Chapter 73
မင်းကအရမ်းကောင်းပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး 'yes' လို့ပြောပေးပါလား။
ရုန်ယီသည် သူ၏ကိုယ်တွင်းမှအရိုးများဆွဲခွာခံရသည့်အလားခံစားလိုက်ရကာ သူ၏တစ်ကိုယ်လုံးတွင် အရေပြားတစ်ခုသာရှိတော့သယောင်။
သူလုံးဝနာကျင်နေရပြီး အားလည်းမသုံးနိုင်တော့။ သူသည်ပြားချပ်နေသောကိတ်မုန့်ကဲ့သို့သာ အိပ်ရာပေါ်တွင်လှဲနေနိုင်သည်။
မနေ့ကလေးတင်သွေးထုတ်ထားသည့်ချန်းခယ့်ယောင်ကား အားအင်အပြည့်နှင့်ရှိနေ၏။ အနှီမှာ တကယ်ကိုမတရားမှုပင်။ သူတို့ချစ်တင်းနှောကြသည့်အခါ ချန်းခယ့်ယောင်ကသာ ရုပ်ပိုင်းအင်အားကိုပိုစိုက်ထုတ်ရန်လိုအပ်သည်။
သို့သော် ရုန်ယီသည်နောက်ဆုံးမြင်ရပြီးထိတွေ့လိုက်ရသည့် အံ့ဩဖွယ်ခန္ဓာကိုယ်ကိုတိတ်တဆိတ်ပြန်လည်အောက်မေ့လိုက်ပြီးနောက် စိတ်အေးသွားသည်။
လေ့ကျင့်ခန်းလုပ်သူနှင့်မလုပ်သူတွင်အမှန်တကယ် ကြီးမားသောကွာဟချက်ရှိသည်။ နှိုင်းယှဉ်ကြည့်ပါက ရုန်ယီသည်အရပ်အတန်သင့်ရှည်လင့်ကစား အားနည်းသည်။
သို့သော် ရုန်ယီသည် မူလကပြင်ဆင်ရာတွင်ဝိုင်ဖြူဝယ်မည့်အစီအစဉ်အားမလိုအပ်တော့ဟုထင်မြင်လိုက်သည်။သူရောက်တတ်ရာရာများတွေးနေခိုက် ချန်းခယ့်ယောင်သည်အိပ်ရာဘေးမှ ပွကြဲနေသည့်စက္ကူစတပုံတပင်ကိုကောက်ကာ အမှိုက်ပုံးတွင်းသို့ပစ်ထည့်ရန် လုံးထွေးလိုက်သည်။
ရုန်ယီသည်ရှော့ခ်ရသွားပြီး သူ၏ကိ်ုယ်ပေါ်မှမသက်သာမှုကိုမေ့သွားကာချန်းခယ့်ယောင်နှင့်သတ်ပုတ်ရန်အမြန်ပြေးသွားသည်။
"မင်းဘာလုပ်တာလဲ၊ ငါမဖတ်ရသေးဘူးကွ!"
"မဖတ်နဲ့တော့၊ ဖတ်ရအောင်လည်းမတန်ပါဘူး"
ချန်းခယ့်ယောင်၏တမျက်နှာလုံး ရဲပတောင်းခတ်နေ၏။
"ကိုယ့်ကိုသနားပါကွာ"
"ဒါကငါ့အတွက်ကွ! စာအိတ်ပေါ်မှာငါ့နာမည်ရှိတယ်၊ အဲဒါကြောင့်ငါ့စာပဲ!"
ရုန်ယီ အော်ဟစ်လိုက်သည်။
"ငါ့ကိုပြန်ပေး!"
"ဒီလောက်ကြေမွနေပြီ"
ချန်းခယ့်ယောင်ကား ဆက်ငြင်းခုန်နေဆဲ။
"ဖတ်လို့မရတော့ဘူး"
နောက်ဆုံးတွင် ရုန်ယီလည်းသူ့ကိုယ်သူထောက်မ မထားနိုင်တော့။ ချန်းခယ့်ယောင်ထံ ခြေနှစ်လှမ်းခန့်လိုက်ပြီးသည်နှင့် သူ၏ခြေထောက်များမှာသည်းမခံနိုင်အောင်ပျော့ခွေလာပြီး ထိုနေရာမှပြောမပြတတ်သည့်ဆွဲငင်အားကိုပင်ခံစားရသည်။ ထို့နောက် သူ၏ခြေလှမ်းများကတုန်ယင်လာသည်။
၎င်းကိုတွေ့ရသည့်အခါ ချန်းခယ့်ယောင်သည်အမြန်ပင်သူ့အားလှမ်းဆွဲပြီးကူညီသည်။ ရုန်ယီကအခွင့်ကောင်းယူကာ စာရွက်လုံးကိုဆွဲယူလိုက်သည်။
"မင်းသဘောပဲ"
ချန်းခယ့်ယောင်သည် သူ၏မျက်နှာကိုပွတ်သပ်နေသည်။
"မင်းဖတ်ချင်ရင်လည်းဖတ်တော့...ကိုယ်...ကိ်ုယ်မင်းစားဖို့တစ်ခုခုသွားလုပ်ပေးမယ်၊ နည်းနည်းလောက်ထပ်အိပ်လိုက်အုံး"
သူသည်အတိအကျပင် အနှီရှက်စရာကောင်းသောအခိုက်အတန့်ကိုရှောင်တိမ်းရန်ကြိုးစားနေသည်။
ရုန်ယီသည် တုံ့ဆိုင်းမနေတော့၊ အိပ်ရာပေါ်ပြန်တက်ပြီး စာရွက်အားပြန့်သွားစေရန် ဂရုတစိုက်ပြန်လုပ်နေသည်။
သူအားသွန်ခွန်စိုက်ကြိုးစားနေစဉ် တစ်ဝက်ခန့်အရောက်၌ဖုန်းကတုန်ခါလာသည်။ ၎မွာ လွန်ခဲ့သောရက်များတည်းက အဆက်အသွယ်မရသော ကျိုးလီထံမှမက်ဆေ့ချ်ပင်။
"ငါတို့ကရည်းစားတွေမဟုတ်တဲ့အကြောင်း လျိုယွမ်ကိုပြောပြီးပြီလား"
ရုန်ယီသည် ကြက်သေသေသွားပြီး ရုတ်တရက်စိတ်လှုပ်ရှားလာသည်။
သူအလျှင်အမြန်စာပြန်လိုက်၏။
"မပြောရသေးဘူး၊ ဒါပေမဲ့ သူငါနဲ့ချန်းခယ့်ယောင်ဘယ်လိုပတ်သတ်လဲဆိုတာသိတယ်၊ ချန်းခယ့်ယောင်ကသူ့ကိုပြောတာဖြစ်မယ်"
ကျိုးလီသည်သူ၏နဖူးကိုကိုင်ကာငိုနေသည့်အီမိုဂျီကိုပို့လာသည်။
"သူကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါသည်းညည်းမခံနိုင်တော့ဘူး!"
ရုန်ယီ ရုတ်တရက်တောင့်တင်းသွားသည်။ ပြီးဆုံးသွားပြီ။ သူလျိုယွမ်ကိုမလောရန်မှာခဲ့သည်။ သူအဘယ်ကြောင်နားမထောင်ရသနည်း။
ယခုသူ၏မူပိုင်အချစ်က ချောမွေ့၍အောင်မြင်သွားခဲ့ကာ သူ၏ပျော်ရွှင်မှုမှာလည်းမိုးကောင်းကင်အထိတိုင်ရောက်နေသည်၊ သူသည်အမှန်တကယ်ပင် လျိုယွမ်နှင့်ကျိုးလီတို့အကြားတွင်အောင်သွယ်လုပ်ကာသူတို့၏ဆက်ဆံရေးကိုတည်ဆောက်နိုင်ရန်ကူညီပေးချင်ခဲ့သည်။
"ဘာဖြစ်လို့လဲ"
သူမေးမြန်းလိုက်သည်။
ကျိုးလီကချက်ချင်းစာပြန်သည်။
"မင်းအားလား၊ ဖုန်းပြောလို့အဆင်ပြေလား"
ထိုအချိန်မှာပင် တံခါးပွင့်လာသည်။ ချန်းခယ့်ယောင်သည်ကိုယ်တပိုင်းပြူဝင်လာ၏။
"မနေ့ကမီးဖိုချောင်ထဲမှာမင်းလုပ်ထားတဲ့ဆန်ပြုတ်တွေကျန်သေးတယ်! ပြန်နွှေးပြီးစားလို့ရတယ်၊ မင်းစားချင်တာရှိသေးလား"
ရုန်ယီသည် ခေတ္တခန့်တွေးနေသည်။
"ငါအစာသွတ်မုန့်စားချင်တယ်"
ချန်းခယ့်ယောင်သည် သူ့အား အိုကေဆိုသည့်လက်ဟန်ပြကာသီချင်းလေးညည်းလျက်ထွက်သွားသည်။
ရုန်ယီခေါင်းငုံ့လိုက်သည်နှင့် သူ့ဖုန်းကအသံမြည်လာပြန်သည်။
"အာ...အာ....အာ...အာ၊ ထပ်ပြီးတော့သူပဲ၊ ငါရူးသွားတော့မယ်!"
ပြီးနောက် ကျိုးလီသည်သူ၏ စကားပြော chat မွ screenshotများရိုက်ပို့လာသည်။
နောက်ဆုံးပိုင်းမှာအောက်ပါအတိုင်း။
"ငါရေသွားချိုးတော့မယ်"
"အိုကေ~ အအေးမမိအောင်ဂရုစိုက်နော်"
"မင်းရေချိုးတာပြီးသွားပြီလား၊ နောက်ကျနေပြီ၊ စောစောအိပ်တော့လေ~"
"ဂွတ်နိုက်~"
"မောနင်း~"
"သာယာလိုက်တဲ့နေ့လေးပဲ၊ အပြင်ထွက်ပြီးလမ်းလျှောက်ချင်လား"
ရုန်ယီတစ်ချက်ကြည့်ပြီး အသံတိတ်သွားသည်။
လျိုယွမ်သည်အပြင်းအထန်ကြိုးစားနေပြီး လူများကိုပင်မျက်ရည်ဖြိုင်ဖြိုင်ကျသွားစေလောက်သည်။
ကျိုးလီသည် နောက်ထပ်မက်ဆေ့ချ်တစ်စောင်ကိုပို့လာသည်။
"ငါခေါင်းကိုက်နေပြီ.."
ရုန်ယီသည် ကျိုးလီအားအတန်သင့်နားလည်ပေးနိုင်သည်။ လျိုယွမ်သည် ကယ်တင်၍မရနိုင်တော့ပေ။
လျိုယွမ်ပုံမှန်ဖြစ်နေစဉ်က ရုန်ယီသည်ကျိုးလီကသူ့အားအတော်လေးသဘောကျသည်ဟုခံစားရသည်။ သည်လူကအနည်းငယ်တုံးအသည့်တိုင် အားပေးတတ်ပြီးဉာဏ်ကောင်းကာ သူ၏သူငယ်ချင်းများအပေါ်စိတ်ရင်းအမှန်ဖြင့်တက်ကြွစွာဖြင့်ဆက်ဆံတတ်နေဆဲပင်။ ထပ်လောင်းပြောရသည်ရှိသော် အတော်လေးကောင်းမွန်ပြီး စကားအရဆိုပါကအလွန်ချစ်စရာကောင်းသည်။
သူသည်ကျိုးလီကိုစိတ်ဖိစီးနေသည့်လူတစ်ယောက်ဟုသာခေါ် လိုက်မိ၏။
"တကယ်တော့၊ အခြားလူဆိုရင် အရင်တည်းကသူနဲ့အဆက်အသွယ်ဖြတ်လိုက်ပြီးပြီ"
ကျိုးလီက ညည်းတွားလေသည်။
"ဒါပေမဲ့ သူဖြစ်နေတော့၊ ငါမလုပ်ရက်ဘူး၊ ပြီးတော့ ငါသူ့ကိုကျေးဇူးကြွေးအကြီးကြီးတင်ထားတာ၊ ဒီလူကဘာဖြစ်နေတာလဲ၊ အရင်တုန်းကအဆင်ပြေနေပြီးတော့"
"ဘာလို့လဲဆိုတော့ သူကမင်းကိုကြိုက်နေတာကိုး!"
ရုန်ယီတွေးလိုက်သည်။
ရုန်ယီခမျာ ကျိုးလီကိုဘယ်လိုနှစ်သိမ့်ရမည်မသိ။ သူထိုအကြောင်းကိုစဉ်းစားပြီးပြောလိုက်သည်။
"မင်းတစ်ခါမှရည်းစားမထားဖူးဘူးမလား"
"အဲဒါနဲ့ဆိုင်လို့လား"
ကျိုးလီ၏အသံမှာသိမ်မွေ့နေသည်။
"ဒါဆိုရင်တော့ မင်းသူ့ရဲ့လက်ရှိခံစားချက်ကိုနားလည်ဖို့လွယ်ကူမှာမဟုတ်ဘူး"
ရုန်ယီသက်ပြင်းချပြီးပြောလိုက်၏။
"သူကအရမ်းကောင်းပါတယ်...မင်းလည်းသူ့ကိုအရင်ကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးတွေးခဲ့တာပဲ"
"ဒါပေမဲ့အခု သူကဒီလိုဖြစ်နေတာ၊ စိတ်ဝင်စားစရာမကောင်းတော့ဘူးကွ"
ကျိုးလီခမျာရေရွတ်နေရသည်။
ရုန်ယီမှာ ကျဉ်းထဲကျပ်ထဲရောက်နေရှာ၏။
လျိုယွမ်ကအလွန်သနားစရာကောင်းသည်။ သူသဘောကျနေသူကလူတစ်ယောက်ကိုသဘောကျရသည့်ခံစားချက်ကိုပင်နားမလည်။
အဆိုပါ ကိစ္စမျိုးကဖိအားပေး၍မရ။ ရူန်ယီမှာကျိုးလီကိုလည်းအတင်းအကျပ်မတိုက်တွန်းရဲပေ။
"မင်းသူ့ကိုမကြိုက်ဘူး၊ မုန်းတယ်ဆိုရင် တိုက်ရိုက်ပြောလိုက်တာပိုကောင်းမယ်"
ကျိုးလီသည် တခဏမျှငြိမ်သွားသည်။
ရုန်ယီကမျက်မှောင်ကြုပ်သည်။
"အဲဒါဆိုမင်းကဘယ်လိုဖြစ်ချင်တာလဲ"
"ငါတို့အရင်ကလိုအဆင်ပြေပြေလေး နေသွားချင်တယ်"
ကျိုးလီကဆိုသည်။
"သာမန်မိတ်ဆွေလိုပေါ့၊ စကားပြောကြမယ်၊ ထမင်းစားကြမယ် ပြီးတော့ရုပ်ရှင်အတူကြည့်ကြမယ်၊ အပြင်ထွက်လည်ပြီးအားလပ်ရက်တွေမှာ ပျော်ကြမယ်"
"....."
ရုန်ယီသံသယဝင်နေသည်။
"သာမန်မိတ်ဆွေတွေလို?"
"အင်းလေ၊ ဒါပေမဲ့ သူကအခုဒီလိုဖြစ်နေတာ၊ သူနဲ့ဘာမှပြောစရာမရှိတော့ဘူး"
"....."
ရုန်ယီ ဆွံ့အသွားသည်။
"ငါဘာလုပ်ရမလဲ"
ကျိုးလီကမေးမြန်းသည်။
"မသိဘူး"
ရုန်ယီကပြောသည်။
"ငါ့ယောကျ်ားကအခုစားစရာသွားဝယ်ပြီးပြန်လာပြီ၊ မင်းဟာမင်းစဉ်းစားနေလိုက်တော့"
ရုန်ယီသည်ကျိုးလီအားနှုတ်ဆက်ပြီး ဖုန်းချလိုက်သည်၊ ချန်းခယ့်ယောင်က တံခါးကိုတွန်းဖွင့်ကာအခန်းထဲဝင်လာသည်။ အစာသွတ်မုန့်ရောင်းသည့်ဆိုင်က အိမ်ယာ၏အဝင်ဝတင်ရှိပြီး ဝယ်ရန်အချိ်န်အကြာကြီးမစောင့်ရပေ။
ချန်းခယ့်ယောင်ကအထဲဝင်လာပြီး အိပ်ရာထောင့်စွန်းမှစက္ကူလုံးကိုတစ်ချက်ကြည့်ကာ သူမဖတ်ရသေးမှန်းအတည်ပြုပြီးနောက်စိတ်အေးသွားသလိုသက်ပြင်းချသည်။
"ဟေ့...လျိုယွမ်ကိုငါတို့အကြောင်းနဲ့ပတ်သတ်ပြီးတစ်ခုခုပြောလိုက်သေးလား"
ရုန်ယီမေးမြန်းကြည့်သည်။
ကျိုးလီနှင့်မတူညီစွာ လျိုယွမ်သည်စတားများ၏အတင်းအဖျင်းများကိုအာရုံစိုက်တတ်သူမဟုတ်သည်မှာသေချာ၏။ သို့ဖြစ်၍ မကြာသေးခင်ကအုတ်အော်သောင်းတင်းဖြစ်သွားစေသည့်အကြောင်းကို ဘာမ်ွမသိထားသေးသည်နှင့်အလွန်ဆင်တူသည်။
ရုန်ယီ၏မေးခွန်းကိုကြား၍အပြီး ချန်းခယ့်ယောင်ကချက်ချင်းရယ်သည်။
"ကိုယ်အများကြီးမပြောခဲ့ပါဘူး...ကိုယ်သူ့ကိုပြောခဲ့တယ်ထင်တာပဲ"
ပြောအပြီး သူအိပ်ရာဘေးသို့သွားကာ အစာသွတ်မုန့်ကိုရုန်ယီထံကမ်းပေးသည်။
"အို့...ဟုတ်သားပဲ၊ သူအခုကျိုးလီနဲ့တွဲနေသလိုပဲမင်းသိလား"
"......"
ရုန်ယီသည် ဤကိစ္စတွင်အထင်လွဲစရာအချို့ရှိနေသလိုရေးတေးတေးခံစားရသည်။
သူအစာသွတ်မုန့်ကိုလှမ်းယူပြီး အိပ်ရာမှထလာသော်ငြားချန်းခယ့်ယောင်တားသည်ကိုခံလိုက်ရ၏။
"အိုကေပါတယ်၊ မင်းဒီမှာစားလို့ရတယ်"
သူပြောလိုက်သည်။
"အိပ်ရာခင်းတွေကလျှော်ရမှာပဲလေ"
"......"
"အမြန်စား"
ချန်းခယ့်ယောင် မတ်တပ်ရပ်လိုက်၏။
"ကိုယ်မင်းကိုရေတစ်ခွက်ခပ်ပေးမယ်"
ချန်းခယ့်ယောင်၏နောက်ကျောကိုကြည့်ကာ ရုန်ယီမှာသက်ပြင်းကျိတ်ချသည်။
"ငါဘာလုပ်နိုင်မှာလဲ၊ ငါစိတ်ဆိုးနေရင်တောင်သူဘာမှမခံစားရဘူး"
ရုန်ယီတွေးနေခိုက်ရှိသေးစဉ် ချန်းခယ့်ယောင်ရေတစ်ခွက်နှင့်ပြန်ရောက်လာသည်။
"ကောင်းပြီ"
သူရုန်ယီ၏လက်ချောင်းပေါ်မှလက်စွပ်ကိုထိုးပြသည်။
"မင်းအဲဒါကိုခဏလောက်ချွတ်ထားပါလား"
ရုန်ယီ မှင်သက်သွား၏။
အခုလေးတင် သူဤအရူးကိုသည်းခံရန်သူ့ကိုယ်သူအယုံသွင်းထားခဲ့သည်၊ အခု အနှီသူသည်ဘာထပ်လိုချင်နေသနည်း။
"မချွတ်ဘူး"
ရုန်ယီသည် သူ၏လက်ကိုအနောက်ထားလိုက်၏။
"ဒါအစောကြီးတည်းကငါ့ပစ္စည်းဖြစ်နေပြီ!"
ချန်းခယ့်ယောင်ကလက်မြှောက်ကာ သူ၏ဆံပင်ကိုဆွဲဆုပ်နေသည်၊အလွန်အမင်းရှက်နေသယောင်။
"မဟုတ်ဘူး...မင်းမထင်ဘူးလား...အဲဒါကအရမ်း...."
"မင်းနောင်တမရဘူးမဟုတ်လား"
ရုန်ယီ သူ့ကိုငေးကြည့်နေသည်။
"မရပါဘူး"
ချန်းခယ့်ယောင် ပျာယာခတ်နေသည်။
"ကိုယ်ဝယ်လာပြီး မင်းရဲ့လက်ချောင်းပေါ်ကိုကျကိုယ်တိုင်စွပ်ပေးခွင့်မရခဲ့ဘူး၊ အဲဒါကမဟုတ်သေးဘူး၊ ကိုယ်ဝတ်ပေးလို့ရလား"
ရုန်ယီသည် လက်စွပ်ကိုတိတ်တဆိတ်ချွတ်ကာချန်းခယ့်ယောင်လက်ထဲထည့်ပေးလိုက်သည်။
ဤအခိုက်အတန့်မှမြင်ကွင်းသည် အလွန်အမင်းရိုမန့်တစ်မဆန်လှချေ။ ရုန်ယီ၏နောက်လက်တစ်ဖက်က တစ်ကိုက်ကိုက်ထားပြီးသားအစာသွတ်မုန့်ကိုကိုင်ထားသည်။
ရှက်နေ၍ ချန်းခယ့်ယောင်မျက်နှာကအနည်းငယ်ရဲနေသည်။ သူသည်အရေးကြီးသည့်အရာတစ်ခုကိုလုပ်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော် တကယ်တမ်း သူရုန်ယီ၏လက်ကိုဆွဲလိုက်သည့်အခါသိသာစွာဖြင့်အပြောနှင့်အလုပ်ကတခြားစီဖြစ်လာလေသည်။
"ကိုယ်မင်းကိုဝန်ခံချင်နေတုန်းက ကိုယ့်ကိုအားပေးနေတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ဒါပေမဲ့ မပြောရဲခဲ့ပါဘူး"
သူသည်ခေါင်းငုံ့ပြီး ရုန်ယီ၏လက်ချောင်းတွင်လက်စွပ်ကိုဂရုတစိုက်ဝတ်ပေးနေသည်။
"ကိုယ်သူ့ကိုအရမ်းကျေးဇူးတင်တာပဲ၊ ကိုယ်တို့လက်ထပ်ပွဲနေ့ရောက်ရင်သူ့ကိုအသိသက်သေအနေနဲ့ခေါ်ချင်တယ်"
ရုန်ယီ သူ၏လက်ချောင်းကိုငုံ့ကြည့်သည်။
"အို့...အိုကေ...သူလာမွာပါ"
ချန်းခယ့်ယောင်သည် ရုန်ယီ၏လက်ချောင်းတွင်လက်စွပ်စွပ်ပြီးသူ့ကိုကြည့်ကာ မချိပြုံးပြုံးပြသည်။
ရုန်ယီလည်းရယ်မိသည်။
ရုန်ယီဖိတ်စာရသည့်နေ့တွင် ပြောရန်ရည်ရွယ်ထားသည်က:
"မပူပါနဲ့၊ ငါမင်းရဲ့မင်္ဂလာပွဲနေ့ရောက်ရင်လာမှာပါ ပြီးတော့ မင်းကို surprise လည်းလုပ်အုံးမှာ"
သူသည်ဤအခိုက်အတန့်လေး၏လေထုမှာ အထူးချိုမြိန်နေသည်ဟုခံစားရပြီး အစာသွတ်မုန့်များစားထား၍သူ၏ပါးစပ်မှာဆီရွှဲနေခြင်းကြောင့်သာမဟုတ်ပါက နမ်းရှိုက်ရန်အကောင်းဆုံးအနေအထားဖြစ်နိုင်သည်။ ရုန်ယီသည် သူ၏ပါးစပ်ကိုသုတ်ရန်တစ်သျူးကို တိတ်တိတ်လေးပတ်ရှာနေသည်၊ သို့မှသာ သူအနည်းဆုံး ချန်းခယ့်ယောင်၏ပါးကိုနမ်း၍ရနိုင်မည်။
သူ၏စိတ်ကူးနှင့်သူပျော်နေပြီး စက္ကန့်ဝက်အကြာတွင် ချန်းခယ့်ယောင်ကရုတ်တရက်ခုန်ထကာ အိပ်ရာထောင့်မှစက္ကူလုံးကိုဆွဲသွားပြီး ရယ်မော၍ထွက်ပြေးသွားသည်ကိုတွေ့လိုက်ရ၏။
ရုန်ယီသည်နေရာတွင်ပင် ကြက်သေသေ၍စိတ်ရှုပ်ထွေးစွာကျန်နေခဲ့သည်။
"ဘာလဲဟ၊ သူကအရူးလား၊ ဘာလို့ဒီလောက်တုံးရတာလဲ၊ သူထပ်ပြီးအရက်မူးနေပြန်ပြီလား"
သူအရူးတစ်ယောက်ထံမှအမှတ်အသားပြုခံခဲ့ရခြင်းပေလား!
ရုန်ယီမှာ ပြောစရာစကားမရှိတော့ပေ၊ သက်ပြင်းချကာ စက္ကူလုံးရှိနေခဲ့သည့်နေရာကိုတစ်ချက်ကြည့်လိုက်သည်၊ ထိုသူသည်အလျင်စလိုဖြင့် တစ်ခုခုမေ့ခဲ့သည်ကိုမြင်လိုက်ရ၏။ ယခု ချန်းခယ့်ယောင်စက္ကူလုံးယူသွားချိန်ကသတိမထားမိခဲ့သည့် စာရွက်ပိုင်းကိုကြိုးစားပြီးဖြည်ကြည့်လိုက်သည်။
ရုန်ယီသည် တစ်ခုတည်းသာကျန်ရစ်ခဲ့သောလုံးချေထားသည့်စာရွက်ကိုယူလိုက်သည်။
.
"တကယ်တော့ ကိုယ်မင်းလုပ်တဲ့ဖက်ထုပ်လေးတွေကိုမစားချင်ရုံပါပဲ၊ကိုယ်ကမင်းလုပ်တဲ့အရာတိုင်းကိုသဘောကျပါတယ်၊ ဒါမှမဟုတ် မင်းမချက်ချင်ရင် ကိုယ်တို့အပြင်ကနေမှာစားလည်းရတယ်၊ နောက်ပိုင်းလိုအပ်လာရင် ကိုယ်ဟင်းချက်နည်းသင်ပါ့မယ်၊ မင်းလည်းကိုယ့်ကိုသင်ပေး ပြီးရင်ကိုယ်မင်းကိုချက်ကျွေးမယ်၊ မကောင်းလောက်ပေမဲ့ ကိုယ်ပန်းကန်တွေတော့ပြောင်နေအောင်ဆေးနိုင်ပါတယ်။
ကိုယ်ကမင်းနဲ့စားပွဲတစ်လုံးတည်းအတူထိုင်ပြီး နေ့တိုင်းထမင်းစားချင်ရုံပါပဲ။
နေ့တိုင်းလေ၊ ကိုယ်ဆိုလိုချင်တာ ဒီနေ့၊ မနက်ဖြန်၊ နောက်လ၊ နောက်ဆယ်နှစ်၊ ကိုယ်တို့နှစ်ယောက်လုံးအဘိုးကြီးတွေဖြစ်တဲ့အထိ။
နေ့တိုင်း မင်းကကိုယ်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ကိုယ်တို့အချင်းချင်းကြည့်တာနဲ့တစ်ယောက်နဲ့တစ်ယောက်တွေ့ရမယ်၊ ကိုယ်ကမင်းပြောတာကိုနားထောင်ပြီး မင်းရယ်တာကိုကြည့်ပြီး အစားအသောက်တိုင်းကအရသာရှိနေမယ်။
ဒါမှမဟုတ် မင်းကိုစိတ်တိုစေတဲ့အကြောင်းတွေကိုပြောပြီး ကိုယ့်ရှေ့မှာတင်ဒေါသထွက်နေမယ်၊ ကိုယ်ကလူတွေကိုမနှစ်သိမ့်ပေးတတ်ပေမဲ့မင်းပြောတာကိုနားထောင်ပေးမှာပါ၊ တစ်ယောက်ယောက်မင်းနဲ့ထိပ်တိုက်တွေ့လာရင် ဒါမှမဟုတ် စိတ်တိုစရာကောင်းတဲ့စကားမျိုးပြောလာရင် ကိုယ်မင်းဘက်ကနေဝင်ဆဲပေးမယ်။
ဒါမှမဟုတ် ကိုယ်မင်းကိုပြန်မပြောရင်လည်းမင်းကိုယ့်ကိုဆဲနိုင်တယ်။
ဒါကြောင့် အခုကစပြီး မင်းကိုယ်နဲ့အတူထိုင်ပြီးထမင်းစားပေးနိုင်မလား။
ကိုယ်မင်းစကားကိုနားထောင်ပြီး အနွံတာခံမယ်လို့ကတိပေးပါတယ်။ ပန်းကန်ဆေးပေးမယ့်အပြင် စားပွဲကိုလည်းရှင်းပေးမယ်။
မင်းကအရမ်းကောင်းပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး 'yes' လို့ပြောပေးပါလား။
[ ပြီးပါပြီ]