အပိုင်း ၆၉.၁
Viewers 14k


Chapter 69 .1
မင်းရဲ့အစာအိမ်ကလား ဒါမှမဟုတ် မင်းဟာမင်းစိတ်ထင်နေတာလား



ရုန်ယီ၏စိတ်ကအနည်းငယ်စဉ်ကလျားဖြစ်နေသည်။



သူ၏အချိန်တစ်ဝက်သည်သူနေ့စဉ်နှင့်အမျှ ချန်းခယ့်ယောင်နှင့်မျက်နှာချင်းဆိုင်တိုင်း သူ၏နှလုံးသားတစ်ခုလုံး ပန်းများနှင့်ဝေနေခဲ့ပြီး ချန်းခယ့်ယောင်ကိုကြည့်မိလေပိုချစ်မိလာလေပင်၊ ကျန်တစ်ဝက်မှာ အနှီသူကိုသေလောက်အောင်နမ်းချင်နေမိ၍ မုန်းတီးသည်။



နှိုင်းယှဥ်ကြည့်ပါက ချန်းခယ့်ယောင်၏စိတ်အခြေအနေကပိုမိုတည်ငြိမ်လာသည်။ နေ့စဉ် သူသည်အပြည့်အဝပြင်ဆင်ပြီး စိတ်ဓာတ်ကြွမှုအပြည့်ဖြင့် ရုန်ယီ၏မိဘများနှင့်အဖော်ပြုကာလမ်းများနှင့်မြို့တစ်ပတ်ကိုလိုက်ပြပေးသည်။ နေ့တွင်အိပ်ပြီးညတွင်အလုပ်လုပ်သည့်သူ၏အကျင့်ကိုလည်းပြင်လိုက်သည်။



အဆိုပါအချိန်ဇယားနှင့်တစ်ပတ်ခန့်ကြာသည့်အခါ ရုန်ယီ၏မိဘများရင်ထဲမှသူ၏နေရာက ကြီးကြီးမားမားလျာ့လာသည်ကိုခံစားရသည်။ သူ၏အေမက ချန်း ဆိုသောစကားလုံးလေးကြားရုံဖြင့်ချက်ချင်းပင်အပျော်များနှင့်တောက်ပလာကာ ကျေနပ်အားရစွာဖြင့်ရယ်မောလာတတ်၏။



နောက်ဆုံးတွင် ပိတ်ရက်သို့ရောက်လာခဲ့သည်၊ ရုန်ယီ၏မိဘများကသူတို့ရောက်နေသည်မှာကြာပြီဆိုသည့်အကြောင်းနှင့် သူတို့ရင်ထဲတွင်ကျေနပ်သည့်အကြောင်း၊ သူတို့၏သားနှင့်သားမက်အိမ်ကိုသွားမလည်ရသေးသည်မှာမသင့်တော်သည့်အကြောင်းပြောလာခဲ့သည်။ သို့ဖြစ်၍ ထိုနေ့မနက်ပိုင်းတွင်ချန်းခယ့်ယောင်ကအမိန့်အတိုင်းပင် သူတို့အိမ်ရှိရာကိုကားမောင်းကာလိုက်ပို့ပေးသည်။



ရုန်ယီ၏မိဘများရောက်လာပြီးနောက် ပြဿနာအသေးစားလေးတစ်ခုရှိနေသေးသည်။



လူလေးယောက်စာအတွက်ချက်ပြုတ်ပေးရန်မှာ ရုန်ယီအတွက်အလွယ်လေးပင်။ သို့ထိတိုင် သူသည်ဝမရှိဘဲဝိမလုပ်နိုင်။ လွန်ခဲ့သောရက်များက မီးဖိုချောင်သည်ကံဆိုးမိုးမှောင်ကျခဲ့ပြီး အသေအချာပြန်မပြင်ရသေးပေ။ 



ရုန်ယီ၏မိဘများက အိမ်ကိုလှည့်ပတ်ကြည့်နေပြီးမီးဖိုချောင်ကိုဖြတ်သွားကြသည့်အခါ တစ်ချက်လှမ်းကြည့်ကာရှော့ခ်ရသွားကြသည်။



ထိုနေ့ကချန်းခယ့်ယောင်သည် မီးဖိုချောင်ကအလွန်အမင်းပျက်စီးသွားခြင်းမျိုးမဟုတ်ကြောင်း ရုန်ယီကိုနှစ်သိမ့်ရန်ကြိုးစားပေးခဲ့သည်မှာသေချာသည်။ နံရိုးစွပ်ပြုတ်ကခြောက်ကပ်သွားပြီး အသေးစားပေါက်ကွဲမှုဖြစ်ခဲ့ကာ နံရံတစ်ဝက်ကအမည်းရောင်ပြောင်းသွားလေသည်။ လူနှစ်ယောက်သည်သူတို့၏ပရိုမုန်းတွင်ပျော်ဝင်မနေခဲ့ပါက မတိုင်ခင်တည်းကအနံ့ရခဲ့လောက်သည်။



ရုန်ယီက ချက်ပြုတ်ရာတွင်နမော်နမဲ့နိုင်လွန်းသည်ဟု သူ၏အမေထံမှအကြီးအကျယ်အပြစ်တင်ခံရသည်။ ရုန်ယီခမျာ သူနမော်နမဲ့နိုင်မှု၏နောက်ကွယ်မှ အကြောင်းအရင်းမှန်ကိုမပြောပြနိုင်၍ကြီးမားသည့် မှားယွင်းမှုနှင့်ခါးသီးမှုများကိုခံစားနေရသည်။ သူ၏နှုတ်ခမ်းများကိုမဲ့ထားပြီးချန်းခယ့်ယောင်ကိုငေးနေခြင်းသာတတ်နိုင်သည်။



ချန်းခယ့်ယောင်ကစကားလမ်းကြောင်းကိုချက်ချင်းပြောင်းလိုက်သည်၊သူ၏ယောက္ခမကိုဧည့်ခန်းထဲပြန်ခေါ်သွားပြီး ရုန်ယီ၏ဟင်းချက်စကေးကိုဟန်တစ်လုံးပန်တစ်လုံးဖြင့်ကြွားဝါနေသေးသည်၊ ရုန်ယီမှာတော်လွန်း၍ တစ်လောကလုံးတွင်သူနှင့်တူသည့်လူကိုထပ်ရှာမတွေ့နိုင်တော့မည့်အကြောင်းပြောနေခဲ့သည်။



ရုန်ယီမှာ ပုံကြီးချဲ့ကြွားဝါနေသည်ကိုနားထောင်ပြီးသူ့ကိုယ်သူရှက်လာသော်ငြား သူ၏မိဘများကအတော်လေးပျော်ရွှင်နေကြသည်။



သူတို့သည်သူတို့၏သားကိုအပေါ်ယံတွင် မည်မျှပင်လျှော့ပေါ့ပြောပါစေသူတို့ရင်ထဲတွင်ကား သူတို့၏သားဖြစ်သူကိုနှစ်နှစ်ကာကာချစ်ကြသည်။ ထို့ကြောင့် မကြာခင် သူတို့သည်ချန်းခယ့်ယောင်အနောက်သို့လိုက်ကာ ရုန်ယီကိုချီးကျုးကြလေ၏။



"ဟုတ်တယ်၊ ဦးတို့သားကအထက်တန်းတုန်းကဟင်းချက်သိပ်ကောင်းတာ"



စကားပြောခဲသည့်ရုန်ယီ၏အဖေကပြုံးသည်။



"အဲဒီအချိန်က ဦးတို့သားကိုလက်ထပ်တဲ့သူကတော့ကောင်းကင်ဘုံကနေကောင်းချီပေးခံရတာပဲလို့ထင်ခဲ့တာ"



၎င်းကိုကြားရသည်တွင် ချန်းခယ့်ယောင်သည်မျက်နှာချင်းဆိုင်တွင်တောင့်တောင့်ကြီးထိုင်နေသည့်ရုန်ယီကိုလှမ်ကည့်သည်။ သူသည်စကားမပြောဘဲ ရုန်ယီကိုမျက်နှာပူလာသည်အထိတစ်ချိန်လုံးရယ်နေခဲ့သည်။ ရုန်ယီသည်သူ့အားအရှက်ခွဲနေသည့် အနှီစကားဝိုင်းခေါင်းစဉ်ကိုပြောင်းရန်ကြိုးစားသည့်အခါ ချန်းခယ့်ယောင်ကရုတ်တရက်မျက်မှောင်ကြုတ်လေသည်။



ရုန်ယီသည် ချန်းခယ့်ယောင်၏အဆိုပါမျက်နှာပေးကိုကောင်းကောင်းရင်းနှီးသည်။ ထင်သည့်အတိုင်း နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင် ချန်းခယ့်ယောင်သည်သူ၏ပါးစပ်ကိုအုပ်ကာကိုယ်ကိုကွေးထားတော့သည်။



ရုန်ယီမိဘများက ထိုသို့တစ်ခါမှမမြင်ဖူးလေရာစိုးရိမ်သွားကြ၏။



"ရှောင်ချန်း၊ ဘာဖြစ်တာလဲ၊ အဆင်ပြေရဲ့လား"



ချန်းခယ့်ယောင်မှာ ခေါင်းကိုနှိမ့်ထားပြီးလက်ယမ်းပြရှာသည်၊ ပြီးနောက် ထရပ်ကာသန့်စင်ခန်းတွင်းသို့အလျှင်အမြန်ဝင်သွားသည်။



မိသားစုဝင်သုံးယောက်ကအပြင်တွင်ကျန်ခဲ့ကာ အချင်းချင်းကြည့်လိုက်ကြသည်။



"ရှောင်ချန်းရဲ့အစာအိမ်ကတစ်ခုခုဖြစ်နေတာများလား?"



ရုန်ယီ၏အမေက အာရုံထားနေသည်။



"သား၊ ဒီမှာထိုင်မနေနဲ့လေ၊ အမြန်သွားကြည့်၊ မင်းဂရုစိုက်တယ်ဆိုတာပြလိုက်"



ရုန်ယီသည် တုတ်တုတ်ပင်မလှုပ်ဘဲထိုင်နေကာမျက်နှာထားမှာအမူအရာကင်းမဲ့နေ၏။



ဘာကိုဂရုစိုက်စရာရှိသနည်း။ သည်ရက်များတွင် ရုန်ယီအိမ်ပြန်ရောက်တိုင်း ချန်းခယ့်ယောင်ကပွေ့ဖက်ကာအန်မည့်လက္ခဏာမရှိဘဲနမ်းရှုံ့ခဲ့သည်။ ယခု သူ၏မိဘများအရှေ့တွင်ဘာဖြစ်ရပြန်သနည်း။ အနှီသူစိတ်ထဲတွင် မည်သည့်အရာများရှိနေသနည်း။



ခဏအကြာတွင် ချန်းခယ့်ယောင်သည်ကြည့်မကောင်းသည့်မျက်နှာဖြင့် ဧည့်ခန်းသို့ပြန်ရောက်လာသည်။



ထိုအခါမှ ရုန်ယီသည်စိတ်ထဲတွင်ကျိတ်ကာသက်ပြင်းချ၍ ချန်းခယ့်ယောင်ထံအမြန်လျှောက်သွားပြီးတီးတိုးမေးသည်။



"မင်းကဘာဖြစ်နေတာလဲ!"



ချန်းခယ့်ယောင်မှာ လုံးဝမှုန်သုန်နေပြီးစကားပြောမည်အပြု သူ၏ပါးစပ်ကိုထပ်မံအုပ်ထားပြန်သည်။



"အို့...မင်းအစာအိမ်ကတစ်ခုခုဖြစ်နေတာနေမယ်"



ရုန်ယီ၏အမေခမျာ အတည်ပေါက်စိုးရိမ်နေရှာသည်။



"အိမ်မှာဆေးရှိလား၊ ဆေးရုံကိုဆေးသွားစစ်ကြည့်ပါလား"



"အဲဒီလိုလုပ်ဖို့မလိုပါဘူး"



ပြောဆိုနေရင်း သူသည်ချန်းခယ့်ယောင်၏ကျောကိုအချက်ပြသည့်အနေဖြင့်ပုတ်နေပြီး သုံးကြိမ်မြောက်ပုတ်သည့်အခါချန်းခယ့်ယောင်ကတဖန်လှည့်ကာ သန့်စင်ခန်းတွင်းသို့အပြေးတပိုင်းဝင်သွားပြန်သည်။



ရုန်ယီသည်အေးခဲသွားပြီး မျက်နှာမှာနီရဲနေသည်။



သူ၏မိဘများရှိနေချိန်တွင် ၎င်းကအတော်လွန်သွားပေပြီ။ အတည်ပေါက်ကြီးလုပ်ရန် ချန်းခယ့်ယောင်၏ခေါင်းထဲတွင်ဒုံးပျံမည်မျှခန့်ထိုးသိပ်ထည့်ထားခဲ့သနည်း။



"သူအဆင်ပြေရဲ့လားလို့အမြန်သွားကြည့်လိုက်ဦး"



ရုန်ယီ၏အမေက အနည်းငယ်မကျေမနပ်ဖြစ်နေလျက်ဆိုသည်။



"သူနေမကောင်းဖြစ်နေတာကိုမင်းကဘာလို့များဂရုမစိုက်ရတာလဲ"



ရုန်ယီခေါင်းကိုက်နေပြီ။ သူဘယ်ကစသင့်သနည်း။ သူရေချိုးခန်းထဲအထိလိုက်သွားခဲ့ပါက ချန်းခယ့်ယောင်ကအပြင်းအထန်အန်လိမ့်မည်။သို့ထိတိုင် သူ၏မိဘများအားအမှန်အတိုင်းပြောပြရန်မဖြစ်။ ၎င်းကအမှန်တကယ်ရှက်စရာကောင်းသည်။



ငါးမိနစ်အကြာ၌ ချန်းခယ့်ယောင်ပြန်ထွက်လာသည်။ နဖူးပေါ်မှဆံပင်များအပြင် ပါးပေါ်မှပလက်စတာပါစိုရွှဲနေသည်။ တစ်မျက်နှာလုံးဖြူလျော်နေ၏။



"ဘာဖြစ်တာလဲ ရှောင်ချန်း"



ရုန်ယီ၏အမေက စိတ်ပူနေပုံရသည်။



"မတည့်တာစားမိလို့လား"



"မကြာသေးခင်တည်းက ကျွန်တော့်အစာအိမ်ကသိပ်မကောင်းဘူး၊မနက်က ကျွန်တော်အစာအိမ်ဟောင်းလောင်းနဲ့ Yogurt သောက်မိလိုက်လို့ဖြစ်မယ်၊ အေးနေတော့ကျွန်တော့်အစာအိမ်ကအချဉ်ပေါက်သွားတာဖြစ်မယ်"



ချန်းခယ့်ယောင်ကခါးသီးစွာရယ်သည်။



"ကျွန်တော်အောက်ဆင်းပြီးဆေးသွားဝယ်လိုက်ဦးမယ်၊ သိပ်မကြာခင်ပြန်လာခဲ့ပါ့မယ်"



ပြောပြီးအနောက်သို့လှည့်လိုက်ရာ ချန်းခယ့်ယောင်၏အမေကသူ့အားအနောက်မှကိုင်လာသည်။



"နေရတာမသက်သာရင် ခဏလောက်နားနေလိုက်"



ပြောပြီး ရုန်ယီကိုလက်ညိုးထိုးပြသည်။



"နှစ်ယောက်အတူနေတာ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ရမှာပေါ့သား...မင်းသွားလိုက်"



"......"



ရုန်ယီ အသံတိတ်မတ်တပ်ရပ်ကာချန်းခယ့်ယောင်ကိုခိုးကြည့်သည်၊သူ့အခန်းထဲပြန်ဝင်ပြီး ကုတ်အကျီကိုယူကာအပြင်ပြန်ထွက်လာ၏။


မည်သို့ပင်ဖြစ်စေ အိမ်ရှိဆေးသေတ္တာကကုန်သလောက်ဖြစ်နေပြီ။ စိတ်ပူစရာများကိုဖယ်ရှားရန် ကြိုတင်ပြင်ဆင်ထားခြင်းကကောင်းသည်ဟုတွေးကာ ရုန်ယီသည်အစာအိမ်ဝေဒနာများအတွက်အခြေခံဆေးဝါးအနည်းငယ်ကိုဝယ်ခဲ့သည်။



ရုန်ယီသည်မိနစ်နှစ်ဆယ်ခန့်အိမ်မှပျောက်နေပြီး ပြန်ရောက်လာသည်တွင် လူသုံးယောက်သည်ဆိုဖာတွင်ထိုင်ကာ ပျော်ရွှင်စွာဖြင့်တီဗွီအတူကြည့်နေကြသည်။ ရုန်ယီအထဲဝင်လာသည့်အခါ တီဗွီတွင်အလှဆင်ထားပြီးပြီ။ ချန်းခယ့်ယောင်သည် Set-top box တပ်ပြီးသည်နှင့်ရီမုနှစ်ခုကိုမသုံး၍ ဖုန်များအပုံလိုက်တက်နေသည်ဟုရှင်းပြဖူးသည်။



တီဗွီတွင်မကြာသေးခင်ကမှနာမည်ကြီးလာသည့် ရှိုးတစ်ခုကိုပြသနေသည်။ စင်ပေါ်တွင် အိုမီဂါအချောအလှလေးများကသီချင်းဆို၍ကပြဖျော်ဖြေနေသည်မှာ အတော်အတန်မျက်စိပသာဒဖြစ်သည်။



ရုန်ယီဆေးအိတ်ကိုမချခင် ချန်းခယ့်ယောင်သည်ဖြူရော်၍နေမထိထိုင်မသာမျက်နှာဖြင့် တီဗွီကိုမှုန်တေတေဖြင့်ကြည့်နေသည်ကိုတွေ့ရသည်။



ရုန်ယီသည် မှန်မမှန်သိချင်နေစဉ် တီဗွီသည်အနီးကပ်ရိုက်ချက်ကိုပြသလာသည်။ ကျိုးလီထက်လှပသည့်အိုမီဂါကောင်လေးက ကင်မရာကိုမျက်လုံးတစ်ဖက်မှိတ်ပြသည်။



ပြီးနောက် ချန်းခယ့်ယောင်သည်ပါးစပ်ကိုအုပ်ကာရေချိုးခန်းထဲပြေးဝင်သွားပြန်သည်။



ရုန်ယီသည် ထိုနေရာတွင်ပင်ကြက်သေသေကာရပ်နေမိလေ၏။


သူ၏အမေမှဆူညံပူညံမလုပ်ခင် ရုန်ယီသည်ချန်းခယ့်ယောင်၏အနောက်ကိုအလင်းအလျင်ဖြင့်လိုက်သွားသည်။ ရေပုံးရှေ့တွင်ဆောင့်ကြောင့်ထိုင်ကာ မရပ်တမ်းအန်နေသည့်လူကိုကြည့်လိုက်သည်။ ရုန်ယီစကားပြောသည့်အခါ ဒေါသသံစွက်နေသည်။

"ချန်းခယ့်ယောင် မင်းလွန်နေပြီနော်"



ချန်းခယ့်ယောင်မှာအန်ပြီးမေ့လဲတော့မယောင်ဖြစ်နေသည်၊ ပြန်ပင်မဖြေနိုင်။



ရုန်ယီသည် စိတ်မထိန်းနိုင်တော့ဘဲ သည်ရက်ပိုင်းအတွင်းသူလုပ်ချင်နေသည့်အရာကိုလုပ်လိုက်သည်။ သူချန်းခယ့်ယောင်၏တင်ပါးကိုကန်ထည့်လိုက်သည်။

"မင်းအခုလေးတင်တီဗွီရှေ့မှာဘာတွေတွေးနေတာလဲပြောစမ်းပါဦး၊မင်းကဂေးမဟုတ်ဘူးလား၊ မင်းနေမကောင်းဖြစ်တာကိုကုနေတုန်းမှာမင်းရဲ့မျိုးရိုးလိုက်အကြိုက်ကပြောင်းသွားပြီလား"

အကန်ခံနေရသည့်ချန်းခယ့်ယောင်က ဆက်အန်နေဆဲ။



လက်ပိုက်ထားသည့်ရုန်ယီ ချန်းခယ့်ယောင်ကိုလှည့်ပတ်နေသည်။


"မင်းအရင်ရက်တွေကငါ့အပေါ်က တုံ့ပြန်တာကအသိသာကြီးနည်းပြီးရင်းနည်းလာတာ မဆန်းတော့ဘူး၊ ပြောစမ်းပါအုံးငါ့အပေါ် ထားတဲ့မင်းရဲ့ခံစားချက်တွေလျော့သွားပြီလား"

အဆုံး၌ ချန်းခယ့်ယောင်ကအနည်းငယ်တည်ငြိမ်လာသည်။ သူသည်မျက်နှာကိုရေဖြင့်အကြိမ်အနည်းငယ်ပက်ပြီး အားအင်ချိနဲ့စွာမတ်တပ်ထရပ်သည်။



"ကိုယ့်အစာအိမ်ကကောင်းကောင်းအလုပ်မလုပ်တော့ဘူး"



ရုန်ယီကနှာခေါင်းရှုံ့သည်။



"ငါ့အမေကိုသွားပြောလေ"



"တကယ်"



ချန်းခယ့်ယောင်က ပြောရင်းဆိုရင်း ရုန်ယီထံလျှောက်လာပြီးဖက်လိုက်၏။



"ကိုယ်မနက်စာမစားရေသးဘူး၊ ဒါပေမဲ့ Yogurt သောက်လိုက်မိတယ်၊ အခုတော့ ကိုယ့်အစာအိမ်ကတဆစ်ဆစ်နဲ့၊ မင်းဝယ်လာတဲ့ဆေးတွေရော?"



ရုန်ယီသည်မှင်သက်သွားပြီး ရုတ်တရက်သတိရလိုက်သည်။



"မင်း Yogurt ဝယ်လိုက်သေးတာလား"



ချန်းခယ့်ယောင်ကခေါင်းခါပြသည်။



"ရေခဲသေတ္တာထဲမှာ Yogurt တွေရှိသေးတယ်"


.......

ရုန်ယီမှာ နေ့စဉ်ဘဝကိုဖြစ်ကတတ်ဆန်းဖြတ်သန်းနေသည့် သည်လူကိုဆေးရုံကိုအမြန်ခေါ်သွားလိုက်ရသည်။


ယခင်ရက်များကတစ်ယောက်မှ Yogurt မဝယ်ခဲ့ကြ။ ရေခဲသေတ္တာအတွင်းရှိနေခဲ့သည်များက ထိုအရူး လွန်ခဲ့သည့်ရက်များကဝယ်ခဲ့သောဒိတ်လွန်နေသည့် Yogurt များပင်။ ဒိတ်လွန်နေခဲ့သည်မှာအတန်ကြာခဲ့ပြီ!