အပိုင်း ၇၆ (Extra )
Viewers 14k


နောက်ဆုံးတော့ကျိုးလီ ချစ်မိသွားပြီ -3



"မင်း ရည်းစားရသွားပြီဆိုရင်လည်း ငါ့ကို အချိန်မီ အသိပေးခဲ့ဦး" 

သူက ပြောသည်။

“မဟုတ်ဘူး သူက ငါ့ရဲ့ဘော့စ်”

ကျိုးလီက အလျင်အမြန် ရှင်းပြသည်။

လျို့ယွမ်က တခဏအကြာတွင် အစက်ခြောက်စက်(......) ပြန်ပို့လာသည်။

အချိန်တခဏခန့် ပြန်စဉ်းစားကြည့်ပြီးနောက်တွင် ကျိူးလီသည် သူ၏ရှင်းပြချက်မှာ မရေမရာ ဖြစ်နေကြောင်း သဘောပေါက်သွား၏။

သူသည် မည်သို့ သေသေချာချာ ရှင်းပြရမည်မှန်း မ သိသောကြောင့် ၎င်းကို အလေးပေး ပြောဆိုရန် နောက်ထပ် အာမေဋိတ် အမှတ်အသား အနည်းငယ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။

"ငါတို့က တကယ် ရိုးရိုးသားသားပဲ!!!"

"ဒါဆို ငါ့ကို ဖုန်းခေါ်ဖို့ ဘာကိစ္စ အဆင်မပြေတာလဲ" 

ကျိုးလီ ဆွံ့အသွား၏။

စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာဖြင့် ကားမောင်းနေသော လီရှောင်းရန်ကို သူ တစ်ချက် ကြည့်လိုက်မိသည်။ အမှန်မှာ ထင်ထားသလောက်လည်း အဆင်မပြေသည်တော့ မဟုတ်ပေ။ ဤကဲ့သို့ စိတ်မသက်မသာဖြစ်စရာ တိတ်ဆိတ်မှုနှင့် နှိုင်းယှဥ်ကြည့်ပါက အချိန်ဖြုန်းနိုင်ရန် ဖုန်းခေါ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

သူ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်နှင့် လျို့ယွမ်က ချက်ချင်း ကိုင်သည်။

"မင်း ဘာတွေ ဒီလောက် အစိုးရိမ်လွန်နေတာလဲ။ အတင်း ပြောချင်ရုံပဲလား ဒါမှမဟုတ် စုံထောက် လုပ်ချင်နေတာလား" 

ကျိုးလီက မေးလိုက်သည်။

 "မင်း အခု ဘယ်မှာလဲ"

 "...မင်းတို့ ခုနက ညစာစားခဲ့တဲ့ နေရာမှာ" 

လျို့ယွမ်က ပြောသည်။

"အယ်... တိုက်ဆိုင်လိုက်တာ။ မင်းလည်း အဲဒီမှာ ညစာစားနေတာလား"

 "မဟုတ်ဘူး" 

လျို့ယွမ်က ဆိုသည်။

"ခုနက မင်းတို့ ကုမ္ပဏီရှေ့က ဖြတ်လာဖို့ ဖြစ်သွားတာနဲ့ မင်း အလုပ်ပြီးရင် ငါနဲ့ အတူ ညစာသွားစားဖို့ ခေါ်မလို့ပဲ"

 “…”

"မင်းတို့နှစ်ယောက်က စကားကောင်းနေပုံရလို့ ငါမင်းတို့ကို မနှောင့်ယှက်ချင်တော့တာ" 

သူသည် အလွန်အမင်း စိတ်ဆိုးနေပုံပေါ်သော်လည်း ကျိုးလီမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။

"အင်း... မင်းဟာက နည်းနည်းတော့ ခိုးကြောင်ခိုးဝှက်ဆန်နေတာ မဟုတ်ဘူးလား"

သူက ပြောလိုက်သည်။

“အမှောင်ထဲကနေ ငါတို့ကို ခိုးကြည့်နေခဲ့တာလား”

"... အဲ့တုန်းက ငါလည်း အတူ ညစာစားနေခဲ့တာ" 

လျို့ယွမ်က ပြောသည်။

“အာ! မင်းက ကြက်သားနဲ့သစ်အယ်သီးဟင်းကို မှာခဲ့တာလား။ အရသာရှိမယ်ထင်တယ်နော်"


 “အထဲမှာ သစ်အယ်သီးက ကြက်သားထက်တောင် ပိုကောင်းတယ်လို့ ငါတော့ ထင်တယ်။ မွှေးကြိုင်ပြီး ကောက်ညှင်းလေးလို စီးနေတာပဲ”

 "ငါလည်း အဲ့လိုပဲထင်တယ်"

 ကျိုးလီက ပြောသည်။

"ငါတို့ နောက်တစ်ခါ အတူ သွားကြမယ်"

 "ကောင်းပြီ ဘယ်တော့လဲ"

"ငါ့အချိန်က ဒီတလော ပုံသေ တွက်လို့ မရဘူး။ အခုပဲ ဒီမှာ အလုပ်က ထွက်လာတာ။ တာဝန်လွှဲပြောင်းပေးရတဲ့ကိစ္စတွေက အရမ်း စိတ်ညစ်စရာကောင်းတယ်...."

 “အိုး…” 

လျို့ယွမ်သည် စကား ရပ်လိုက်ပြီး 

“အခု မင်းရဲ့ဘော့စ်က အနားမှာ ရှိနေတာလား”

ကျိုးလီသည် တိတ်ဆိတ်စွာ ကားမောင်းနေဆဲဖြစ်သော လီရှောင်းရန်ကို မသိစိတ်က ကြည့်လိုက်မိ၏။ 

 “အာ... ဟုတ်တယ်”

 "သူက မင်းကို ကားနဲ့ အိမ်ပြန်လိုက်ပို့နေတာလား"

 “…ဟုတ်တယ်”

"သိလား... ငါ့မှာ သူ့အလိုလို သိနိုင်တဲ့အစွမ်း ရှိတယ်" 

လျို့ယွမ်က ပြောလာသည်။

 "သူက မင်းကို စိတ်ဝင်စားနေပုံရတယ်"

 ကျိုးလီ အံ့အားသင့်သွား၏။ဤတုံးတုံးအအကောင်လေးသည် မည်သည့်အချိန်က ဤမျှ အကင်းပါးသွားသနည်း။

"မင်း မငြင်းဘူးဆိုရင် ငါ 'ဟုတ်တယ်' လို့ ယူဆလိုက်မယ်နော်"

လျို့ယွမ်က ပြောသည်။

 "... မင်းကလည်း သူ မင်းကို စိတ်ဝင်စားနေတာ သိထားတဲ့အတွက် သူနဲ့ အပြင်မှာ ညစာလာစားတဲ့အပြင် အိမ်ကို ကားနဲ့လိုက်ပို့ခွင့်ပေးတယ်။ အဲဒါက မင်းလည်း သူ့ကို သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား"

 “မဟုတ်ဘူး” 

ကျိူးလီက ပြောသည်။

သူ အလွန် စိတ်ညစ်သွားသည်။ အဆုံးသတ်တွင် လီရှောင်းရန်ကလည်း သူ၏ဘေးတွင် ရှိနေသောကြောင့် တချို့အရာများကို ပြောရန် အလွန် ရှက်နေမိသည်။

"ငါ မင်းကို အိမ်လိုက်ပို့ပေးမယ် လို့ နောက်ဆုံးအကြိမ် ပြောတုန်းက မလိုဘူးလို့ မင်း ပြောခဲ့တယ်"

"အဓိပ္ပါယ်မရှိတာတွေ... ငါက ဘယ်လိုလုပ်ပြီး မင်းကို ငါနဲ့အတူ ဘတ်စ်ကားလိုက်စီးခိုင်းရမှာလဲ" 

ကျိုးလီသည် ပြန်မပြောဘဲ မနေနိုင်တော့ချေ။

"တကယ်လို့ ထိုင်ခုံတစ်ခုံပဲရှိမယ်ဆိုရင် ငါ ထိုင်ရမှာလား ဒါမှမဟုတ် မင်းကရော"

 “မင်း ထိုင်ရမှာပေါ့ သေချာပေါက်...ငါ နောက်နှစ်နှစ်လောက် ပိုက်ဆံ ထပ်စုပြီး ကားဝယ်မယ်။ ပြီးရင် မင်းကို အိမ်ပြန်လိုက်ပို့မှာ"

ကျိုးလီသည် မရယ်ဘဲ မနေနိုင်တော့။ 

"ကောင်းပြီ ငါ စောင့်နေပါ့မယ်"

"ဒါပေမယ့် ငါ အတည်ပြောနေတာ။ ကျေးဇူးပြုပြီး ငါ့ကို စိတ်ပူရအောင် မလုပ်ပါနဲ့”

 လျိုယွမ်က ဆက်ပြောသည်။ 

“အယ်လ်ဖာတိုင်းက ငါ့လိုမျိုး လူကြီးလူကောင်းဆန်ပြီး အန္တရာယ်မရှိတာ မဟုတ်ဘူး။ မင်း အဲ့လို တစ်ယောက်ယောက်ရဲ့ ကားကို လက်လွတ်စပယ် လိုက်စီးနေ။ သူ မင်းကို နားလည်မှုလွဲသွားရင် လွယ်လွယ်နဲ့ ဒုက္ခရောက်မှာ"

 "… သောက်ကျိုးနည်း" 

ကျိုးလီက မျက်မှောင်ကြုတ်လိုက်သည်။

 "ဒါပေမယ့် အဆင်ပြေပါတယ် ဖုန်းနဲ့ စကားထပ်ပြောနေရအောင်။ တခြားတစ်ယောက်ယောက်က နားထောင်နေရင် သူ လူယုတ်မာအကြံတွေ ကြံရဲမှာ မဟုတ်ဘူး”

 "ကျေးဇူး အများကြီးတင်ပါတယ်နော်" 

ကျိုးလီက ပြောလိုက်သည်။တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လီရှောင်းရန်က ရုတ်တရက် ထပြောလာသည်။

"ကောင်လေးလား"

ကျိုးလီသည် ခေတ္တမျှ အံ့အားသင့်သွား၏။ ဖုန်း၏အခြားတစ်ဖက်မှ လျို့ယွမ်ကလည်း နှုတ်ဆိတ်နေသောကြောင့် ထိုမေးခွန်းကို ကြားလိုက်ခြင်း ရှိ၊ မရှိ မသေချာပေ။

 "အဲဒါ မင်းရဲ့ ကောင်လေးလား" 

လီရှောင်းရန်က ထပ်မေးသည်။

ကျိုးလီက ခေါင်းညိတ်လိုက်ပြီး 

"အဲ... ဟုတ်တယ်"

 သူ့ထံတွင် ရည်းစားရှိမှန်းသိသွားပါက လီရှောင်းရန်သည် ပြတ်ပြတ်သားသား လက်လျှော့သွားသင့်၏။ မည်သို့ပင်ဆိုစေကာမူ လျိုယွမ်မှာ သူ၏ အပြန်အလှန် အကူအညီပေးဖော်တစ်ဦး ဖြစ်သည်။ ဤသို့ အခြေအနေမျိုးတွင် သူ သေချာပေါက် ကူညီသင့်ပေသည်။

"ရုန်ယီက မင်းကို လုံးဝ စိတ်ဆိုးပုံမပေါ်တာ အံ့ဩစရာ မရှိဘူးပဲ" 

လီရှောင်းရန်က ဆက်ပြောသည်။

"သိပ်ကောင်းတာပဲ။ မင်း သူ့ကို အရမ်း သဘောကျတယ်ဆိုတာ ငါ မြင်ရတယ်"

ကျိုးလီ၏မျက်နှာမှာ ချက်ချင်းပင် နီရဲလာသည်။

သူ ကျယ်လောင်စွာ အော်ဟစ်ချင်မိ၏။ သောက်ကျိုးနည်း အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ သို့သော် ထိုသို့ ပြုလုပ်ရန် အချိန်မတန်သေးသောကြောင့် သူ နှုတ်ဆိတ်နေခဲ့ရလေသည်။

ထို့နောက် ဖုန်း၏အခြားတစ်ဖက်မှ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရသည်။

ကျိုးလီ ရုတ်တရက် စိတ်တိုလာသည်။လီရှောင်းရန်က သူ့ကို အလွန် စိတ်ဝင်စားစရာကောင်းသည့် လူတစ်ဦး ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

သူက စိတ်ဝင်စားစရာကောင်းသောကြောင့် သူ့ကို သဘောမကျမိဘဲ မနေနိုင် ဟု ဆိုသည်။ ထို့အပြင် သူသည် လျိုယွမ်ကို အလွန် နှစ်သက်ပုံရကြောင်း လည်း ပြောခဲ့သေးသည်။

အမှန်မှာ ကျိုးလီသည် လျိုယွမ်အား စိတ်ဝင်စားစရာကောင်းသည်ဟု အမြဲ တွေးခဲ့၏။

ထိုအချက်များအားလုံးကို ပေါင်းစည်းကြည့်ပြီးနောက်တွင် သူ ချက်ချင်း ဒေါသထွက်လာခဲ့သည်။

၎င်းဒေါသက နောက်တစ်နေ့ အလုပ်ထဲရောက်သည်အထိ ကျန်ရှိနေသေးသည်။ နေ့လယ်စာစားချိန်၌ သူနှင့်ဆက်ဆံရေးကောင်းမွန်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့အား စကားလာပြောကာ လီရှောင်းရန်ကို အဘယ်ကြောင့် ဤမျှ ဂရုမစိုက်ဘဲနေရသနည်းဟု မေးသည်။

“သူက အောင်မြင်တယ်။ အခု သူက အရမ်းလည်း ချောလာတဲ့အပြင် နင့်ကို တော်တော် အလေးအနက်ထားပုံရတယ်။ နင်ကတော့ လှုပ်တောင်မလှုပ်ဘူး”

ကျိုးလီက မျက်မှောင်ကြုတ်ပြီး 

“ဘာလို့ ငါက လှုပ်ရမှာလဲ။ သူ ငါ့ကို ကြိုက်တာ ငါ့ကိစ္စမှ မဟုတ်တာ”

 "... နင် နည်းနည်းလေးတောင် ရင်မခုန်ဘူးလား" 

 လုပ်ဖော်ကိုင်ဖက်က မေးလာသည်။

ဤဒုက္ခမှ ဝေးဝေးနေချင်မိရုံသက်သက်ကို ရင်ခုန်သည် ဟု ခေါ်ဆိုနိုင်မည်လား။ကျိုးလီသည် အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။

"ငါသာ လူတစ်ယောက်ကို သဘောကျရင် တစ်ဖက်လူက ငါ့အတွက် တာဝန်ရှိကိုရှိရမယ်လို့ ခံစားမိမှာ မဟုတ်ဘူး"

သူသည် ရုန်ယီကို မြင်မြင်ချင်း ချစ်မိခဲ့ပြီး 2 ကြိမ်တိုင်တိုင် အငြင်းခံရပြီးနောက် လက်လျှော့လိုက်သည်။ ယခု ရုန်ယီသည် သာယာပျော်ရွှင်ဖွယ် အချစ်ရေး ပိုင်ဆိုင်ထားခြင်းကို တွေ့ရသောအခါ သူ အလွန် ဝမ်းသာမိသည်။ မည်မျှ သဘောထားကြီးလိုက်သနည်း။ ၎င်းသည် ချစ်မိသူအားလုံးအတွက် စံနမူနာယူထိုက်စရာ ဖြစ်၏။

 “အဲလို မဟုတ်ဘူးလေ” 

အနည်းငယ် ရွှင်မြူးနေသော သူ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။

“လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာခံစားမှု ပြင်းထန်တတ်ကြတဲ့ သတ္တဝါတွေပဲ။ နင် တစ်ယောက်ယောက်ကို ဂရုမစိုက်ဘူးဆိုရင်တောင် အဲဒီလူက နင့်ကို သဘောကျတာတွေ့ ရင် နည်းနည်း၊များများတော့ ပျော်မိမှာပဲမလား”

"နင်က ငါ့ကို သွေးအေးတယ်လို့ ပြောတာလား" 

ကျိုးလီက နှုတ်ခမ်းဆူလာသည်။ 

 "ငါ နင့်အပေါ်မှာ မကောင်းလို့လား"

 “ငါ ဆိုလိုတာ အဲ့လို မဟုတ်ဘူးလေဟယ်” 

သူ၏လုပ်ဖော်ကိုင်ဖက်က လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ 

"နင်က တခြားအချိန်တွေမှာ ပုံမှန်လို့ပဲ ထင်ရပါတယ်၊ ဒါပေမယ့် ဒီအပိုင်းမှာတော့ နည်းနည်း ရက်စက်တယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း တစ်ယောက်ယောက်ကို ပြတ်ပြတ်သားသား ငြင်းတာက ကောင်းတာပါပဲ"

 ကျိူးလီသည် စကားတစ်ခွန်းမှ မပြောပေ။

လုပ်ဖော်ကိုင်ဖက်က ရုတ်တရက် မေးလာသည်။

 "နင် တစ်ခါမှ မချစ်ခဲ့ဖူးဘူးလား"

 "ဘာလဲဟာ"

 ကျိုးလီ ရှက်ရွံ့သွားသည်။

"... နင် ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးတာ သေချာတယ်"

 "ကြိုက်ခဲ့ဖူးတယ်" 

ကျိုးလီက အသံမြှင့်၍ ပြောလိုက်သည်။

“သူက ငါ့ကို မကြိုက်ဘူး။ ငါ့အချစ်ကို ဆုံးရှုံးခဲ့ရပြီးပြီ။ အခုတော့ သာမန် သူငယ်ချင်းတွေပဲ”

သူ၏ အလုပ်ဖော်က ရယ်သည်။ သူမသည် လက်ကိုဆန့်ထုတ်ကာ "ကလေးရယ်" ဟု ရေရွတ်ကာ ကျိုးလီ၏ ခပ်တိုတို ဆံပင်ကောက်ကောက်များကို ပွတ်သပ်လိုက်သည်။

သူမ ထွက်သွားပြီးနောက် ကျိုးလီသည် ရင်ဘတ်ထဲတွင် နားမလည်နိုင်သော တင်းကျပ်မှုများဖြင့် ကျန်ရစ်နေခဲ့၏။

တခဏကြာ‌သောအခါ သူ၏လက်ကိုင်ဖုန်းက တုန်ခါသွားသည်။ ၎င်းက မက်ဆေ့ချ်တစ်စောင်ပင်။

 "ထမင်းစားပြီးပြီလား~"

 ပေးပို့လာသူမှာ လျိုယွမ် ဖြစ်သည်။

ကျိုးလီသည် ရုတ်တရက် အလွန် စိတ်မကောင်းဖြစ်သွား၏။ အနည်းငယ်သော စိတ်မသက်မသာဖြစ်မှုကပင် သူ၏နားကို တုန်လှုပ်သွားစေသည်။

ထို့ကြောင့် ဤအချိန်အ‌တောအတွင်း ပထမဆုံးအကြိမ်အဖြစ် လျိုယွမ်၏ မက်ဆေ့ချ်ကို တမင်တကာဖြင့် အကြောင်းမပြန်ခဲ့ပေ။

လျိုယွမ်က တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပင်။

ထိုနေ့မှစ၍ သူသည် ကျိုးလီထံသို့ နေ့စဥ် စာတိုများ ပို၍ပင် ပို့လာခဲ့သည်။ ၎င်းစာများအားလုံးမှာ အဓိပ္ပါယ်အားဖြင့် ရေရေရာရာမရှိပေ။ ကျိုးလီသည် သူ၏ မက်ဆေ့ချ် ဆယ်စောင်တွင်မှ တစ်စောင်သာ စာပြန်ခဲ့သော်လည်း ၎င်းသည် သူ၏ စိတ်အားထက်သန်မှုကို မလျော့သွားစေခဲ့ချေ။

 ကျိုးသည် အလွှမ်းမိုးခံရသလို ခံစားလာရ၏။

 ဤစိတ်အနှောက်အယှက်ဖြစ်စရာ ခံစားချက်သည် လျိုယွမ်ကို ပထမဆုံး စတွေ့စဉ်က သူ ခံစားခဲ့ရသည့် မနှစ်မြို့သော ခံစားချက်နှင့် အနည်းငယ် ကွဲပြားပါသည်။

 သူ၏စိတ်များ ရှုပ်ထွေးလာသည်။

သူသည် အနည်းငယ်ပင် ဆတ်ဆတ်ထိမခံ ဖြစ်လာသကဲ့သို့ ခံစားလာရပြီး မသိစိတ်က သူ၏လက်ကိုင်ဖုန်း တုန်ခါသွားသည်ကို ခံစားရသောအခါ မည်သည့် မက်ဆေ့ချ်မျှ မဝင်နေသည်ကို တွေ့ရသော်လည်း လျို့ယွမ်နှင့်စကားပြောထားသည့် conversationကို အတည်ပြုရန်အတွက် ဖွင့်မကြည့်ဘဲ မနေနိုင်ပေ။

 လျိုယွမ်၏ မက်ဆေ့ချ်တစ်ခုနှင့်တစ်ခုကြားရှိ အချိန်ကွာဟချက်ကိုပင် သူ တွက်ထုတ်ခဲ့ပြီး မက်ဆေ့ခ်ျတစ်စောင် ဝင်လာရန် အချိန်နီးကပ်လာသောအခါ ၎င်းတို့ကို မကြည့်ဘဲမနေနိုင်တော့ပေ။

 လျိုယွမ်သည် သူ့အား အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့သော်လည်း သူ ပြန်မဖြေခဲ့ပေ။ ထို့နောက်တွင် သူသည် ဖုန်းခေါ်ဆိုမှုများကို သတိမထားမိနိုင်လောက်အောင် လွှဲပြောင်းရေးကိစ္စများနှင့် အလုပ်ရှုပ်နေလွန်းသောကြောင့် အရေးမကြီးပါက စကားပြောနိုင်လိမ့်မည်မဟုတ် ဟူသော ကြုံရာ ဆင်ခြေအချို့ကို ပေးခဲ့သည်။

လျိုယွမ်သည် ထိုကြက်သားနှင့်သစ်အယ်သီးဟင်းလျာကို သူနှင့်အတူ သွားစားရန် မည်သည့်အချိန်တွင် အဆင်ပြေနိုင်မည့်အကြောင်း မေးမြန်းခဲ့သည်။ သူသည် အချိန်မရသောကြောင့် အချိန်အတော်ကြာသည်အထိ မည်သည်မျှ အကြောင်းမပြန်ခဲ့ပေ။

 ထို့ကြောင့် လျိုယွမ်က စာပို့လာသည်။

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

 ခဏအကြာတွင် သူ ဆက်၍ ပို့သည်။

"ငါ့ရဲ့စာတွေကို ပြန်ဖို့ အချိန်မရှိလည်း ကိစ္စမရှိဘူး။ မင်းရဲ့အလုပ်တွေ အရင် ပြီးအောင်လုပ်ဖို့က အရေးကြီးတယ်။ ဒီလိုမျိုး တစ်ယောက်တည်း စကားပြောရတာလည်း ပျော်ဖို့ကောင်းပါတယ်"

 နောက်တစ်ကြိမ် ထပ်မံ၍
ငါ့ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေလား' 
ဟု ရုတ်တရက် မေးလာပြန်သည်။

ထိုကာလတလျှောက်လုံး ကျိုးလီသည် ဖုန်းစခရင်ကို ကြည့်နေခဲ့ကာ နောက်ဆုံးမက်ဆေ့ချ်ကို ကြည့်ရင်း ၎င်းကို သတိရနေမိသည်။

သူသည် တုန်လှုပ်နေလွန်းသောကြောင့် လက်ထဲတွင် ဖုန်းကို ဆုပ်ကိုင်ကာ ဟိုလျှောက်ဒီလျှောက် လုပ်နေခဲ့ပြီး နောက်ဆုံးတွင် စာများကို မမြင်ချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

ဤသို့သောနေ့ရက်များအတိုင်း တစ်ပတ်ကျော်ကြာသည်အထိ ကုန်ဆုံးလာသည်နှင့်အမျှ သူ ရုန်ယီကို မကျေမနပ်မဖြစ်ဘဲ မနေနိုင်တော့ချေ။

သူ မူလက ရုန်ယီကို ပြောပြချင်မိသည်- မနေ့က ကြော်ငြာတစ်ခုမှာ ကလေးတွေက 'ကျွန်တော်တို့ရဲ့ ရေပေးဝေခြင်းကုသိုလ်' ဆိုပြီး ပြောတာကြားမိတော့ တော်တော်ကြာတဲ့အထိတောင် လန့်သွားသေးတယ်။ သူ့ကို ဒီတိုင်း blockလိုက်သင့်လား။

ရုန်ယီသည် စာနာစိတ် လုံးဝ မရှိခြင်းကတော့ ဝမ်းနည်းစရာပင်။ သူသည် ချန်းခယ့်ယောင်နှင့် နှစ်ယောက်တည်းကမ္ဘာတွင် အလုပ်ရှုပ်နေသောကြောင့် သူ့ကို အပြည့်အဝ လျစ်လျူရှုထားခဲ့၏။

 လျိုယွမ်က သူ့ကို မက်ဆေ့ခ်ျပို့ကာ မေးလာသည့်အချိန်ထိ။

"ငါတို့ ကတိပေးထားတာကို မှတ်မိသေးလား" 

ကျိုးလီသည် သူတို့ တစ်ချိန်က ပရဟိတကူညီ‌ရေးအသင်းတစ်ခု ထူထောင်ခဲ့သည်ကို နောက်ဆုံး သတိရမိသွားရန် အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရသည်။

သူသည် ဖုန်းစခရင်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေစဉ် လျိုယွမ်သည် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာနှင့် အီမိုဂျီလေးကို ပေးပို့လာ၏။

ထို့နောက် မကြာမီတွင် သူ ဖုန်းထပ်ခေါ်လာခဲ့သည်။ တခဏခန့် တုံ့ဆိုင်းနေပြီးနောက် ကျိုးလီသည် သတ္တိမွေးကာ ဖုန်းကိုင်လိုက်သည်။

ပရဟိတ အဖွဲ့အစည်းကို ရပ်တန့်လိုကြောင်း လျိုယွမ်အား လေးလေးနက်နက်နှင့် သတ္တိရှိစွာ ပြောရန် သူ တွေးထားသည်။ အကြောင်းမှာ သူ၏ နှလုံးသားက ထိုအဖွဲ့ဝင်တစ်ဦးကြောင့် ဗရမ်း‌ဗတာ ဖြစ်နေသည်မှာ သည်းမခံနိုင်တော့ပေ။ သူ အရူးတပိုင်း ဖြစ်တော့မည်။

 "အင်း... ပြဿနာနည်းနည်းတော့ ရှိတယ်" 

လျိုယွမ်က အလွန် စိတ်လှုပ်ရှားနေသော အသံဖြင့် ဖုန်းထဲမှ ပြောလာသည်။

"ငါ အမေ့ကို မင်းပုံ ပြလိုက်တယ်။ သူက မင်းကို အရမ်း သဘောကျနေတာ"

 “…အာ”

 ကျိုးလီသည် မသိစိတ်က ပြန်ဖြေချင်မိ၏။

 'တိုက်ဆိုင်လိုက်တာ၊ ငါ့အမေလည်း ဒီလိုပါပဲ'

သို့သော် သူ စကားလုံးများကို ပြန်မျိုချလိုက်သည်။

 “အမေက မေးတယ်… မကြာခင် နှစ်သစ်ကူး အားလပ်ရက် ရောက်တော့မယ်ဆိုတော့ မင်းကို ငါတို့အိမ် ထမင်းစား ဖိတ်ဖို့”

 “…”

"ငါ မင်းကို အချိန်ရလား မေးရဦးမယ်လို့ ပြန်ပြောလိုက်တယ်"

 “…”

 "အဲတော့ မင်း အချိန်ရလား" 

သူ မျက်မှောင်ကြုတ်လိုက်၏။

 “ဟင့်အင်း” 

လျိုယွမ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"အေးပါ... ဒါဆို ငါ သူ့ကို ငြင်းဖို့ အကြောင်းပြချက်ရှာလိုက်မယ်...မင်း အခု အလုပ်ရှုပ်နေလား။ ဟိုနေ့က ငါ စာအုပ်တစ်အုပ် ဖတ်လိုက်ရတယ်။ အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ။ မင်း ကြိုက်မှာ သေချာတယ်"

 ကျိုးလီက တစ်ခွန်းတည်း ပြောလိုက်သည်။

 "အလုပ်များနေတယ်"

 “…”

 “…”

သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားကာ နောက်ဆုံးတွင် လျိုယွမ်က စကားစပြောရသည်။

"ရပါတယ်။ ငါ မင်းကို မနှောင့်ယှက်တော့ပါဘူး။ ဖုန်းချလိုက်တော့မယ်။ ဂွတ်နိုက်"

ကျိုးလီသည် မျက်လုံးများ ပြာလုနီးပါး ဖြစ်သွား၏ ဟေး ခဏလေး။

သို့သော် စကားလုံးများက သူ့နှုတ်ခမ်းနားကို ရောက်လာပြီးမှ ရပ်တန့်သွားသည်။ အချိန်ခဏအကြာတွင် ၎င်းတို့ကို ပြောရန် မလိုအပ်တော့ကြောင်း သူ သဘောပေါက်သွား၏။


Xxxxxxx