ဘာဖြစ်မလဲ။ ငါ အရင်တုန်းက မြကျောက်တွေကိုလည်း ကြိတ်ခဲ့ဖူးတယ်။”


သူမက သူမရဲ့ဘာသာပြန်သူကို ပြောလိုက်သည်။ “သူမပြောတာကို သေသေချာချာ ဘာသာပြန်ပေးပါ။ ပြီးတော့ စကားလုံးတစ်လုံးစီတိုင်းကို ဘာသာပြန်ပေးပါ။ စကားမစပ် သူမက တကယ့်အရူးပဲ။ ပြီးတော့ သူမကို ငါ့အစား ပိုပြီးဆူပူကြိမ်းမောင်းပေးပါ။”


ဘာသာပြန်လေးသည် ပင်လယ်ပြာလို မျက်ဝန်းအရောင်ရှိသော်လည်း ဘာသာပြန်စကေး အလွန်ကျွမ်းကျင်သည်။ Duchess Capetပြောဆိုသောစကားများကို ဘာသာပြန်‌ပေးရုံသာမက တရုတ်ယဥ်ကျေးမှုနှင့် ပိုမိုလိုက်ဖက်သော ကျိန်ဆဲတဲ့စကားအချို့ကိုလည်း ထည့်သွင်းဘာသာပြန်ပေးခဲ့သည်။


ပိုင်ရှစ်ယွင်သည် အလွန်စိတ်ဆိုးသွားသည်။ သူမသည် Duchess Capetအား ဆဲဆိုချင်သော်လည်း သူမလက်ထောက်က Duchess Capet၏နောက်ခံအကြောင်းကိုသိ၍ တားမြစ်ခဲ့သည်။ တိုတိုပြောရရင် သူမမျက်နှာပေါ် မြကျောက်လိမ်းခြယ်အသုံးပြုတယ်ဆိုတာ နှုတ်ပြောစကား မဟုတ်ပါဘူး။ Duchess Capetရဲ့ချမ်းသာကြွယ်ဝမှုက သူမမိသားစုနှင့် သူမခင်ပွန်းမိသားစုတို့ ပေါင်းစည်းထားတာထက် ပိုမိုကြွယ်ဝသည်။

 

လေလျော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ သူမမာနကို ချက်ချင်း နင်းခြေခံလိုက်ရသည်။

 

သူမသည် ဖန့်ကျွင်းရုံကို ကြည့်လိုက်သည်။ ဖန့်ကျွင်းရုံသာ သူမနှင့် တူညီသောတစ်ခုကို မလိုချင်ပါက သူမသည် ကျန်ကျောက်စိမ်းအားလုံးကို မြင့်မားသောစျေးနှုန်းဖြင့် အကုန်သေချာပေါက် ဝယ်ယူလိုက်မည်။ သူမ အနိုင်ရဖို့လိုအပ်တယ်။


Duchess Capetသည် ပိုင်ရှစ်ယွင်ကို မောင်းထုတ်လိုက်နိုင်သော်လည်း မပျော်ရွှင်နိုင်သေးပါ။ ဖန့်ကျွင်းရုံက စကားလမ်းကြောင်း မပြောင်းသေးသည့်တိုင်အောင် စူပုတ်နေသည်။


ယနေ့လေလံပွဲနည်းလမ်းသည် လျှို့ဝှက်လေလံပွဲဖြစ်သည်။ လျှို့ဝှက်လေလံပွဲ ဖြစ်သည်နှင့်အညီ သူတို့အား လေလံတင်ထားသော ကျောက်အရိုင်းတုံးနံပါတ်၊ ကျောက်အရိုင်းတုံးပိုင်ရှင်အမည်နှင့် လေလံစျေးပေးလိုသည့်ပမာဏတို့ကို လေလံစာရွက်ပေါ်တွင် ချရေးကာ လေလံသေတ္တာတစ်လုံးထဲ ထည့်လိုက်ရသည်။


ဤနည်းအားဖြင့် မည်သူက မည်မျှစျေးဖြင့် အပြန်အလှန်ကမ်းလှမ်းနေသည်ကို မသိနိုင်ပဲ မတန်တဆစျေးမြင့်တက်ခြင်း သို့မဟုတ် မတူညီသောလူများ အချင်းချင်း မူးပေါင်းကြံစည်ခြင်းတို့ကို ရှောင်ရှားနိုင်လေသည်။

 

သူမသည် နေရာတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ လျှို့ဝှက်လေလံပွဲတွင် ပါဝင်သော ကျောက်အရိုင်းတုံးအရေအတွက်ရဲ့ ငါးပုံသုံးပုံခန့်တွင်သာ ကျောက်စိမ်းများပါရှိတာတွေ့ရပြီး အလားအလာ အကောင်းဆုံးကျောက်အရိုင်းတုံးတွေကိုတော့ လေလံတင် ရောင်းချပေလိမ့်မည်။ လျှို့ဝှက်လေလံဆွဲပွဲပြီးသည်နှင့် သူတို့သည် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ပြီး လေလံဖွင့်ပွဲကို သုံးရက်မြောက်နေ့တွင် စတင်ကျင်းမမည်ဖြစ်သည်။


လျှို့ဝှက်လေလံပွဲတွင် ဖန့်ကျွင်းရုံသည် လေလံဆွဲရန် ကျောက်အရိုင်းတုံး ဆယ်တုံးကို ရွေးချယ်လိုက်သောကြောင့် ဖြည့်သွင်းရမည့်စျေးနှုန်းများမှာ မနည်းလှပေ။ ဆယ်တုံးအနက် အများစုကို လေလံနိုင်မည်ဟု သူမ ခန့်မှန်းထားသည်။ တခြားကောင်းတာတွေလည်း ရှိပေမယ့် အားလုံးကိုဝယ်ဖို့ မလိုအပ်ဘူး။ တခြားသူတွေအတွက်လည်း ချန်ထားရမယ်။


အခြားတစ်ဖက်တွင်မူ Duchess Capetကတော့ များများစားစား စဥ်းစားမနေပေ။ သူမမျက်လုံးထဲ သဘောကျနှစ်ခြိုက်သည့် ကျောက်စိမ်းတုံးတွေကိုရော ကျွမ်းကျင်သူများ ရွေးချယ်ပေးသော ကျောက်စိမ်းတုံးများကိုရော အကုန်ဝယ်ယူသည်။ သူမ ငွေကြေးပမာဏကို စဥ်းစားမနေပေ။


ဖန့်ကျွင်းရုံသည် သူမလေလံဆွဲရာတွင် လေလံစာရွက် ၂၀ကျော် အနည်းဆုံး အသုံးပြုနေသည်ကို တွေ့လိုက်ရသည်။ သူမက အရမ်းချမ်းသာတာပဲ။