အပိုင်း ၅၄
Viewers 14k

Chapter 54
သူကငါ့ကိုပစ်ချထားခဲ့တာ!
ရုန်ယီသည် အခုလေးတင်ပုံမှန်အခြေအနေကိုဖြည်းဖြည်းချင်းပြန်ရောက်ရန် ကြိုးစားနေခဲ့သော်ငြား ယခု သူတဖန်ကြောက်ဒူးတုန်လာသည်။
သူသည် အပြုံးလေးဖြင့်ကြည့်နေသည့်မော့ယွီဖေးကိုစိုက်ကြည့်နေလျက်အေးခဲနေကာ အသက်ပင်ကောင်းကောင်းမရှူနိုင်ချေ။
မော့ယွီဖေးကသူ့လက်သူပြန်ရုတ်သွားခဲ့သော်ငြား ရုန်ယီ၏မေးစေ့တွင်ချန်ထားခဲ့သောအထိအတွေ့က အချိန်အတော်ကြာအောင်ကျန်ရစ်နေခဲ့သည်။ သူရုတ်တရက် အာရုံနောက်လာသည်၊ တစ်ဖက်လူ၏အပြုအမူကမည်သို့သောရည်ရွယ်ချက်ရှိမှန်း မရှာဖွေနိုင်တော့ချေ။
၎င်းက သိသာထင်ရှားသည့် အဓိပ္ပါယ်နှစ်မျိုးထွက်နေသောအရိပ်အယောင်ပြ အပြုအမူဖြစ်သည်။ သို့သော် ယနေ့သူနှင့်မော့ယွီဖေးအကြားရှိ စပ်ဆက်ကြည့်ရမည့်အကြောင်းအရာတွင် သူထိုပုံစံအတိုင်းမတွေးရဲပေ။
ရုန်ယီသည် သူ့ကိုယ်သူသိရှိခြင်းကရှင်းလင်းမျှတသည်ဟုခံစားရသည်။ သူ့ကိုယ်သူကြည့်ကောင်းသည်ဟုယူဆထားမှန်းသူသိသည်၊ သို့သော်သူကချစ်စရာကောင်းသည့်ပုံစံနှင့်မည်သို့မှ မသက်ဆိုင်ပေ။
သူ့အရှေ့ရှိလူက သူနှင့်ချန်းခယ့်ယောင်တို့အလွန်အမင်းရင်းနှီးခဲ့ကြောင်းပြခဲ့ပြီး ဒွိဟဖြစ်စေသောအမူအရာများနှင့်ထိုသို့သောမုသားစကားများကိုပြောဆိုခဲ့သည်။ အဖြစ်နိုင်ဆုံးက....ထေ့ငေါ့နေခြင်းလား? သို့တည်းမဟုတ် ရန်စခြင်းလား?
ရုန်ယီကစစ်ပွဲအတွက်အသင့်ပြင်ထားပြီးပြီ။
သင့်နှလုံးသားအတွင်းနတ်ဘုရားကဲ့သို့သောအိုင်ဒေါနှင့်အချစ်ပြိုင်ဘက်ဖြစ်ရခြင်းက အလွန်ဆိုးရွားပြီး စိတ်လှုပ်ရှားဖွယ်လည်းကောင်းသည်။
အချိန်အနည်းငယ်အကြာအထိ ဗရုတ်သုတ်ခဖြစ်နေပြီးမှသူ၏သတ္တိများကိုမောင်းတင်ပြီးမေးလိုက်သည်။
"ခင်ဗျားနဲ့ချန်းခယ့်ယောင်က....နှစ်ယောက်သားအရမ်းရင်းနှီးခဲ့ကြတာလား?"
"သူမင်းကိုဘာမှမပြောပြရသေးဘူးလား?"
မော့ယွီဖေးက အချိန်ခဏယူကာစဉ်းစားနေသည်။
"အခုမင်းကဒီအကြောင်းကိုသိချင်နေတာဆိုတော့၊ သူ့ကိုဂရုစိုက်လို့လား၊ ဒါမှမဟုတ် ငါ့ကိုလား?"
လုံးဝမျှော်လင့်မထားခဲ့သည့်မေးခွန်းပင်။ ရုန်ယီခမျာ ဘယ်လိုဖြေရမှန်းမသိ။
မော့ယွီဖေးကသူ့ကိုပြုံးပြနေဆဲပင်။
"နောက်ကအဖြေဆိုရင်တော့ငါမင်းကိုပြောပြလို့ရပါတယ်"
ရုန်ယီ သူ့အကြည့်ကိုမခံနိုင်ပေ။ သူတို့နှစ်ယောက်စင်ပေါ်တွင်ဆုံပြီးတည်းက မော့ယွီဖေးကအခြားသူတစ်ယောက်နှင့်စကားပြောသည့်အခါ မျက်လုံးကိုရှောင်တိမ်းသွားခြင်း သို့မဟုတ် လွှဲသွားခြင်းမျိုးမရှိဘဲ တစ်ဖက်လူ၏မျက်လုံးကိုအမြဲတိုက်ရိုက်ကြည့်တတ်သည်ကို သူသိခဲ့၏။အချိန်အကြာကြီး ထိုသို့အကြည့်ခံရပါမူတစ်ယောက်၏နှလုံးခုန်နှုန်းကမြန်လာပြီး ပျာယာခတ်လာမည်မှာအသေအချာပင်။
သူစကားတစ်လုံးမှမပြောခဲ့သလို မော့ယွီဖေးမှာလည်းအတူတူပင်။ သူသည်လက်တစ်ဖက်ကိုမေးကိုကိုင်ထားပြီး ကျန်တစ်ဖက်ကစားပွဲပေါ်တွင်လက်ညိုးဖြင့်ခေါက်နေသည်။ တဒင်္ဂစဉ်းစားနေပြီး သူပြောလာသည်မှာ
"ပြောရမယ်ဆိုရင်တော့သူကငါ့ကိုပစ်ချထားခဲ့တဲ့လူပဲ"
"ဘာကြီး?"
ရုန်ယီ လုံးဝနားမလည်နိုင်ချေ။
"သူကခင်ဗျားကိုဘာလုပ်ခဲ့တာ?...ဘာ?"
"ငါအရမ်းကြေကွဲခဲ့ရတာ"
မော့ယွီဖေး၏မျက်နှာအမူအရာက အတော်အတန်လေးနက်နေခဲ့သည်။
"ငါတို့ရဲ့အချစ်ရေးက သူ့ဘက်ကနေတစ်ဖက်သက်လမ်းခွဲခဲ့တာကြောင့် ပျက်စီးခဲ့ရတာလေ၊ ငါ့ကိုအဆက်အသွယ်တွေအကုန်ဖြတ်လိုက်တယ်၊ ဒီနှစ်တွေအတွင်း ငါသူ့ကိုပွဲတိုင်းတစ်ခုချင်းအတွက်လက်မှတ်တွေပို့ပေးခဲ့တယ်၊ ဒါပေမဲ့လည်း အလေးထားမခံခဲ့ရပါဘူး၊ ဒီနေ့ကျတော့ ခုံတစ်ခုံက Check in ဝင်ထားတယ်လို့ကြားရတယ်၊ လက်စသတ်တော့...."
ရုန်ယီ တောင့်တင်းသွား၏။
"ချစ်စရာကောင်းတဲ့လူတစ်ယောက်ကသူနဲ့အတူနေ နေတာကိုး"
မော့ယွီဖေးကခေါင်းခါပြီးသက်ပြင်းချသည်။
"ငါ့မှာဒေါသတွေထွက်လိုက်တာ"
"မဟုတ်ပါဘူး၊ ကျွန်တော်က၊ အဲဒီလိုမျိုး...."
ရုန်ယီခမျာ ဘယ်နေရာမှစငြင်းရမည်မသိ၊ ထိတ်ပျာနေသည်။
မော့ယွီဖေးကတည်ငြိမ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေပုံမရပေ။
"အရမ်းကိုဝမ်းနည်းစရာမကောင်းဘူးလား?"
ရုန်ယီမှာ တံတွေးကိုခက်ခက်ခဲခဲမြိုချလိုက်ရသည်။
"ဒါဆိုနှစ်ယောက်သားအတူနေခဲ့ကြတာလား?"
မော့ယွီဖေး ပုခုံးတွန့်ပြပြီးအသံတိတ်သဘောတူသည်။
မတိုင်ခင်ယူဆချက်မှာတည်းက တဖြောင့်တည်းဖြစ်နေသေးသော်ငြားမျက်နှာချင်းဆိုင်ဝန်ခံသည့်အခါ ရုန်ယီအပေါ်သက်ရောက်မှုကကြီးမားနေဆဲ။ သူသည်အချိန်အကြာကြီးအတွေးထဲနစ်မြောနေပြီးမှ ရုတ်ချည့်တစ်စုံတစ်ခုမှားနေခြင်းကိုခံစားမိသည်။
မော့ယွီဖေးပြောပုံအရ ချန်းခယ့်ယောင်ကသာသူ့ကိုတစ်ဖက်သက်ဖြတ်ခဲ့သည်။ သို့ထိတိုင် ချန်းခယ့်ယောင်၏ခါးသီးပြီးစိတ်ခုနေသည့်ပုံကမှပိို၍စိတ်ပျက်လက်ပျက်ဖြစ်နေသည့်လူနှင့်တူသည်။
"စကားမပြောဘဲဘာတွေစဉ်းစားနေတာလဲ?"
မော့ယွီဖေးကသူ့ကိုစိတ်ဝင်တစားနှင့်ကြည့်နေသည်။
"မင်းရဲ့မျက်နှာအမူအရာကအရမ်းထူးဆန်းနေတယ်"
"ဒီတော့ခင်ဗျားသူ့ကိုလက်မှတ်တွေပို့ပေးနေတာ...ခင်ဗျားမှာသူ့အပေါ်ခံစားချက်တွေရှိနေသေးလို့လား?"
ရုန်ယီ သတိထားပြီးမေးလိုက်သည်။
"အင်း"
သူ့အသံနှင့်အမူအရာက ရုန်ယီအတွက်ချက်ချင်းတုံ့ပြန်ရန်ရိုးဖြောင့်လွန်းနေသည်။
အကြာကြီးရပ်တန့်နေကြပြီး သူမေးလာသည်။
"ခင်ဗျားကျွန်တော့်ကိုအကုန်လုံးတိုက်ရိုက်ပြောလိုက်တာအဆင်ပြေလို့လား?"
"မင်းအသံဖမ်းထားမှာလား"
မော့ယွီဖေးကမေးသည်။
"မဖမ်းထားပါဘူး"
"ဒီလိုဆိုရင်တော့ကိစ္စမရှိပါဘူး"
"......."
မော့ယွီဖေးကသူ့ကိုပြုံးပြပြီး တူကိုကိုင်သည်။
"စကားမပြောနဲ့တော့၊ ဟင်းတွေအေးကုန်ပြီ၊ မင်းအများကြီးလည်းမစားရသေးဘူးလေ၊ ညလယ်ခေါင်ကြီးဗိုက်ဆာလာလိမ့်မယ်၊ သတိထား"
ရုန်ယီက စားသောက်ရန်စိတ်မပါတော့ပေ။
"ဒါဆိုခင်ဗျားကျွန်တော့်ကိုဒီနေ့ညစာဖိတ်ကျွေးတာက....."
"ငါကမင်းကိုညစာဖိတ်ကျွေးချင်လို့ပဲ"
မော့ယွီဖေးကပြောသည်။ ခဏရပ်လိုက်ပြီး
"ငါကစကားပြောကြမ်းတယ်လို့ပြောဖူးတယ်၊ ငါမင်းကိုကြောက်အောင်လုပ်မိသွားလား?"
ရုန်ယီယနေ့တွင် တကယ်ကိုထိတ်လန့်ခဲ့ရသည်။
သူအရူးအမူးသဘောကျခဲ့သည့် အိုင်ဒေါက သူတစ်ဖက်သက်ချစ်ခဲ့ဖူးသည့်လူ၏ ရည်းစားဟောင်းဖြစ်နေပြီး ယနေ့အထိသူ့အိုင်ဒေါကအချစ်ရေးတွင်ပျော်မွေ့နေသည်။ ယခု ဤဟုန်မန်စားသောက်ပွဲကသူ့ကိုခေါင်းချင်းဆိုင်တိုက်မိပြီး ပေါက်ကွဲသွားအောင်လုပ်နေခြင်းမှာသံသယဖြစ်စရာမရှိတော့ပေ။
သူဘာလုပ်သင့်ပါသနည်း။ သူချန်းခယ့်ယောင်နှင့်ရင်းနှီးသည့်အကြောင်း ဟန်ဆောင်ကြွားပြီးမော့ယွီဖေးကိုအရိပ်အမြွက်ပြကာ မောင်းထုတ်လိုက်သင့်သလား။
ရုန်ယီ စားပွဲခုံအောက်၌ပင်သူ့လက်များကိုပွတ်နေမိသည်။
သို့သော် အနှီသူကမော့ယွီဖေးပင်။ သူဝါးစားပစ်ခြင်းထက် အနည်းငယ်ပိုကိုက်လိုက်ခြင်းကလွန်နေမလား။
သူရုန်းကန်နေစဉ်မော့ယွီဖေးကမေးလာသည်။
"ငါသူမဟုတ်မှန်းသိလိုက်ရတော့နည်းနည်းစိတ်ပျက်သွားပေမဲ့ မင်းဖြစ်နေတော့လည်းအံ့ဩပြီးပျော်မိတယ်"
ရုန်ယီမှာသူ့ကို တောင့်တောင့်ကြီးကြည့်နေမိပြီး ထိုစာကြောင်း၏အဓိပ္ပါယ်ကိုဖော်ရန်ကြိုးစားနေသည်။
"တွေ့လား၊ ငါမင်းကိုမနေ့က 'မနက်ဖြန်တွေ့ကြမယ်' လို့ပြောခဲ့တယ်လေ၊ ပြီးတော့ ဒီနေ့မင်းကိုတကယ်ကြီးတွေ့လိုက်ရတာပဲ"
မော့ယွီဖေးကပြုံးလျက်ပင် သူ့မျက်လုံးကိုတည့်တည့်ကြည့်ပြန်သည်။
"ထူးခြားတဲ့ကံကြမ္မာပဲမဟုတ်လား?"
ရုန်ယီ တိတ်ဆိတ်စွာဖြင့်တံတွေးမြိုချလိုက်သည်။
လက်တွေ့ပဲ။ ဖိအားပေးနေတာလက်တွေ့ပဲ။ အရှုံးမပေးနဲ့။ စိတ်တင်းထားစမ်း။ ပြန်ကြည့်ပစ်လိုက်။
သူသည်စိတ်ထဲတွင်သူ့ကိုယ်သူအသံတိတ်အားပေးနေပြီး ပထမဆုံးအဖြစ်သတ္တိရှိစွာနှင့်အချိန်အတန်ကြာအောင် မော့ယွီဖေးမျက်လုံးများထဲကြည့်လိုက်သည်။
ထို့နောက် မော့ယွီဖေး၏ရယ်မောသံကပိုသိသာလာသည်။
ရုန်ယီသည်အထိန်းအချုပ်မဲ့နေမှုကိုခံစားရသည်။ သူ၏မျက်လုံးနှင့်မျက်ခုံးများက သူ့စိတ်ထဲတွင်သဘောကျရသည့်ပုံစံအတိအကျပင်။ သူ၏အပြုံးနှင့်မျက်နှာကနူးညံ့ပြီးကြင်နာတတ်သည့်ပုံပေါ်နေစေသည်။ ရုန်ယီသည်အဆိုပါမျက်နှာကိုတီဗွီတွင်အမြဲမြင်တွေ့နေရပြီး ၎င်းကသူ့နှလုံးသားအတွင်းပိုင်းရှိ အားပျော့သည့်အစက်လေးကိုအမြဲတို့ထိနေခဲ့သည်။
ရုန်ယီလုံးဝကျရှုံးတော့မည်ဟုခံစားမိနေသည်။ ထိုသို့သောအကြည့်အောက်တွင် မျက်နှာနီမြန်းမလာသည့်သူဘယ်သူမှရှိမည်မဟုတ်။ ၎င်းကမသိစိတ်အရ လူသားတစ်ယောက်၏နှလုံးခုန်နှုန်းကိုမြန်လာခြင်းမျိုးဖြစ်စေသည်။
ချန်းခယ့်ယောင်မှာလည်းထပ်တူညီသည့်အတွေးမျိုးရှိခဲ့လေမလား။
ထိုအတွေးကြောင့် ရုန်ယီ၏နှလုံးသားထဲမှကြည်နူးနေသည့်ခံစားချက်များအပြီးတိုင်ပျောက်ဆုံးသွားသည်။ ချက်ချင်းပင် ရုန်ယီ၏နှလုံးသားကအေးစက်လာသည်။
ဘာလုပ်ရမှာလဲ?
ချန်းခယ့်ယောင်ကထိုအကြောင်းနှင့်ပတ်သက်ပြီးအာရုံစိုက်လွန်းနေသည်၊ သူယခုထိမော့ယွီဖေးကိုချစ်နေသေး၍သာဖြစ်လိမ့်မည်။ သူတွေ့ဆုံပွဲများကိုမလာခဲ့ခြင်းမှာ သူ့ခံစားချက်များကိုမထိန်းချုပ်ထားနိုင်မည်ကိုစိုးရိမ်သောကြောင့်ပင်။
ရုန်ယီအိမ်သို့ချက်ချင်းပြန်ကာ မေတ္တာလက်ဆောင်ပစ္စည်းများကိုမီးရှို့ပစ်လိုက်ချင်သည်၊ ထိုအခါမှ ချန်းခယ့်ယောင်အရှေ့တွင်မော့ယွီဖေး၏မျက်နှာနောက်တဖန်ပေါ်လာနိုင်ချေအကုန်လုံးကို ဖျက်ဆီးပြီးသားဖြစ်သွားမည်။
သူ့စိတ်ကပရမ်းပတာအခြေအနေတွင်ကျရောက်နေသည်၊ သို့ထိတိုင်သူ့အရှေ့မှလူက သူ့အားငေးကြည့်နေသည်ကိုသတိထားမိပုံမရပေ။
"မင်းပါးစပ်ထောင့်မှာတစ်ခုခုပေနေတယ်"
သူရုန်ယီကိုရုတ်တရက်ပြောလိုက်သည်။
ရုန်ယီသည် သူ့ခေါင်းထဲတွင်ဒရမ်မာဇာတ်ညွှန်းကိုရေးသားလျက်အလုပ်များနေသောကြောင့် သူ၏လှုပ်ရှားမှုကနှေးကွေးနေသည်။ တခဏခန့်ကြောင်တောင်တောင်ဖြစ်နေပြီး သူပါးစပ်ကိုသုတ်ရန်လက်မြှောက်လိုက်သော်ငြား မော့ယွီဖေး၏လက်က စားပွဲခုံကိုဖြတ်ကာသူ့ထံနောက်တစ်ခါရောက်လာပြန်၏။
မော့ယွီဖေးလက်မက သူ့နှုတ်ခမ်းထောင့်ကိုထိသွားသည့်အချိန် ရုန်ယီခေတ္တခန့်တုန်ယင်သွားသည်။
သူသည်အလွန်အကျွံစိတ်လှုပ်ရှားနေ၍ မော့ယွီဖေး၏လက်ကသူ၏မျက်နှာပေါ်တွင် သဘာဝကျစွာနှင့်အချိန်အတော်ကြာရှိနေသည့်အလားထင်ယောင်ထင်မှားဖြစ်နေသည်ဟုထင်ခဲ့သည်။ သူ၏လက်မကသူ၏နှုတ်ခမ်းကို အလွန်ဖြည်းညှင်းစွာနှင့်ညင်သာစွာသုတ်ပေးခဲ့သည်။ မဖယ်သွားခင် ဖြည်းဖြည်းလေးနှင့်တမင် နှုတ်ခမ်းကိုဖိသွားသေးသည်။
ရုန်ယီသည် သူလက်ပြန်ရုတ်သွားပြီး၊ ခေါင်းငုံ့ကာလက်မနှင့်သူ့လျှာကိုလျက်လိုက်သည်အားကြည့်နေသည်။
"အော်...ဆော့စ်ပဲ"
မော့ယွီဖေးကပြောလေသည်။
"....."
ရုန်ယီ၏ပျက်စီးတော့မည့်ဦးနှောက်က တစ်ဖက်လူ၏အပြုအမူအကုန်လုံးကိုကျိုးကြောင်းဆင်ခြင်ပြီး မတွေးနိုင်တော့ပေ။
မော့ယွီဖေးက သူ့ကိုထပ်ကြည့်လာပြီးရုတ်ချည့်ပြောလာသည်။
"နောက်ကျနေပြီ၊ ပြန်ကြတော့မလား"
အိမ်အပြန်လမ်းကို မော့ယွီဖေးကကားမောင်းခဲ့သည်။
ကားထဲတွင်သူတို့နှစ်ယောက်သာရှိသည်။ ၎င်းကဖုန်းကိုလွမ်းဆွတ်နေသေးသည့် ရုန်ယီအတွက်မလွယ်ကူလှပေ။
ကားပေါ်တက်ချိန် သူကားနောက်ခန်းတွင်ထိုင်ချင်ခဲ့သည်၊ သို့သော်ငြား မော့ယွီဖေးကကြိုတင်ပြီးသူ့အတွက်ခရီးသည်ခုံရှိရာ ကားရှေ့ခန်းတံခါးကိုဖွင့်ပေးခဲ့လေရာ ရွေးချယ်စရာမရှိတော့ဘဲခရီးသည်ခုံမှာပင်ဝင်ထိုင်လိုက်ရတော့သည်။
တစ်လမ်းလုံး မော့ယွီဖေးကသူနှင့်စကားပြောရန် ခေါင်းစဉ်အမျိုးမျိုးရှာဖွေခဲ့သည်။
ရုန်ယီက စိတ်မပါလက်မပါပြန်ပြောခဲ့ရသည်။
လက်ရှိတွင် သည်လူအပေါ်ရှိနေသည့်သူ့သဘောထားမှာ အလွန်ရှုပ်ထွေးနေသည်။
သူ မော့ယွီဖေးကိုအချိန်အကြာကြီးနှစ်သက်လာခဲ့သည်၊ ချန်းခယ့်ယောင်ထက်ပင်ကြာသေးသည်။ သို့ထိတိုင် အဆိုပါခံစားချက်နှစ်မျိုးကကွဲပြားပြီးနှိုင်းယှဉ်၍မရပေ။ ပြီးလျှင် ကမ္ဘာပေါ်ရှိမည်သူကများသူတို့၏အချစ်ပြိုင်ဘက်အပေါ် စိတ်ကောင်းထားနိုင်ပါမည်နည်း။
သို့ဖြစ်၍ ချန်းခယ့်ယောင်နှင့်ပတ်သငခဲ့ဖူးသည်ဟုဝန်ခံခဲ့သောမော့ယွီဖေးကလည်းသူ့အားကျိန်းသေသဘောကျမည်မဟုတ်။
သူမော့ယွီဖေးအပေါ် အချိန်ကြာမြင့်စွာချစ်မြတ်နိုးလာခဲ့သော်ငြား မော့ယွီဖေးအတွက်မူ သူကအချစ်ပြိုင်ဘက်ဖြစ်နေသည်မှအပအခြားပုံရိပ်မရှိတော့ပေ။
၎င်းကအမှန်တကယ်ဝမ်းနည်းဖွယ်ကောင်းသည်။
မော့ယွီဖေးသည် ဟိုတယ်ကားပါကင်အထိမောင်းလာပြီးကားတံခါးဖွင့်ရန်လည်းစိတ်လောမနေပေ။ သူသည် ကားထဲရှိ storage box ထဲမှဦးထုပ်ကိုလှမ်းယူကာ ရုန်ယီကိုဆောင်းပေးလိုက်သည်။
ရုန်ယီ သူ့ခေါင်းကိုထိလိုက်ပြီး သူ၏နှလုံးသားလေးကလှုပ်ခတ်နေ၏။အဆိုပါဦးထုပ်ကို မကြာသေးခင်ကမော့ယွီဖေးဆောင်းထားသည်ကိုသူမြင်လိုက်သည်။
ယခုအချိန်တွင် ဆက်ဆံရေးကပျော့ပျောင်းနေသေးသည်ပင်လျှင် ပရိသတ်တစ်ယောက်၏ကာလရှည်စိတ်ပိုင်းဆိုင်ရာကို ချက်ချင်းလှုပ်ခါပစ်ရန်ခက်ခဲသည်။ အိုင်ဒေါများအသုံးပြုပြီးသားပစ္စည်းတိုင်းက တန်ဖိုးကြီးသည်။
"မင်းအရင်ဆင်းပြီးဓာတ်လှေကားကစောင့်နေ"
မော့ယွီဖေးကဆိုသည်။
"ငါအမြန်ဆုံးလာခဲ့မယ်"
"ဒါဆို...ဒါက...."
"မင်းအတွက်လက်ဆောင်"
အမှန်တကယ်တွင် ရုန်ယီကားပေါ်မှဆင်းလျှင်ဆင်းချင်း နှုတ်ဆက်စကားပြောခဲ့ကြသည်။ အထူးတလည်ဓာတ်လှေကားအနီးတွင်ထပ်တွေ့ရန်လိုမည်မထင်ချေ။
သို့သော် ယခုသူကတိပေးခဲ့ပြီးပြီ။ ရုန်ယီကဓာတ်လှေကားအနားတွင်လိမ်လိမ်မာမာနှင့်စောင့်နေလိုက်သည်။
သူဦးထုပ်ကိုမချွတ်ဘဲမနေနိုင်၊ နေရာကျဉ်းကျဉ်းလေးတွင် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လို်က်နှင့် ဦးထုပ်ကိုလက်ထဲကိုင်ထားပြီးထပ်ဆောင်းပြန်ကာ ဓာတ်လှေကားတံခါးမှမှန်ကိုဆက်ကြည့်နေသည်။
သူမှန်ကြည့်နေခိုက် ဓာတ်လှေကားတံခါးကရုတ်တရက်ကြီးပွင့်လာသည်။
ရုန်ယီဦးထုပ်ကိုချွတ်ကာ ဖြောင့်တန်းနေအောင်ရပ်လိုက်သည်။
ထင်ထားသည့်အတိုင်း မော့ယွီဖေးပါပင်။ သူသည်ရုန်ယီကိုတွေ့သည့်အခါတမဟုတ်ချင်းပြုံးလာသည်။
"မင်းကိုအကြာကြီးစောင့်ခိုင်းထားမိတာတောင်းပန်ပါတယ်"
မော့ယွီဖေး ဓာတ်လှေကားအတွင်းမှထွက်လာပြီးသူ့လက်ကိုအလွန်အမင်းသဘာဝတကျလှမ်းဆွဲသည်။
"သွားကြရအောင်"
ရုန်ယီ ခြေနှစ်လှမ်းခန့်တရွတ်တိုက်ပါသွားပြီးမှသိပ်မူမမှန်သလိုခံစားရသည်။
"ခင်ဗျား...ဒါက...."
သူအသိတရားကြောင့် လက်ကိုဖြုတ်ပစ်ချင်သော်ငြားတစ်ဖက်လူကသူ့လက်ကိုမြဲနေအောင်ကိုင်ထားသည်။
"ရပါတယ်၊ ကော်ရစ်ဒါမှာ CCTV မရှိဘူး၊ ငါကအဲဒီလောက်မပေါ့ပါဘူး"
ပြောဆိုနေရင်း ရုန်ယီသည်သူ၏အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းကိုဆွဲခေါ်သွားခြင်းခံလိုက်ရသည်။
သူသည် သူ၏အခန်းကိုနောက်ပြန်လှည့်ကြည့်ပြီး စကားပြောချင်သည်၊ သို့သော် ကတ်ကိုဆွဲထုတ်လိုက်သည့်အီလက်ထရောနစ်အသံကထွက်လာသည်။
တံခါးဖွင့်ပြီးနောက် သူ၏လက်ကိုဆွဲထားသည့်မော့ယွီဖေး၏ချက်ချင်းအခန်းတွင်းဆွဲသွင်းသည်ကိုခံလိုက်ရသည်။
သူတံခါးတွင်ကပ်ထားခံရပြီး မော့ယွီဖေး၏ပုံမှန်မဟုတ်သည့်ချဉ်းကပ်လာသည်အထိ ရုတ်ချည်းသူအသိစိတ်ပြန်ကပ်သွားကာ သူတွေးထားခဲ့သည့်အရာများက ကွဲပြားစွာနှင့်ပျောက်ကွယ်သွားမှန်းသိလိုက်သည်။
မော့ယွီဖေးကယနေ့ သူ့ကိုစတိတ်စင်ပေါ်တွင်တစ်ခါကိုင်ခဲ့သည်။ သို့သော် ယခု သူ၏ body language ကပွေ့ဖက်ခြင်းနှင့်လုံးဝဥဿုံကွာခြားနေသည်။
"ခင်ဗျား...ခင်ဗျားဘာလုပ်တာလဲ"
ရုန်ယီမေးလိုက်သည်။
မော့ယွီဖေးက ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်လိုက်သော်ငြား သူ၏နှုတ်ခမ်းထောင့်များကကွေးတက်နေဆဲပင်။
"မှန်းကြည့်လေ"
စာရေးသူ၏မှတ်စုတို
မော့ယွီဖေး: ငါ့ရဲ့မီးတောက်ဟောင်းလေးတွေကိုပြန်မွှေးချင်ပြီး သူ့ရဲ့လက်ရှိပါတနာနဲ့အိပ်ချင်တာလေ၊ ပြဿနာများရှိလား
Xxxxxxx