အပိုင်း ၃၇
Viewers 14k

Chapter 37
မင်းဘာကိုခံစားရတာ?
ရဲတွတ်နေသည့်မျက်နှာနှင့် နှလုံးခုန်မြန်ခြင်းက ရုန်ယီအမြဲတမ်းချောမောလှသည့်အယ်လ်ဖာတစ်ယောက်နှင့်တွေ့တိုင်းအသေးစားဖြစ်နေကျလေးများပင်။
"တစ်ခုခုလိုအပ်တာများရှိရင်...ဒီလိုပါ၊ ခင်ဗျားတို့စကားပြောချင်ရင်အခြားတစ်နေရာအရင်ပြောင်းလိုက်ကြမလား?"
ထိုသူက စိတ်ခံစားချက်ပြင်းထန်နေသည့်လီရှောင်းရန်ကိုပြောလိုက်သည်။
ရုန်ယီ အနှီသူရင်ဘတ်က နာမည်ကတ်ပြားကိုဖျတ်ကနဲကြည့်လိုက်၏။ 'မန်နေဂျာ' ဆိုသည့်စကားလုံးအရှေ့တွင်နာမည်နှစ်လုံးပါသည်။ထိုသူဖြတ်သွားချိန် ဧည့်သည်များ၏ရုတ်တရက်ရန်ပွဲကိုစိုးရိမ်၍ တားရန်အမြန်ပြေးလာခဲ့ခြင်းဖြစ်နိုင်သည်။
လီရှောင်းရန်က ထပ်မံအငြင်းမပွားချင်တော့မှန်းသိသာသည်။ သူရုန်ယီကိုစိုက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လှည့်သွားကာ ဈေးဝယ်တွန်းလှည်းကို ထားရစ်ခဲ့သည်။ သူ့ဘေးရှိအိုမီဂါက တခဏတုံ့ဆိုင်းနေပြီးမှလက်ထဲမှကလေးနှင့်လိုက်သွားသည်။ နှစ်လှမ်းသွားပြီးနောက် ရုန်ယီကိုပြန်လှည့်ကြည့်လာပြီး အဆုံးတွင်ဘာစကားမှမပြောခဲ့ချေ။
သို့ဖြစ်၍ ရုန်ယီနှင့်သဘောကျချင်စရာ မန်နေဂျာတို့နှစ်ယောက်သာထိုနေရာတွင်ကျန်ရစ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်ဗျာ"
ရုန်ယီမှ အရင်ပြောလိုက်သည်။
"ကျွန်တော်အခုလေးတင်တကယ်လန့်သွားတာ"
"ဒါပေါ့ဗျ"
မန်နေဂျာက ပြုံးလျက်နှင့်ခေါင်းယမ်းသည်၊ မိသားစုကချန်ထားရစ်ခဲ့သည့် လက်တွန်းလှည်းကိုကြည့်ကာသက်ပြင်းချသည်။
"အဲဒီလူကြီးကဒေါသထွက်နေတာ၊ တစ်ယောက်နဲ့တစ်ယောက်မတော်တဆတိုက်မိကြတာလား?"
ရုန်ယီ ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်!"
သူစကားထပ်ပြောချင်သေးသော်ငြား ကံမကောင်းစွာဖြင့်တစ်ဖက်လူတွင်အားလပ်ချိန်မရှိပေ။
"ခင်ဗျားမထိခိုက်တာကောင်းတာပေါ့၊ ခင်ဗျားလိုအပ်တာရှိရင်ယူနီဖောင်းနဲ့အရောင်းဝန်ထမ်း ဒါမှမဟုတ် ကျွန်တော့်ကိုရှာလို့ရပါတယ်"
သူခေါင်းကိုမော့ပြီး ပစ္စည်းများပြည့်နေသည့်လက်တွန်းလှည်းကိုတွန်းနေရင်းပြောလိုက်သည်။
"ခင်ဗျားဈေးဝယ်ထွက်တာကိုမနှောင့်ယှက်တော့ပါဘူး"
သူဈေးဝယ်တွန်းလှည်းကိုအဝေးယူသွားသည်၊ စင်ပေါ်သို့ပစ္စည်းများအကုန် ပြန်တင်ရန်ဖြစ်နိုင်သည်။
ရုန်ယီ သူ့ကိုရပ်ကြည့်နေပြီးစိတ်ထဲတွင်သက်ပြင်းချလိုက်သည်။
ထိုသူကအရမ်းချောပြီး စာရိတ္တကောင်းပုံရသည်။ ထိုသို့သော အယ်လ်ဖာမျိုးနှင့်သာဆိုလျှင် သူ့ဘဝကြီးကသာယာလောက်သည်။
ကံဆိုးသည်၊ ထိုသူနှင့်စကားပြောရန်သူ့တွင်အခွင့်အရေးမရှိတော့။ သူအိမ်အမြန်ပြန်ပြီး ချန်းခယ့်ယောင်အတွက်ချက်ပြုတ်ပေးရဦးမည်။
ရုန်ယီအိမ်ပြန်ရောက်တော့ ချန်းခယ့်ယောင်အိမ််တွင်မရှိချေ။
မနေ့ကညစာစားပွဲတွင် အစ်မလန်ကမင်္ဂလာဆောင်အတွက်ပြင်ဆင်ပေးရမည်ဟုပြောခဲ့သည်၊ ထို့ကြောင့် သူမဒီနေ့မလာနိုင်ပေ။ ငပျင်းကောင်ချန်းခယ့်ယောင်ကကူညီပေးရန်ထွက်သွားသည်လား သူမသိပေ ။ သို့သော် ရှည်ရှည်ဝေးဝေးမစဉ်းစားနေတော့ဘဲသူအိမ်ပြန်လာပြီး ညစာချက်ပြုတ်ပေးသင့်သည်။
တံခါးဖွင့်သံကြားလိုက်ရသည့်အချိန် ရုန်ယီမှာ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသည်။
ပြီးနောက် တစ်စုံတစ်ယောက်ကမီးဖိုချောင်ထဲဝင်လာသည်။
"ဝိုး!...အနံ့လေးကမွှေးနေတာပဲ!"
ချန်းခယ့်ယောင် ကုတ်အကျီဝတ်ထားလျက်သားနှင့်သူ့ထံလျှောက်လာသည်။
"ငါတို့ဒီနေ့ဘာစားကြမှာလဲ?"
"ငါးခါးပတ်"
ရုန်ယီ ချန်းခယ့်ယောင်လက်ကိုပုတ်ထုတ်ရင်းပြောလိုက်၏။
"အဲဒီတစ်ကောင်ကကြော်ထားတာမကျက်သေးဘူး၊ ထပ်ချက်ဖို့လိုသေးတယ်၊ မင်းအခုနေစားရင်ဝမ်းလျှောလိမ့်မယ်"
ချန်းခယ့်ယောင် အရိုက်ခံရသည့်လက်လေးကိုပြန်ရုတ်သွားသည်။
"ငါကနည်းနည်းဗိုက်ဆာနေလို့ပါ"
"မင်းလက်ကိုအရင်သွားဆေး"
ရုန်ယီ သူ့ကိုခိုင်းလိုက်သည်။
"ပြီးရင်ဧည့်ခန်းထဲမှာသွားစောင့်နေ"
သူ့မြေအရှင်ကြီးက နာခံမှုရှိစွာဖြင့်ထွက်သွားသည်။
ချန်းခယ့်ယောင်ကိုထမင်းကျွေးရခြင်းက စိတ်ကျေနပ်ဖွယ်မှော်အငွေ့အသက်လေးရှိသည်။
ဒီလူက အစားအသောက်ဂျီးများတတ်လင့်ကစား သူကြိုက်နှစ်သက်သည့်ဟင်းကိုချက်ကျွေးလျှင် ကောင်းကောင်းစားတတ်သည်။ သူ့အတွက်ရိုးရှင်းသည့်ဟင်းကိုချက်ပေးလျှင်ပင်နှစ်ခြိုက်စွာစားပြီးချီးမွမ်းပေးရန်လည်းမတွန့်တိုပေ။
"မင်းဟင်းချက်ကောင်းသားပဲ"
ချန်းခယ့်ယောင်က စိတ်အခြေအနေကောင်းစွာဖြင့် ထမင်းပန်းကန်လုံးကိုကိုင်ထားသည်။
"အစ်မလန်ဟင်းချက်နေတဲ့နေ့တွေကဆိုရင် ကိုယ်အစမ်းလေ့ကျင့်တဲ့နေ့တွေပြန်ရောက်သွားသလိုပဲ၊ နောက်တစ်ခါဆို မင်းချက်တဲ့ဟင်းကိုသူ့ကိုမြည်းခိုင်းကြည့်လိုက်"
ဒီမွေးရကျိုးမနပ်တဲ့သား။
"အစ်မလန်ကမနေ့ကငါတို့အတွက် တကူးတကလာချက်ပေးရတာ၊မင်းခံတွင်းမတွေ့ရင်သူချက်ပေးတာတွေမစားသင့်ဘူး"
ရုန်ယီ သူ့ကိုသင်ပြပေးလိုက်သည်။
ချန်းခယ့်ယောင်ကသူ့ကိုတစ်ချက်ကြည့်သည်၊ သူ့ပါးစပ်ထဲစားစရာထည့်ပြီး ဘာမှပြောမလာပေ။
ရုန်ယီ ခေတ္တခန့်တွေးနေပြီးမှမေးလာသည်။
"မင်းဒီနေ့လည်ခင်းကိုဘယ်ရောက်နေတာလဲ?"
ချန်းခယ့်ယောင်သည် ပါးစပ်ထဲမှအစားအသောက်တွေကိုမြိုချပြီးပြောလိုက်သည်။
"မင်းကိုမပြောပြဘူး"
ရုန်ယီ သူ့ကိုစောင်းကြည့်သည်။
"အဲဒါဆိုလည်းထားလိုက်တော့"
ချန်းခယ့်ယောင်ကရုတ်တရက်ကြီးရယ်သည်။ သူရုန်ယီကိုကြည့်ကာဆိုသည်။
"ကိုယ်ရုတ်တရက်ခံစားမိတာ..."
"ဘာလဲ?"
"ထားလိုက်တော့၊ ဘာမှမဟုတ်ပါဘူး"
ချန်းခယ့်ယောင်ကခေါင်းကိုခါယမ်းပြီး ဆက်စားနေသည်။
"မင်းဘာလို့တဝက်တပြတ်ပဲပြောနေတာလဲ?"
သူစားပွဲခုံအောက်မှချန်းခယ့်ယောင်ကိုကန်လိုက်သည်။
"မင်းဘာကိုခံစားရတာလဲ?"
"ကိုယ်အိမ်ပြန်ရောက်ရောက်ချင်းအရသာရှိတဲ့စားစရာတွေကအသင့်စောင့်နေတယ်လေ ပြီးတော့ ကိုယ်အကုန်လုံးကိုမေးခွန်းထုတ်ခံနေရတယ်"
ချန်းခယ့်ယောင်သူ့ကိုမကြည့်ဘဲပြောသည်။
"ကိုယ်အခန်းဖော်ရထားတယ်လို့မတွေးမိတော့ဘဲမိန်းမရထားသလိုပဲ"
နောက်ဆုံးတွင် ချန်းခယ့်ယောင် သူ့ကိုကြည့်လာသည်။
"မင်းရောအဲဒီအတိုင်းခံစားရလား?"
"ကိုယ့်ထမင်းကိုယ်စား၊ ဘာလို့ဒီလောက်စကားများရတာလဲ?"
ချန်းခယ့်ယောင်ဘက်မှ ဤအတိုင်းမပြောခဲ့လျှင်ပင် ရုန်ယီသည်စိတ်ကူးထဲတွင်လက်ထပ်ပွဲပင်ကျင်းပနေလောက်သည်။
ရုတ်တရက် သူနောင်တရလာသည်။ အခုလေးတင် စူပါမားကတ်တွင်မျက်နှာပြောင်တိုက်ပြီး အယ်လ်ဖာထံမှဖုန်းနံပါတ်တောင်းယူခဲ့သင့်၏။အောင်မြင်သွားခဲ့နိုင်သည်။ သူတို့သူငယ်ချင်းများအဖြစ်မှစတင်၍ရသည်။ နောက်ဆုံး ဖွင့်ပြေရာတွင်ငြင်းခံရလျှင်ပင် စိတ်ဝိညာဉ်မှာယာယီအထောက်အပံ့လေးရလောက်သည်။
ဒီကောင်းကျိုးမပေးသောချန်းခယ့်ယောင်ကို တစ်ချိန်လုံးသူ့ခေါင်းထဲတွင် ဝေ့လည်ကြောင်ပတ်လုပ်ခိုင်းထားသည်နှင့်စာလျှင်ပိုကောင်းသည်။
ရုန်ယီ သူ့အခန်းကိုပြန်သွားလိုက်သည်၊ အခုလေးတင်ရလိုက်သည့်ဇာတ်လမ်အပိုင်းအစလေးများကို ပြန်ဖော်နေခြင်းအားရပ်တန့်မရနိုင်ပေ။ သူအိပ်ရာထဲတွင်လှဲလိုက်ပြီး ပတ်ချာလည်လှိ်မ့်နေသည်၊အားကုန်သွားသလို သူ့ခေါင်းကိုခေါင်းအုံးထဲမြုပ်ထားလိုက်သည််။
ရုတ်ချည်း သူတစ်ခုခုကိုသတိရသွားသည်။
သူချန်းခယ့်ယောင်ရေးသည့်စာကိုရှာချင်သေးသည်၊ ရုတ်တရက်နေမကောင်းဖြစ်သွား၍ သူမေ့နေခဲ့သည်။
ရုန်ယီ သူ့ဖုန်းကိုထုတ်ပြီး browser ကိုဖွင့်သည်။ မတော်တဆသူအရင်ကမှတ်တမ်းများကိုထိမိသွား၍ ချက်ချင်းမကြာသေးခင်က ဖိုရမ်ကိုမြင်လိုက်ရသည်။ သူစိတ်မထိန်းနိုင်ဘဲနှိပ်လိုက်သည်၊ page ကပြန်လည်ပတ်ပြီးနောက် အကောင့်ကဝင်နေဆဲဖြစ်ပြီး မျက်နှာပြင်ထောင့်မှ window အသေးလေးတစ်ခုပေါ်လာသည်။
သူနှိပ်ဝင်လိုက်သည့်အခါ ကိုယ်ပိုင်မက်ဆေ့ချ်တစ်စောင်တွေ့ရသည်။
"စိတ်မကောင်းပါဘူး။ ပို့စ်ကလော့ခ်ကျနေတာကြောင့် စကားပြန်၍မရပါ။ သတိပေးခြင်းအတွက်ကျေးဇူးတင်ပါတယ်၊ မင်းပြန်စာတွေတားမြစ်ခံရတာအတွက်စိတ်မကောင်းပါဘူး။ တကယ်တော့ ငါဆရာဝန်တစ်ယောက်ဆီသွားလိုက်ရတယ်၊ တတ်နိုင်သမျှအမြန်တိုးတက်ဖို့မျှော်လင့်ပါတယ်"
ကိုယ်ပိုင်မက်ဆေ့ချ်မှာ ရုန်ယီစာပြန်ပြီးနောက်တစ်နေ့ဖြစ်သည်။
အချိန်ခဏလေးသာကြာလိုက်သည်။ ရုန်ယီတွေဝေနေပြီးနောက် စာပို့လိုက်နိုင်သည်။
"မင်းရဲ့မက်ဆေ့ချ်ကိုဖတ်လိုက်ရတယ်၊ စိတ်မကောင်းပါဘူး။ တကယ်တော့ငါ့မှာမင်းလိုဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်၊ အဲဒါကြောင့် ငါသူ့အတွက်ပိုသိချင်တယ်၊ အခု မင်းအခြေအနေရောတိုးတက်ပြီလား?"
စနစ်က ထိုသူလိုင်းပေါ်တွင်မရှိကြောင်းပြသနေသည်။ ရုန်ယီနေ့တိုင်းလိုင်းတက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူအကူအညီတောင်းရန် search box ကိုသွားလိုက်သည် သူသည်လွန်ခဲ့သောတစ်နှစ်ကျော်က တတိယမြောက်စာအုပ်တွဲကိုတင်ခဲ့သည့်စာရေးဆရာကိုမေးခဲ့ပြီး နောက်ဆက်တွဲစာအုပ်များမရှိနေပေ။
နာရီအနည်းငယ်အကြာ ရုန်ယီ page ကိုနောက်တစ်ခါပြန်ကြည့်လိုက်သည်၊ ပြန်စာသုံးခုရှိနေသည်။ တစ်ယောက်ကသူ၏အွန်လိုင်းစာအုပ်များကိုညွှန်းထားပြီး နောက်နှစ်ယောက်ကအဖြေတူဖြေထားသည်။
"မင်းပြောတာက 'တောင်ပြာတန်းအိပ်မက်' ရဲ့ 'နဂါးရှာပုံတော်' ဆိုတဲ့စာအုပ်ရဲ့သုံးအုပ်မြောက်ဖြစ်မယ်"
ရုန်ယီ ရှော့ခ်ရသွားပြီးထပ်ရှာသည်၊ စတင်တွေးမိလာသည်။ "နဂါး" စာအုပ်တွဲသည် အရင်နေ့ကချန်းခယ့်ယောင်အခန်းတွင်တွေ့ခဲ့သည့်စာအုပ်အတိအကျပင်။ ရုန်ယီ အခန်းဆက်ရေးသားနေဆဲစာအုပ်များကိုအားမပေးသောကြောင့် အစအဆုံးရှိသည့်စာအုပ်နှစ်အုပ်ကိုသာအရင်ဖတ်လိုက်သည်။ သို့ထိတိုင် တတိယမြောက်စာအုပ်အကြောင်းကြားဖူးခဲ့ခြင်းမျိုးရှိသည်။
စာရေးဆရာက သူ့အလုပ်ကိုစတင်ခဲ့သည့်အစောပိုင်းနေ့များတွင် အမြန်နာမည်ကြီးလာသည်။ ရုန်ယီသည် စာအုပ်ဖတ်ဖူးရုံပင်မကပထမဆုံးစာအုပ်၏တီဗွီဒရမ်မာနှင့်ရုပ်ရှင်များကိုပင် ကြည့်ခဲ့ဖူးသည်။ ၎င်းနာမည်နှင့်ပင် ဂိမ်းပေါင်းများစွာကပါကျော်ကြားခဲ့သည်။
မကြာခင် စာရေးဆရာကဒုတိယမြောက်တစ်အုပ်ကို အလေးအနက်ထားရေးသားခဲ့သည်။ စာရေးသည့်ပုံစံက ရင့်ကျက်ပြီးယုံကြည်မှုအများအပြားရှိသော်လည်း ပထမဆုံးတစ်အုပ်၏လွတ်လပ်ပြီးဇာတ်လမ်းခိုင်ခံ့သည့်စတိုင်က လူအများမျက်လုံးကိုဖမ်းစားခဲ့သည်၊ ဤတစ်အုပ်က ပိုပြီးသာမန်ဆန်သည်။
သို့သော် မပြီးမြောက်သေးသောတတိယမြောက်တစ်အုပ်က စတင်တည်းက ကျယ်ကျယ်ပြန့်ပြန့်ချီးကျုးခံရပြီး ပထမတစ်အုပ်ထက်ပိုကောင်းကြောင်းလူအများအပြားအသိအမှတ်ပြုခြင်းကိုခံရသည်။ ထို့ကြောင့်ပထမတစ်အုပ်က ချက်ချင်း ရောင်းအားကခေါင်ထိပ်ဖျားတိုင်မြင့်တက်သွားသည်။ ဒုတိယမြောက်တစ်အုပ်မှာလည်းအလျှင်အမြန်ထွက်လာခဲ့ပြီး ဇာတ်ကြောင်းတိုးတက်မှုကစာဖတ်သူများကိုမရပ်တန့်နိုင်ဖြစ်စေခဲ့သည်။ သို့သော် မသိနိုင်သောအကြောင်းအရင်းများကြောင့် စာရေးဆရာက update တင်ရာတွင်နှေးကွေးပြီးရင်နှေးကွေးလာသည်။ တတိယမြောက်စာအုပ်မှာ ထွက်လာရန်ကြန့်ကြာနေပြီး အရည်အသွေးမှာလည်းစိုးရိမ်ဖွယ်ပင်။ ပထမဆုံးနှစ်အုပ်မှဇာတ်လိုက်ကျော်တို့မှာ ပင်ကိုယ်အရည်အချင်းများနှင့်ပြောင်းလဲသွားပြီးအသေဆိုးနှင့်သေကြရသည်၊ စွမ်းအားကြီးပြီးကြည်နူးဖွယ်ပုံစံမှညစ်ညမ်းသည့်ပုံစံဖြစ်လာကာ အသနားခံဒီရေနှင့် အဆိုးမြင်မှတ်ချက်လှိုင်းလုံးကြီးများ တက်လာသည်။
လေးအုပ်မြောက်မှာ မအောင်မြင်လိုက်ချေ။
စာဖတ်သူများအကြားတွင် ငိုကြွေးသံများမစဲခဲ့ကြပေ၊ စာရေးဆရာကပိုက်ဆံများပုံအောရလာပြီး သူ့ကိုယ်သူပျော်ပါးရာတွင်အလိုလိုက်နေလေရာ စာထပ်ရေးချင်သည့်ရည်ရွယ်ချက်မရှိတော့ခြင်းဖြစ်နိုင်မဖြစ်နိုင်ကို မှန်းဆကြသည်။
အွန်လိုင်းပေါ်မှ အထွေထွေသောအချက်အလင်များကိုစုဆောင်းပြီးနောက် ရုန်ယီအတွေးများသွားသည်။
"တောင်ပြာတန်းအိပ်မက်" နှင့်ချန်းခယ့်ယောင်ကတစ်ယောက်တည်းလား? သို့ထိတိုင် 'အိပ်မက်' စာရေးဆရာက နာမည်ကြီးအမျိုးသမီးအလှလေးဟုလူသိများကြသည်။ သူမသည် တစ်ခါမှလူကြားထဲထွက်ပေါ်လာခြင်းမရှိ၊ ဓာတ်ပုံနှင့်အရိပ်အယောင်မပြခဲ့ဖူးသည့်တိုင် သူမနှင့်လူချင်းတွေ့ဖူးသူတိုင်းက ကျက်သရေရှိသောသူမ၏ပုံပန်းသွင်ပြင်ကိုချီးမွမ်းကြသည်၊ နာမည်ကျော်စာရေးဆရာများပါ အပါအဝင်။ ဒါတွေအကုန်အဓိပ္ပါယ်ရှိလား?
ထို့အပြင် ချန်းခယ့်ယောင်၏ပုံရိပ်အရ သူ့ကိုယ်သူကလောင်အမည်ကို 'အိပ်မက်' ဟုပေးထားသည်ကိုမြင်ယောင်ကြည့်ရန်ခက်ခဲသည်။ ကြောက်မက်ဖွယ်ပင်။
ရုန်ယီ သူ့ပရောဂျက်ကိုဆုံးသည်အထိစောင့်ရန်ဆုံးဖြတ်လိုက်သည်၊ 'နဂါးရှာပုံတော်' ၏တတိယမြောက်အပိုင်းကိုဖတ်ပြီး သဲလွန်စရှာတွေ့နိုင်လောက်သည်။
.........
အစ်မလန်က ရက်အတန်ကြာသည်အထိရောက်မလာခဲ့ပေ ပိတ်ရက်တွင် ရုန်ယီသည်သူ၏အယောင်ဆောင်ချစ်သူကောင်လေးအလုပ်ကိုတဖန်ပြန်လုပ်ရပြန်သည်။
မြေရှင်ကြီး၏အမေမှနောက်အိမ်ထောင်၏သားကို မင်္ဂလာဆောင်ပေးခြင်းမှာ သူနှင့်မဆိုင်သလိုရှိသော်လည်း သွားမည်ဟုကတိပေးထားပြီးလေရာ ကတိတည်မှရတော့မည်။
ရုန်ယီမှာ သင့်တော်သည့်အဝတ်အစားရွေးရခြင်းနှင့် ရေချိုးခန်းသို့သွားကာမှန်ရှေ့တွင် ဆံပင်စတိုင်ပြင်ဆင်ရခြင်းကြောင့် နေ့တဝက်ခန့်ကြာသွားခဲ့သည်။ အပြီးသတ်လိုက်သည့်ပုံစံကပြည့်စုံနေ၍ သူယုံကြည်မှုရှိသွားသည်။
အစအဆုံးကိုထိုင်ကြည့်နေသည့် ချန်းခယ့်ယောင်ကအံ့ဩသွားသည်။
"ကိုယ်မင်းကိုဒီလိုပုံစံမမြင်ရတာအတော်လေးကြာပြီ"
ရုန်ယီသည် အလုပ်သွားတိုင်းသူ့ဝတ်စားမှုပုံစံကအမြဲအပြစ်ရှာခံနေရသည့်တိုင် အလေးအနက်ထားကာမဝတ်စားတတ်ပေ။ ကျန်အချိန်များတွင် သူချန်းခယ့်ယောင်ရှေ့၌ ပုံမှန်ဝတ်စားတတ်၍အနည်းငယ်ဖိုသီဖတ်သီဖြစ်နေလျှင်ပင် ပုံမှန်အတိုင်းပင်။
"လူတွေကတော့မင်းကို ခန်းမထဲကနေ သတို့သမီးကိုခိုးပြေးသွားမယ်လို့ထင်ကြတော့မှာပဲ"
ချန်းခယ့်ယောင်ကသူ့ကိုအပေါ်အောက်အကြိမ်ကြိမ်စစ်ဆေးသည်။
"ဒါပေမဲ့ ဒါကကိုယ့်ကိုဂုဏ်ယူစေတယ်"
ရုန်ယီ သူ့ကိုမရှိသလိုသဘောထားလိုက်သည်။
အနှီလူက အမြဲယုတ္တိမရှိသည့်စကားမျိုးပြောရတာကြိုက်သည်။ ယခုအကျင့်ပါနေသလောက်ပင်။ သို့ပေသည့် နောက်ပိုင်းစကားတစ်ကြောင်းနှစ်ကြောင်းခန့်က သူ့ကိုထူးဆန်းလာစေသည်။
ရုန်ယီမှာ သူ့ကိုယ်သူ ချန်းခယ့်ယောင်သည်ဦးနှောက်မရှိသည့်ကောင်ဖြစ်၍ အဖက်လုပ်စဉ်းစားနေရန်မတန်ကြောင်းတိတ်တိတ်လေးပြောနေရသည်။ ဘယ်တော့မှ များများစားစားမတွေးတာကောင်းပေသည်
သူတို့မင်္ဂလာဆောင်ခန်းမထဲရောက်သည့်အခါ တံခါးဝတွင်မင်္ဂလာမောင်နှံရပ်နေပြီး ဧည့်သည်များနှင့်ဓာတ်ပုံရိုက်နေသည်ကိုတွေ့ရသည်။
ရုန်ယီသွားမည်အပြု ချန်းခယ့်ယောင်ကသူ့လက်မောင်းကိုလှမ်းဆွဲထားသည်။
"မင်းဒီနေ့ဘယ်သူဆိုတာမှတ်မိလား?"
ရုန်ယီ ကျိန်းသေမှတ်မိသည်။ သို့သော် သူထုတ်မပြောဘဲပြန်မေးလိုက်သည်။
"အဲဒီတော့ဘာဖြစ်လဲ?"
"အဟမ်း!"
ချန်းခယ့်ယောင်ကလည်ချောင်းရှင်းသည်၊ ရုန်ယီလက်ကိုဆွဲကာသူတို့လက်ချောင်းကိုလိမ်ယှက်ရန်ညှိယူလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုအရှေ့သို့ဆွဲခေါ်သွားသည်။
ရုန်ယီမှာတောင့်တင်းသွားသည်၊ လုံးဝစိတ်ရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်းပင်မသိတော့၊ သူ ဇနီးမောင်နှံအသစ်များရှိရာလမ်းတလျှောက်ဆွဲခေါ်ခံသွားရသည်။
စုံတွဲသစ်နှစ်ယောက်လုံးကယောကျ်ားလေးများသာဖြစ်သည်။ သူတို့ပုံစံကိုကြည့်ရုံဖြင့် တစ်ယောက်ကဘီတာဖြစ်ပြီးနောက်တစ်ယောက်ကအိုမီဂါမှန်းအလွယ်လေးပြောနိုင်သည်။ ရုန်ယီမှာ ဘယ်တစ်ယောက်ကချန်းခယ့်ယောင်၏ဆွေမျိုးတစ်ဝက်တော်သည့်ညီလေးမှန်းမသိခြင်းကိုနောက်မှနားလည်သွားသည်။
ကံကောင်း၍ သူဦးဆောင်ပြောရန်အခွင့်အရေးမရလိုက်ပေ။
စုံတွဲအသစ်မှအိုမီဂါက သူ့ဘေးမှလူကိုမြင်သည်နှင့်လက်ကိုဝှေ့ယမ်းပြလာပြီး အရှေ့ကိုအနည်းငယ်လျှောက်လာသည်။
"စီနီယာ!...ဒီမှာပဲ"
သူချန်းခယ့်ယောင်ကိုခေါ်သည့်ပုံစံက ထူးဆန်းသည်။ ရုန်ယီ သူ့ဘေးမှချန်းခယ့်ယောင်ကိုလှမ်းကြည့်လိုက်သည့်အခါ သူ့တစ်မျက်နှာလုံးအပြုံးများနှင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။
"မတွေ့ရတာကြာပြီပဲ"
သူစုံတွဲသစ်ကိုအပြုံးနှင့်နှုတ်ဆက်လိုက်သည်။
"မင်းဒီနေ့ကြည့်ကောင်းနေတာပဲ"
အခြားတစ်ယောက်ကရယ်မောပြီး သူ့မျက်လုံးကရုန်ယီထံကျသွား၏။
"ဆိုတော့..ဒီတစ်ယောက်ကရာဇဝင်ထဲက..."
ချန်းခယ့်ယောင်ကပြောလိုက်သည်။
"ငါ့ပါတနာလေ"
သူ့ကိုကြည့်ရတာအရမ်းကိုသဘာဝကျသည်၊ ရုန်ယီသာ သူပြောအပြီးတွင်လက်ချောင်းများကွေးသွားသည်ကိုသိလိုက်သည်။
.
စာရေးသူတွင်ပြောစရာရှိပါသည်။
ချန်းခယ့်ယောင်ညီ: ဆိုတော့ဒါကရာဇဝင်တွင်မယ့်....
ချန်းခယ့်ယောင် : မင်းရဲ့ယောင်းမ
ငါတို့ဒီမှာ 'ယောင်းမ' ဆိုတဲ့စကားလုံးသုံးလို့ရလို့လား?
-
[ ကန့်လန့်ကာနောက်]
အမည်မသိအပိုလို: ဒရမ်မာထဲမှာငါ့အပိုင်းကဘယ်လိုလုပ်ပျောက်သွားတာလဲ?
မော့ယွီဖေး: ငါစောင့်နေတာတစ်နှစ်လောက်ရှိပြီ
Xxxxxx