အပိုင်း ၅၂
Viewers 14k

Chapter 52: တစ်မိနစ်က အရမ်းကြာလွန်းတယ်…
ရုန်ယီ မှားမြင်လိုက်သလား သူ့ဘာသာပင် မသေချာချေ။
အကြောင်းမှာ ထိုခဏအတွင်း စင်ပေါ်တွင်ရပ်နေသောမော့ယွီဖေးက သူ့ကိုငုံ့ကြည့်ကာ ချက်ချင်းပြုံးပြလိုက်သောကြောင့်ပင်ဖြစ်၏။
နောက်ဆုံးတွင် ရုန်ယီလန့်နေရာမှ နိုးထလာကာ ခုံနေရာမှထ၍ အားကျနေသောအကြည့်များကိုဖြတ်ကျော်ကာ စင်ပေါ်ကို တက်သွား၏။
အလွန်စိတ်လှုပ်ရှားနေသောကြောင့် ခြေလက်များပင် အတူတူလွှဲကာ လမ်းလျှောက်မိလုနီးပါးဖြစ်သွားသည်။
စင်ပေါ်သို့ရောက်သွားသောအခါ ထင်မှတ်ထားသည့်အတိုင်းပင် တင်ဆက်သူမှာ သူမကြားချင်သောစကားများကို ပြောတော့၏။
“ဝါး ဒါမျိုးက ရှားတယ်နော်…အရမ်းကိုချောမောတဲ့ အယ်လ်ဖာပဲ…ကျွန်တော်တို့ ရှောင်းမော့ရဲ့ဆွဲဆောင်နိုင်မှုကတော့.. အဆုံးမရှိပါပဲ…”
ရုန်ယီမှာ အထင်လွဲခံရသည်ကို မကြိုက်သော်ငြား ယခုလိုအခြေအနေကြီးတွင် ရှင်းပြရသည်ကို ပိုသဘောမကျဖြစ်၏။
ခဏအကြာ အခက်တွေ့နေပြီးနောက် ရုန်ယီစိတ်လျော့ရန်ဆုံးဖြတ်လိုက်ကာ ဒီတိုင်းဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်၏။
စင်အလယ်ခေါင်သို့ ခေါ်သွားခံရကာ မိုက်ခ်တစ်ခုက လက်ထဲရောက်လာသည်။
“ဟယ်လို…” မော့ယွီဖေးက ပြုံးရင်းပြောလိုက်၏။
“ကိုယ့်ကိုကိုယ် အရင်မိတ်ဆက်ပေးပါလား…”
“အား…အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်” ရုန်ယီ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမြိုချလိုက်၏။ “ကျွန်တော့်နာမည် ရုန်ယီပါ … ကျွန်တော်က မော့ယွီဖေးရဲ့ အမာခံပရိတ်သတ်ပါ…”
သူ့စကားဆုံးသွားသည်နှင့် ဆက်ပြောစရာ မရှိတော့သောကြောင့် တင်ဆက်သူကိုလှမ်းကြည့်လိုက်သည်။
“အဲ့ဒါဆို…အခု အချိန်စမှတ်တော့မယ်နော်…” တင်ဆက်သူက သူ့လက်ထဲမှနာရီကို ဝှေ့ယမ်းပြလိုက်၏။
“ရှောင်းမော့ကို ပြောချင်တာတွေပြောဖို့ အချိန်တစ်မိနစ်ရပါတယ်…အခုကစပါပြီ…”
ရုန်ယီသူ့ကို အခုထိပြုံးပြနေသော မော့ယွီဖေးကိုလှမ်းကြည့်ကာ စိတ်ထဲတွင်ဗလာကြီးဖြစ်နေသည်။
သူ ဘာမှမပြင်ဆင်လာခဲ့ချေ။
သူဘာပြောရမှန်းမသိ ဖြစ်နေစဉ် အနောက်ဘက်မှ တင်ဆက်သူ၏အသံ ထွက်လာ၏။
“ငါးစက္ကန့် ကုန်သွားပြီနော်…”
ရုန်ယီ အလွန်စိတ်လှုပ်ရှားနေ၏။
“အဲ…အင်း…အဲ့ဒါက…” အလွန်စိတ်လှုပ်ရှားနေသောကြောင့် လျှာကိုက်မိလုနီးပါးပင်ဖြစ်သွား၏။ သူ့စိတ်ထဲတွင် စကားလုံးများပြည့်နေသော်လည်း သူဘယ်လိုပြောရမှန်းမသိဖြစ်နေသည်။ “အဲ့ဒါက…အာ….”
ပရိသတ်များ၏ ရယ်သံကြောင့် ပိုစိတ်လှုပ်ရှားသွား၏။
“စိတ်မလှုပ်ရှားပါနဲ့…” မော့ယွီဖေးက သူ့ကိုကြည့်ရင်းပြောလိုက်၏။
“ကျွန်တော့်ကို တွေ့ဖို့ ဒီအထိတောင် ရောက်လာတာပဲ…ကျွန်တော့်ကို ပြောစရာမရှိဘူးလား…”
အမှန်အတိုင်းပြောရလျှင် ရှိနေ၏။ ရုန်ယီ့စိတ်ထဲတွင် မေးစရာမေးခွန်းရှိနေသည်။
ချန်းခယ့်ယောင်နှင့် အမှန်တကယ်တွဲခဲ့သည်လား။ အမှန်သာဆိုလျှင် ဘာကြောင့် လမ်းခွဲခဲ့ကြသနည်း။
ဘယ်လောက်ပင် စိတ်လှုပ်ရှားသည်ဖြစ်နေပါစေ ယခုအခြေအနေတွင်တော့ ထိုမေးခွန်းကို မမေးသင့်မှန်း သူသိ၏။
ထို့ကြောင့် နောက်ဆုံးတွင် သိပ်အရေးမကြီးသော စကားများကို စဉ်းစားကာ ပြောလိုက်သည်။
“တကယ့်ကို အမာခံပရိတ်သတ်ပါ”
မော့ယွီဖေး ရယ်ရင်းပြောလိုက်၏။ “ခုနကလေးတင် ပြောလိုက်တယ်လေ…”
“… ဆက်ပြီးတော့ ကြိုးစားထားပါ ”
“ဟုတ်ကဲ့ပါ…” မော့ယွီဖေး ပြုံးကာ ခေါင်းငြိမ့်လိုက်၏။ “ကြိုးစားပါ့မယ်….”
“အ… အမြဲတမ်း အားပေးနေပါ့မယ်”
“ကျေးဇူးတင်ပါတယ်…”
ထပ်ပြောစရာမရှိတော့သောကြောင့် ရုန်ယီတင်ဆက်သူကို လှမ်းကြည့်လိုက်၏။
“ဒါပဲလား…” တင်ဆက်သူကလည်းရယ်လျက် “အချိန်ရှိသေးတယ်နော် နှမြောစရာကြီး…”
အချိန်တစ်မိနစ်မှာ အလွန်ကြာလွန်း၏။
ရုန်ယီ ခဏတာစဉ်းစားပြီးနောက် : “… ဒါပါပဲ”
ဘယ်လို ပရိတ်သတ်များအတွက်အကျိုးခံစားခွင့်ပါလိမ့်။ သူ့အတွက်တော့ နှိပ်စက်သလိုနေသလိုပင်ဖြစ်၏။
ချောင်လေးတစ်ခုတွင်ပုန်းနေကာ ငြိမ်းချမ်းသောကမ္ဘာလေးတွင် ဘုရားသခင်ကိုသာ တွေးနေချင်တော့သည်။
ဘာကြောင့် ဒီလိုဆက်ဆံခံနေရသနည်း။
သူ့ခုံနေရာသို့ပြန်ပြေးနိုင်တော့မည်ဟု ထင်လိုက်သော်လည်း တင်ဆက်သူ၏ “ကောင်းပါပြီ…နောက်ထပ် အထူးခံစားခွင့်ကိုရှောင်းမော့ကို တောင်းဆိုနိုင်ပါတယ်…” ဟု ပြောသံကို ကြားလိုက်ရ၏။
“အယ်…?” ရုန်ယီ ကြက်သေသေသွား၏။
မနာလိုမှု အားကျမှုများနှင့် ပြည့်နေသော အော်သံများထွက်ပေါ်လာ၏။
ကြောင်ရပ်နေသော ရုန်ယီကိုကြည့်ကာ တင်ဆက်သူကပြုံး၍ ဆက်လက်ရှင်းပြ၏။
“ဒါက…ရှောင်းမော့ကို မင်းအတွက်လုပ်ပေးစေချင်တာရှိရင် ပြောလို့ရတာပါ…ဥပမာပြောရရင်…ဖက်ပေးတာတို့…”
တင်ဆက်သူ၏ အကြံပေးချက်ကိုကြားသည်နှင့် ပရိသတ်များထံမှ မညီမညာဖြင့် သဘောမတူသောအသံများ ထွက်ပေါ်လာ၏။
ထိုသို့သော တောင်းဆိုချက်သော ပြုလုပ်လိုက်လျှင် စင်အောက်သို့ပြန်ဆင်းသည်နှင့် နုတ်နုတ်စင်းခံရမည့်ခံစားချက်မျိုး ခံစားနေရသည်။
ထို့ကြောင့် သူ့လက်ကို ဘောင်းဘီနှင့် သေချာသုတ်ကာ “အဲ့ဒါဆို…”
သူပြောချင်ခဲ့သည်က ‘လက်ဆွဲနှုတ်ဆက်တာဖြစ်ဖြစ်…’ ဟုပြောချင်ခဲ့သည်ဖြစ်၏။
သို့သော် သူ့စကားမဆုံးခင်မှာပင် သူ့ဘက်ကိုမော့ယွီဖေး လျှောက်လာသည်ကို မြင်လိုက်ရ၏။
ထို့နောက် လက်ကိုမြှောက်ကာ “ဘာမှမစဉ်းစားမိရင်…ဒီတိုင်း ဖက်ပေးရမလား…”
“အာ…” မော့ယွီဖေးသူ့ကိုဖက်လိုက်ချိန်တွင် ရုန်ယီကျောက်ရုပ်ကြီးကဲ့သို့ ရပ်နေတုန်းဖြစ်၏။
ရုန်ယီ စင်အောက်က အော်သံများကြောင့် လန့်သွားသည့်တိုင် ထိုအတိုင်းရပ်နေမိသည်။
ကံကောင်းစွာပင် ဖက်ထားချိန်မှာ ခဏလေးဖြစ်၏။ မော့ယွီဖေး သူ့ကျောပြင်ကို ဖွဖွလေးနှစ်ချက်ပုတ်ကာ ချက်ချင်းပင်လွှတ်ပေးလိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် ပခုံးနေရာမှလွဲ၍ထိတွေ့သည့်နေရာမရှိလိုက်ပေ။ တစ်ယောက်နှင့်တစ်ယောက် တစ်မီတာလောက်ခွါကာ ရပ်နေခဲ့ကြ၏။
စင်ပေါ်က ငိုင်တိုင်တိုင်ဖြင့်ဆင်းသွားပြီးနောက် တင်ဆက်သူက ရုန်ယီကို လက်ဆောင်အိတ်သွားထုတ်ရန် သတိပေးလိုက်သေး၏။
အစီအစဉ်ပြီးသွားသည့်တိုင် ရုန်ယီအာရုံပြန်မရနိုင်ဖြစ်နေသည်။
မော့ယွီဖေးနှင့် ထိုသို့ထိတွေ့ခွင့်ရခြင်းက အလွန်အမင်းပျော်ရွှင်မှုကို သယ်ဆောင်လာသော်လည်း တစ်ချိန်တည်းတွင် အလွန်ရှက်နေမိ၏။
မော့ယွီဖေးကို လျှောက်လှမ်းတွင် ထပ်တွေ့ရန်စဉ်းစားထားသော်လည်း ယခုထိုအကြောင်းကိုတောင် မစဉ်းစားနိုင်ဖြစ်နေသည်။
မော့ယွီဖေး သူ့ကို မှတ်မိနေလောက်ပြီဟု ထင်သည်။
ထိုသို့စဉ်းစားလျှင် မော့ယွီဖေးပြုံးပြသည့်အပြုံးက သူ့ကိုလှောင်ရယ်သော သဘောများပါနေသည်ဟု ခံစားနေမိတော့၏။
အစီအစဉ်ပြီးနောက် ရုန်ယီလက်ဆောင်အိတ်ကို အမြန်သွားယူကာ မြန်မြန်ထွက်သွားချင်ခဲ့၏။
တံခါးဝသို့ရောက်ရောက်ချင်းပင် အသိတစ်ယောက်နှင့် တိုးတော့သည်။
“အမလေး…” ရှောင်ကျန်း သူ့ပုခုံးကိုဆွဲရမ်းကာ ပြောတော့၏။ “ ကံကောင်းလိုက်တာ…တကယ်အရမ်းကံကောင်းတာပဲ….”
ရုန်ယီနှင့်ယှဉ်လျှင် သူမက သေးကွေးသောကြောင့် ရုန်ယီမှာ မလှုပ်ရှားသွားပေ။ ရုန်ယီသူမကို ပြန်သာရယ်ပြလိုက်သည်။“ဟဟ”
“ငါလည်း ဖက်မယ်…” ရှောင်ကျန်းသူ့ကို ခုန်ဖက်လိုက်၏။ “မော့မော့ကို သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် ဖက်ရတာပေါ့”
မော့ယီဖေးလိုပင် ရုန်ယီငုံ့ကာ သူမပုခုံးများကို လှမ်းဖက်လိုက်၏။
ရှောင်ကျန်းဝမ်းနည်းနေသည်မှာ အနည်းငယ်သက်သာရာရသွားသော်လည်း လမ်းလျှောက်ထွက်လာကြသောအခါ သက်ပြင်းချနေမိပြန်သည်။
ရုန်ယီသူမကို လက်ဆောင်ရလာသော လက်ဆောင်အိတ်ကို ပေးလိုက်၏။
အိမ်တွင်လည်း ပြထားစရာနေရာမရှိသောပင် ဖြစ်သည်။
ချန်းခယ့်ယောင်ကိုလည်း မမြင်စေချင်သည့်အချက်လည်း ပါမည်ထင်၏။
“ဘာပဲဖြစ်ဖြစ် စင်ပေါ်တက်ရတာကနင်ဖြစ်နေလို့တော်သေးတာပေါ့…အကုန်လုံးက နင့်ကိုအယ်လ်ဖာထင်နေတော့ အဆင်ပြေသွားကြတာ…” ဟုပြောရင်း ရှောင်းကျန့်က ဆက်ပြော၏။
“ဒါကလည်း ဘယ်လို အစီအစဉ်ကြီးလဲ…အိုမီဂါမှန်းသာ သိသာတဲ့သူဆို မော့မော့နဲ့ အထိအတွေ့လုပ်ရင် ပရိတ်သက်တွေ အကုန်သောင်းကျန်းကြမှာ…ဘယ်သူက မိုင်ထောင်ချီဝေးတဲ့နေရာက လာပြီးတော့ သူတို့ယောက်ျားကို…”
သူစကားပြောနေတုန်း ရုန်ယီ့ဖုန်းက ထမြည်လာ၏။
ထူးဆန်းသော နံပါတ်ဖြစ်သည်။
ခဏတာ တုန့်ဆိုင်းနေပြီးတောင် ရှောင်းကျန့်ကိုလက်ပြကာ ဖုန်းကိုကိုင်လိုက်သည်။
“ဟယ်လို…”
“ဟိုင်း…” တစ်ဖက်မှပြန်ဖြေသောအသံက ရင်းနှီးနေ၏။ “ငါဘယ်သူလဲဆိုတာ မှန်းကြည့်ပါလား…”
ရုန်ယီ အံ့ဩသွား၏။ ဘယ်သူမှန်း ခန့်မှန်းမိသော်ငြားလည်း မသေချာဖြစ်နေသည်။
“ဟယ်လို…” သူ ဘာမှပြန်မပြောသောကြောင့် တစ်ဖက်လူက ထပ်မေး၏။ “ကြားရလား…”
“ကြားရပါတယ်” ရုန်ယီ တုန့်တုန့်ဆိုင်းဆိုင်းဖြင့် “မင်းက ဘယ်သူလဲ…” ဟု ပြန်မေးလိုက်၏။
“တကယ်မသိဘူးလား…” တစ်ဖက်လူက စသလိုလိုဖြင့်ပြန်ပြော၏။ “ခုနကပဲ ပြောတော့ ငါ့အမာခံပရိတ်သတ်ဆို…”
အမှန်အကန်ပင် မော့ယွီဖေးဖြစ်နေသည်။
သူ့မှာ ဘာ့ကြောင့် ရုန်ယီဖုန်းနံပါတ်ရှိနေရသနည်း။ ရုန်ယီ လမ်းလျှောက်နေရင်းပင် ရပ်သွား၏။
ကြည့်နေသော ရှောင်ကျန်းမှာ ကြောင်တောင်တောင်ဖြစ်နေ၏။ လှည့်ကာ “ဘယ်သူလဲ…” ဟုမေးလိုက်၏။
ရုန်ယီ မပြောရဲသောကြောင့် ဒီတိုင်းလက်သာခါပြလိုက်သည်။
“ဘာလို့ ဘာမှပြန်မပြောတာလဲ…ဖုန်းမချလိုက်နဲ့နော်…တကယ်ငါပါ…လိမ်နေတာမဟုတ်ဘူး…” မော့ယွီဖေးလှမ်းပြော၏။သို့သော် သူ့အသံမှာ စိတ်လှုပ်ရှားပုံပင်မရ။
“အခုပြန်ပြီလား…”
“… ဟုတ်တယ် ပြန်တော့မလို့… ” ရုန်ယီပြောနေရင်း ခေါင်းပင်ညိမ့်ပြနေမိသည်။
“ဟိုတယ်ကို ပြန်မှာလား…” ဟု မော့ယွီဖေးက ထပ်မေး၏။ “ဟုတ်ပါတယ်…ဟိုတယ်ကို…” ရုန်ယီ အသက်မပါသောအသံဖြင့်ပြန်ဖြေလိုက်၏။
တစ်ဖက်မှ ရယ်မောနေသော အသံတစ်သံထွက်လာပြန်သည်။ “အဲ့ဒါဆို ငါတို့ပြန်မယ့်လမ်းက အတူတူပဲပေါ့…”
“အယ်…”
“ငါ အခုပြောမယ့်နေရာကိုသွားလိုက်…တစ်ယောက်ယောက်လာခေါ်လိမ့်မယ်…”
မော့ယွီဖေးက ပြော၏။
“ငါလိုက်ပို့ပေးမယ်…”
ရုန်ယီရှောင်းကျန်းကို တံခါးအထိလိုက်ပို့ပေးကာ ကြုံရာဆင်ခြေတစ်ခုကို ပေးခဲ့ပြီးနှုတ်ဆက်ခဲ့၏။ ထို့နောက် မော့ယွီဖေးလမ်းညွှန်သောနေရာအတိုင်း အစည်းအဝေးခန်းမ၏ တံခါးသေးသေးလေးဆီသို့ စိတ်မသက်မသာဖြင့် ဦးတည်လျှောက်လာခဲ့သည်။
တံခါးဝတွင် လုံခြုံရေးနှစ်ဦးနှင့်အတူ ဝန်ထမ်းကဒ်ချိတ်ဆွဲထားသော အမျိုးသမီးတစ်ဦးရပ်နေ၏။
ထိုအသက်သုံးဆယ်အရွယ် အေးစက်သောမျက်နှာထားနှင့် မိတ်ကပ်ထူထူလိမ်းထားသော ဘီတာအမျိုးသမီးကို မော့ယွီဖေး၏ပရိတ်အများစု သိကြသည်။
ထိုသူမှာ “လျှို” မိသားစုနာမည်ရှိပြီး မော့ယွီဖေး၏ အတွင်းရေးမှူးဖြစ်ခဲ့၏။
မော့ယွီဖေးနှင့် အတူတူဓာတ်ပုံတွင် ပါလာတိုင်းအေးစက်သောမျက်နှာထားနှင့်ဖြစ်နေသောကြောင့် “အေးတိအေးစက် အစ်မကြီး”ဟု နာမည်ပြောင်ပေးထားကြ၏။
“အေးတိအေးစက် အစ်မကြီး”မှာ ယနေ့လည်း အေးတိအေးစက်ပင်ဖြစ်သည်။
ရုန်ယီကို အဝေးကမြင်ရသောအခါ ခေါင်းလှမ်းညိတ်ပြ၏။
ထို့နောက် အသက်မပါသော မျက်နှာထားဖြင့် သူ့နောက်ကလိုက်ခဲ့ရန် လက်ဟန်ပြလိုက်လေသည်။
ရုန်ယီ စတိတ်စင်နောက်သို့ စိတ်မသက်မသာဖြင့် လိုက်သွား၏။
မော့ယွီဖေး ဘာလုပ်ရန်ကြံစည်နေမှန်း သူမသိချေ။
မော့ယွီဖေးတွင် သူ့ဖုန်းနံပါတ်ဘာကြောင့်ရှိနေမှန်းတော့ ခန့်မှန်းမိသည်။ အကြောင်းမှာ ခန်းမထဲ မဝင်ခင်က ဖုန်းနံပါတ်များကိုစာရင်းပေးခဲ့ရသောကြောင့်ဖြစ်သည်။
ပွဲ၏အဓိကလူတစ်ယောက်အနေဖြင့် ထိုဖုန်းနံပါတ်ရရန်မှာ ခက်ခဲမည်မဟုတ်ချေ။
သို့သော် မော့ယွီဖေးဘာကြောင့် ထိုသို့လုပ်သနည်း။
သူ့ကိုမှတ်မိကာ အမှန်တကယ်လမ်းကြုံသောကြောင့်ပေလား။
အရမ်းသဘောကောင်းလွန်းမနေဘူးလား။
ပရိတ်သတ်တစ်ယောက်ကို ထိုမျှလောက်
သဘောကောင်းနိုင်သည်လား။
အလွန်စိတ်ရှုပ်စရာကောင်းနေသည်။
သူ့စိတ်တိုင်းကျ တွေးရန်ကြိုးစားလိုက်သော်လည်း တစ်ယူသန်ရာ ကျနေမည်ဖြစ်ကြောင်း တွေးမိသွားသည်။
ပိုင်ရှင်ရှိပြီးသား သူ့နှလုံးသားကြောင့်သာမဟုတ်လျှင် ရုန်ယီ နာမည်ကြီးစတားတစ်ယောက်နှင့် အရှုပ်တော်ပုံကို စိတ်ကူးယဉ်နေမိမည် ဖြစ်သည်။
သို့သော် တွေဝေနေသည့်ကြားက သူပြောထားသည့်နေရာအတိုင်းသွားခဲ့၏။
အိုင်ဒေါဖြစ်နေသည့်အတွက်ကြောင့် မငြင်းနိုင်သည့်အပြင် အခြားအကြောင်းပြချက်လည်း ရှိနေသည်။
သူမနက်က စိတ်ကူးယဉ်ခဲ့သောမေးခွန်းလည်းဖြစ် လက်တလောလေးတင် စင်ပေါ်တွင်စိတ်ကူးခဲ့သော မေးခွန်းလည်းဖြစ်သောမေးခွန်းကို သူမမေ့နိုင်သေးပေ။
နားနေခန်းသို့ရောက်သွားပြီး ရုန်ယီတံခါးကိုဖွင့်လိုက်သောအခါ ဘယ်သူမှရှိမနေပေ။
“သူ အင်တာဗျူးရှိနေသေးလို့ ဒီမှာခဏစောင့်နေပေးပါ…လျှောက်သွားမနေနဲ့ဦးနော်…”
အေးတိအေးစက်အစ်မကြီးက ပြောကာ ထွက်သွား၏၊
ရုန်ယီတစ်ယောက်တည်းကျန်နေခဲ့၏။ နားနေခန်းအလယ်တည့်တည့်တွင်ရပ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
စောင့်နေရုံအပြင် မတတ်နိုင်ပေ။
နားနေခန်းထဲမှ ဆိုဖာမှာ အလွန်သက်တောင့်သက်သာရှိကာ နားနေရန် အလွန်သင့်တော်၏။
သို့သော် ရုန်ယီမှာ စိတ်မသက်မသာ ဖြစ်နေ၏။
ဆိုဖာမှာ ဘယ်လောက်ပင်ထိုင်လို့ကောင်းကောင်း သူ့စိတ်လှုပ်ရှားမှုကိုတော့ မနှစ်သိမ့်နိုင်ပေ။
ရုန်ယီ တောင့်တောင့်ကြီးထိုင်ကာ နာရီဝက်လောက်စိတ်မသက်မသာစွာစောင့်နေပြီးမှ သူ့ကိုများမေ့သွားကြပြီလားဟု သံသယဖြစ်လာသည်။
ထိုနံပါတ်ကို ပြန်ခေါ်ရန်စဉ်းစားနေစဉ်မှာပင် အခန်းတံခါးမှာ ရုတ်တရက်ပွင့်လာ၏။
“ဟိုင်း” မော့ယွီဖေးက သူ့ကိုဝင်ဝင်လာခြင်းပြုံးပြနှုတ်ဆက်ကာ “ဆောရီးပါ အကြာကြီး စောင့်နေလိုက်ရလား…”
ရုန်ယီ ဆိုဖာပေါ်မှ ထလိုက်ကာ မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်၏။
“ကိစ္စမရှိပါဘူး…”
“တစ်ချိန်လုံးတောင့်တောင့်ကြီးနေနေတာ မပင်ပန်းဘူးလား…” မော့ယွီဖေးကပြောကာ သူ့နားကပ်လာသည်။
သူ့မျက်နှာကို လှမ်းထိလိုက်ပြီး ဘေးနားက မှန်တင်ခုံရှေ့တွင်ထိုင်လိုက်သည်။
“ခဏလေးနော် မိတ်ကပ်ဖျက်လိုက်ဦးမယ် ခဏနေဆိုပြီးပါပြီ”
ရုန်ယီ မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ပြလိုက်၏။
မော့ယွီဖေး သက်သက်သာသာပင် ဆံပင်ကို လှန်တင်လိုက်ကာ သူ့မျက်နှာမှမိတ်ကပ်များကို စတင်ဖျက်တော့သည်။
ရုန်ယီစိတ်ထဲတွင်ညသက်ပြင်းချနေမိသည်။ ခုနကလုပ်သွားသော ပွဲမှာ မိတ်ကပ်မပါပဲလုပ်ထားခြင်း မဟုတ်သော်ငြားလည်းပရိတ်သတ်ရှေ့တွင် မိတ်ကပ်ဖျက်ရန် အဆင်ပြေသည်လား။
“မင်းနာမည်က ရုန်ယီမလား…” မော့ယွီဖေး မိတ်ကပ်ဖျက်နေရင်း လှမ်းမေးလိုက်၏။
“ငါ မင်းအချက်အလက်တွေကို ကြည့်လိုက်မိတယ်…စိတ်မဆိုးဘူးမလား…”
ရုန်ယိမြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ကာပြောလိုက်၏။
“မဆိုးပါဘူး…”
“တော်သေးတာပေါ့…” ပြောရင်း မော့ယွီဖေးသူ့ကို မှန်ထဲမှတစ်ဆင့် ပြုံးပြလိုက်၏။
“မင်းကို ဒီပွဲလက်မှတ်…ဘယ်သူက ပေးတာလဲဆိုတာ…ပြောပြလို့ရလား”
Xxxxxx