အပိုင်း ၇၅(Extra )
Viewers 14k


နောက်ဆုံးတော့ ကျိုးလီချစ်မိသွားပြီ -2



သူ၏အယောင်ဆောင်ချစ်သူရုန်ယီ၏သတင်းထူးကြီးမှာကား နောက်ဆုံး၌ဦးလေးဖြစ်သူ၏ရွှေနားတော်သို့ပေါက်ကြားသွားလေပြီ။ သူ၏ဦးလေးသည် ကလေးလေးကဲ့သို့သောသူ၏တူလေးကစွန့်ပစ်ခံလိုက်ရသည်ဟူ၍ပါထင်မှတ်သွား၏။ အလောတကြီးဖြင့် သူသည်နောက်ထပ်ဒိတ်တစ်ခုကိုသူ့အတွက် တုံ့ဆိုင်းမနေဘဲရှာဖွေပေးခဲ့သည်။

သူ၏အမေကား သူ့အား ဘလိုင်းဒိတ်သွားရန်ပြောခဲ့သည်။

ဖုန်းချလိုက်ပြီးနောက် သူစိတ်ဓာတ်ကျနေသည်ကိုမြင်ရသည်တွင်လျိုယွမ်ကအာရုံစိုက်လာသည်။

"ဘာကိစ္စဖြစ်လို့လဲ"

သည်လူသည် ရုန်ယီနှင့်သူကချစ်သူများဖြစ်နေကြောင်းတွေးထားပြီးနောက်ပိုင်း အလွန်အမင်းစိတ်ရှုပ်စရာမကောင်းလာတော့၍ ကျိုးလီသည်သူ့အားအမှန်အတိုင်းမပြောပြချင်သေးပေ။ ခေတ္တခန့်ချင့်ချိန်နေပြီးနောက် သူယုတ္တိမရှိသည့်အရာအချို့ကိုဆက်လုပ်ရန်ဆုံးဖြတ်လိုက်၏။

"ရုန်ယီကိုအိမ်ကိုပြန်ဖို့ကငါ့အတွက်မသင့်တော်ဘူး၊ မင်းသိတဲ့အတိုင်းသူလည်း အိုမီဂါပဲဆိုတော့....."

လျိုယွမ်ကချက်ချင်းခေါင်းညိတ်သည်။

"အို့၊ ဟုတ်သားပဲ၊ သူတို့အခုမပြောလည်း နောက်ကျရင်အနှေးနဲ့အမြန်သိသွားကြမှာပဲ"

ဤလူကိုလိမ်ရသည်မှာ တကယ်လွယ်သည်။

"ငါ့အမေငါ့ကိုဖုန်းခေါ်တာက နှစ်ရက်အတွင်းဘလိုင်းဒိတ်လုပ်ဖို့တဲ့"

ကျိုးလီကသက်ပြင်းချသည်။

"အာရုံနောက်တယ်ကွာ"

"မင်းသွားမှာလား"

လျိုယွမ်ကမေးကြည့်သည်။

"မသွားတော့ရော ဘာလုပ်လို့ရမှာလဲ"

ကျိုးလီကသက်ပြင်းချပြန်သည်။

"မျက်နှာသွားပြရမှာပဲ မဟုတ်ရင် နေ့တိုင်းရစ်နေကြအုံးမှာ"

လျိုယွမ်က အတွေးများနေသည်။

"အဲဒီအကြောင်းထပ်မပြောနဲ့တော့"

ကျိုးလီကလက်ကိုဝှေ့ယမ်းသည်။

"သွားမယ်! သွားစားကြမယ်!"

"တကယ်တော့ငါလည်း မင်းလိုဒုက္ခရောက်နေတာ"

လျိုယွမ်သည်စနိုးစနောင့်ဖြစ်နေပုံဖြင့် အနောက်မှလိုက်လာသည်။

"ငါတို့အပြန်အလှန်ကူညီလို့ရမယ်ထင်တယ်"

ကျိုးလီ ခေါင်းလှည့်ပြီးပြောလိုက်၏။

"မင်းငါ့ရဲ့ကောင်လေးပုံစံဟန်ဆောင်ချင်လား"

သူသည်သာမန်အတိုင်းပြောလိုက်ခြင်းဖြစ်စေကာမူ လျိုယွမ်ကရုတ်ချည့်စိတ်လှုပ်ရှားလာပုံရကာ သူ၏ကျောပင်မတ်သွားသည်။

"ငါကတွဲဖို့ကို မတန်သလိုဖြစ်နေတယ်လို့တော့မထင်ပါဘူး"

သူသည်သတိထားပြီးပြောနေသည်။

ကျိုးလီသည် သူ့အားအပေါ်အောက်စုန်ဆန်ကြည့်နေရာ ၎င်းကလျိုယွမ်ကိုစိတ်လှုပ်ရှားစေ၍ လက်နှင့်ခြေကိုဘယ်နေရာထားရမှန်းမသိဖြစ်စေသည်။

"ဘယ်လိုပြောလိုက်တာလဲ"

ကျိုးလီသည် အသံတိုးတိုးဖြင့်လောဆော်လေသည်။

"ငါတော့အလုပ်ဖြစ်လောက်တယ်ထင်တာပဲ"

ကျိုးလီကတခစ်ခစ်ရယ်လေသည်။

"ငါတို့သမ်ဘာရင့်ပရဟိတအဖွဲ့အစည်းတောင် ထောင်လို့ရတယ်! အာ..ဒါပေမဲ့ မင်းသဘောကျတဲ့သူတွေ့လာရင် ငါ့ကိုပြောရမယ်၊ ငါမင်းကိုဒုက္ခမပေးချင်ဘူး"

လျိုယွမ် သူ့နှုတ်ခမ်းသူသပ်လိုက်ပြီး "ငါကြိုးစားပါ့မယ်"

"ဒီကိုအမြန်လာ"

ကျိုးလီကသူ့ကိုပျော်ရွှင်နေသည့်အမူအရာဖြင့်ခေါ်လိုက်သည်

လျိုယွမ်က ခက်ခက်ခဲခဲလျှောက်သွားပြီးကျိုးလီ၏အရှေ့သို့ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။ သူတို့ခေါင်းများကအမြင့်တူခန့်ရောက်သည့်အခါ ကျိုးလီကလက်တစ်ဖက်နှင့်ဖုန်းကိုကိုင်ကာ အရှေ့ဘက်ကင်မရာကိုဖွင့်သည်၊ အခြားတစ်ဖက်ကအသည်းတခြမ်းပုံထောင်သည်။

"အမြန်! နောက်တစ်ဖက်!"

သူလျိုယွမ်ကိုပြောလိုက်သည်။

လျိုယွမ်ခမျာသူ၏လက်ချောင်းလေးများဖြင့် အသည်းတခြမ်းပုံလုပ်လိုက်ရသည်။

လက်နှစ်ဖက်နှင့်ပြုလုပ်ထားသည့် အသည်းပုံသည် တစ်ဖက်ကြီးတစ်ဖက်သေးကာ အတန်ငယ်အဆီအငေါ်မတည့်ဖြစ်နေ၏။ ကျိုးလီသည်ရိုက်သည့်ခလုတ်ကိုဖိပြီး ဓာတ်ပုံအားကြည့်ရန်ခေါင်းငုံ့လိုက်သည်။

"ကဲ၊ ငါပြန်ပြီးအမေ့ကိုသွားပြတော့မယ်!"

လျိုယွမ်က သူအသည်းပုံလုပ်လိုက်သည့်လက်အားငုံ့ကြည့်မိသည်။

"ငါမင်းနဲ့လိုက်ခဲ့ဖို့မလိုဘူးလား"

"အလုပ်ရှုပ်မခံနဲ့"

ကျိုးလီ လက်ယမ်းပြလိုက်သည်။

"ငါမင်းကိုပုံတွေပို့ပေးလိုက်မယ်၊ မင်းအိမ်ကလူတွေလျှောက်မေးနေရင်ငါကမင်းရဲ့ပါတနာလို့သာပြောလိုက်"

လျိုယွမ်ကခေါင်းညိတ်သည်။

မမျှော်လင့်ဘဲ သူ၏ချစ်သူကောင်လေးအသစ်လျိုယွမ်သည်ယခင်တစ်ယောက်ထက် ပိုချီးမွမ်းခံနေရသည်။

သူ၏အမေပြောချက်အရ ရုန်ယီ၏မျက်နှာသည်မြာပွေမည့်ပုံပေါ် ၍သူ၏ပါတနာကိုစိတ်ချရစေမည်မဟုတ်၊ လျိုယွမ်၏ပုံစံက သာမန်ဘဝတွင်အတူနေထိုင်နိုင်ရန်ပိုမိုကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့ကာရုပ်ရည်လည်းကြည့်ကောင်း၍ ယုံကြည်ရနိုင်သည်။

"ကြည့်လေ၊ ဓာတ်ပုံထဲမှာ သူကင်မရာကိုတောင်မကြည့်ဘဲမင်းကိုပဲကြည့်နေတာ"

သူ၏အမေကကျေနပ်နေသည်။

"သူကမင်းကိုအရမ်းချစ်တာသေချာတယ်၊ ငါတို့တော့စိတ်ချရပြီ"

သူ၏အမေပြောပုံကြောင့် လျိုယွမ်သည်ဓာတ်ပုံထဲတွင်အနည်းငယ်ထူးဆန်းနေသည်ကို ကျိုးလီသဘောပေါက်သွားသည်။

သို့သော် ယခုအချိန်တွင်အများအပြားမတွေးနိုင်သည်မှာနှမြောဖွယ်ရာပင်။သူထွက်စာတင်ရန်အလုပ်များနေရသည်။လီရှောင်းရန်သည် တကယ်ကိုရွံစရာကောင်းသည်။

ကျိုးလီသည် ထိုလူကသူ၏ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲတွင်စုန်းစုန်းမြုပ်နေပြီဟုခံစားရပြီး ထိုသူလုပ်နေသမျှသည်လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျုးလွန်မှုအဆင့်ကိုကျော်လွန်နေကာ အဆက်အဆံလုပ်ရန်မဖြစ်နိုင်တော့။

အနှီသူသည်သူ့အားဟိုကိုင်သည်ကိုင်လုပ်နေခြင်းဖြစ်သော်ငြား ကျိုးလီ၏ဖြူစင်သည့်နှလုံးသားကိုဖယ်ထုတ်ပစ်ရန်ဆက်ကြိုးစားနေသည်။

ကျိုးလီက စိတ်မပြောင်းသေးသည့်တိုင် နေ့စဉ်အလုပ်ပြီးသွားတိုင်းကြက်သီးထနေရကာ အရူးတစ်ယောက်ပမာ အင်တာနက်ပေါ်တွင်မပြီးသေးသောဇာတ်လမ်းကိုပြန်ဆက်ပြန်သည်။ မကြာသေးခင်ကသူသည် ကျေနပ်ဖွယ်ကမ်းလှမ်းချက်တစ်ခုရခဲ့လေရာ သူ၏နုတ်ထွက်စာကိုအချိန်ဆွဲမနေတော့ဘဲတင်ပြလိုက်သည်။

လီရှောင်းရန်က လုံးဝလက်မခံခဲ့ပေ။

သူက ကျိုးလီ၏စာကိုပင်ပြပြီး နုတ်ထွက်စာကိုလက်မခံနိုင်ကြောင်းလက်မှတ်ထိုးလိုက်သည်။

သည်လူမှာမကြာခင်က ကိုယ်အလေးချိန်အတန်ကျသွားခဲ့သည်။ အနှီသူပုံစံကသိက္ခာရှိပုံပေါ်သော်ငြား သူပြောသည့်စကားများကကျိုးလီ၏ခေါင်းကိုပေါက်ထွက်တော့မည်အထိဖြစ်စေသည်။

"ဘာလို့ကိုယ့်ကိုအခွင့်အရေးမပေးတာလဲ၊ မင်းအတွက်သာဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ပြောင်းလဲနိုင်ပါတယ်"

အနှီသူကပြောလိုက်ပါသေးသည်။

"ကိုယ်ကမင်းအတွက်အဲဒီလောက်တောင်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလို့လားဟင်"

ထွက်စာတင်ခဲ့သည့်ကျိုးလီသည် အဆုံးတွင်အမှန်ကိုပြောထွက်နိုင်ခဲ့သည်။

"ဟုတ်ကဲ့၊ အရမ်းကိုအော်ဂလီဆန်စရာကောင်းပါတယ်ခင်ဗျာ"

"မင်းလွန်ခဲ့တဲ့ရက်တွေက အင်တာနက်ပေါ်ကသတင်းတွေတွေ့လိုက်မှာပေါ့"

လီရှောင်းရန်ကမှုန်ကုပ်ကုပ်နှင့်။
"မင်းရဲ့ပါတနာကမင်းရဲ့ယုံကြည်မှုနဲ့မတန်ဘူး၊ ကိုယ်ကမတူပါဘူး၊ ကိုယ်ကမင်းကိုသစ္စာရှိပါတယ်"

ကျိုးလီခေါင်းကိုက်လာသည်။သူလီရှောင်းရန်၏စကားများကိုသာမန်ကဲ့သို့လျစ်လျုရှုကာ: "မန်နေဂျာကျွန်တော့်ကိုအလုပ်ကိစ္စနဲ့ပတ်သတ်ပြီးပြောစရာရှိသေးလားဗျ"

လီရှောင်းရန်သည် အတန်ကြာအောင်အသံတိတ်သွားပြီးခေါင်းယမ်းပြလာသည်။

"မရှိတော့ဘူး"

ကျိုးလီ အမြန်ထွက်လာလိုက်သည်။ ရုံးခန်းတံခါးအနီးရောက်သည့်အခါလီရှောင်းရန်အသံကအနောက်မှလွင့်လာသည်။

"ငါလိုချင်တဲ့ဘဝကိုစဖို့အရမ်း နောက်ကျနေပြီလား"

ကျိုးလီသည်တစ်ယောက်တည်းတွေးမိလိုက်သည်။ 'ဘာလဲဟ၊ ငါနဲ့လည်းမဆိုင်ပဲနဲ့'

တစ်နေ့ကုန်သွားပြီးသည့်အခါ လီရှောင်းရန်သည်သူ၏အလုပ်စားပွဲတွင်ပြန်ပေါ်လာသည်။

ဤလူသည်တစ်ချိန်က ဝဖီးနေသည့်အောက်တွင်ဖုံးကွယ်ထားခဲ့သောချောမောသောရုပ်ရည်ကို တိတ်တဆိတ်ထုတ်ပြလာပြီးတည်းက ရုံးမှ သူ့အားအထင်သေးခဲ့ကြဖူးသည့်များစွာသောအိုမီဂါတို့သဘောထားမှာ သိမ်မွေ့စွာဖြင့်ပြောင်းလဲလာခဲ့ကြသည်။

သူအနားရောက်လာသည်နှင့် တစ်ယောက်ကဦးဦးဖျားဖျားနှုတ်ဆက်လာသည်။

ကံခေစွာဖြင့် ကျိုးလီသည် ၎င်းတို့အနက်မှတစ်ယောက်မဟုတ်နေပေ။သူခြေမကိုင်မိလက်မကိုင်မိဖြစ်လာသည်။

"ကိုယ့်ကိုအချိန်နှစ်မိနစ်လောက်ပေးနိုင်မလား"

လီရှောင်းရန်ကသူ့အားခွင့်တောင်းလာသည်။
ခံရခက်နေသောမျက်နှာဖြင့် ကျိုးလီသည်သူတို့ဘက်သို့ချောင်းကြည့်နေသည့်လုပ်ဖော်ကိုင်ဖက်ကိုကြည့်မိပြီး သက်ပြင်းချ၍ မေးလိုက်သည်

"ဒီနေရာမှာပြောလို့အဆင်မပြေဘူးမလား"

သူက လီရှောင်းရန်တစ်ယောက်ပါးစပ်ပိတ်ပြီး မျက်လုံးများစွာစိုက်ကြည့်နေသည့်အောက်တွင်ချက်ချင်းထွက်သွားရန်မျှော်လင့်ခဲ့သည်၊ သို့သော် မမျှော်လင့်ထားဘဲလီရှောင်းရန်သည်စက္ကန့်အနည်းငယ်ကြာခန့်တုံ့ဆိုင်းနေကာ ခပ်ရှင်းရှင်းမေးလာပြန်သည်။

"ကိုယ်မင်းကိုညစာဖိတ်ကျွေးချင်လို့ပါ"

"....."

ကျိုးလီ ထိတ်လန့်သွားပြီးတမဟုတ်ချင်းခေါင်းယမ်းလိုက်သည်။

"ကျွန်တော့်မှာအချိန်မရှိဘူး"

"တစ်ခေါက်တည်းပါ...ကိုယ်မင်းကိုထပ်မနှောင့်ယှက်တော့ဘူးလို့ကတိပေးတယ်"

ကျိုးလီသည် စိတ်ကိုပြင်ဆင်ထားခဲ့သော်ငြား နောက်ဆုံးထမင်းစားသည်အထိ သူစိုးရိမ်နေသည့်အရာတစ်ခုပင်ဖြစ်မလာခဲ့ချေ။

လူတိုင်းသည် ကြည့်ကောင်းမှုအတွက်နူးညံ့သောနေရာအနည်းနှင့်အများရှိသည်။ လီရှောင်းရန်၏အပြုအမူက သူ့ကိုထပ်ပါးလာခြင်းမျိုးထပ်မရှိတော့သည့်အခါ ယခုမူစိတ်ရှုပ်စရာမကောင်းတော့။ ထိုင်ကြသောအခါ ကျိုးလီနှင့်အလုပ်အကြောင်းအများစုပြောဖြစ်ကြကာကျိုးလီအားအနည်းငယ်စိတ်ပေါ့ပါးစေခဲ့သည်။

သို့သော် စားသောက်ကြသည်နှင့်စကားဝိုင်းခေါင်းစဉ်က နဂိုဘူတာကိုပြန်ဆိုက်လာပြီးကျိုးလီကိုဂဏာမငြိမ်ဖြစ်လာစေပြန်၏။

"ကိုယ်ကစိတ်ပျက်စရာကောင်းတဲ့လူလား"

လီရှောင်းရန်ကမေးသည်။

"မင်းကိုသရဲလိုမျိုးမနားတမ်းနှောင့်ယှက်နေတာ၊ မင်းစိတ်ထဲမှာကိုယ့်ကိုမကောင်းပြောနေပြီလား"

ဒါပေါ့။
ကျိုးလီ ချောင်းဟန့်ကာ စကားမပြောဘဲခေါင်းငုံ့စားနေလိုက်သည်။

လီရှောင်းရန်ကသက်ပြင်းရှိုက်ကာ "တောင်းပန်ပါတယ်"

ကျိုးလီကား အနည်းအံ့ဩသွားကာမော့ကြည့်လိုက်မိသည်။

"မင်းကိုယ့်ကိုလက်ခံစရာအကြောင်းတော့မရှိပါဘူး၊.ဟုတ်တယ်မလား"

၎င်းကမေးခွန်းမဟုတ်၍ ကျိုးလီသည်မတုံ့ပြန်ဘဲနေသည်။

"မင်းကိုထပ်ပြီးညစာဖိတ်ကျွေးဖို့မရှိတော့ပါဘူး"

လီရှောင်းရန်ကဆက်ပြောသည်။

"မင်းကိုယ့်ကိုသဘောမကျဘူးဆိုရင်တောင် ကိုယ်မင်းကိုကျေးဇူးတင်မှာပါ"

"ဘာလို့လဲ"

ကျိုးလီ၏ခေါင်းထဲတွင်မေးခွန်းများပြည့်သွားသည်။

လီရှောင်းရန်ကကောက်ကာငင်ကာပြုံး၏။

"ဗြုန်းစားကြီး မင်းကိုယ့်အကြောင်းကိုပိုသိချင်လာတာလား"

"ဘာပဲဖြစ်ဖြစ်"ကျိုးလီဆက်စားနေလိုက်သည်။



"မင်းကစိတ်ဝင်စားစရာအရမ်းကောင်းတာပဲ..ဒီတိုင်း....မင်းကကိုယ့်ခံစားချက်တမျိုးပေးတယ်၊ ဘာလဲတော့ကိုယ်လည်းအတိအကျမပြောတတ်ဘူး၊ ဒါပေမဲ့ ကိုယ်မင်းကိုဂရုမစိုက်ပေးဘဲနဲ့မနေနိုင်ဘူး၊ ကိုယ်တစ်ခါမှဘယ်သူ့အပေါ်ကိုမှမဖြစ်ဖူးဘူး"

"....."

ကျိုးလီမော့မကြည့်သေးပေ။

"ကိုယ်မင်းအတွက်နဲ့ကွာရှင်းဖို့ကို တကယ်စိတ်ထဲမှာပြင်ဆင်ထားခဲ့တာ"

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီးမလုပ်ပါနဲ့...အဲဒီလိုလက်ဆောင်ကြီးမျိုးကိုလက်မခံရဲပါဘူး!"

လီရှောင်းရန်ကပြုံးကာ: "မဟုတ်ပါဘူး...တကယ်တော့...ကိုယ်မင်းကိုကျေးဇူးတင်ချင်လို့ပါ"

"အာ...ဘာလို့လဲ"

"ကိုယ်မလိုချင်တဲ့ဘဝကိုစွန့်လွှတ်ဖို့ မင်းကပဲကိုယ့်ကိုစိတ်ခွန်အားပေးခဲ့တာလေ"

"ခင်ဗျားရဲ့အရင်အိမ်ထောင်ဖက်အပေါ် ရိုင်းရာမကျဘူးလား"

"ဒါဆို...ကိုယ်ကပဲသူ့ကိုယ့်စားကျေးဇူးတင်ပါတယ်ကိုယ့်လိုမကောင်းတဲ့လူတစ်ယောက်ကိုခွာချဖို့မင်းကသူ့ကိုအခွင့်အရေးပေးလိုက်တာလေ"

"....."

"ကိုယ်တို့လုပ်နေခဲ့ကျအတိုင်း ကြိတ်မှိတ်လက်ခံပြီး ကိုယ့်ကိုယ်ကိုယ်လက်လျှော့ခဲ့ကြတယ်...မင်းကိုယ့်ကိုလက်မခံနိုင်လည်းရပါတယ်၊ လူတွေဆိုတာ...သူတို့နှစ်သက်တဲ့လူနဲ့မှပျော်ရွှင်နိုင်ကြတာ၊ ကိုယ်တို့လိုဖြစ်အောင်ဘယ်သူ့ကိုမှဖိအားပေးလို့မရရင် အခြားလူကိုအန္တရာယ်ပေးရုံပဲရှိတော့မယ်"

သူ့စကားများက အလွန်ထူးဆန်းနေသည်

သို့သော်ငြား လီရှောင်းရန်၏သူ့အပေါ်သဘောထားကပြောင်းလဲသွားခဲ့ပြီဖြစ်၍ ကျိုးလီသည်မသိစိတ်အရပိုယဉ်ကျေးလာသည်။ ဘေလ်ရှင်းရမည့်အချိန်ရောက်သည့်အခါ ကျိုးလီကသူရှင်းမည့်အကြောင်းပြောခဲ့သည်၊ လီရှောင်းရန်ကတားနေသောကြောင့် အိမ်သို့ကားမောင်းပို့ပေးခဲ့ရသည်။ ကျိုးလီသည် ယဉ်ကျေးစွာဖြင့်နှစ်ကြိမ်တိုင်ငြင်းဆိုသေးသည်။လီရှောင်းရန်၏ခါးသက်နေသည့်မျက်နှာကိုမြင်ရသည့်အခါ သူလက်ခံလိုက်ရသည်။ 

အဆွေးဇာတ်ခင်းနေသောလူဝကြီးနှင့် မှိုင်တွေနေသောလူချောလေးတို့မှာ အလွန်ကွဲပြားနေသောခံစားချက်ကိုပေးနေသည်ဟုပြော၍ရသည်။

ကားပေါ်တက်သည့်အခါ ကျိုးလီမက်ဆေ့ချ်ရသည်။လျိုယွမ်ကသူဘာလုပ်နေလဲဟုမေးနေခြင်းပင်။

အနှီသူသည် မကြာခင်တည်းကသူနှင့်အချိန်တိုင်းလိုလိုစကားပြောဖြစ်နေသည်။ ကျိုးလီသာအားနေသည်ဆိုပါက သူချက်ချင်းဖုန်းခေါ်လာနိုင်သည်။

လျိုယွမ်သည် ဂွတီးဂွကျဇာတ်ကွက်များနှင့်ဝတ္ထုများကိုစတင်နှစ်သက်မိလာပြီထင်၏။ ဖတ်ပြီးသည့်အခါသူ့အားမျှဝေပေးသည်။ ကျိုးလီကထိုအရာမျိုးစိတ်ဝင်စားသောကြောင့် သူနှင့်အချိန်တိုင်းစိတ်ပျော်စွာဆွေးနွေးတတ်၏။

သို့ထိတိုင် ယခုကအချိန်မှန်မဟုတ်။

ကျိုးလီကသူယခုဖုန်းပြောရန်မသင့်တော်ကြောင်းစာပြန်လိုက်သည်။

(နောက်မှပြောကြမယ်။)

မိနစ်အနည်းငယ်ကြာသည့်အခါ ထပ်ရောက်လာသည့်မက်ဆေ့ချ်ကြောင့်အံ့ဩသွားရပြန်သည်။

လျိုယွမ်: ('မင်းနဲ့ရှိနေတာဘယ်သူလဲ')

၎င်းအခိုက်အတန့်တွင် ကျိုးလီသည်လီရှောင်းရန်အားလူဝကြီးသာဖြစ်စေချင်ခဲ့သည်။

သူသည်လူဝကြီးတစ်ယောက်နှင့်စားသောက်ဆိုင်မှထွက်လာပြီး တစ်ကားထဲအတူစီးလျှင် အပြစ်ကင်းသလိုသဘောရလိမ့်မည်။

လက်ရှိတွင် လျိုယွမ်သည်ကားအထင်ကြီးကြီးလွဲနေပေရော့မည်။



Xxxxxx