အပိုင်း ၅၅
Viewers 14k

Chapter 55
ကျွန်တော့်မှာသဘောကျနေတဲ့သူရှိတယ်
နီးကပ်လွန်းသည်။
မော့ယွီဖေး၏အသက်ရှူသံများကသူ့မျက်နှာတည့်တည့်ကိုထိခတ်နေသည်။
ရုန်ယီသည် သူနှင့်မော့ယွီဖေးတို့နှစ်ယောက်ကြားမှအခြေအနေကိုနားလည်ရန် နှေးကွေးနေသည်၊ သူတို့အနက် တစ်ယောက်မှဒရမ်မာဇာတ်ညွှန်းမှားသွားပြီထင်၏။
မော့ယွီဖေး၏ညာဘက်လက်က သူ့မျက်နှာဘေးမှတံခါးကိုတွန်းထားသည်၊ ဘယ်ဘက်လက်မှာ ပုခုံးမှတဆင့်အောက်လျှောလာပြီးနောက်ဆုံးတွင်သူ့ခါး၌ညင်သာစွာရပ်သွားကာ သူ့ကိုကြက်သီးမွှေးညှင်းများထလာစေခဲ့သည်။
သူ၏သက်တမ်းတလျှောက်တွင် သူအချိန်အကြာကြီးအရူးအမူးနှစ်သက်လာပြီး မရေတွက်နိုင်လောက်အောင် 'ယောကျ်ား' ဟုတစ်ဖက်သက်ခေါ်လာခဲ့သည့်အယ်လ်ဖာအိုင်ဒေါတစ်ယောက်က သူ့အားနံရံတွင်ဖိကပ်ထားခြင်းက ပထမဆုံးဖြစ်သည်။ ဤသည်မှာ မည်သို့သောအတွေ့အကြုံပါနည်း။
ရုန်ယီမှာကြောက်လွန်း၍ သတိလက်လွတ်ဖြစ်နေသည်။
ရိုးသားစွာပြောရသည်ရှိသော် သူ့ကိုယ်သူရှေးရိုးဆန်သည်ဟုမထင်ခဲ့ပေ။ သူအတွေ့အကြုံမရှိသည့်အကြောင်းပြချက်ကအမှန်တကယ်တွင်သူဆန္ဒမရှိ၍မဟုတ်ဘဲ သူ၏ right person ကိုရှာမတွေ့သေးသောကြောင့်ပင်။
သူမော့ယွီဖေးကိုအချိန်အကြာကြီးသဘောကျလာခဲ့ပြီး အခြားသူများကိုမပြောပြနိုင်သည့် သဘာဝကျသောစိတ်ကူးယဉ်မှုများရှိခဲ့သည်။
လက်ရှိတွင် ဤအခြေအနေကသူ့ကိုအိပ်မက်များအမှန်တကယ်ဖြစ်လာသည်ဆိုသည့် သေချာသောခံစားချက်ကိုပေးသည်။ သူသည်အရွယ်ရောက်ပြီးသားတစ်ကိုယ်တည်းသမားဖြစ်ပြီး သူ၏အပြုအမူတိုင်းကလျော်ကန်သည်။ တစ်စုံတစ်ခုဖြစ်ခဲ့လျှင်ပင် သူသည်မည်သူကိုမှစိတ်ပျက်စေမည်မဟုတ်။
ရုန်ယီသည်မျက်နှာချောချောလေးကို သူနှင့်လက်မအနည်းငယ်ခွာကြည့်လိုက်ပြီး တိတ်တဆိတ်တံတွေးမြိုချလိုက်သည်။
ထို့နောက် နှစ်ယောက်ကြားညပ်နေသည့်လက်ကိုဆွဲထုတ်ကာ အကြာအဝေးတစ်ခုခြားရန်ကြိုးစားသည်။
"ဘာဖြစ်တာလဲ?"
မော့ယွီဖေး မျက်ခုံးတစ်ဖက်ကိုဖြည်းဖြည်းလေးပင့်သည်။
"မင်းကကိုယ့်ရဲ့ပရိသတ်တွေ့ဆုံပွဲကိုလာခဲ့ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ကိုယ့်ဘေးကအခန်းမှာနေတယ်လေ၊ မင်းကိုယ့်ကိုမကြိုက်တာသေချာလား"
ရုန်ယီ ခေါင်းယမ်းလိုက်သည်။
"ရည်ရွယ်ချက်နဲ့မဟုတ်ဘူး"
"တကယ်လား"
မော့ယွီဖေးကအပြုံးနှင့်သူ့အနားကပ်လာသည်။
"မင်းပဲကိုယ့်ကိုနမ်းခွင့်ပေးခဲ့တာလေ မင်းအမှန်အတိုင်းပြောနေတာလားလို့ကြည့်ရအောင်"
အံ့ဩစရာပင်။ မော့ယွီဖေးက 'နမ်းတယ်' ဟုပြောသည်။
ပရိုမုန်းရနံ့ဖျော့ဖျော့က လေထုထဲတွင်တိတ်ဆိတ်စွာပျံ့နှံ့နေသည်၊ ၎င်းကသူတို့၏နှလုံးခုန်နှုန်းနှင့်အသက်ရှူသံများကို တဖြည်းဖြည်းချင်းချင့်ချိန်နိုင်စွမ်းအားယုတ်လျော့လာစေသည်။
ရုန်ယီ ပျာယာခတ်နေသည်။
သူ့အားဆွဲဆောင်နေသောရနံ့၏အရင်းအမြစ်က နီးကပ်လာပြီးသူ့ကိုယ်သူခေါင်းကိုလှည့်လိုက်ရန် ဖိအားပေးကာသူ့မျက်နှာကိုလက်ထဲမှဦးထုပ်နှင့်ကာထားလိုက်၏။
"အတော်လေးကိုမသင့်တော်တာပဲ"
မော့ယွီဖေးရင်ဘတ်ပေါ်မှ သူ့လက်ကတုန်နေသည်ကိုခံစားမိသည်။
"နောက်ကျနေပြီ၊ ကျွန်တော်...ကျွန်တော်ပြန်မှဖြစ်မယ်"
မော့ယွီဖေးသည် အနှီအခိုက်အတန့်လေးမှသူ၏တုံ့ပြန်မှုကိုသဘောကျနေပုံပင်။
"နောက်ကျနေပြီ?၊ ဒီမှာတစ်ညလောက်နေသွားတော့ရောဘာဖြစ်လဲ"
သူ၏ပရိုမုန်းက လူများအား အသွင်အပြင်မှလုံးဝကွာခြားသည့်ခံစားချက်ကိုပေးသည်။ သူ့မျက်လုံးနှင့်မျက်ခုံးကြားမှနူးညံ့မှုနှင့်နှိုင်းယှဉ်ကြည့်ပါက သူ့ကိုယ်ပေါ်ရှိဖျော့တော့သည့်ရနံ့က နေရာအနှံ့သက်ရောက်နေပြီး ရန်လိုနေကာ သူလိုချင်သည့်အရာကိုအရယူမည့်ပုံပင်။
"ရှိသေးတယ်"
ရုန်ယီ သူ့နှုတ်ခမ်းကိုကိုက်ကာ ဦးထုပ်ကိုလက်နှစ်ဖက်လုံးနှင့်ချလိုက်သည်။
"ကျွန်တော်မလုပ်ချင်ဘူး"
နောက်ဆုံး၌ မော့ယွီဖေးကသူဟန်ဆောင်ငြင်းနေခြင်းမဟုတ်မှန်းနားလည်သွားပြီး မျက်ခုံးများကိုခပ်ရေးရေးတွန့်ချိုးလိုက်သည်။
"ဘာလို့လဲ"
"ကျွန်တော်သဘောကျနေတဲ့သူရှိတယ်"
ရုန်ယီက တိုးသော်ငြားပြတ်သားနေသည့်လေသံနှင့်ပြန်ဖြေလိုက်၏။
သူယခုထိလူလွတ်ဖြစ်နေပြီး မည်သူကိုမှတာဝန်ယူရန်မလိိုအပ်သေးပေ။ ယခုသူမော့ယွီဖေးနှင့်ပတ်သင်လျှင်သူ့ကိုယ်သူစိတ်ပျက်မိလိမ့်မည်။
ချန်းခယ့်ယောင်အပေါ် ရှိနေသည့်သူ၏အချစ်က တည်ကြည်လေးနက်နေသည်။ သူတွေ့ခဲ့ဖူးသည့်မြင်မြင်ချင်းအချစ်များနှင့်ကွာခြားသည်။ ဘဝ၏အနာဂတ်နှင့်ပတ်သတ်၍ သူ့ထံတွင်အံ့အားသင့်စရာအမြင်များရှိသည်၊ သည်အချိန်လေးကသာ စစ်မှန်သောမျှော်လင့်ချက်နှင့်ဖြစ်နေသည်။ သူ့ဘဝတစ်လျှောက်လုံးကိုသူနှင့်ကုန်ဆုံးသွားချင်သည်။
သူတရားဝင်ဖွင့်ပြောပြီးအဖြေမသိရခင်အထိ သူ၏ကိုယ်ပိုင်ဆန္ဒကိုလေးစားချင်သည်။
၎င်းကိုသူအပါအဝင်တစ်ယောက်ယောက်ကနင်းဖြတ်သွားမည့်ဘေးမှကာကွယ်လိုသည်။
"မင်းကတကယ်ကြီးချန်းခယ့်ယောင်ကိုသဘောကျတာပဲ"
မော့ယွီဖေးကသူ့ကိုကြည့်သည်။
ရုန်ယီ မှင်သက်သွားသည်။
သူရိုက်စားလုပ်နေတာလား? သူဝန်ခံလာအောင်တကယ်ကြီးလှည့်စားဖို့ကြိုးစားနေတာလား? မော့ယွီဖေးကအတော်လေးစိတ်မချရတာပဲ။
တစ်ဖက်လူကသူ့ကိုအမှန်တကယ် ဘာမှမလုပ်ချင်မှန်းသိလိုက်ရ၍ရုန်ယီစိတ်သက်သာသွားသည်။
မည်သို့ပင်ဆိုစေ ယခုသူဝန်ခံလိုက်ပြီးလေရာ မော့ယွီဖေးကိုတားရန်သူပုံပြင်လေးအချို့ရေးရတော့မည်။
သူတစ်ချက်တည်းနှင့် ချက်ကောင်းထိနိုင်အောင်မည်သို့ရေးရပါမည်နည်း။ ဥပမာ သူနှင့်ချန်းခယ့်ယောင်ကအတူအိပ်ကြသည်။ နေ့တိုင်းပင်။သူမျက်လုံးမှိတ်လိုက်သည်နှင့် ချန်းခယ့်ယောင်၏ပုံစံကိုအကြမ်းဖျင်းဆွဲနိုင်သည်။ အမှန်တွင် သူတို့နှစ်ယောက်၌လက်ထပ်စာချုပ်ရှိထားပြီးလက်ထပ်ပွဲကျင်းပရန်သာစောင့်နေကြသည်။ ချန်းခယ့်ယောင်ကသူ့ကိုမအန်တော့သည်မှာကြာမြင့်လှပြီးဖြစ်၍ ယခုချန်းခယ့်ယောင်ကသူ့ကိုပွေ့ဖက်ပြီး နေ့တိုင်းသူ့အနံ့ကိုမွှေးသည်ဟုပြောသည်။
မဟုတ်သေး၊ သူထိုအတိုင်း အဓိပ္ပါယ်မရှိသည့်စကားမပြောနိုင်ပေ။
ရန်လိုနေသည့်ရနံ့ကလေထုထဲတွင် အားကောင်းပြီးရင်းကောင်းလာပြီး သူ့ကိုစိုးရိမ်မှုများကြီးထွားလာစေသည်။
"ကောင်းတာပဲမဟုတ်ဘူးလား"
မော့ယွီဖေးကပြုံးလျက်ဆိုသည်၊
"ငါလည်းသူ့ကိုသဘောကျတာပဲ၊ ငါတို့မှာနက်နဲတဲ့ဖလှယ်မှုအတွက်ဘုံတူညီတဲ့အသင့်လျော်ဆုံး ဘာသာစကားရှိတယ်"
"အာ?"
ရုန်ယီသည်သူအတော်လေးနားလည်လိမ့်မည်ဟုမထင်ထားခဲ့ပေ။
သို့ထိတိုင် မော့ယွီဖေးကသူဆိုလိုချင်သည့်အဓိပ္ပါယ်ကိုမရှင်းပြချင်တော့ပုံရသည်။
"မင်းကစိတ်ဝင်စားစရာပဲ"
ပြောနေရင်းသူသည်ကိုယ်နှစ်ခုအကြား နေရာလပ်မရှိသည်အထိမှီလာသည်။
"သူဘယ်လိုလုပ် ငါမင်းကိုမျက်စိကျနေတာခွင့်ပြုပါ့မလဲ"
ရုန်ယီလက်က လူနှစ်ယောက်ကြားတွင်ရှိနေဆဲ၊ သို့သော် အနှီအချိန်တွင် သူ၏အားတစ်ဝက်ပင်မသုံးနိုင်ပေ။
သူ့အပေါ် သက်ရောက်နေသည့်အယ်လ်ဖာပရိုမုန်းက သူစိတ်ကူးထားခဲ့သည်ထက် ပိုမိုပြင်းထန်နေသည်။ အဆိုပါ မြန်ဆန်သောတုံ့ပြန်ချက်က တုန်လှုပ်ဖွယ်ကောင်းသည့်အရာပင်။ အနှီက သူ၏ခံစားချက်အရဆန္ဒကိုမျက်ကွယ်ပြုသည်၊ သူ့ကိုတုန်ယင်စေပြီး အရံှုးပေးစေချင်ကာဤအရာအားလုံးကိုအလိုအလျောက်လက်ခံစေသည်။
ရုန်ယီ သူ၏ကိုယ်ပိုင်ပရိုမုန်းရနံပင်မရနိုင်တော့ပေ။ သို့သော် သူ၏ပရိုမုန်းအနံ့က အခြားသူအနံ့နှင့်ရောနှောယှက်တင်နေပြီမှန်းသူသေချာသိသည်။
သူထိတ်ပျာနေပြီး ရမ်းကားလျှင်ပင် သူ့ခန္ဓာကိုယ်ကခုခံအားများကိုမသိကျေးကျွန်ပြုကာ စိတ်လှုပ်ရှားလာသည်။
သူသည်သူ့ပင်ကိုယ်အသံကခြောက်လှန့်နေသံအနည်းငယ်ကိုပင်ကြားရပြီး သူ၏သံချပ်ကာများကိုပင်လွှင့်ပစ်မိတော့မည်။ သို့သော်ငြား သူနှင့်မျက်နှာချင်းဆိုင်ရှိလူကသူ့အပေါ်သက်ရောက်မှုမရှိသလို တည်ငြိမ်ပြီးအလျင်မလိုနေပေ။
ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် ရုန်ယီသည်အိုမီဂါတစ်ယောက်မဟုတ်ရန် အလေးအနက်ဆုတောင်းမိသည်။
သူတွေဝေမိန်းမောနေစဉ် ရုတ်တရက် ချန်းခယ်ယောင်သူကိုတစ်ကြိမ်ပြောပြခဲ့ဖူးသည့်ငယ်ဘဝအတွေ့အကြုံကို သတိရမိသည်။ သူသည်ဗီဇအတိုင်းမွေးဖွားလာခဲ့သည်။ ဇာတ်လမ်းထဲရှိလူတိုင်းက ကာလရှည်ကြာစွာခံစားခဲ့ကြရပြီးခက်ခဲခဲ့ကြသည်။
ဤအရာများကြောင့် ချန်းခယ့်ယောင်ကသူ့ဇာတ်လမ်းထဲတွင်ပရိုမုန်းများမရှိသည့်လောကကြီးကိုဖန်တီးချင်ခဲ့လေသလား?
ရုန်ယီ ထိုအကြောင်းကိုတွေးနေရန်အခွင့်အရေးမရှိတော့၊ သူအနှစ်သက်ခဲ့ရဆုံးမျက်နှာက အလွန်တရာနီးကပ်လာပြီးသူ့စိတ်ကထပ်မံ၍နှစ်ပိုင်းမခွဲခြမ်းနိုင်တော့ချေ။
မော့ယွီဖေး သူ့နှုတ်ခမ်းများကိုထိလာသည့်အခါ အားကုန်သုံးကိုက်ပစ်ရန်ဆုံးဖြတ်လိုက်သည်။
သူအသက်ပြင်းပြင်းရှူကာအသင့်ပြင်ထားလိုက်သည်။
ထိုအခိုက် တံခါးဘဲလ်မှ 'တင်းတောင်' ဆိုသည့်အသံရုတ်ချည့်ထွက်လာသည်။
အဆိုပါအသံက ရုန်ယီ၏နှလုံးသားထဲကိုရှင်းလင်းပြီးထိုးဖောက်ဝင်လာသည်။
မော့ယွီဖေးကသူ၏လှုပ်ရှားမှုများကိုရပ်လိုက်သည်နှင့် ရုန်ယီမျက်လုံးကိုကျယ်သွားအောင်ဖွင့်ပြီး သူ့ခြေထောက်ကိုမြှောက်ကာတံခါးကိုခြေဖနောင့်နှင့်အကြိမ်ကြိမ်ကန်၍ တံခါးအပြင်မှလူ၏အာရုံကိုဆွဲဆောင်ရန်ကြိုးစားသည်။
တံခါးတစ်ခုလုံးကလှုပ်ခါနေသည်။ နောက်တွင် ရုန်ယီအသိသိတ်ပြန်ဝင်လာပြီး အလျင်စလိုစဖြစ်လာကာအော်သည်။
"ကူညီကြပါ!"
သူ၏အသံကအားကောင်းလွန်းပြီး သူနှင့်အလွန်ကပ်နေသည့်မော့ယွီဖေးကိုတဒင်္ဂရှော့ခ်ရကာ အေးခဲသွားစေသည်။
"အာ?"
မော့ယွီဖေးခမျာလည်းစိတ်ရှုပ်သွားပုံရသည်။
"မင်းကတကယ်ဆန္ဒမရှိတာပဲလား"
ရုန်ယီ ပြန်မဖြေရသေးခင် သူ့အနောက်မှတံခါးကအပြင်မှအကန်ခံလိုက်ရသည်။ ရုန်ယီ အခုလေးတင်ကန်လိုက်သည်ထက်ပင်ပိုအားပြင်းသည်။ လျှပ်တပြက်ကန်ချက်ကြောင့် တံခါးပေါ်ဖိခံထားရသည့်ရုန်ယီ၏ကျောပင်နာကျင်သွားသည်။
ထို့နောက် သူတံခါးအပြင်မှဒေါသထွက်နေပြီးရင်းနှီးနေသည့်အသံထွက်ပေါ်လာသည်။
"မော့ယွီဖေး၊ မင်းမေငါ-ိုးပဲ!"
အသံကမတရားကျယ်ပြီး စကားအကြောင်းအရာမှာလည်းသာယာနာပျော်ဖွယ်မဟုတ်။ သို့သော် ထွက်ကျလာတော့မည့်ရုန်ယီ၏မျက်ရည်များက ရုတ်ချည်းပြန်ဝင်သွားသည်။
မော့ယွီဖေးက သူတံခါးကိုဖနောင့်နှင့်ကန်နေတည်းကလွှတ်ပေးလိုက်သည်။ ယခု အပြင်ဘက်မှသောင်းကျန်းနေသည့်အသံကိုကြားရပြီး အစတွင်အံ့ဩသွားသည့်ဟန်ဖြစ်ကာ အလွန်ပျော်ရွှင်သွားဟန်ရသည်။ သူတံခါးလက်ကိုင်ကိုလှည့်ရန်အမြန်လှမ်းကိုင်သည်။
ယခု အခန်းကပရိုမုန်းအနံ့များနှင့်ပြည့်နေသည်။ တံခါးဖွင့်လိုက်သည်နှင့် လေထုကရုတ်ချည့်လွင့်မြောသွားပြီး မည်သို့သောအနံ့မှမရှိသည့်သန့်စင်သောလေကအလုံးအရင်းကဝင်လာသည်။
တစ်ချိန်တည်းမှာပင် အခန်းထဲမှအနံ့အသက်ကချက်ချင်းအပြင်ကိုပျံ့သွားသည်။
ရုန်ယီ၏ကျောကတံခါးနှင့်ကပ်နေသည်၊ တံခါးဖွင့်လိုက်သည့်အခါ အပြင်မှအခြေအနေကိုအစတွင်မမြင်ချေ။
သူ့တစ်ကိုယ်လုံးပျော့ပျောင်းနေဆဲဖြစ်ကာ အားနည်းပြီး အသားအရည်ကပူလောင်နေသည်။
လတ်ဆတ်သောလေများက သူ့အားချက်ချင်းမကယ်တင်နိုင်ချေ။ဗြုန်းစားကြီး ပေါ်လာသည့်လူကသူ့အခြေအနေကိုပိုဆိုးသွားစေသည်။
တံခါးဖွင့်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်ကမထိန်းနိုင်ဘဲခြေချော်ပြီးအနောက်လန်ကျသည်။ သူ့အရှေ့တွင်ရပ်နေသည့်မော့ယွီဖေးကကူညီချင်၍ ချက်ချင်းလက်ဆန့်လိုက်ပြီးရုတ်ချည်းခေတ္တရပ်လိုက်သည်။
သူမျက်ခုံးတစ်ဖက်ကိုသာသာလေးပင့်ကာ ရုန်ယီ၏အနောက်ဘက်ကိုအကူအညီမဲ့စွာကြည့်လိုက်သည်။
ရုန်ယီသည်အနည်းငယ်မျှသောမူးဝေမှုနှင့်အနောက်လန်ကျပြီး နွေးထွေးသည့်ပွေ့ဖက်မှုအတွင်းကျဆင်းသွားသည်။
"မင်းရရဲ့လား"
တူညီသောရင်းနှီးနေသည့်အသံထွက်လာသော်ငြား မတိုင်ခင်ကလေသံနှင့်လုံးဝကွာခြားသည်။
ရုန်ယီ သူ့ခြေလှမ်းကိုငြိမ်အောင်ထိန်းလိုက်သည်၊ တစ်ဖက်လှည့်ပြီးလက်များကိုဆန့်ထုတ်သည်၊ ကျန်နေသည့်အားအကုန်လုံးကိုသုံးကာအရှေ့ကိုခုန်ပြီးထိုသူကိုဖက်ထားသည်။
သူခုန်လိုက်သည့်အချိန်တွင် အားအများအပြားမသုံးထားသော်ငြားအရှေ့သို့ရောက်သွားသည့်သူ့တစ်ကိုယ်လုံးကမျှော်လင့်ထားသည်ထက်လွန်သွားသည်။ တစ်ဖက်လူကသူ့ကြောင့် အနောက်ကိုခလုတ်တိုက်မိသွားသည်။ သို့ထိတိုင် နောက်ဆုံးတွင် သူမြဲမြဲရပ်လိုက်နိုင်ပြီးသူ့ကိုလက်များဖြင့်ပြန်ထိန်းထားခဲ့သည်။
ရုန်ယီ တစ်ဖက်လူကိုသေချာကြည့်ရန်အချိန်မရ၊ သို့သော် သူမမှားမှန်းသေချာသိသည်။
သူအလွမ်းဆုံးနှင့်အတွေ့ချင်ဆုံးသူက ၎င်းအခိုက်အတန့်လေးတွင်ရုတ်တရက်ကောင်းကင်ပေါ်မှ ကျလာခဲ့သည်မှာအံ့ဩစရာကောင်းသည်။
"အဆင်ပြေသွားပြီ၊ မကြောက်နဲ့တော့"
ချန်းခယ့်ယောင်ကသူ့နားအတွင်းသို့ ပထမဆုံးစကားတစ်ဝက်ပြောလိုက်သည်။ သူ၏အသံက အတန်းထဲမှကလေးတစ်ယောက်ကိုနှစ်သိမ့်ပေးနေသည့်အလားနူးညံ့လှသည်၊ သို့သော်ငြား ကျန်နေသည့်ဒုတိယစကားတစ်ဝက်ကိုကြားရသည့်အခါ သူချက်ချင်းအေးစက်တောင့်တင်းသွားသည်။
"သူမင်းကိုထပ်ထိရဲရင် သူနောက်ထပ်ဘာရုပ်ရှင်မှမရိုက်နိုင်အောင်ကိုယ်လုပ်ပစ်လိုက်မယ်"
ရုတ်တရက် အကြမ်းဖက်ကြေညာချက်က ရုန်ယီကိုဤအခြေအနေတွင် တတိယမြောက်လူတစ်ယောက်ရှိနေကြောင်းသတိပေးနေသည်။
"ငါမင်းကိုမတွေ့ရတာဒီလောက်ကြာနေပြီ၊ မင်းငါ့ကိုတွေ့တွေ့ချင်းအကြမ်းဖက်ဖို့ခြိမ်းခြောက်နေတယ်၊ အရမ်းကိုနှလုံးသားမရှိသလိုဖြစ်မနေဘူးလား"
သူ့အနောက်မှမော့ယွီဖေး၏ မကျေနပ်မှုကိုအထင်အရှားပြနေသောအသံထွက်လာသည်။
ရုန်ယီကြည့်လိုက်ပြီးချန်းခယ့်ယောင်ကသူ့ကိုကြည့်မနေမှန်းသိလိုက်ရသည်။
သူသည်လက်တစ်ဖက်ကိုရုန်ယီ၏ကျောတွင်ဖက်ထားပြီး ကျန်တစ်ဖက်က ခေါင်းနှင့်ပါးစပ်ကိုအုပ်ထားသည်။ သူ့မျက်လုံးများကရုန်ယီထွက်ကျလာသည့်တံခါးနားမှဧရိယာတွင်ကျနေကာ နားမလည်နိုင်သည့်ပုံပေါ်သည်။
သူကမော့ယွီဖေးကိုကြည့်နေခဲ့သည်။
ထိုမြင်ကွင်းက ရုန်ယီကိုမပျော်မရွှင်ဖြစ်စေသည်။
ထိုအချိန်တွင် သူအပြည့်အဝမစဉ်းစားနိုင်တော့မှန်းသိသည်။ ပထမအကြိမ် အားပြင်းသည့်အယ်လ်ဖာပရိုမုန်းနှင့်ရင်ဆိုင်ရပြီး သူ့ခန္ဓာကိုယ်ကသန်မာလာကာ စိမ်းသက်လာသည်၊ သူ့ဦးနှောက်မှာလည်းကောင်းကောင်းမလှုပ်ရှားနိုင်တော့ချေ။
သူ့ဦးနှောက်ကကမောက်ကမနှင့်နှေးကွေးနေသည်။ သို့သော် သူမည်သည့်အရာကိုအသည်းအသန်တောင့်တနေမှန်းသူသိသည်။
စိတ်ရှုပ်စရာကောင်းလိုက်တာ။ သူ့ကိုကြည့်မနေနဲ့။ မင်းတို့နှစ်ယောက်လမ်းခွဲထားခဲ့တာကြာပြီလေ။
မင်းပဲသူ့ကိုသေပြီလို့ပြောခဲ့တယ်လေ။
"ငါမင်းကိုနောက်တစ်ခါတွေ့ပြီးအရင်ကအကြောင်းလေးတွေပြောဖို့မျှော်နေတာ"
မော့ယွီဖေးအသံကအနောက်မှထွက်လာသည်။
"ငါအတိတ်တုန်းကမင်းကိုပြောဖို့အခွင့်အရေးမရလိုက်တဲ့စကားရှိတယ် ငါတကယ်ကို...."
ချန်းခယ့်ယောင်ကချက်ချင်းဖြတ်ပြောရန်ကြိုးစားသည်။
"ဘာမှပြောစရာမရှိတော့ဘူး..."
ထို့နောက် သူတကယ်ကြားဖြတ်ခံလိုက်ရသည်။
ရုန်ယီသည် ရုတ်တရက်သတိမပေးဘဲလက်ကိုဆန့်ထုတ်ကာ သူ့အားကြည့်လာရန်ခေါင်းကိုဖိလှည့်လိုက်သည်၊ ပြီးနောက် သူ့လက်ကိုဖယ်ကာ ချန်းခယ့်ယောင်နှုတ်ခမ်းများကိုဖိကပ်နမ်းလိုက်သည်။
မှန်သည်။ ဘာမှပြောစရာမကျန်တော့ပေ။
သူ့အကြောင်းထပ်မတွေးနဲ့တော့။ သူကငါ့အပိုင်ကွ။
စာရေးသူ၏မှတ်စုတို
ချန်းခယ့်ယောင်: အားလုံးပဲမင်္ဂလာပါ။ အချို့တွေ ကျွန်တော်ဘယ်သူဆိုတာမေ့နေကြတယ်လို့ ကြားရပါတယ်၊ ဒါကြောင့် ကျွန်တော်ကိုယ့်ကိုယ်ကိုယ်အကျဉ်းချူပ်မိတ်ဆက်ပါ့မယ်။ ကျွန်တော်ကမစ္စတာရုန်၏တစ်ဦးတည်းသောအချစ်ဆိုတာနဲ့ဒီစာစောင်ရဲ့သူရဲကောင်းဆိုတာကလွဲရင် ကျန်တာကိစ္စမရှိပါဘူး။ မင်္ဂလာဆောင်မယ့်ရက်ကိုလုပ်ငန်းစဉ်မှာဖော်ပြပါ့မယ်၊ ပြီးတော့ ကျွန်တော်ကမော့ယွီဖေးထက်ပိုချောပါတယ်။ ကျေးဇူးတင်ပါတယ်။
Xxxxxx