တွေ့ဆုံပြီးသည့်နောက် သူတို့အတူဓာတ်ပုံရိုက်ကြသည်။ ရုန်ယီသည် ချန်းခယ့်ယောင်၏ခေါ်ဆောင်မှုဖြင့် ဧည့်ခန်းမထဲရောက်ရှိသွား၏။
သူတို့သည် 'ချန်းခယ့်ယောင်နှင့်ဇနီး' ဟုအမည်ကတ်ပါသည့် ထိုင်ခုံများတွေ့ရသည့်အခါ ရုန်ယီခမျာမေးမြန်းချင်သည့်အရာများအကုန်မေ့သွားသည်။ စားပွဲအောက်တွင် သူ့ဘယ်လက်ထဲညာလက်ကိုထည့်ထားပြီး တစ်ကိုယ်လုံးချွေးများစိမ့်ထွက်နေသည်။
အဝင်ဝမှာ ချန်းခယ့်ယောင်၏ညီလေးကသူတို့နှစ်ယောက်အတူရပ်နေလျှင်သင့်တော်မည်ဟုပြောခဲ့သည်။
သူကယဉ်ကျေးမှုပြခြင်းလည်းဖြစ်နိုင်သည်။ အခြားသူများမျက်လုံးထဲတွင် သူနှင့်ချန်းခယ့်ယောင်နှစ်ယောက်လုံးက အယ်လ်ဖာများဖြစ်နေ၍နှစ်ယောက်သားလက်ချင်းချိတ်ရပ်နေခြင်းက အတော်လေးခွတီးခွကျနိုင်သည်။
သို့ထိတိုင် ရုန်ယီကထိုသို့ကြားရ၍ပျော်နေဆဲပင်၊ ရလဒ်အရ ချန်းခယ့်ယောင်၏ဆွေမျိုးတစ်ဝက်တော်သည့်ညီလေးကိုနှစ်သက်သွား၏။
ချန်းခယ့်ယောင်ကဟောခန်းမထဲတွင် ရင်းနှီးသူတွေအတော်လေးများသည်။ အချိန်ပြည့် လူတိုင်းကသူ့ကိုလာနှုတ်ဆက်ကြသည်။ အများစုက သူ့ကို 'ကျောင်းစီနီယာ' ဟုခေါ်ကြသည်။
ရုန်ယီ၏သံသယများကိုပြန်အမှတ်ရသည့်အခါ ချန်းခယ့်ယောင်ကသူ့ကိုကူညီရှင်းပြပေးလာသည်။
"ကိုယ်တို့ကကျောင်းအတူတက်ဖြစ်ခဲ့ကြတယ်...ကိုယ်တို့ကနှစ်တန်းပဲကွာတယ်ဆိုပေမဲ့ တစ်သင်းတည်းပဲလေ၊ လာနှုတ်ဆက်တဲ့လူတိုင်းက အသင်းထဲကသူငယ်ချင်းတွေချည့်ပဲ"
ရုန်ယီ အနည်းငယ်အံ့ဩသွားသည်။
"ဒါဆိုအဲဒီတုန်းကအစ်မလန်က..."
ချန်းခယ့်ယောင်ကခေါင်းခါသည်။
"သူနဲ့ကိုယ့်အဖေကအထက်တန်းပြီးမှကွာခဲ့ကြတာ"
ရုန်ယီက ခေတ္တခန့်စကားမပြောဘဲနားထောင်နေခဲ့သည်။
အနှီပတ်သတ်မှုက တကယ်ရှုပ်ထွေးသည်၊ သို့ရာတွင် အခြားလူတစ်
ယောက်၏မိသားစုအတွင်းရေးများကိုတူးဆွနေခြင်းက မသင့်လျော်ပေ။
သူ၏ဝေခွဲရခက်နေသည့်မျက်နှာထားကိုမြင်ပြီး ချန်းခယ့်ယောင်ကအကြောင်းအချို့ကြောင့်ရယ်သည်။
"မင်းနဲ့မင်းညီလေးကရောအဲဒီမတိုင်ခင်တည်းကသိကြတာလား?"
သူတို့ ဆွေမျိုးတစ်ဝက်တော်သည့်ညီအစ်ကိုများအဖြစ်သိခဲ့ကြပါကကျောင်းတွင်တွေ့ခဲ့ကြလျှင်ပင် အချင်းချင်း 'စီနီယာ' နှင့် 'ဂျုနီယာ' ဟုခေါ် ကြခြင်းကအတော်အတန်သင့်လျော်သည်၊ ယနေ့အထိပင် အကျင့်ဖြစ်နေကြသည်။
"ဟုတ်တယ်၊ အစ်မလန်နဲ့ဦးလေးက ကိုယ်တို့ကြောင့်သိခဲ့ကြတာလေ"
"ကိုယ်တို့အဲဒါနဲ့ပဲအတူနေဖြစ်သွားကြတာ"
မတော်တဆ ရုန်ယီသည်အနည်းငယ်စိတ်ကူးကြည့်မိပြန်၏။ အယ်လ်ဖာတစ်ယောက်နှင့်အိုမီဂါတို့ သိကျွမ်းခြင်းကြောင့် မိဘများကလည်းသိခဲ့ကြသည်။ သို့သော်ငြား ယခုသူတို့ကညီအစ်ကိုများဖြစ်နေသည်၊နောက်ဆုံးမိနစ်လေးတွင် တစ်ယောက်ကသိရှိသွားချိန်ကျန်တစ်ယောက်က လက်ထပ်နေပြီ။
ချန်းခယ့်ယောင်၏ရှင်းလင်းသည့်သဘောထားနှင့် ကသိကအောက်ဖြစ်ဖွယ်ပြဿနာများကြောင့်မဟုတ်လျှင် ရုန်ယီသည် အော်ပရာဇာတ်လမ်းအပိုင်းနှစ်ဆယ်ခန့်ရေးပြီးလောက်သည်။
စကားပြောနေစဉ် အစ်မလန်ရောက်လာသည်။
ရုန်ယီ နှုတ်ဆက်ရန်ထလိုက်သည်။ စကားအနည်းငယ်ပြောပြီးနောက်အစ်မလန်ကရုတ်တရက်ချန်းခယ့်ယောင်ကိုပြောသည်။
"မင်းနဲ့မင်းညီနဲ့မတွေ့ရတာဒီလောက်နှစ်တွေအကြာကြီးကို၊ နှစ်ယောက်သားဘာလို့စကားနည်းနည်းပဲပြောကြတာလဲ?"
"အနာဂတ်မှာအခွင့်အရေးရဦးမှာပါ"
အစ်မလန်ကထပ်ပြောချင်နေသေးပုံရသော်ငြား ရုန်ယီဘေးတွင်ရှိနေလေရာ စကားလုံးများကိုမြိုချလိုက်ပြီးအမြန်ထွက်သွားသည်။
ရုန်ယီ၏ဖန်တီးလိုသည့်ဆန္ဒများမှာ ကောင်းကင်ပေါ်ရောက်တော့မည်။
သူသည်အမြဲထူးဆန်းသည့် အတွေးများတွေးနေတတ်၏။ ချန်းခယ့်ယောင်သည် အိုမီဂါများနှင့်တွေ့လျှင်ပျို့အန်တတ်ခြင်းက သိသာသည့်ပြဿနာအရင်းအမြစ် ြဖစ်သည်။ ၎င်းကပြဿနာအရင်းအမြစ်ဆိုလျှင်တစ်နေရာတွင်အမြစ်ရှိနေရမည်။
ဒီတော့ "တစ်ခါလောက်သေမတတ်ခံစားလိုက်ရတယ်" ဆိုတာကအဖြစ်နိုင်ဆုံးယူဆချက်များလား?
ချန်းခယ့်ယောင်က သူ၏ဆွေမျိုးတဝက်တော်သည့်ညီလေးမင်္ဂလာဆောင်ကိုလာရုံတင်မက သူ့ရည်းစားဟောင်း၏မင်္ဂလာဆောင်ကိုပါလာခဲ့သည်၊ သူတို့တံခါးမှဝင်လာတော့လည်းတမင်တကာလက်တွဲထားခဲ့ကြသေးသည်။
တွေးကြည့်မှ သူတို့အခုလေးတင်တွေ့ခဲ့ကြတုန်းက သတို့သားနှင့်သတို့သမီး သူ့ကိုကြည့်သည့်အခါ အဓိပ္ပါယ်တစ်ခုရှိနေခဲ့သည်ကိုခံစားလိုက်ရသည်။
ပြန်ထိုင်ကြပြီး သူမနေနိုင်တော့၍ချန်းခယ့်ယောင်နားထဲတိုးတိုးကပ်ပြောလိုက်သည်။
"မင်းနဲ့မင်းညီက...အား!..."
ရုန်ယီ၏ကျောက တစ်စုံတစ်ယောက်ရိုက်တာကိုခံလိုက်ရသည်။ သူ့အသံကကျယ်သွားသောကြောင့် ချန်းခယ့်ယောင်ကသူ့နားသူအုပ်ထားပြီး ခဏလောက်စကားမပြောနိုင်ပေ။
သူတို့အနောက်ဘက်ကိုမှုန်တေတေဖြင့် အတူလှည့်ကြည့်လိုက်ကြသည်၊ ကလေးတစ်ယောက်ကသူတို့ကိုစိုက်ကြည့်ေနသည်။
ချန်းခယ့်ယောင်၏ကလေးအပေါ် သဘောထားကကြည်ဖြူပါသည်။သူအရှေ့ကိုအနည်းငယ်မှီကာ ညင်သာစွာပြောသည်။
"ကလေးလေး...ဒီမှာလျှောက်မပြေးရဘူးလေ"
သူ့အပြုံးကနူးညံ့သည့်တိုင် သိသာထင်ရှားသည့်အနာရွတ်ကသူ့ကိုအားကောင်းသည့်တားဆီးထားမှုဖြစ်စေသည်။
မှင်သက်နေပြီးနှစ်စက္ကန့်အကြာ ကလေးကငိုကြွေးလာသည်။
ချန်းခယ့်ယောင်ကစိတ်ထိခိုက်သွားပုံရပြီး ချော့ရန်ကြိုးစားနေသော်ငြား ရုန်ယီမှာမျက်မှောင်ကြုပ်မိသည်။
ကလေးကိုကြည့်ရသည်မှာအလွန်ရင်းနှီးနေသည်။
သူသိချင်စိတ်ဖြစ်နေစဉ် ပိန်သွယ်သည့်အိုမီဂါကမဝေးလှသည့်နေရာမှအမြန်ပြေးလာပြီး ကလေးကိုကောက်ချီသည်။
သူနှင့်ရုန်ယီမျက်လုံးချင်းဆုံတွေ့သွားသည့်အခါ နှစ်ယောက်လုံးတောင့်တင်းသွားကြသည်။
ကလေးကြည့်ရတာရင်းနှီးနေသည်မှာ အံ့ဩစရာမရှိ။ ၎င်းကလီရှောင်းရန်၏သားပေ။
ကမ္ဘာကြီးကသေးငယ်လွန်းသည်။ ရုန်ယီကသတိလက်လွတ်ထရပ်မိပြီး ဘေးဘီကိုကြည့်လိုက်မိသည့်တိုင် သူ့ရှေ့မှအိုမီဂါကပြောလာ၏။
ရုန်ယီသည် သူမယဉ်ကျေးမှန်းသိနားလည်သည်။ သူ့ပါးစပ်ကိုဖွင့်ရုံရှိသေးခိုက် အခြားတစ်ယောက်ကရုတ်တရက်ကြီးသူ့ကိုပြုံးပြသည်။
"တိုက်ဆိုင်လိုက်တာ...မင်းငါ့ကိုငါးမိနစ်လောက်အချိန်ပေးပါလား?"
ယနေ့ ပူပူနွေးနွေးလက်ထပ်ပွဲ၏ဘီတာက အနှီအိုမီဂါ၏တစ်ဝမ်းကွဲဖြစ်သည်။
သို့သော် ယခုလိုတစ်မိသားစုလုံးအတူတက်လာသင့်သည့် ပွဲကိုလူတစ်ယောက်ကိုသာရွေးချယ်လွှတ်လိုက်သည်။ ရုန်ယီ ခန့်မှန်းထားသည့်အတိုင်း အကြောင်းအရင်းကအနည်းနှင့်အများရှိသည်။
လူနှစ်ယောက်က ဟောခန်းမအပြင်ဘက်ထောင့်တွင်ရပ်နေကြပြီး လေထုက ကို့ရို့ကားယားဖြစ်နေသည်။
ထိုသူက စိတ်မပါလက်မပါဖြင့်ရုန်ယီကိုပြုံးပြကာဆိုသည်။
မမျှော်လင့်ဘဲ တစ်ဖက်ကသက်ပြင်းချသည်။
"သူအဓိပ္ပါယ်မရှိတာတွေပြောတာပဲနေမှာပါ"
ရုန်ယီကခဏတဖြုတ်တွေးနေသည်။
"ငါကအိုမီဂါလို့သူပြောသေးလား၊ ပြီးတော့ငါကသူ့ကိုမကောင်းပြောတာက ငါသူနဲ့ဒိတ်ချင်တာကိုငြင်းလိုက်လို့လေ?"
ရုန်ယီ တုံ့ဆိုင်းနေပြီးတံတွေးအနည်းငယ်မြိုချလိုက်သည်။
"ဒါပေမဲ့ မင်းအခုလေးတင်ငါ့ကိုအယ်လ်ဖာနဲ့တွေ့လိုက်တာမဟုတ်လား?"
သူထိုအကြောင်းကိုပြောလိုက်ချိန် စိတ်မငြိမ်နေ၍ သူ့ဘောင်းဘီချုပ်ရိုးကိုပင်မသိစိတ်အရ ဆွဲလိမ်နေမိသည်။
အဆိုပါစကား၏သွယ်ဝိုက်အဓိပ္ပါယ်က သူဖြစ်ချင်သည့်ဆန္ဒကိုအောင်မြင်သွားစေသည်။
အနည်းငယ်အံ့အားသင့်မှုအပြီး အခြားတစ်ယောက်ကခေါင်းညိတ်သည်။
"ဒီလူပါးစပ်ကအမှန်အတိုင်းထွက်မလာမှာငါသိသားပဲ"
"ဒါဆိုမင်းလည်းသိတာကသူအဲဒီမှာတုန်းက..."
တစ်ဖက်လူက နေရခက်စွာပြုံးသည်။
"တစ်ခါနှစ်ခါမကတော့ပါဘူး၊ ငါအကျင့်ဖြစ်နေပါပြီ"
ရုန်ယီ မျက်ခုံးများကိုကျုံ့လိုက်သည်။
"အဲဒါဆိုမင်းဘာလို့အခုထိ..."
"မဟုတ်ရင်ရော၊ ငါဘာတတ်နိုင်မှာလဲ?"
"ငါမင်းကိုဒီနေရာခေါ်လာတာကပြောစရာရှိလို့ပါ...မင်းအဲဒီအကြောင်းနဲ့ပတ်သတ်ပြီးဘာမှမသိသလိုမျိုးဟန်ဆောင်ပြီး ဘယ်သူ့ကိုမှမပြောပါနဲ့...အိုကေ?"
ရုန်ယီ လေးတိလေးကန်နှင့်ခေါင်းညိတ်ပြသည်။
တစ်ဖက်လူကစိတ်သက်သာရစွာသက်ပြင်းရှိုက်၍ဆိုသည်။
"ရှောင်းရန်ရဲ့အခုပုံစံကိုမလှောင်ပါနဲ့၊ ငါတို့စတွေ့တုန်းကသူကတကယ်ချောတာပါ"
ရုန်ယီကလည်းကောင်းကောင်းသိပါသည်။
သို့လင့်ကစား ၎င်းကအတိတ်တွင်သာဖြစ်သည်။ အနှီသူကရူးခါလောက်အောင်ချောမောနေလျှင်ပင် သူ့ပါတနာကိုယခုလိုခံပြင်းမှုများခံစားရအောင်လုပ်ရန် ၎င်းကသူ့ကိုအခွင့်အရေးပေးမည်မဟုတ်ချေ။
သူတို့သိသည်မှာမကြာသေး၍မဟုတ်လျှင်ရုန်ယီမှာ သူ့ကိုခေါင်းမထောင်နိုင်တော့အောင် ကြိမ်းမောင်းလိုက်ချင်သည်။
ထိုလူက ရုန်ယီ၏ချီတုံချတုံအမူအရာကိုမြင်သည့်အခါ ပြောလာသည်။
"မင်းတွေနေတာကိုငါသိပါတယ် ဒါပေမဲ့ ယောင်ယောင်ကငယ်သေးတယ်လေ..."
"သူ့နာမည်ကယောင်ယောင်လား?"
ရုန်ယီ မသိစိတ်အရဖြည်းဖြည်းချင်းလှည့်ကာ ခန်းမထဲမှအကြီးနှင့်အငယ်နှစ်ယောက်ကိုကြည့်လိုက်သည်။ကောင်လေးယောင်ယောင်က အကြောက်လွန်ပြီးငိုယိုနေခဲ့သော်ငြားယခုမူ သူငယ်ချင်းကြီးကိုအလင်းအလျှင်ဖြင့်ခြိမ်းခြောက်ဟန်ကြည့်ရင်းရင်းနှီးလာလေပြီ။ သူတို့ဘာပြောနေကြသည်မသိ၊ ရယ်မောနေလျက်အလွန်တရာပျော်ရွှင်နေကြပုံရသည်။
"ငါယောင်ယောင်ကိုပတ်ဝန်းကျင်ကောင်းမှာကြီးပြင်းလာဖို့မျှော်လင့်တယ်"
"ပြီးတော့...ရှောင်းရန်ကငါ့ကိုအမှားလုပ်ထားမိသလိုဆက်ဆံနေတဲ့အကြောင်းပြချက်က"
သူသည်နှုတ်ခမ်းများကိုအသက်မပါစွာတွန့်ကွေးလျက် ငုံ့ကိုင်းလိုက်၏။
"သူ့အတွက်တော့ကလေးတစ်ယောက်ကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ရတာ၊ နည်းနည်းတော့ခါးသီးစရာကောင်းတယ်လေ"
"ငါမင်းကိုဒီလိုပြောလိုက်ရတာအားတော့နာပါတယ်"
သူကစကားမှားပြောမိသလို ခေါင်းကိုခါယမ်းသည်။
"ဒါပေမဲ့ ငါအဲဒီလိုပြောဖို့အနားမှာဘယ်သူမှမရှိဘူး၊ အဲဒါကြောင့်..."
"မင်းက ကလေးကြောင့်လက်ထပ်လိုက်ရတာလား?"
"ငါကသူနဲ့အတူရှိချင်လို့ကလေးယူလိုက်ရတာ"
"ငါ့အမှားအတွက်ငါခံစားနေရတယ်"
ရုန်ယီသည် သူ့အတွက်သူစိမ်းနီးပါးဖြစ်နေ၍အဆိုပါစကားမျိုးကိုမဆိုင်းမတွပြောထွက်လာခြင်းဖြစ်မည်ဟုခံစားမိသည်။
လီရှောင်းရန်သည်အဆိုပါနေ့ရက်များက သဘောကျသူအများအပြားရှိခဲ့သော်ငြား ဘယ်သူနှင့်မှဒိတ်မလုပ်ခဲ့ပေ၊ အချစ်ရေးရာများတွင်စိတ်မဝင်စားသည့်နှယ်။
သို့သော်သူသည် နောက်ဆုံးတွင်အိုမီဂါတစ်ယောက်၏ဖယ်ရိုမုန်းကြောင့်ဗီဇ၏တိုက်တွန်းခြင်းကိုမတွန်းလှန်နိုင်ခဲ့သည့် အယ်လ်ဖာဖြစ်ခဲ့ရသည်။
သူနှင့်ဆိုလျှင် လက်ရှိလက်တွဲဖော်က ချီးကျုးဖွယ်အရည်အချင်းများနည်းနိုင်သည်။ လီရှောင်းရန်သည် ထိုအချိန်ကလှည့်စားမှုကိုလက်ခံနိုင်ခဲ့လင့်ကစား သူ့နှလုံးသားကဆန္ဒမရှိချေ။
ယခုမူ လူနှစ်ယောက်လုံးနောင်တရနေရပြီ။
ကလေးအတွက် သူတို့အကောင်းဆုံးဆက်နေထိုင်သွားကြရန်သာရှိသည်။
အပြင်လူအနေဖြင့် ရုန်ယီမှာဇာတ်လမ်းအစအဆုံးကိုနားထောင်ပြီးဘာပြောရမှန်းမသိ။ ကံကောင်းထောက်မ၍ တစ်ဖက်လူကသူ့ပုံပြင်ကိုသွန်ချရန် အခေါင်းပေါက်သစ်ပင်ကိုရှာဖွေချင်ရုံသာဖြစ်ပြီး သူ့ဘက်မှအကြံဉာဏ်ကိုလည်းတောင်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
"ဘာပဲဖြစ်ဖြစ်၊ ငါ့မှာယောင်ယောင်ရှိနေပြီပဲ"
"ငါသူ့ကိုအပူအပင်ကင်းကင်းနဲ့ပျော်ပျော်ရွှင်ရွှင်အရွယ်ရောက်လာဖို့ပဲဆန္ဒရှိပါတယ်"
ရုန်ယီ အကြာကြီးထိန်းချုပ်ထားပြီးမှမဝံ့မရဲပြောလိုက်သည်။
"တကယ်တော့၊ ကလေးကအရမ်းစိတ်ထိခိုက်လွယ်တယ်၊ မိဘတွေကအတူနေဖို့ဆန္ဒမရှိရင်သူပျော်မှာမဟုတ်ဘူး"
တစ်ဖက်လူကကြည့်ပြီးနှုတ်ဆိတ်နေသည်။
"တောင်းပန်ပါတယ်၊ ငါဝင်ပါမိပြန်ပြီ"
ရုန်ယီ သူ့ဆံပင်သူဆွဲဆုပ်လိုက်မိသည်။
ရုန်ယီ သူ့စားပွဲကိုပြန်လာတော့ ယောင်ယောင်ကြီးကယောင်ယောင်လေးကို ကလိထိုးနေသည်၊ အငယ်လေးထက်ပင်ပိုပြီးပျော်ရွှင်နေပုံပေါ်သည်။ သူငယ်ချင်းအသစ်လေးကို အုပ်ထိန်းသူကပြန်ခေါ်သွားသည့်အခါ ခွဲခွာရမည်ကိုဝမ်းနည်းနေလေသည်။
ချန်းခယ့်ယောင်ကထိုကလေးနှင့်အချိန်အနည်းငယ်ပိုကြာသည်အထိကစားချင်နေသေးသည်မှာထင်ရှားသည်၊ သို့ရာတွင် ရုန်ယီသည်သူ့အုပ်ထိန်းသူကသူတို့နှင့်ပိုနီးကပ်စေချင်ပုံမရသလိုခံစားရသည်။ ကောင်းမွန်သည့်သစ်ခေါင်းပေါက်လေးကတစ်စုံတစ်ယောက်ဘဝတွင်အလျှင်အမြန်ပျောက်ကွယ်သွားပြီး နောက်တစ်ယောက်ကသူ့နှလုံးသားထဲလောင်းထည့်မည့်အချိန်ကိုစောင့်ဆိုင်းရသည်သဘာ၀ပင်
"အခုလေးတင်မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ?"
ချန်းခယ့်ယောင်ကသူ့ကိုမေးလာသည်။
"ထုံးစံအတိုင်းရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတာ"
ပြောပြီးသည်နှင့် ရုန်ယီအချိန်ယူစဉ်းစားပြီးနောက် သတ္တိများကိုဆင့်ခေါ်ကာမေးလာသည်။
"ငါမင်းကိုတစ်ခုလောက်မေးလို့ရလား?"
"ရုတ်တရက်ကြီးဘယ်လိုလုပ်အတည်ပေါက်ဖြစ်နေတာလဲ?"
ချန်းခယ့်ယောင်ကသူ့ကိုထူးဆန်းသလိုကြည့်သည်။
"မသင့်တော်ဘူးထင်ရင်မင်းမပြောလည်းရတယ်"
ရုန်ယီ အလွန်အမင်းသတိထားနေသည်။
"ဘာလို့လဲဆိုတော့...ဒါကနည်းနည်းမယဉ်ကျေးသလိုဖြစ်သွားနိုင်တယ်"
ချန်းခယ့်ယောင်ကဖြည်းဖြည်းချင်းမျက်မှောင်ကုပ်လျက်ခေါင်းညိတ်သည်။
"မင်းအရမ်းငယ်သေးတဲ့အချိန်မှာ...မင်းမိဘတွေအဆင်မပြေခဲ့ဘူးဆိုတာသိခဲ့လား?"
ချန်းခယ့်ယောင်ကခဏတာတောင့်တင်းသွားပြီး ခါးသက်သက်အပြုံးနှင့်ဆိုသည်။
"ဟုတ်တယ်...မင်းသိပဲသိချင်တာလား?"
"အစ်မလန်ကအမြဲသဘောကောင်းပြီးနူးညံ့တယ်လို့မင်းထင်တယ်မဟုတ်လား?"
ချန်းခယ့်ယောင်မျက်နှာပေါ်တွင် ခါးသက်သက်အပြုံးကရှိနေဆဲပင်။သူခေါင်းခါသည်။
"သူကဒီလောက်ကောင်းတာကိုကွာရှင်းလိုက်ကြတဲ့အထိကိုယ်နားမလည်ခဲ့ဘူး၊ ကိုယ်ကလေးဘဝတည်းကယုံကြည်ထားခဲ့တာသူကကြောင်တောင်တောင်နဲ့စိတ်ကယောင်ချောက်ချားဖြစ်တယ်လို့ပဲ"