ရုန်ယီခမျာ အနည်းငယ်သတိလက်လွတ်ဖြစ်နေသည်။
"အဲဒါက fan club ကအခမဲ့လက်မှတ်ပါ"
သူရိုးရိုးသားသားဖြေလိုက်သည်။
ထိုသို့ကြားလိုက်ရသည်တွင် မော့ယွီဖေးကခေတ္တခန့်ရပ်သွားသည်၊ ခဏကြာအောင်စဉ်းစားနေပြီးမှမေးလာသည်။
"သူကမင်းကိုငါ့ကိုမပြောဖို့ပြောထားတာလား"
"မင်းကိုလက်မှတ်ပေးတဲ့လူကလေ"
"အဲဒါကတကယ် fan club ကအခမဲ့လက်မှတ်ပါ..."
ရုန်ယီ ရှင်းပြရန်ကြိုးစားသည်။
"အဲဒီအရံထုတ်ကုန်လေးတွေနဲ့အတူ ကျွန်တော့်ကိုပို့ပေးခဲ့တာ"
မော့ယွီဖေးကခေါင်းငုံ့ကာပြုံးသည်။ ပြီးနောက် သူမတ်တပ်ထရပ်လိုက်သည်။
"ခဏစောင့်...ငါမျက်နှာသွားသစ်လိုက်ဦးမယ်"
သူဘေးအခန်းမှရေချိုးခန်းထဲတန်းသွားသည်။
ဇဝေဇဝါနှင့်ရုန်ယီမှာ ထိုနေရာတွင်မရွေ့ဘဲရပ်နေပြီးရုတ်ချည်းသဘောပေါက်သွားသည်။
၎င်းက ရှောင်ကျန်းနည်းတူမေတ္တာလက်ဆောင်ပေးသည့်လက်မှတ်ပင်။ ထိုင်ခုံနေရာက ကွာခြားမှုအနည်းငယ်ရှိလျှင်ပင်ကွာဟမှုကမကြီးမားသင့်ပေ။ သူရခဲ့သည့်လက်မှတ်က သူ့ကိုအစောကြီးရောက်လာစေရန်အထောက်အကူပေးခဲ့သည်။
သို့သော် သူသည်အနှီလက်မှတ်ကိုသူ့ထံပို့ခဲ့သည့် မေတ္တာလက်ဆောင် ထုတ်ကုန်များအတွင်းရှာတွေ့ခဲ့သည်။
တစ်ယောက်ယောက်ကထည့်ထားခဲ့ခြင်းဖြစ်နိုင်လား။ လက်ဆောင်အိတ်ကဖွင့်ထားခဲ့ပြီး သူမှလွဲကာထိကိုင်မည့်သူတစ်ယောက်သာရှိသည်။
ရုတ်တရက် ရုန်ယီ၏နှလုံးကဒုတ်ခနဲခုန်သွားသည်။
ထိုအချိန်မှာပင် မော့ယွီဖေးကရေချိုးခန်းထဲမှပြန်ထွက်လာသည်။ သူ၏ရှေ့ဆံပင်များက ခေါင်းပေါ်တွင်ကပ်နေဆဲ၊ မျက်နှာကစိုနေကာမျက်လုံးများကမျဉ်းနှစ်ကြောင်းနှယ် ကျဉ်းနေသည်။ ရုန်ယီ မိတ်ကပ်ပြင်သည့်မှန်ရှေ့သို့တန်းတန်းမတ်မတ်သွားကာသူ့မျက်နှာကိုသုတ်ရန် စားပွဲပေါ်မှတစ်သျူးရွက်အနည်းငယ်ကိုယူလိုက်သည်။
ရုန်ယီ သူ့ကိုကြည့်ကာမေးခွန်းမေးရန်သတ္တိများကိုမောင်းတင်လိုက်၏။
"အဲဒီတော့လက်မှတ်ကတကယ်...."
မျက်လုံးများကိုမှိတ်ထားပြီး မျက်ခုံးများကိုကျုံ့ထားလျက် မော့ယွီဖေးသည် သူ့မျက်နှာတွင်ကပ်နေသည့်တစ်သျူးစများကိုဖယ်ရန်ကြိုးစားနေသည်။
"မင်းကိုချန်းခယ့်ယောင်ပေးတာလား"
အဆိုပါ နာမည်ကသူ့နှုတ်ခမ်းများမှခံစားချက်အများအပြားမပါဘဲထွက်လာသည့်တိုင် ရုန်ယီကိုရှော့ခ်ရပြီးတိတ်ဆိတ်သွားသည်။
မော့ယွီဖေးကမျက်လုံးများကိုဖွင့်လိုက်သည်တွင် ရုန်ယီ၏တုံ့ပြန်မှုကရယ်စရာကောင်းနေသည်ကိုတွေ့လိုက်ရ၏။
"မင်းကဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေတာလဲ...ငါကအဲဒီလောက်ကြောက်စရာကောင်းနေလို့လား"
"မင်းကငါ့ကိုပါလန့်အောင်လုပ်နေတာပဲ"
မော့ယွီဖေးကထိုသို့ပြောလိုက်သော်ငြား သူ့ထက်ပိုကာတည်ငြိမ်နေဟန်ရသည်။
မော့ယွီဖေးသည် ပါးနပ်သည့်ပုံစံသို့အမြန်ပြောင်းလဲသွားပြီးကုတ်အကျီကိုယူဝတ်လိုက်သည်၊ ထို့နောက် ရုန်ယီထံကိုအပြုံးလေးတစ်ပွင့်နှင့်လျှောက်လာသည်။
"ငါဝယ်ကျွေးမယ်၊ သွားကြတော့မလား"
တကယ်တမ်းတွင် ပုံမှန်ညစားစားချိန်ထက်ကျော်လွန်နေပြီ။ သတိထားမိပြီးနောက် ရုန်ယီအနည်းငယ်ဗိုက်ဆာနေသည်။
ရုန်ယီသည်မော့ယွီဖေးအနောက်မှလိုက်ကာ အနောက်ဘက်တံခါးကိုလိုက်လာပြီး 'ထူးဆန်းသည့်အစ်မကြီး' ကိုတွေ့လိုက်ရသည်။ မော့ယွီဖေးကသူ့အားလမ်းကြောင်းပြောပြပြီး အနီးနားရှိထောင့်မှချိန်းထားသည့်နေရာကိုဆယ်မိနစ်အတွင်းအရောက်လာရန်ပြောသည်။ သူကုတ်အကျႌနှင့်နေကာမျက်မှန်ကိုတပ်ကာ 'ထူးဆန်းသည့်အစ်မကြီး' နှင့်အပြေးတပိုင်းထွက်သွားသည်။
စတားတစ်ယောက်ဖြစ်ရသည်မှာ မလွယ်ကူလှချေ။ ရုန်ယီ အချိန်ကိုရေတွက်ပြီး သတ်မှတ်ထားသည့်ထောင့်ချိုးနေရာကိုလာခဲ့သည်။ ကားတစ်စီးကသူ့ရှေ့တွင်လာမရပ်ခင်အထိ အတန်ကြာအောင်စောင့်လိုက်ရသည်။ သူကားထဲဝင်ထိုင်လိုက်သည်တွင် ဒရိုင်ဘာနှင့် 'ထူးဆန်းသည့်အစ်မကြီး' သာတွေ့လိုက်ရသည်။
သူအကြီးစားစိုးရိမ်မှုများနှင့်ကားနောက်ခုံတွင်ဝင်ထိုင်လိုက်ပြီး မေးခွန်းမေးရန်တွန့်ဆုတ်နေသည်။ သူစကားမပြောရသေးခင် ခရီးသည်ခုံမှ 'ထူးဆန်းသည့်အစ်မကြီး' ကရုတ်တရက် သူ့ကိုကြည့်ရန်အနောက်သို့လှည့်လာသည်။
"ကျေးဇူးပြုပြီး မင်းရဲ့ဖုန်းကို ငါ့ကိုပေးပါ"
ရုန်ယီခမျာ နားမလည်သော်ငြား သူမ၏အကြည့်ကကြောက်စရာကောင်းနေသောကြောင့် အလိုလိုပင်ပြောသည့်အတိုင်းနာခံမှုရှိစွာဖြင့်ဖုန်းပေးလိုက်ရသည်။
'ထူးဆန်းသည့်အစ်မကြီး' ကဖုန်းကိုယူကာ ပါဝါပိတ်ပြီးသူမ၏ကျောပိုးအိတ်ထဲထည့်လိုက်သည်။
သူသည် သူမကခဏငှါးခြင်းဖြစ်မည်ဟုထင်ခဲ့သည်၊ ယခုမူ ကျောင်း၏ဒါရိုက်တာက စည်းကမ်းနှင့်မညီ၍ကျောင်းသား၏ပိုင်ဆိုင်မှုကိုသိမ်းယူသွားပုံနှင့်ပိုတူနေသည်။
ထူးဆန်းသည့်အစ်မကြီးကတည်ငြိမ်နေသည်။
"မင်းရဲ့ဒီနေ့အတွေ့အကြုံကို ဘယ်သူကိုမှမပြောနဲ့ သိပြီလား"
ရုန်ယီခမျာ မျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြီးလုံးဝနားမလည်သော်ငြား ခေါင်းညိတ်ပြပါသေးသည်။
မီးပွိုင့်ကကြာနေသည်၊ ကားကလမ်းမကြီးပေါ်တွင်ပိတ်မိနေသည်။ ရုန်ယီတွင်အချိန်ဖြုန်းရန် ဖုန်းလည်းမရှိတော့၊ ကားပေါ်မှအခြားလူနှစ်ယောက်ကလည်းတိတ်ဆိတ်နေသည်၊ မကြာခင်မှာပင် သူအလွန်ပျင်းလာသည်။
ရုန်ယီတွင်ပိုကောင်းသည့်လုပ်စရာမရှိသော်လည်း ပြတင်းပေါက်အပြင်မှရှုခင်းများကိုကြည့်၍ရသေးသည်။
သို့သော် တစ်ခုတည်းသောမြင်နိုင်သည့်အရာကမီးပွိုင့်ပင်။ မီးပွိုင့်ရှိသည့် သူတို့ဘက်အခြမ်းမှကားပိတ်နေသည့်အချိန် အခြားတစ်ဖက်ခြမ်းကအဆင်ပြေနေသည်၊ သည်ဘက်ရှိလူများကိုပိုပြီးစိတ်လောလာစေသည်။
လေပေါက်ပိတ်နေသောကြောင့် သူပြတင်းပေါက်ကိုဖွင့်လိုက်ပြီးတစ်ဖက်ခြမ်းမှအချိန်နှင့်အမျှတဝှီးဝှီး ဖြတ်သန်းသွားနေသောကားများကိုကြည့်နေသည်။ သူတီးတိုးရေရွတ်လိုက်သည်။
သူအလျှင်အမြန်ခေါင်းကိုပြန်လှည့်လိုက်ရသည်။ သူကားအပြင်ဘက်ကိုပင်အနည်းငယ်ခေါင်းပြူထုတ်ချင်စိတ်ဖြစ်လာသည်။
တက္ကစီကဖြတ်သွားချိန်တွင်ရုတ်တရက် မီးဖွင့်လိုက်သည်၊ ကားနောက်ခုံတွင်ထိုင်နေသည့်လူကရုန်ယီ၏ မျက်လုံးထဲဖျတ်ကနဲဝင်လာပြီးအတန်ငယ်ရင်းနှီးနေသယောင်ပင်။
ရုန်ယီ ခေါင်းကိုအပြင်ပြူထုတ်လိုက်ချိန်တွင် တက္ကစီကအမှောင်ထဲတွင် မှုန်ဝါးသည့်အစက်လေးအဖြစ်ချန်ရစ်ခဲ့သည်၊ ယခု တက္ကစီပေါ်ရှိမည်သည့်အရာကိုမှမြင်ရရန်မဖြစ်နိုင်တော့ပေ။
"ပြတင်းပေါက်ကိုပိတ်လိုက်"
ထူးဆန်းသည့်အစ်မကြီးက ဗြုန်းစားကြီးအမိန့်ထုတ်လာသည်။
လျို့ဝှက်အေးဂျင့်အဖြစ် အလုပ်လုပ်နေရသလိုပင်။
ရုန်ယီ မပျော်မရွှင်ဖြစ်သွားသော်ငြား ပြောသည့်အတိုင်းလုပ်လိုက်၏။
သူသက်ပြင်းချပြီးဆိုဖာကိုမှီချလိုက်သည်။ သူမှားသွားသည်။ ငါသူ့ကိုအရမ်းလွမ်းနေလို့ လူတိုင်းကငါ့စိတ်ထဲကလူနဲ့တူနေခဲ့တာပဲ။
သူမှားမြင်မိသည့်လူက သူတို့နေသည့်မိုင်ထောင်ချီအဝေးမှအိမ်တွင်ရှိနေလိမ့်မည်။ လေ့ကျင့်ခန်းလုပ်ပြီး ကွန်ပျုတာရှေ့တွင်ထိုင်ကာရုပ်ရှင်ကြည့်ရင်းအပန်းဖြေနေနိုင်သည်။
ချန်းခယ့်ယောင်က ရုတ်တရက်ရောက်လာစရာအကြောင်းမရှိ။ ထို့အပြင် ယခုက C မြို့တော်တွင်တောင်တက်ခရီးသွားရာသီဖြစ်နေပြီး ကြိုတင်ဘွတ်ကင်မယူဘဲ လေယာဉ်လက်မှတ်ဝယ်ရန်ခက်ခဲသည်။
ငါသူ့ကိုအရမ်းသတိရနေလို့ သူနဲ့တူတဲ့လူတိုင်းကိုတွေ့နေရတာငါ့အမှားပဲ။
ကားသည် လမ်းမပေါ်တွင်တစ်နာရီခွဲခန့်ပိတ်နေပြီး နောက်ဆုံးမှာပန်းတိုင်နေရာသို့ ချောချောမွေ့မွေ့ရောက်သွားခဲ့သည်။
စားသောက်ဆိုင်မှာ ပွဲကျင်းပရန်အဖွဲ့ဝင်ထားသူများအတွက်ဖြစ်ပုံရသည်။ စားပွဲထိုးနှင့်စကားအနည်းအကျဉ်းဖလှယ်ပြီးသည့်အခါ ထူးဆန်းသည့်အစ်မကြီးက စိတ်ပူပန်ခြင်းမရှိဘဲ ဖုန်းကြောင့်သောကရောက်နေသောရုန်ယီကိုထားခဲ့ပြီးထွက်သွားသည်။
သူ သည်နေရာရောက်ပြီးနေမှ ရွေးချယ်စရာမရှိတော့ဘဲစားပွဲထိုးခေါ်ဆောင်ရာ VIP အခန်းသို့လိုက်လာရသည်။
သူတံခါးဖွင့်လိုက်သည့်အခါ မော့ယွီဖေးကအတွင်းတွင်ထိုင်နေသည်၊မေးထောက်ထားပြီး အင်မတန်ပျင်းရိနေပုံရ၏။ ရုန်ယီကိုမြင်ရသည်နှင့်မတ်တပ်ရပ်ပြီး ရွှင်လန်းနေသည့်ဟန်ပေါ်လာသည်။
သူသည်သိသာထင်ရှားသည့်အပြုံးဖြင့် ပြောလာသည်၊ ရုန်ယီ၏ကုတ်အကျီကိုယူပြီး သူ့ဘေးရှိအဝတ်စင်တွင်ချိတ်ပေးသည်။
"မင်းလာတဲ့လမ်းမှာကားကြပ်နေတာလား၊ အကြာကြီးပဲစောင့်လိုက်ရတာ ငါဗိုက်ဆာလာလို့ဟင်းနည်းနည်းမှာထားတယ်၊ မင်းစားချင်တာရှိလားလို့ကြည့်လေ"
ရုန်ယီခမျာ စိတ်အိုက်နေရှာသည်။
"ကျွန်...ကျွန်တော်ကဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"
မော့ယွီဖေးကသူ့အတွက်ခုံဆွဲပေးသည်။
ရုန်ယီက သတိကြီးကြီးထားပြီးထိုင်သည်၊ ခုံအနောက်ကိုတောင့်တင်းစွာမှီထားပြီး သူ့လက်များကိုပေါင်ပေါ်တင်ထားသည်။
မော့ယွီဖေးခမျာ ထိုမြင်ကွင်းကြောင့်ရယ်ရလွန်း၍ပေါက်ကွဲထွက်တော့မည်။
"ထားပါတော့၊ ငါမင်းကိုနေတတ်သလိုနေပါလို့မပြောတော့ဘူး၊ ငါပိုပြောလေ မင်းပိုပြီးစိတ်လှုပ်ရှားလာလေပဲဖြစ်လိမ့်မယ်"
သူမျှော်လင့်ချက်မဲ့စွာခေါင်းကိုခါယမ်းသည်။
"တခြား တစ်ခုခုပြောရအောင်"
သူသည် 'တခြား' ဆိုသည့်စကားလုံးကိုကြားသည့်အခါ ပိုပြီးစိတ်လှုပ်ရှားလာသည်။
သူ သည်နေရာအထိလာရသည့်လမ်းခရီးတွင်တကယ်တမ်း ချန်းခယ့်ယောင်ထားခဲ့သည့်လက်မှတ်က မော့ယွီဖေးထံမှရခဲ့ခြင်းဖြစ်မည်ဟုသူထင်ခဲ့သည်။ သို့ဖြစ်၍ ယနေ့မော့ယွီဖေးရွေးချယ်ခဲ့သည့်ထိုင်ခုံနံပါတ်က သူ့အတွက်မဟုတ်ဘဲချန်းခယ့်ယောင်အတွက်ဖြစ်လိမ့်မည်။
သူယခုတူညီသည့်အကြောင်းပြချက်ဖြင့် ညစာစားရန်ဖိတ်ကြားခံခဲ့ရသည်။
သေစမ်း။ ငါကအခုအိုင်ဒေါနဲ့အချစ်ပြိုင်ဖက်ဖြစ်နေပြီ။ ဘာလုပ်ရမလဲ။၎င်းမှာတင်ဆက်သူက ဧည့်သည်ကိုသတ်ရန်ရည်ရွယ်ချက်ရှိသည့် ဟုန်မန်ဧည့်ခံပွဲနှင့်အတိအကျတူနေသည်။
"မင်းငါ့ကိုဒီလိုကြောက်နေတာ သူကငါ့ရဲ့မကောင်းတဲ့အကြောင်းတွေမင်းကိုအမြဲပြောထားလို့လား"
"သူပြောတာတွေနားထောင်မနေနဲ့၊ ငါ့ရဲ့အကောင်းဆုံးပုံရိပ်ကသဘောကောင်းတာပဲ"
ရုန်ယီ တုန့်ဆိုင်းနေပြီးခေါင်းခါပြသည်။
"သူကခင်ဗျားနဲ့ပတ်သတ်ပြီး ဘာမကောင်းကြောင်းမှမပြောပါဘူး"
ချန်းခယ့်ယောင်တွင် ပြင်းထန်သည့်မကောင်းမြင်အတွေးများရှိတတ်သော်ငြား သူ၏ရွေးချယ်ပြောသည့်စကားလုံးများကမကြာခဏစိတ်ရှုပ်ဖွယ်ကောင်းသည်၊ သူမော့ယွီဖေးနှင့်သိခဲ့သည့်အကြောင်းမပြောခဲ့၊ သူနှင့်ပတ်သတ်သည့်မည်သည့်အကြောင်းကိုမှ အထွေအထူးမပြောဘဲထားခဲ့သည်။
မော့ယွီဖေးကမျက်လွှာချထားကာ ရုန်ယီကိုမကြည့်မီစက္ကန့်အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။
"မင်းတို့နှစ်ယောက်ကဘာတွေလဲ"
မေးခွန်းက တည့်တိုးဆန်လွန်းပြီးရုန်ယီပင်ဘယ်လိုဖြေရမှန်းမသိဖြစ်စေသည်။
"ကျွန်တော်ကသူ့အခန်းကိုငှါးထားတာပါ၊ သူကကျွန်တော့်ရဲ့အိမ်ရှင်လေ"
သူတို့တွင် ချစ်သူအဖြစ်သက်တမ်းတိုလေးသာရှိခဲ့ပြီး သူကယခုထိထိုသူကိုချစ်နေဆဲပင်။ ဆိုရပါလျှင် သူတို့နှစ်ယောက်ကြားမှချစ်သူဆက်ဆံရေးမှာ တိမ်လွှာလေးတစ်ပွင့်ပမာ။
ရုန်ယီ ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက် သူရုတ်တရက်ကြီးနောင်တရလာသည်။ အချစ်ပြိုင်ဘက်နှင့်တွေ့သည်ဆိုတည်းမှ အနည်းငယ်လိမ်ညာလိုက်ခြင်းကပိုမကောင်းပေဘူးလား။
"မင်းကသူသဘောကျတဲ့ပုံစံအတိအကျပါ"
ရုန်ယီသည် သူ့အကြောင်းနှင့်ပတ်သတ်ပြီးတစ်စုံတရာကိုမြှောက်ပြောရန်အခြားသူတစ်ယောက်နှုတ်မှထွက်လာမည်ဟုထင်မထား၍ ရှက်သွားသည်။ ရုန်ယီ မျောက်မီးခဲကိုင်ထားသလိုဖြစ်နေစဉ် တစ်ယောက်ယောက်က VIP တံခါးကိုလာခေါက်သည်။ ဟင်းပွဲများရောက်လာပြီ။
မော့ယွီဖေးမှာ ဟိတ်ဟန်မရှိသူပင်။ စားပွဲထိုးထွက်သွားသည်နှင့်သူတူကိုကောက်ကိုင်သည်။
သူစားသောက်နေရင်းပြောနေသည်။
"ငါမင်းနဲ့ထမင်းဝိုင်းမှယဉ်ကျေးနေမှာမဟုတ်ဘူး၊ အဲဒါကြောင့် အမြန်စားတော့"
ရုန်ယီ သူအလျှင်အမြန်နှင့်မြိန်ရေယှက်ရေစားနေသည်ကိုကြည့်နေပြီးမြင်ကွင်းတစ်ခုလုံးကမျှော်လင့်ထားသည်ထက် ပိုနေမှန်းသိရှိသွားသည်။
အံ့ဩစရာပင်။ သူယခုသူ၏နတ်ဘုရားနှင့်ညစာအတူစားနေသည်။ သူကသဘောလည်းကောင်းသည်။ အိုင်ဒေါတစ်ယောက်ဖြစ်နေ၍ကြီးကျယ်နေခြင်းမျိုးလည်းမရှိ။ ဆက်ဆံရလွယ်ကူသည်။ မိတ်ကပ်မပါလျှင်ပင် သူကကြည့်ကောင်းနေသည်၊ ကြည်လင်ပြီးအနာအဆာကင်းကာ သူ့ပါးထဲတွင်စားစရာများဖြည့်ထားသည့်အခါ ချစ်စရာကောင်းသည်။
အပျော်ရွှင်ဆုံးအချိန်တွင် ရုန်ယီသည်ဆောက်တည်ရာမရခံစားချက်ဖြစ်နေသည်။
"ငါ့ကိုပဲကြည့်မနေနဲ့၊ စားတော့"
မော့ယွီဖေးမှာ အနည်းငယ်နာကျင်နေဟန်ရသည်။
"မင်းငါ့ကိုအဲဒီလိုမျိုးကြည့်နေတာငါကြောက်တယ်"
ရုန်ယီ ခေါင်းငုံ့လိုက်သည်၊ တူကိုကိုင်ပြီးသူ့ပါးစပ်ထဲသို့ကြုံရာဟင်းတစ်ဖက်ထိုးထည့်လိုက်သည်။
မော့ယွီဖေးကသူ့ကိုကြည့်ပြီး ညင်သာစွာနှင့်တခစ်ခစ်ရယ်သည်။
"မင်းကချန်းခယ့်ယောင်ရဲ့တိုက်ခန်းကိုငှါးနေတယ်ဆိုတော့ မင်းတို့နှစ်ယောက်ကမျှနေကြတာလား"
ရုန်ယီကတွေဝေနေသည်။ သူတူကိုကိုက္ကာ ရိုးရိုးသားသားခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့နှစ်ယောက်ကအိမ်ရှင်အိမ်ငှါးဆက်ဆံရေးလုံးဝမဟုတ်ဘူး"
ရုန်ယီ၏မျက်နှာကရဲတွက်သွားသည်။
ရုန်ယီသီးသွားပြီး ခဏတာခန့်အထိန်းအကွပ်မဲ့ချောင်းဆိုးနေခဲ့ရသည်။
မော့ယွီဖေးကသူ့ကိုရေတစ်ခွက်ငှဲ့ပေးသည်။
"သူအခုထိလုပ်လို့မရသေးဘူးလား"
ရုန်ယီက ရေအနည်းငယ်သောက်လိုက်ပြီး အသက်ရှူရန်အချိန်အနည်းငယ်ယူလိုက်ရသည်။
"သူကအယ်လ်ဖာတွေကိုကြိုက်တာ၊ ဒါပေမဲ့ အယ်လ်ဖာတွေရဲ့ပရိုမုန်းအနံ့ကိုလည်းမခံနိုင်ဘူးလေ၊ သူမင်းအပေါ်အခုထိ စိတ်ယိုင်မလာသေးတာလည်းအဲဒါကြောင့်ပဲဖြစ်မယ်၊ မင်းတို့နှစ်ယောက်အတူနေတုန်းသူ့မှာဘာအတွေးမှမရှိဘူးဆိုတာငါမယုံဘူး"
ရုန်ယီသည် အကြီးစားအထင်လွဲမှုရှိနေပြီမှန်းနားလည်သွားသည်။
"ကျွန်တော်တို့မှာဘာပတ်သက်မှုမှမရှိပါဘူး၊ ကျွန်တော်ကအိုမီဂါပါ၊ သူလည်းအဲဒါကိုသိထားပါတယ်"
မော့ယွီဖေး ဆွံ့အသွားပြီးရုန်ယီကိုအပေါ်အောက်ကြည့်သည်။ သူ့မျက်လုံးများက အပြောင်အပျက်သဘောနှင့်စစ်ဆေးနေသည်။
"သူကမင်းကိုပစ်ထားခဲ့တာလား"
ရုန်ယီ ရုတ်တရက် မသက်မသာဖြစ်လာသည်။
သူမော့ယွီဖေးကိုမနှစ်သက်သလိုမခံစားရပေ၊ သို့သော် မော့ယွီဖေးကချန်းခယ့်ယောင်အကြောင်းကိုအကုန်သိနေသလို ပြောနေသည်ကိုလည်းသူမနှစ်မြို့ပေ၊ သူ့ကိုအပြင်လူတစ်ယောက်လိုဖြစ်နေစေသည်။
ပြောပြီးသည့်အခါ မော့ယွီဖေးကတူကိုချပြီးမေးစေ့ကိုလက်ထဲထည့်ကာ ရုန်ယီကိုကြည့်နေသည်။
"သူမင်းကိုနေ့တိုင်းကြည့်ပြီးတွေးနေလိမ့်မယ်၊ ဒီလူကအရမ်းကိုချစ်စရာကောင်းတာပဲ"
ရုန်ယီ၏မျက်နှာမှာ ပူကြွပ်လာသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီ 'ချစ်စရာကောင်းတယ်' ဆိုတဲ့စကားလုံးနဲ့ကျွန်တော်ကဒီတိုင်း...."
"တစ်ယောက်နဲ့တစ်ယောက်လိုက်ဖက်ကြတာပဲ"
မော့ယွီဖေး ရုန်ယီ၏မေးစေ့ကိုပင့်မော့ရန် စားပွဲခုံကိုဖြတ်ပြီး လက်ကိုဆန့်ထုတ်သည်။
"ကြည့်တာနဲ့အရမ်းကိုနှစ်လိုဖွယ်ကောင်းတဲ့မျက်နှာပဲ"
စာရေးသူတွင်ပြောစရာရှိပါသည်။
မော့ယွီဖေး: ငါကတစ်ချိန်တည်းမှာအလုပ်တွေအများကြီးလုပ်နေရတယ်။ ငါ့ကိုမချီးကျုးရင်တောင် အလုပ်ကြိုးစားတဲ့အနေနဲ့ဆုတော့ချသင့်ပါတယ်။
ချန်းခယ့်ယောင်: ငါ့ဖင်ကိုပဲအလုပ်ကြိုးစားတာလား! မင်းအလုပ်ကြိုးစားနေတာကိုအခုရပ်လိုက်ပါတော့!