အဲဒီတော့မင်းငါ့ကိုသဘောကျတာလား၊ မကျတာလား?
ချန်းခယ့်ယောင်သာ သူ့အဖေအသက်အရွယ်ရောက်လျှင် ပိုပြီးနားပူနားဆာလုပ်လိမ့်မည်ဟု ရုန်ယီခံစားရသည်။
ကားထဲမှထွက်လာပြီးတည်းက အနှီလူသည်သူ့အနောက်မှဆက်ပြီးတဗျစ်တောက်တောက်ပြောနေခဲ့သည်။
"မင်းတို့တစ်ခါလေးပဲတွေ့ရသေးတယ် ပြီးတော့ နှစ်ခါပဲစကားပြောရသေးတယ်၊ မင်းကသူ့နာမည်ကိုကောင်းကောင်းမှတ်မိအောင်လုပ်ထားတယ်၊ မင်းရဲ့ 'စားစရာ' ရွေးဖို့အရမ်းဆာလွန်းနေတယ်မဟုတ်ဘူးလား?"
ရုန်ယီသူ့ကိုလျစ်လျုရှုထားလိုက်သည်။
"မင်းကကြည့်ကောင်းတဲ့လူတိုင်းကိုလိုက်ကြိုက်တတ်တာပဲလား?"
အမှန်တရားနှင့်မကွာလှပါ၊ သို့ထိတိုင် သူ့ပါးစပ်မှအဆိုပါလေသံမျိုးနှင့်ထွက်လာတော့အလွန်ကို မသက်မသာဖြစ်စေသည်။
"မင်းလည်းအတူတူပဲမဟုတ်လား? မင်းနဲ့စကားတွေဖောင်ဖွဲ့ပြောခဲ့တာပဲ၊ ဖုန်းနံပါတ်တောင်လဲခဲ့ကြသေးတယ်"
"ဖုန်းနံပါတ်လဲဖို့ကသူအရင်ပြောတာလေ"
"မင်းလိုမဟုတ်ဘူး၊ ငါဗြုန်းစားကြီးသူ့ဆီပြေးမသွားဘူး..."
ဓာတ်လှေကားတံခါးပွင့်လာပြီ။ ရုန်ယီအထဲဝင်သွားပြီးချန်းခယ့်ယောင်အထဲဝင်မလာနိုင်ခင်ပိတ်သည့်ခလုတ်နှိပ်လိုက်သည်။
ချန်းခယ့်ယောင်မှာ တံခါးမပိတ်ခင်ဖျစ်ညှစ်ပြီးဝင်လာခဲ့သည်။
"အန္တရာယ်များတယ်ကွ၊ သိရဲ့လား?"
ရုန်ယီ သူ့ဘက်ကိုခေါင်းလှည့်လိုက်သည်။
"ငါပြောပြီးပြီလေ 'ငါမမူးဘူး' "
ချန်းခယ့်ယောင်က သူ့ကိုကြည့်သည်။
"ဒါဆိုမင်းအခုလေးတင်သူ့ဆီဖုန်းနံပါတ်သွားတောင်းတုန်းကမူးနေတာပေါ့ ဟုတ်လား?"
ချန်းခယ့်ယောင်သည် ဓာတ်လှေကားတံခါးဘက်ပြန်လှည့်သွားပြီးတိတ်ဆိတ်သွားသည်။
ဓာတ်လှေကားက သူတို့ကြားရှိဆိတ်ငြိမ်မှုအတွင်းရွေ့လျားနေသည်။နောက်တဖန် တံခါးပွင့်လာသည့်အခါ ရုန်ယီအပြင်သို့ထွက်ချင်သော်ငြား ချန်းခယ့်ယောင်ကတံခါးရှေ့တွင်ပိတ်ရပ်နေသည်။
ရုန်ယီ သူ့ကိုတွန်းလိုက်သည်။
ချန်းခယ့်ယောင်ကတစ်ပတ်လှည့်လာပြီး ပြောသည်။
"မင်းအရမ်းအကျင့်ပျက်လွန်းနေပြီမထင်ဘူးလား?"
ရုန်ယီသူ့ကိုစိုက်ကြည့်လိုက်သည်။
"မင်းမှာငါ့ကိုဒီလိုပြောဖို့ဘာအရည်အချင်းရှိလို့လဲ? မင်းသူ့ကိုအရမ်းတွေစေတနာထားပြီး အိမ်တောင်ပြန်ပို့ပေးလိုက်သေးတယ်လေ ဘာလို့လဲဆိုတော့ သူကအရမ်းကြည့်ကောင်းနေတာကိုး"
"ငါမင်းကိုပြောပြီးပြီလေ၊ ငါကားရပ်လိုက်တုန်းကသူ့မျက်နှာကိုသေချာမမြင်ရဘူးလို့"
"မင်းသူ့ကိုအိမ်ပြန်ပို့ပေးတုန်းကရောသူ့မျက်နှာကိုသေချာမြင်ခဲ့ရလား?"
သူပြောနေတုန်း တံခါးကအလိုလိုပိတ်သွားသည်။
ချန်းခယ့်ယောင်ကတစ်ဖက်ပြန်လှည့်ပြီး တံခါးပြန်ဖွင့်ရန်ခလုတ်နှိပ်လိုက်သည်။
"အဲဒီတော့ဘယ်လိုလုပ်ရမှာလဲ? သူ့ကိုလမ်းဘေးမှာတစ်ယောက်တည်းထားခဲ့ရမှာလား? တစ်ယောက်ယောက်ကိုအိမ်ပြန်ပို့ပေးတိုင်းပြဿနာဆိုရင် မင်းကိုငါအိမ်ပြန်ပို့ပေးနေရတာဘယ်နှခါရှိပြီလဲ?"
သူ့မျက်ခုံးများကိုကျုံ့ထားပြီး ခေါင်းငုံ့သည်၊ နှုတ်ခမ်းကိုကိုက်ကာနှလုံးသားထဲတွင်အော်ဟစ်နေသည်။
အဲဒီတော့မင်းငါ့ကိုသဘောကျတာလား၊ မကျတာလား?
ဓာတ်လှေကားတံခါးကပွင့်လာပြီး ချန်းခယ့်ယောင်မှာနောက်ဆုံးတော့အပြင်ထွက်လိုက်နိုင်ပြီ။ ရုန်ယီကသူ့နောက်မှလိုက်လာပြီး ထိုသူ၏အိတ်ကပ်ထဲမှသော့ထုတ်၊ တံခါးဖွင့်ပြီးအိမ်ထဲဝင်သွားသည်ကိုကြည့်နေသည်။ ရုတ်ချည်းမနေနိုင်မထိုင်နိုင်သူရေရွတ်မိသည်။
"ငါလည်းသူ့နာမည်ကိုမမှတ်မိပါဘူး"
ချန်းခယ့်ယောင်ကသူ့ကိုလည်ပြန်ကြည့်သည်။
"ငါသာသူ့ဖုန်းနံပါတ်ကိုလိုချင်ရင်နောက်ဆုံးတွေ့တည်းကတောင်းလိုက်မှာပေါ့"
ချန်းခယ့်ယောင်က အနည်းငယ်ခေါင်းရှုပ်သွားပုံရသည်။ သူငေးငိုင်နေရင်းခေါင်းမညိတ်ခင်ခဏတဖြုတ်တွေဝေနေခဲ့သည်။
ရုန်ယီမှာ ရုတ်တရက်ကြီးဒေါသထွက်လာပြန်သည်။
"အဲဒါတွေအကုန်လုံးကမင်းကိုညစာချက်ကျွေးဖို့အိမ်အမြန်ပြန်လာရလို့လေ၊ ဝက်ကောင်ရဲ့!"
ချန်းခယ့်ယောင် သုန်မှုန်သွားသည်။
ရုန်ယီသူ့ကိုမမြင်သလိုနေသည်၊ တိုက်ခန်းထဲဝင်သည်၊ ဖိနပ်လဲပြီးသူ့အခန်းထဲအမြန်ဝင်သွားကာတံခါးကိုအသံမြည်အောင်ပိတ်ပစ်လိုက်၏။
ချန်းခယ့်ယောင်ဆိုတဲ့ အစုတ်အပြတ်ကောင်တွင် သူ့ကိုစိတ်တိုလာစေရန်နည်းလမ်းမျိုးစုံရှိသည်။
ဖုန်းနံပါတ်လေးတောင်းတာဘာဖြစ်လဲ? သူပဲတစ်လမ်းလုံးယွီဝမ်လော့နဲ့ရယ်လိုက်မောလိုက်စကားပြောလာတာပဲမဟုတ်လား? သူဒီလောက်သည်းမခံနိုင်ဖြစ်နေတာ ယွီဝမ်လော့နဲ့ဒိတ်ချင်လို့ပဲဖြစ်မှာ? ယွီဝမ်လော့ကိုယ်တိုင်နဲ့ငါက ဝင်နှောင့်ယှက်မှာစိုးရိမ်လို့လား?
ရုန်ယီမှာ စဉ်းစားလေ သံသယများလာလေပင်၊ သူဝင်ပါရန်ဆုံးဖြတ်လိုက်သည်။
အရက်သေစာက လူများ၏စိတ်ကိုအဆုံးမဲ့တက်ကြွစေသည်။ ရုန်ယီဖုန်းထုတ်လိုက်ပြီး WeChat ဖွင့်လိုက်သည်။ သို့လင့်ကစား ရှင်းလင်းနေသည့်စကားပြောနေရာကိုကြည့်နေပြီး သူခဏတာဘာပြောရမှန်းမသိဖြစ်နေသည်။ ထို့ကြောင့် ယွီဝမ်လော့၏ Moment များထဲတစ်ခုခုလုပ်ရန်ဝင်ရှာကြည့်သည်။
သူပထမဆုံးပို့စ်ကိုမြင်ပြီး သွားပြုတ်မတတ်ရယ်လိုက်သည်။
"လမ်းတဝက်မှာကားပျက်သွားတယ်၊ ဒါပေမဲ့ မာဖီးယားညီနောင်ကကယ်တင်ခဲ့တယ်! ကျေးဇူးကမ်ဘာပဲ!"
ပို့စ်မြင်ပြီး ချန်းခယ့်ယောင်၏ဖြစ်သွားမည့်မျက်နှာကိုတွေးကာရုန်ယီသည် အိပ်ရာကိုလက်သီးနှင့်ထိုးကာရယ်သည်။
ရယ်ပြီးသွားမှသူချက်ချင်း 'like' နှိပ်လိုက်သည်။
ချန်းခယ့်ယောင်ကပို့စ်ကိုလွတ်သွားလောက်သည်၊သူ screenshot ပင်ရိုက်ထားလိုက်ချင်သည်။ သို့သော် ထိုအချိန်တွင် မှတ်ချက်ဝင်ကြောင်း အသိပေးလာသည်။
"ငါမဟုတ်...ငါမလုပ်ပါဘူး...ငါကပြည်သူ့သားကောင်းလေးပါ [မခံမရပ်နိုင်သောအီမိုဂျီ]
ရုန်ယီ၏အပြုံးများအေးခဲသွားသည်။ သူအကြိမ်ပေါင်းမနည်းစာကြောင်းကိုအရှေ့နှင့်အနောက်ဖတ်နေသည်၊ ရေးထားသမျှတိုင်းကသိုဝှက်ထားသည့်အချက်များ ရိုက်ခတ်နေသည်။
အတန်ကြာသည်အထိ ယွီဝမ်လော့ကစာမပြန်လာပေ။ သူပိုပြီးစိတ်လောလာသည်။
ဒီနှစ်ယောက် သီးသန့်စကားပြောနေကြတာများလား?
သူပိုတွေးလေ၊ ပိုပြီးသံသယဝင်လာလေပင်။ ရုန်ယီ မခံမရပ်နိုင်ဖြစ်မှုများကိုပြန်ထိန်းလိုက်ပြီး ယွီဝမ်လော့သူငယ်ချင်းများ၏ပို့စ်ကိုအောက်ဆွဲချပြီးဖတ်နေသည်၊ မနေ့ကသူသည် လက်မှတ်တစ်စောင်ပို့ထားပြီးတစ်ယောက်ယောက် သူနှင့်အတူ TAKAGISM ဂိမ်းကစားချင်လားဟုမေးထားတာကိုတွေ့လိုက်ရသည်။
ရုန်ယီသည်တွန့်ဆုတ်နေပြီးမှ ပို့စ်ကို like ပေးလိုက်သည်။
ပြီးနောက် သူမှတ်ချက်ဝင်ရေးသည်။
မိနစ်အနည်းငယ်အကြာတွင် ယွီဝမ်လော့မှစာပြန်မလာဘဲသူ့တံခါးမှခေါက်သံထွက်လာသည်။
ဒီလိုနေ့၊ ဒီလိုအချိန်တွင်ချန်းခယ့်ယောင်မှလွဲပြီးအခြားဘယ်သူမှမရှိပေ။
ရုန်ယီမှုန်ကုပ်ကုပ်နှင့်တံခါးဖွင့်ပေးလိုက်သည်။ တကယ်ပင် ချန်းခယ့်ယောင်ကအပြင်တွင်ရပ်နေသည်။
ဒီလူကြည့်ရတာစိမ်းသက်နေပြီး ဒီလိုအချိ်န်မှာခွေးခြေခုံတစ်ခုံနှင့်ရောက်မလာတာလည်းရှားပါးသည်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?"
"ညလယ်ခေါင်ကြီး အခြားလူရဲ့သူငယ်ချင်းပို့စ်တွေ like နှိပ်နေပြီးဘာတွေကိုချီးကျုးနေတာလဲ?"
ရုန်ယီက ခြိမ်းခြောက်မခံပေ။
"မင်းကိုယ်တိုင်ဝင်ကြည့်နေတာမဟုတ်ရင် ငါမှတ်ချက်ဝင်ရေးနေတာကိုမင်းဘယ်လိုလုပ်သိမှာလဲ?"
ချန်းခယ့်ယောင်ကစိတ်ဆိုးနေသည်။
"အနည်းဆုံးတော့ငါကမင်းလိုမဟုတ်ဘူး...."
ငြင်းခုန်နေကြရင်း တစ်ဝက်အရောက်တွင်ရုန်ယီသည်ဖုန်းကိုငုံ့ကြည့်ပြီး ရုတ်တရက်ရယ်သည်။ ၎င်းမှာ ယွီဝမ်လော့ထံမှပင်။
"အဲဒီကိုရောက်ဖူးတဲ့သူငယ်ချင်းတွေအကုန်လုံးကပျော်စရာကောင်းတယ်လို့ပြောကြတယ်၊ ခင်ဗျားစိတ်ဝင်စားလား၊ ကျွန်တော်ပိုက်ဆံစိုက်ပါ့မယ်!"
ရုန်ယီ ချန်းခယ့်ယောင်ရှေ့တွင်သူ့ဖုန်းကိုယမ်းပြလိုက်သည်။
"ငါကသူ့ကိုမှတ်ချက်ပေးရုံတင်မကဘူး၊ ဒိတ်တောင်လုပ်တော့မှာ၊ မင်းဘာပြောချင်သေးလဲ?"
ချန်းခယ့်ယောင်က သူ့ဖုန်းကိုအချိန်တစ်ခုအထိစိုက်ကြည့်နေပြီးသူ့မျက်နှာပေါ်မျက်လုံးရွှေ့လိုက်သည်။
ရုန်ယီကဂုဏ်ယူဝင့်ကြွားစွာနှင့်ခေါင်းညိတ်ပြလိုက်သည်။
ချန်းခယ့်ယောင်ကမူရာပိုစွာဖြင့်မျက်ဆံလှန်လိုက်ပြီး အိတ်ထဲမှသူ့ဖုန်းကိုထုတ်သည်၊ သူ့ရှေ့မှာပင်အသံမက်ဆေ့ချ်ပို့လိုက်သည်။
"မင်းသူနဲ့ TAKAGISM ဂိမ်းကစားမလို့လား၊ ငါရောလိုက်ခဲ့လို့ရလား?"
သူဖုန်းကိုချပြီးရုန်ယီကိုပြုံးပြလိုက်သည်။
ရုန်ယီမှာတန်ပြန်တိုက်စစ်မဆင်ရသေးခင် ချန်းခယ့်ယောင်ကိုလည်းအသံမက်ဆေ့ချ်တစ်စောင်ဝင်လာသည်။
"ရတာပေါ့၊ ဖြစ်နိုင်ရင် မနက်ဖြန်ခင်ဗျားတို့နှစ်ယောက်လုံးအားကြလား? အဆင်ပြေရင် ကျွန်တော်လက်မှတ်ဖြတ်လိုက်မယ်"
ယွီဝမ်လော့သည် ချန်းခယ့်ယောင်နှင့်ရုန်ယီကြားမှတင်းမာနေသည့်လေထုအနေအထားကိုမသိရှာဘဲပျော်ရွှင်နေပုံရသည်။
ရုန်ယီနှင့်ချန်းခယ့်ယောင်က သူတို့ဖုန်းများကိုကိုင်ထားကြပြီးအချင်းချင်းစိုက်ကြည့်နေကြသည်။
ထို့နောက် တစ်ချိန်တည်းမှာပင်သူတို့ဖုန်းများတုန်ခါလာသည်။
ယွီဝမ်လော့ကသူတို့နှစ်ယောက်လုံးကို အဖွဲ့တစ်ခုထဲထည့်လိုက်၏။
'အမြန်၊ ဖြေကြဦး! ခင်ဗျားတို့မနက်ဖြန်အားကြလား?'
စကားပြောအဖွဲ့ထဲတွင် သူအော်ဟစ်နေသည်။
လူသုံးယောက်၏ခရီးစဉ်က ချိုမြိန်သည့်ဒိတ်ခရီးနှင့်မသက်ဆိုင်ပေ။
သို့သော် ရုန်ယီကအဝတ်အစားကိုဂရုစိုက်နေဆဲပင်။ ဧည့်ခန်းထဲတွင်ချန်းခယ့်ယောင်ရှိနေတာကိုသိလျက်နဲ့ သူ့အခန်းနှင့်ရေချိုးခန်းကိုတမင်တကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး အဝတ်အစားသုံးစုံကိုဖန်တရာတေအောင်လဲနေသည်။
"မျက်စိနောက်လိုက်တာ..ဘာမှကွာသွားတာလဲမတွေ့ရဘူး"
ချန်းခယ့်ယောင်ကပြောစရာမဲ့နေသည့် အမူအရာနှင့်မျက်မှောင်ကြုပ်သည်။
ရုန်ယီ သူ့ကိုစိုက်ကြည့်လိုက်သည်။
ယောကျ်ားသားနှစ်ယောက်လုံးမှာ သူတို့၏ဒေါသများကိုပြန်ထိန်းလိုက်ပြီး အချိန်မီထွက်ခွာကြသည်။ ထုံးစံအတိုင်း ရုန်ယီကကားအနောက်ခုံတွင်ထိုင်သည်။
ချန်းခယ့်ယောင်ကမောင်းသူထိုင်ခုံတွင်ထိုင်လိုက်သည်၊ ကားသော့ကိုလှည့်ကာ အသံတိုးတိုးနှင့်ရေရွတ်သည်။
"မင်းငါ့ကိုမောင်းပို့ခိုင်းနေတုန်းပဲမဟုတ်လား?"
ရုန်ယီပေါက်ကွဲသွားပြီး လက်မြှောက်၍တံခါးဖွင့်လိုက်သည်။
"မင်းဘာလို့လော့ခ်ချလိုက်တာလဲ?"
သူဒရိုင်ဘာကိုမေးလိုက်သည်။
"မင်းငြိမ်ငြိမ်နေလို့မရဘူးလား?"
ချန်းခယ့်ယောင်ကလီဗာပေါ် နင်းထားလျက်ပြောလိုက်သည်။
"မင်းဘာလို့ဒီလောက် နုံရတာလဲ?"
အချိန်ပြည့် မကောင်းဆိုးဝါးငနုံကောင်ဟုမှတ်ထားခဲ့သည့်သူကိုအရှုံးပေးလိုက်ရသည့်အခါ ရုန်ယီအလွန်အမင်းမပျော်မရွှင်ဖြစ်လာသည်။
"ကားရပ်၊ တံခါးဖွင့်ပေး၊ ပြီးရင် ငါဟာငါသွားမယ်"
"အရူးထမနေနဲ့၊ တက္ကစီငှါးသွားရင်သေချာပေါက်နောက်ကျလိမ့်မယ်၊အဲဒီအခါကျငါတို့ကမင်းကိုစောင့်နေရဦးမယ်၊ အဲဒါကမှအကုန်လုံးရဲ့အချိန်ကိုဖြုန်းတာပဲ"
ချန်းခယ့်ယောင်ကရိုးရိုးသားသားနှင့်အတည်ကြီးဆိုလာသည်။
"မင်းကငါခုနကပြောလိုက်သလိုတကယ်တုံးတယ်"
ရုန်ယီသည်မွန်းကျပ်လာ၍ ထိုလူကိုတစ်ချိန်လုံးစကားမပြောတော့ရန်ဆုံးဖြတ်ထားသည်။
ကားထဲရှိလေထုကငြီးငွေ့ဖွယ်ကောင်းသည်။ ရုန်ယီပျင်းလာ၍ဖုန်းထုတ်ကာ မကြာခင်သွားရမည့်နေရာ၏အသေးစိတ်ကိုရှာဖွေနေလိုက်သည်။
Browser ထဲဝင်ပြီးလုပ်နေကျအတိုင်း ဖိုရမ်တွင်ကလစ်နှိပ်သည်၊ ပြီးနောက် မကြာခင်ကမှပို့ထားသည့်မက်ဆေ့ချ်ကပြန်စာကိုတွေ့ရသည်။
"သက်ရောက်မှုကအသေးစားပါ၊ လက္ခဏာတွေကိုပဲကုသပေးနိုင်တယ်၊ အမြစ်တော့မရဘူး၊ ဖြစ်စဉ်ကလည်းနှေးတယ်၊ အရမ်းစိုးရိမ်စရာကောင်းတယ်၊ ဒါကကိုယ်နဲ့တူတဲ့ဒုက္ခမျိုးခံစားနေရတဲ့သူရှိတယ်လို့ကြားရတာပထမဆုံးပဲ၊ အဆင်ပြေရင် မင်းသူငယ်ချင်းရဲ့ဖုန်းနံပါတ်ငါ့ကိုပေးလို့ရမလား? ကိုယ်သူနဲ့သီးသန့်ဆွေးနွေးချင်တယ်"
ရုန်ယီကကားကိုအာရုံစိုက်မောင်းနေသည့်ချန်းခယ့်ယောင်ကိုတစ်ချက်ချောင်းကြည့်လိုက်၏။
အချိန်ခဏယူစဉ်းစားနေပြီးနောက် ရုန်ယီနည်းနည်းလိမ်ပြောရန်ဆုံးဖြတ်လိုက်သည်။ သူစာပြန်ရတာတောင်တွန့်ဆုတ်နေသည်။
"အမှန်အတိုင်းပြောရရင်၊ ကျွန်တော့်သူငယ်ချင်းကကျွန်တော်ပါ၊ ကျွန်တော်နည်းနည်းရှက်နေလို့ဝန်မခံခဲ့တာ၊ ရောဂါတူတဲ့လူကိုတွေ့ရတာကရှားတယ်လေ၊ အဲဒါကြောင့် ကျွန်တော်ခင်ဗျားရဲ့ကုသနည်းကိုအသေးစိတ်သိချင်လို့ပါ၊ ပြောလို့အဆင်ပြေလား?"
စာပို့ပြီးသွားတော့ ရုန်ယီစိတ်မသန့်သလိုခံစားရပြီး browser ကိုအမြန်ပိတ်လိုက်သည်၊ သူရှာချင်နေသည့်အကြောင်းအရာကိုပင်မေ့သွားသည်။
အဆိုပါ TAKAGISM ဂိမ်းကစားရသည့်နေရာက အိမ်နှင့်မဝေးဘဲကားဖြင့်တစ်နာရီခွဲခန့်သွားရသည်။
ကားပါကင်တွင်ကားရပ်ပြီးနောက် ယောကျ်ားသားနှစ်ယောက်ကတစ်ယောက်ပြီးတစ်ယောက်ကိုယ့်လမ်းကိုယ်သွားကြသည်။ ရုန်ယီကအရှေ့မှလျှောက်နေပြီး ချန်းခယ့်ယောင်၏မျက်လုံးများကသူ့အပေါ်ရောက်နေသလိုခံစားရသည်။ သူသေချာအောင်နောက်ပြန်လှည့်ကြည့်ချင်သည့်တိုင် အရှက်ရမှာလည်းကြောက်သောကြောင့် အနေရခက်စွာလမ်းလျှောက်နေရသည်။
နောက်ဆုံး ထိရှလွယ်သည့်လေထုအတွင်းသူတို့သည်စီစဉ်ထားသည့်နေရာ၏အဝင်ဝကိုအချိန်ဇယားထက်ဆယ်မိနစ်စောပြီး ရောက်လာကြသည်။
မလိုအပ်သော်ငြား ရုန်ယီချန်းခယ့်ယောင်ရှေ့တွင်တမင်တကာ ဖုန်းကိုထုတ်ကာယွီဝမ်လော့ထံစာပို့လိုက်သည်၊
"ငါရောက်နေပြီ၊ မင်းကိုတံခါးမှာစောင့်နေတယ်"
မိနစ်ဝက်ကြာပြီးနောက် ယွီဝမ်လော့ဖုန်းခေါ်လာသည်။
တစ်ဖက်လူ၏စကားသံသည်အဆုံးတွင်အလောတကြီးဖြစ်နေပုံရ၏။
"ကျွန်တော်အလျင်လိုတာနဲ့ပြောဖို့မေ့သွားတယ်၊ ကျွန်တော်ဒီနေ့လာနိုင်တော့မှာမဟုတ်ဘူး"
"ကျွန်တော့်သမီးလေးရုတ်တရက်နေမကောင်းဖြစ်သွားတယ်"
ရုန်ယီကအရူးတစ်ယောက်လိုထပ်မေးမိလိုက်သည်။
"ဟုတ်တယ်၊ သူကအန်လည်းအန်တယ် ပြီးတော့ ဝမ်းတွေလည်းသွားတယ်၊ ကျွန်တော်ဖြင့်လန့်သွားတာသေမလိုပဲ"
ယွီဝမ်လော့ကတောင်းပန်ရှာသည်။
"ကျွန်တော်လက်မှတ်ဝယ်ထားပြီးပြီ၊ ကျွန်တော်အခုပို့ပေးလိုက်မယ်၊ခင်ဗျားတို့နှစ်ယောက်ပဲသွားကစားကြပါတော့"
စာရေးသူမှာပြောစရာရှိပါတယ်။
ယွီဝမ်လော့...ငါကဘာလို့အပိုလိုဖြစ်ရတာလဲ?
PS. ဇာတ်ရံတွေရဲ့နာမည်က ကီးဘုတ်ရဲ့ကျပန်းဖိနှိပ်ရာကနေအခြေခံတာပါ ပြီးတော့ အချို့ဇာတ်ကောင်တွေကလည်းကြုံရာရွေးထုတ်ထားတာပါ၊ မူရင်းပုံစံမဟုတ်ပါဘူး"
ဒါပေမဲ့ အစားထိုးရှာချင်တယ်ဆိုရင်...Baidu ကနေပဲရှာလိုက်တော့မှာတော့ပေါ့၊ အဲဒါကပိုအဆင်ပြေတယ်ဟုတ်ပြီလား?