Chapter 68
ဘာပြောတယ်? သေရာကပြန်ရှင်လာတယ်?
ချန်းခယ့်ယောင်သည် ထိုအကြောင်းနှင့်ပတ်သတ်၍ မည်သည်ကိုမျှမသိထားချေ။
ကားထဲမှထွက်ပြီးနောက် ချန်းခယ့်ယောင်သည်ဓာတ်လှေကားအဝင်မှအိမ်ပြန်ရောက်သည်အထိ တစ်လမ်းလုံးသီချင်းဆိုလာသည်။ တံခါးမှဝင်လိုက်ကြပြီးသည့်အခါ ချန်းခယ့်ယောင်က ချက်ချင်းပင်ရုန်ယီကိုပွေ့ဖက်ပြီး လျှောက်လမ်းပေါ်တွင်ပင်နမ်းလိုက်သည်။ နမ်းပြီးသည့်နောက် သူသည်တဒင်္ဂမျှ မသာမယာမျက်နှာဖြစ်နေပြီးမှ ရုတ်တရက်ပျော်ရွှင်လာပြီး စိတ်လှုပ်ရှားမှုများဖြင့်ရုန်ယီကိုထပ်နမ်းပြန်သည်။
"ပြည့်စုံသွားပြီ"
သူသည် ဆွံ့နေဆဲရုန်ယီကိုအမူအရာပြသည်။
"ကိုယ်မကြာခင်ပျောက်သွားအောင်ကုနိုင်တော့မယ်လို့ခံစားခဲ့ရတယ်ပြီးတော့ မင်းမိဘတွေကလည်းကိုယ့်ကိုသဘောကျကြတယ်၊ ကိုယ့်ဘဝကြီးကတော့တောက်ပနေပြီ"
ထိုသို့ပြောပြီးသည့်နောက် သူသည်အခန်းဘက်သို့သီချင်းဆိုလျက်ဝင်သွားကာ မျက်မှောင်ကြုတ်ကာရပ်နေပြီးသူ့ကိုငေးကြည့်နေဆဲ ရုန်ယီကိုချန်ထားခဲ့သည်။
"အိုး!...အကောင်းဆုံးပဲပေါ့၊ ဒါဆိုမင်းငါ့ကိုဘယ်တော့လက်ထပ်မှာလဲ"
ရုန်ယီမှာ အလောတကြီးဖြစ်နေခြင်းမဟုတ်ရ၊ သို့သော် သူထိုအကြောင်းကိုတွေးမိလေ စိတ်ပိုတိုလာလေပင်။
ရုန်ယီ၏အားလပ်ရက်များက ပင်ပန်းခဲ့ရပြီး နောက်တစ်နေ့တွင်သူအလုပ်ပြန်သွားရသည်။
မနက်ပိုင်း သူအခန်းထဲမှထွက်လာသည်တွင် အမြဲနေ့လည်အထိအိပ်နေကျ ချန်းခယ့်ယောင်ကဧည့်ခန်းထဲတွင်ထိုင်နေသည်။ သူ၏ဇီဝကမ္ပနာရီမွာ နှောက်ယှက်ခံလိုက်ရသည်၊ မနားတမ်းသန်းဝေနေပြီး မျက်နှာမှာလည်းမရွှင်ပြ၊ သို့သော် အဝတ်အစားနှင့်ဆံပင်ပုံစံများကအသေးစိတ်သေသပ်အောင်လုပ်ထားသည်။
သူရုန်ယီကိုတွေ့သည်နှင့် လက်ထဲတွင်ပလက်စတာကိုင်ကာချက်ချင်းလျှောက်လာ၏။
"အမြန်၊ ကိုယ့်ကိုကူညီပေး"
အနှီသူကိုကြည့်ရသည်မှာ စိတ်ပျော်နေပုံရသည်။
"ဒီတစ်ခါကိုယ်ပြန်ဆန်းစစ်ရမယ့်အလှည့်ပဲ"
ညအိပ်ဝတ်စုံနှင့်အိပ်ငိုက်နေဆဲ ရုန်ယီသည် စတစ်ကာကိုခွာကာချန်းခယ့်ယောင်၏မျက်နှာပေါ် သို့ ပစ်စလက်ခတ်ကပ်ပေးလိုက်ပြီးရေချိုးခန်းကိုသွားသည်။ သူခြေလှမ်းတစ်ဝက်သာလှမ်းရသေးခိုက် ချန်းခယ့်ယောင်သည်အနောက်မှနေ၍ သူ၏ခါးကိုဖက်လာသည်။
ချန်းခယ့်ယောင်သည် သူ၏နားကိုနမ်းပြီးပြုံးလာ၏။
"ကိုယ်အခုသွားတော့မယ်နော်၊ ညနေကျရင်ညစာစားဖို့လာကြိုမယ်"
ပြောပြီးသည့်နောက် သူထွက်သွားသည်၊ တံခါးမပိတ်ခင် ရယ်မောကာရုန်ယီကိုလက်ပြသွားသေးသည်။
နောက်ဆုံး ရုန်ယီတစ်ယောက်သာအိမ်တွင်ကျန်ခဲ့သည်၊ သူ့နားရွက်ကိုထိရန်လက်မြှောက်လိုက်ပြီး သက်ပြင်းချလိုက်သည်၊ သို့ထိတိုင် သူရယ်လိုက်မိသေးသည်။
ချန်းခယ့်ယောင်၏အခြေအနေမှာ သူတို့နှစ်ယောက်ရက်ပေါင်းများစွာ သူတို့၏ဘဝကိုလိုက်လျောညီထွေဖြင့် ဖြတ်သန်းလာပြီးနောက်ပိုကောင်းမွန်လာသည်။ နှစ်ယောက်ထိတွေ့မိတိုင်း ချန်းခယ့်ယောင်မှာအဆင်မပြေသေးသော်ငြား သူ၏တုံ့ပြန်မှုများကယခင်ကမျှ မပြင်းထန်တော့ပေ။ သည့်အပြင် ရုတ်တရက် ဖြူဖပ်ဖြူရော်နှင့်ကိုယ်ကိုကိုင်းကာ မျက်နှာကိုအုပ်ထားခြင်းမျိုးထပ်မဖြစ်တော့။
ရုန်ယီသည်ကျေနပ်နေပြီး ဆုံးရှုံးသွားမှုကိုလည်းခံစားလိုက်ရသည်။
နောက်ပိုင်း၌ ချန်းခယ့်ယောင်သည်တိတ်တခိုးဖြင့်သူ့အား ရမ္မက်အလိုပြင်းပြနေခဲ့လျှင်ပင် ပိုမိုကာခိုးကြောင်ခိုးဝှက်လုပ်လာလိမ့်မည်။ ချန်းခယ့်ယောင်ကသူ၏ ဂုဏ်သိက္ခာနှင့်ကိုယ်ရေးကိုယ်တာကိုပြန်ရလာပြီး ရုန်ယီကပျော်စရာလေးအနည်းငယ်မျှဆုံးရှုံးရလိမ့်မည်။
ထိုအတိုင််းဆိုပါက ဘဝ၏လိုက်လျောညီထွေရှိခြင်းသည်တစ်ယောက်ချင်း၏ကိုယ်ပိုင်အတွေးအမြင်များအပေါ် မှီတည်နေသည်လား?
ဆရာဝန်ကမှန်ပုံရသည်။ Desensitization ကိုဖိအားပေးခြင်းကအမှန်တကယ်အလုပ်ဖြစ်ခဲ့သည်။ မိဘများအိမ်သို့သွားပြီးနောက် မင်္ဂလာရက်တစ်ရက်ရွေးကာ နောက်တစ်ကြိမ်စိမ်ခေါ် သင့်သည်။ ၎ကအောင်မြင်နိုင်သည်။
ထို့နောက် ပိုသေချာစေရန် အခန်းတံခါးကိုလော့ခ်ချထားရမည်။
ရုန်ယီ ကုမ္ပဏီရောက်သည့်အခါ အရေးကြီးကိစ္စကိုမဖြေရှင်းခင် အားလပ်ရက်မှပြန်ရောက်လာသည့်မစ္စကျန်းကိုတွေ့ပြီး သူစုထားသည့်အိတ်များကိုချက်ချင်းပေးလိုက်သည်။
အိတ်ထဲရှိ မေတ္တာလက်ဆောင်များက မော့ယွီဖေး fan club မှမတိုင်ခင်က ပေးထားခဲ့သည့်ပစ္စည်းများပင်။ ယခု သူအိမ်တွင်ဆက်လက်သိမ်းထား၍မရတော့ပေ။ သို့ထိတိုင် လွှင့်ပစ်လိုက်ရန်မှာလည်းနှမြောဖွယ်။ မစ္စ်ကျန်းတွင်ရှိပြီးသားဖြစ်သော်ငြား အပိုတစ်ခုရှိခြင်းကအန္တရာယ်မဖြစ်စေပေ။
ထင်သည့်အတိုင်း မစ္စကျန်းကတက်ကြွနေသည်။
သူမက ရုန်ယီကိုဆွဲထားပြီးမေးခွန်းများတရစပ်မေးနေသည်။
လက်တလောတွင် အဖွဲ့တွင်းအလုပ်မရှိ၊ သူတို့စကားအနည်းအကျဉ်းခန့်ပြောရန် အချိန်များပေါနေသည်။ လူတိုင်းကကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေကြသည်။ ရုန်ယီမှာ သူမကိုစကားဖြတ်ရန်အကြောင်းပြချက်ရှာမတွေ့၍ ဝတ်ကျေတမ်းကျေပြန်ဖြေပေးနေရသည်။
မော့ယွီဖေးအကြောင်းကိုရုန်ယီမပြောချင်တော့၊ သို့ထိတိုင် မစ္စကျန်းကချန်းခယ့်ယောင်အကြောင်းမေးလာသည့်အခါတွင် သူမရပ်မနားဖြေပေးတတ်သည်။
သူအတန်ကြာသည်အထိ ကြွားနေပြီးနောက် မစ္စကျန်းကရုတ်တရက်မေးလာသည်။
"ငါတို့ဧည့်ကြိုကပြောတယ်၊ ဓာတ်ပုံထဲကတစ်ယောက်နဲ့နင့်ကိုလာကြိုနေကျလူကအတူတူပဲတဲ့၊ နင်အဲဒီတုန်းကပြောခဲ့တာ...."
"အာ!"
ရုန်ယီ အလျှင်အမြန်ဖြတ်ပြောလိုက်သည်။
"ငါကသူမပါတော့ဘူးလို့ပဲထင်ခဲ့တာ"
မစ္စကျန်းကရယ်သည်။ စုံတွဲများ တွဲလိုက်ပြတ်လိုက်နှင့်ကသာမန်ဖြစ်ပြီး မစ္စကျန်းအတွက်ကျောချမ်းစရာမကောင်းတော့ပေ။
ရုန်ယီခမျာ စိုးရိမ်နေဆဲပင်၊ သို့ဖြစ်၍ မစ္စကျန်းကိုသတိထား၍ပြောလိုက်သည်။
"နင်သူ့ကိုနောက်တစ်ခါတွေ့ခဲ့ရင် သူ့ကိုဒီအကြောင်းမပြောနဲ့"
နောက်ဆုံး မစ္စကျန်းနားလည်သွားလေသည်။
"သေရာကပြန်ရှင်လာတာပေါ့၊ ငါသိပြီ"
သို့ထိတိုင် ကံကြမ္မာကလူများထက်ပိုမိုစီစဉ်တတ်သည်။
နေ့လည်ပိုင်းတွင် လူတိုင်းအလုပ်စောပြီးဆင်းကြသည်။ ရုန်ယီကအိမ်ပြန်ရန်စိတ်စောနေ၍ ချန်းခယ့်ယောင်ကိုဖုန်းခေါ်လိုက်သည်။ ချန်းခယ့်ယောင် ရုန်ယီ၏မိဘများကိုအေဖာ်လိုက်ပေးကာ အနီးနားမှမောလ်ထဲတွင် အတူလျှောက်ကြည့်ပေးနေသည်၊ သို့ဖြစ်၍ ရုန်ယီ၏ကုမ္ပဏီကိုအလင်းအလျှင်ဖြင့်ရောက်လာခဲ့သည်။
မူလက ရုန်ယီသည်ချန်းခယ့်ယောင်ကိုလှေကားအောက်ဘက်တွင်ကားထဲထိုင်စောင့်စေသည်။ သို့သော် ချန်းခယ့်ယောင်ကရုန်ယီကိုမပြောဘဲ စိတ်အားထက်သန်စွာဖြင့်အပေါ်ထပ်အထိတက်လာသည်။
ယောကျ်ားသားနှစ်ယောက်က ကုမ္ပဏီတံခါးတွင်အမှတ်မထင်တွေ့ကြသည်။ ချန်းခယ့်ယောင်ကရုန်ယီကိုပြုံးကာလက်ပြပြီး ဧည့်ကြိုကရုတ်တရက်ပြောသည်။
"ဝိုး!...သူတကယ်ကြီးသေရာကပြန်ရှင်လာတာပဲ"
ချန်းခယ့်ယောင် ခေါင်းရှုပ်သွား၏။
"ဘာဖြစ်တာ?"
ရုန်ယီခမျာ အမြန်ပြေးသွားပြီးအနှီသူကိုဆွဲခေါ်လာခဲ့ရတော့သည်။
ဓာတ်လှေကားရှိရာသို့သွားနေစဉ် ရုန်ယီအမှတ်တမဲ့လှည့်ကြည့်လိုက်ရာ ချန်းခယ့်ယောင်ရယ်နေသည်ကိုမြင်လိုက်ရသည်။
"မင်းအဲဒီတုန်းက ကိုယ့်အကြောင်းကိုမကောင်းတာတွေပြောနေတာလား"
ရုန်ယီ တံတွေးမြိုချလိုက်၏။
"အဓိပ္ပါယ်မရှိတာ"
"လျိုယွမ်ကပြောတယ်၊ မင်းကိုအရမ်းဆိုးတဲ့အယ်လ်ဖာတစ်ယောက်ကနာအောင်လုပ်လိုက်တယ်တဲ့"
"ဘာ?"
ရုန်ယီသည် လျိုယွမ်၏အရှေ့တွင်ချန်းခယ့်ယောင်ကိုဆဲခဲ့မိပုံအားပြန်အမှတ်ရမိသည်။ မည်သူမှလျိုယွမ်နှင့်ချန်းခယ့်ယောင်တို့သိနေခဲ့သည်ဟုမထင်မိကြ။
"သူပြောတာက...မင်းပျစ်ပျစ်နှစ်နှစ်ကိုဆဲနေတာတဲ့၊ မင်းဦးထုပ်စိမ်းဆောင်းတာခံလိုက်ရတာပဲ"
ရုန်ယီ သူ့မျက်နှာကိုအုပ်ထားလိုက်ရသည်။
"အဲဒီပါးစပ်သရမ်းတဲ့ကောင်က မင်းကိုဘယ်တုန်းကပြောလိုက်တာလဲ"
"မင်းသူ့ကိုဝေဖန်နေတုန်းက ကိုယ့်ကိုစိတ်လွတ်ကိုယ်လွတ်ပြောမိသွားတာ"
ရုန်ယီသည် လက်ကိုခေါင်းပေါ်မြှောက်သည်။
"ကျိန်ရဲပါတယ်၊ ငါဘာသဘောမှမရှိဘူး..."
"ကိုယ်သိပါတယ်"
ချန်းခယ့်ယောင်ကဖြတ်ပြောသည်။
"ပြီးတော့....ငါကရုပ်ဆိုးတယ်လို့မပြောမိပါဘူး"
ချန်းခယ့်ယောင် ဗြုန်းစားကြီးရပ်လိုက်သည်။ သူရုန်ယီလက်ကိုဆွဲ၍မှီတွယ်လာပြီး တီးတိုးပြောသည်။
"ကိုယ်တောင်းပန်ပါတယ်"
"ဟေး!"
မူလကယောက်ယက်ခတ်နေသောရုန်ယီမှာ ကြက်သေသေသွား၏။
"မင်းလည်းငါ့ကိုဆဲခဲ့သေးလား"
ချန်းခယ့်ယောင်ကသူ့အမေးကြောင့် ပြုံးလိုက်သည်။ ခေါင်းခါ၍ဆက်ပြောသည်။
"ကိုယ်ဘယ်လိုရှင်းပြရမလဲမသိဘူး...ဘာပဲဖြစ်ဖြစ်...ကိုယ့်ကိုဘဝသစ်စဖို့အခွင့်အရေးပေးတဲ့အတွက်မင်းကိုကျေးဇူးပါပဲ"
"....."
ရုန်ယီသည် ငြိမ်ငြိမ်လေးရပ်နေသည်၊ နှစ်စက္ကန့်ခန့်တွေဝေနေပြီး သူ့လက်အားချန်းခယ့်ယောင်လက်အပေါ်ထပ်သည်။ ရှေ့သို့တစ်လှမ်းတိုးကာ ချန်းခယ့်ယောင်ကိုပွေ့ဖက်လိုက်၏။
ထိုအချိန်တိုလေးတွင် အယ်လ်ဖာနီးပါးအရပ်ရှည်စွာမွေးဖွားလာရ၍ရုတ်ချည်းကျေနပ်မိသည်၊ ထို့ကြောင့် အနှီသူ့ကိုဖက်နိုင်ခဲ့ခြင်းပင်။
"ဘာလို့လဲဆိုတော့မင်းကိုသဘောကျတဲ့စိတ်က ဒေါသထက်နည်းနည်းပိုလာလို့လေ"
ရုန်ယီ ချန်းခယ့်ယောင်နားထဲသို့တီးတိုးပြောလိုက်သည်။
ချန်းခယ့်ယောင်သည် ရုန်ယီ၏နားအနီးမှာပင်ပြုံးမိလိုက်သည်။
"ဒါဆို သူတို့အချင်းချင်းတွန်းကန်နေပြီး သဘောကျတဲ့စိတ်လေးနည်းနည်းတောင်မကျန်ဘူးလား"
"မဟုတ်ဘူး"
ရုန်ယီ ခေါင်းခါလိုက်သည်။
"အများကြီးကျန်သေးတယ်၊ ဘယ်တော့မှမကုန်ဘူး"
သူပြောပြီးသွားသည့်အခါ ချန်းခယ့်ယောင်၏ဘေးတိုက်မျက်နှာကိုကြည့်လိုက်သည်။ လက်ရှိအခြေအနေတွင် သူတို့နောက်တစ်ကြိမ်နမ်းသင့်သည်။ ၎င်းကိုတွေးမိပြီးရုန်ယီသည် နှလုံးကစိတ်ဓာတ်များတက်ကြွ၍ခုန်လှုပ်လာချိန် မဝေးလှသောနေရာမှကုမ္ပဏီတံခါးမှာအတွင်းပိုင်းမှဖွင့်ခြင်းကိုခံလိုက်ရသည်။
နှစ်ယောက်သား မည်သည့်ကိစ္စမှမဖြစ်ခဲ့သလိုရှက်စိတ်ဖြင့်ဟန်ဆောင်ကာလူချင်းခွာလိုက်ကြ၏။
ရုန်ယီက စကားပြောရန်ကြိုးစားသည်။
"လျိုယွမ်ဆိုတဲ့ကောင်ကတကယ်ကိုပါးစပ်သရမ်းတယ်၊ သူမင်းကိုဘာတွေပြောသေးလဲ"
"အခြားတော့ဘာမှမပြောပါဘူး"
ချန်းခယ့်ယောင်ကဆိုသည်။
"တကယ်တော့ လျိုယွမ်ကမင်းသူ့ကိုစိတ်ဝင်စားနေတယ်လို့ပြောတုန်းက ကိုယ်မယုံသေးဘူး၊ ပြီးတော့ သူ့စိတ်ထဲမှာထူးဆန်းလာမှာပေါ့"
ချန်းခယ့်ယောင်နောက်တစ်ခွန်းမပြောခင် ရုန်ယီစိတ်သက်သာသွား၍သက်ပြင်းချမိသည်။
"ဒါပေမဲ့ သူလည်းအယ်လ်ဖာပဲမဟုတ်လား၊ မင်းဓာတ်ပုံရိုက်ရင်ဖက်တာမျိုးကကောင်းတယ်လို့ကိုယ်တော့မထင်ဘူး"
"ဘာ?"
"ကိုယ်မင်းကိုထိန်းချုပ်ချင်တာမဟုတ်ဘူး"
ချန်းခယ့်ယောင်ကရုန်ယီ၏မျက်လုံးထဲသို့စူးစိုက်ကြည့်သည်။
"ကိုယ်ရိုးရိုးသားသားနဲ့အကျိုးအကြောင်းသင့်ပဲ မကောင်းဘူးလို့တွေးမိတယ်"
ရုန်ယီ မှတ်မိသွားပြီ။ ထိုနေ့က အောင်ပွဲခံပါတီတွင်လျိုယွမ်မူးနေခဲ့သည်၊ ရုန်ယီ၏အဖွဲ့ထဲမှလူအားလုံးနီးပါးနှင့် ဓာတ်ပုံလိုက်ရိုက်ပြီး Wechatတွင်တင်ခဲ့သည်။
မကြာခင် သူချန်းခယ့်ယောင်ထံမှမက်ဆေ့ချ်ရခဲ့သည်။
ပြီးနောက် သူတို့စကားများခဲ့ကြသည်။
ပြန်တွေးကြည့်လျှင် ချန်းခယ့်ယောင်သည်ထိုအချိန်တည်းက သူ့ဘာသာသူအလွန်အကျွံဝမ်းနည်းနေခြင်းဖြစ်မည်ဟု ရုန်ယီရုတ်တရက်သိလိုက်သည်။
သူချန်းခယ့်ယောင်အတွက် ဝမ်းနည်းမိနေစဉ် ချန်းခယ့်ယောင်က ဓာတ်လှေကားထဲလမ်းလျှောက်ဝင်သွားလျက်ဆိုသည်။
"ပြီးတော့ မနေ့ကကိုယ်တို့ထမင်းစားနေတုန်းကဘာလို့ကိုယ့်အဖေကိုဘေးတိုက်ကြည့်နေတာလဲ"
ရုန်ယီ တမဟုတ်ချင်းရှက်လာသည်။ သူချန်းခယ့်ယောင်၏အဖေကိုခိုးကြည့်နေခြင်းက မိသွားမည်ဟုမထင်ခဲ့။
ချန်းခယ့်ယောင်၏အဖေက တကယ်ချောသည်၊ သူ့ကိုပိုကြည့်လေသူကပိုပြီးချောလေဟုထင်မြင်လာလိမ့်မည်။ ရုန်ယီကဲ့သို့သာမန်ရုပ်ရည်နှင့်လူမျိုးအတွက် ချန်းခယ့်ယောင်အဖေကအလွန်အမင်းဆွဲဆောင်မှုရှိသည်။
ရုန်ယီသည် အနှီအန်ကယ်ကိုတိတ်တိတ်လေးခိုးကြည့်နေမိသည်မှာချောမောခန့်ညားခြင်းတစ်ခုတည်းကြောင့်မဟုတ်။
ဤသားအဖနှစ်ယောက်က ရုပ်ချင်းဆင်ကြသည်။ ရုန်ယီသည်ချန်းခယ့်ယောင်အဖေကိုကြည့်သည့်အခါ နောက်ထပ်အနှစ်နှစ်ဆယ်သုံးဆယ်အကြာမှ ချန်းခယ့်ယောင်၏ပုံစံကိုမရမကတွေးကြည့်မိပြီး တိတ်တဆိတ်ဂုဏ်ယူနေမိသည်။
"ကြည့်ပါလား...မင်းခေါင်းငုံ့ပြီးတခစ်ခစ်ရယ်နေတာမရပ်တော့ဘူး၊ မနေ့ကလိုပဲ"
ရုန်ယီ၏မျက်နှာကနီရဲသွားသည်။
"မင်းလည်းအတူတူလောက်ပဲဟာ"
သူတိုးတိုးတိတ်တိတ်သာရှင်းပြလိုက်သည်။
ချန်းခယ့်ယောင်က ခေါင်းငုံ့လိုက်သည်။
"ကောင်းပြီ၊ ကိုယ့်ကိုကြည့်"
ရုန်ယီ ပြုံးမိသွားသည်။
"အိုကေ၊ အနာဂတ်မှာငါမင်းကိုကြည့်မယ်"
ထိုအခါမှ ချန်းခယ့်ယောင်ငြိမ်သွားသည်။
ဓာတ်လှေကားမှထွက်လာသည့်အခါ အနှီအယ်လ်ဖာသည်ရှက်နေသည့်မျက်နှာဖြင့် လမ်းလျှောက်နေရင်းစကားများလာသေးသည်။
"ကိုယ်တကယ်သည်းမခံနိုင်တော့ဘူး၊ ဒီတိုင်းပြောလိုက်ရုံပါ"
ရုန်ယီ ရယ်ရမည်လား၊ ငိုရမည်လားမသိတော့။
"အိုကေ၊ အိုကေ"
ကားပါကင်ရောက်သည့်အခါ ရုန်ယီကကားတံခါးကိုဖွင့်ကာအတွင်းကိုကြည့်မိပြီးရှော့ခ်ရသွားသည်။
"ဘာတွေလဲ?"
"ဦးလေးနဲ့အဒေါ်ဝယ်လာတာလေ"
ချန်းခယ့်ယောင်ကပြောလာသည်။
"သူတို့ကလာခဲတယ်လေ၊ အဲဒါကြောင့် လက်ဆောင် ဒါမှမဟုတ် တစ်ခုခုဝယ်လာပေးတတ်တယ်"
ရုန်ယီက တုန့်ဆိုင်းနေပြီးမေးလေသည်။
"ဘယ်သူပေးတာလဲ"
ချန်းခယ့်ယောင်ကသူ့ကိုပြုံးပြသည်။
"ဟေ့..ဟေ့"
ရုန်ယီသည်မကောင်းတော့ဟုခံစားရသည့်တိုင် ချန်းခယ့်ယောင်ကပျော်ရွှင်နေသယောင်။ သူ၏စိတ်ဝိညာဉ်ကိုအားလျော့သွားစေရန်ပင်ရှက်မိသွားသည်။
"သူတို့ကမင်းကိုအသေချစ်ကြတာပဲ"
"ကိုယ်လည်းအဲဒီလိုထင်ပါတယ်"
ချန်းခယ့်ယောင်ကပြောလာ၏။
"သူတို့ကမင်းကိုကိုယ့်အတွက်တစ်သက်လုံးစာ ပေးထားခဲ့ကြတာပဲ"
ပြောပြီးသည့်နောက် သူရုတ်တရက်ဖြူလျော်သွားပြီးခေါင်းလှည့်လိုက်သည်။
သူ့၏ ၀င့်ကြွားနေသော ဂုဏ်သိက္ခာတို့က ယိမ်းယိုင်သွားပြန်ပြီ။(အန်ချင်လာလို့)
နှစ်ဖက်မိဘများက သူတို့သည် ရတနာကိုရှာတွေ့သွားကြပြီဟုထင်ကြလိမ့်မည့်အကြောင်း ရုန်ယီခံစားနေရသည်။ တစ်ဖက်တွင် ချန်းခယ့်ယောင်အဖေက ချန်းခယ့်ယောင်၏လိင်ပိုင်းဆိုင်ရာအတွေးအခေါ်ကိုစိုးရိမ်နေပြီး အယ်လ်ဖာနှင့်တူသည့်အိုမီဂါတစ်ယောက်ကိုရှာတွေ့သွားမည်ဟုမမျှော်လင့်ခဲ့ပေ။ သူ၏စိတ်အခြေအနေက ထီပေါက်သွားသူနှင့်ပင်တူသည်။
ရုန်ယီဘက်မှအတွေးကိုဖော်ပြနေစရာပင်မလို။ ဝေဒနာကိုပြင်းထန်စွာခံစားရခြင်းနှင့်အနံ့မခံနိုင်ခြင်းတို့ကို ချန်းခယ့်ယောင်အလွယ်တကူမြိုသိပ်ထား၍ရသည်။ လက်တွေ့အပြင်ဘက်တွင် အိုမီဂါ၏မိဘများသည်သူတို့၏ကလေးကထိုသို့သောလူတစ်ယောက်ကိုအိမ်ခေါ်လာခဲ့လျှင် ပျော်လွန်း၍အရယ်ရပ်ကြမည်မဟုတ်။
မျှော်လင့်ထားသည့်အတိုင်း သူ၏မိဘများကချန်းခယ့်ယောင်နှင့်ပင်မကျေနပ်နိုင်ကြချေ။
ရုန်ယီသည် ချန်းခယ့်ယောင်ကကြိုတင်ကာဘွတ်ကင်ယူထားသည့်အခန်းထဲဝင်ဝင်ချင်း သူ၏မိဘများကအပြုံးလေးနှင့်ချက်ချင်းမတ်တပ်ရပ်ကြသည်။ ချန်းခယ့်ယောင်ကိုနှုတ်ဆက်ပြီးသည်နှင့်ရုန်ယီကိုဘေးသို့ဆွဲခေါ်သည်။
"သား...မင်းအဖေနဲ့အမေကရက်ကောင်းရက်မြတ်ကြည့်နေတာ၊ ဒီရက်တွေအကုန်လုံးနမိတ်ကောင်းတယ်၊ လက်ထပ်ဖို့တို့ဘွဲ့ယူဖို့တို့သင့်တော်တယ်"
ပြောဆိုနေလျက် ဖုန်းကိုထုတ်ကာပြက္ခဒိန်ပေါ်မှအမှတ်အသားများကိုပြလာသည်။
ရုန်ယီခမျာရုတ်တရက်ကြီးစိတ်ဖိစီးလာရသည်။
"အမေဘာလို့အလျင်လိုနေတာလဲ၊ ကျွန်တော်လက်မထပ်သေးဘူး"
"မင်းအသက်ကငယ်တော့တာမဟုတ်ဘူး၊ မြန်လေကောင်းလေပဲ"
သူ၏အမေကလက်ချောင်းလေးများထောင်ကာရေတွက်နေသည်။
"မင်းဒီနှစ်သစ်ကူးရင် နှစ်ဆယ့်ခုနစ်နှစ်ပြည့်တော့မယ်၊ မင်းရှောင်ပြေးနေတာကြာပြီ၊ ကလေးမွေးပြီးမှစဉ်းစားတော့၊ အကောင်းဆုံးက ကလေးကိုနှစ်ဆယ့်ရှစ် နှစ်ဆယ့်ကိုးလောက်မွေးတာပဲ၊ လက်တွဲဖော်လိုချင်သေးရင် သုံးဆယ်အောက်မငယ်တော့ဘူး"
"အေမ!"
ရုန်ယီ ဖြတ်ပြောလိုက်ရသည်။
"အမေတွေးတာများနေပြီ၊ အမေအရင်ကဒီလိုမဟုတ်ပါဘူး"
သူ၏အမေကခုံတွင်ထိုင်နေသော ချန်းခယ့်ယောင်ကိုပြုံးပြီးလှမ်းကြည့်သည်။
"ငါအရင်ကမတွေးခဲ့မိဘူး၊ မင်းအယ်လ်ဖာတစ်ယောက်နဲ့ကြိုက်မိမယ်လို့ဘယ်သူကထင်မှာလဲ ပြီးတော့ မျက်လုံးကကန်းနေသေးတယ်၊ အို့ငါမရည်ရွယ်ပါဘူး"
"....."
"ဟေ့...ငါဒီပြက္ခဒိန်ကို screenshot ရိုက်ပြီး WeChat ကပို့ပေးလိုက်မယ်၊ မင်းနဲ့ရှောင်ချန်းပြန်ပြီး အတူကောင်းကောင်းကြည့်ကြ၊ ဒီလိုလက်တွဲဖော်ကောင်းမျိုးရှာတွေ့ဖို့ခက်တယ်၊ မင်းသူ့ကိုမလွှတ်တမ်း ဆွဲထား..နားလည်လား?"
ရုန်ယီ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်၊ ပေါက်ကွဲထွက်လာတော့မည့်စကားလုံးများကိုမြိုချလျက်
"အေမ အမေစိတ်ဖောက်နေပြီပဲ! ပထမဆုံးအကြိမ်ဒီလူကိုတွေ့လိုက်တုန်းကကျွန်တော်ရူးသွားသလိုမျိုး!"
.
စာရေးသူ၏မှတ်စုတို
လျိုယွမ်: ငါအဲဒီအချိန်တုန်းက တကယ်ကိုဗြောင်းဆန်သွားတာပဲ! သူတို့လွန်ခဲ့တဲ့ရက်တွေကတင် သာယာနေကြသေးတယ်၊ ငါမေးလိုက်တော့ ရုန်ယီပေါက်ကွဲလာလိမ့်မယ်လို့ဘယ်သူကတွေးမိမှာလဲ? အဲဒီငပိန်းကောင်အယ်လ်ဖာက ပေါက်ကွဲပြီးပြာတွေတောင်လွင့်သွားတဲ့အထိသတ်ပစ်မယ်လို့ပြောနေတာ၊ သူကငါ့ကိုမိုးမွှန်အောင်ဆဲဆိုပြီး သူ့အကြောင်းထပ်မပြောဖို့တောင်သတိပေးသွားသေးတာ၊ ငါ့မှာရှော့ခ်ရလွန်းလို့ ပြောစရာစကားတောင်မရှိတော့ဘူး။
ချန်းခယ့်ယောင်: ......
လျိုယွမ်: အဲဒီအယ်လ်ဖာကတစ်ခုခုမှားနေတာဖြစ်မယ်၊ ဘာလို့ဆိုတော့ ငါငြင်းလိုက်တုန်းကတောင်ရုန်ယီကငါ့ကိုမမုန်းဘူးလေ။
ချန်းခယ့်ယောင်: !?!