နောက်ဆုံးတော့ ကျိုးလီချစ်မိသွားပြီ-4
သို့သော် နှုတ်ဆက်စကား ပြောပြီးသည့် လျိုယွမ်မှာ ဖုန်းမချနိုင်သေးပေ။
သူက တခဏခန့် ရပ်တန့်နေပြီးမှ ပြောလာသည်။
“တကယ်က မင်း ရုန်ယီနဲ့ တွဲနေတာ မဟုတ်ဘူးမလား”
"...ဘာလို့ အဲ့အကြောင်း ရုတ်တရက်ကြီး မေးတာလဲ"
"သူ မင်းရဲ့ရည်းစားလို ဟန်ဆောင်ပေးခဲ့တုန်း ငါ အခု နေ့တိုင်းလုပ်နေသလို မင်းကို အနှောင့်အယှက် မပေးခဲ့မှာ သေချာတယ်"
“…”
"တကယ်လို့ ငါက မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ငါ့ကို အားမနာဘဲ ပြောပါ"
လျိုယွမ်က ပြောသည်။
"ငါ့ကိုယ်ငါ ထိန်းပါ့မယ်။ မင်းဆီက အမုန်းမခံချင်ဘူး"
ကျိုးလီသည် ဖုန်းကို ကိုင်ထားလျက်က အခန်းထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေမိသည်။ သူ၏လက်များက တုန်လှုပ်မှုကြောင့် ထုံကျဉ်နေလေသည်။
သူသည် အချိန်အတော်ကြာအောင် ကြိုးစားပြီးမှ ဖြတ်ခနဲ မေးလိုက်၏။
“လျိုယွမ်၊ မင်း ငါ့ကို သဘောကျလား”
လျိုယွမ်က သိသိသာသာပင် အံ့အားသင့်သွားသည်။
အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် သူ ခပ်တိုးတိုး ပြောလိုက်၏။
“အင်း”
ကျိုးလီမှာ တိတ်ဆိတ်နေသည်။
ထို့ကြောင့် လျိုယွမ်က ထပ်၍ ပြောလိုက်သည်။
"ဟုတ်တယ်။ ငါ မင်းကို သဘောကျတယ်"
"ငါ ဘယ်သူနဲ့မှ မတွဲချင်ဘူး"
ကျိုးလီက ပြောသည်။
"ရပါတယ်။ ငါ နားလည်ပါတယ်"
လျိုယွမ်က ပြောလိုက်သည်။
"ငါ သိထားပြီးသားပါ"
"ဒါဆို မင်း …"
"ကောင်းပြီ၊ ကောင်းပြီ"
လျိုယွမ်က သက်ပြင်းအရှည်ကြီးချလိုက်၏။
“ရှေ့လျှောက် ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ ငါ့ကိုတော့ အဆက်အသွယ် မဖြတ်လိုက်ပါနဲ့ နောက်ပြီး ငါ့ကို block မလုပ်သွားနဲ့ .. အိုခေ?.."
"ဒါဆို ငါတို့က သူငယ်ချင်းတွေအဖြစ် ရှိနေသေးတယ်မလား"
ကျိုးလီက မေးလိုက်သည်။
"ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်....ဒါပေမယ့် အလုပ်မဖြစ်မှာကိုတော့ စိုးရိမ်တယ်"
“…”
"ဒီတစ်ခါတော့ တကယ် ဖုန်းချလိုက်ပြီ။ ဂွတ်နိုက်"
လျိုယွမ်သည် ထိုကဲ့သို့ သွယ်ဝိုက်မနေတတ်သော တဲ့တိုးဆန်သည့်လူတစ်ဦးဖြစ်ကြောင်း သူ မသိခဲ့ပေ။
ထိုနေ့ကစ၍ သူသည် မက်ဆေ့ချ်များ ထပ်၍ မပို့တော့။ ကျိုးလီသည် သူ၏ဖုန်း တုန်ခါသွားတိုင်း ချက်ချင်း ဖွင့်ကြည့်ပြီးနောက် စိတ်ပျက်သွားရသည်။ လျိုယွမ်၏ သူ့အမိန့်စကားအပေါ် လိုက်နာနိုင်စွမ်းမှာ အလွန် တသွေမတိမ်းပင် ဖြစ်လေသည်။ အငြင်းခံရသည်နှင့် အရာအားလုံးကို ရပ်တန့်သွားခဲ့သည်။ သူသည် စံပြပုဂ္ဂိုလ်အဖြစ်ပင် သတ်မှတ်ခံရနိုင်၏။
သို့သော် ကျိုးလီမှာတော့ စိတ်မချမ်းသာပေ။
လျိုယွမ်က ယုတ်မာလွန်းသည်ဟု သူ တွေးမိသည်။နှစ်သစ်ကူးတွင် သူ၏အိမ်၌ ညစာသွားစားရန် သဘောမတူခဲ့ခြင်းတစ်ခုကြောင့် ချက်ချင်းပင် သူ့အား အဆက်အသွယ်မလုပ်တော့ချေ။ သူ၏ ဖွင့်ပြောမှုကို ငြင်းဆန်ခဲ့ပြီးနောက် သူနှင့် သူငယ်ချင်းအဖြစ်ပင် ရှေ့မဆက်နိုင်တော့ပေ။ထိုလူသည် သူ၏ကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားပြီးသည့်တိုင်အောင် သူ၏ ဒေါသက တစက်လေးမှ လျော့မသွားဘဲ ပို၍သာ တိုးလာသည်။
သူသည် အလုပ်မှ နုတ်ထွက်ရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်သည်အထိ ရှုပ်ယှက်ခတ်နေခဲ့ပြီးနောက် ဌာနက သူ့အတွက် နှုတ်ဆက်ပွဲပါတီလေး ကျင်းပပေးသည်။ လီရှောင်းရန်သည် ပါတီတွင် သူနှင့် ထပ်မံစကားပြောရန် လာခဲ့ပြန်သည်။
"မင်း ကောင်လေးနဲ့ ရန်ဖြစ်ထားတာလား"
သူက မေးလာသည်။
ကျိုးလီသည် မျက်မှောင်ကြုတ်ကာ သူ့အား လျစ်လျူရှုလိုက်၏။
"အခု ကိုယ်က တော်တော်လေး အဆင်ပြေတယ်လို့ တွေးမိပြီလား"
သူက ထပ်မေးသည်။
“ဟင့်အင်း”
ကျိုးလီက ပြောလိုက်သည်။လျိုယွမ်သည် လီရှောင်းရန်နှင့် နှိုင်းစာလျှင် အနည်းငယ် ဉာဏ်နည်းသူဖြစ်သည်။ လျိုယွမ်သည် ယခုအချိန်တွင် ပိန်ကျသွားသောကြောင့် လီရှောင်းရန်လောက် မချောမောနိုင်သော်လည်း သူက ချစ်စရာကောင်း၏။သူသည် အလွန် စိတ်ဝင်စားဖို့ကောင်းသည့်အပြင် သူနှင့်စကားပြောရခြင်းက ပျော်ရွှင်စရာကောင်းသည်။
"ကိုယ် အတည်ပြောတာ"
လီရှောင်းရန်က ပြောပြန်သည်။
"ကိုယ်သာ သူ့နေရာမှာဆိုရင် မင်းကို စိတ်ဆိုးအောင် လုပ်မိမှာ မဟုတ်ဘူး"
"အခုတော့ မင်းက ငါ့ကို စိတ်အနှောင့်အယှက်ပေးနေတာပဲ"
ကျိုးလီက ပြောလိုက်သည်။
လျိုယွမ်က သူ့ကို စိတ်အနှောင့်အယှက်မပေးချေ။ သူကိုယ်တိုင်ကသာ လျိုယွမ်ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခြင်း ဖြစ်၏။သူ့ကို လွမ်းသည်။
ပါတီပွဲတွင် ရုန်ယီထံမှ ရုတ်တရက် ဖုန်းဝင်လာလေသည်။
"မင်းနဲ့လျိုယွမ်က ဘာဖြစ်သွားတာလဲ"
သူ့လေသံက သတိတကြီးဖြင့်။
"သူ့ရဲ့ နောက်ဆုံးတင်ထားတဲ့ friend onlyပို့စ်ကို မင်းမြင်ပြီးပြီလား"
ကျိုးလီသည် ပို့စ်ကို အလျင်အမြန် ရှာဖွေခဲ့ရာ နောက်ဆုံး တင်ထားသည့်ပို့စ်မှာ လွန်ခဲ့သော နှစ်ရက်က ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ သာမန် ကဗျာတစ်ပုဒ်ဖြစ်ပြီး အဓိပ္ပါယ် များများစားစား မရှိလှပေ။
"သူ ရေးထားတာကို နားလည်လား"
ကျိုးလီက မေးသည်။
“အင်း.. နေ့ခင်းကြောင်တောင် အလင်းရောင်လောက် ရှင်းလင်းနေတာ မဟုတ်ဘူးလား”
ရုန်ယီက ပြန်ဖြေသည်။
"အဲဒီထဲမှာ စကားလုံးရှစ်လုံး ပါတယ်၊ မင်း အဲ့စာလုံးတွေကို နားမလည်ဘူးလား"
ကျိုးလီသည် စာမျက်နှာကို refresh လုပ်ပြီးနောက် သူ၏နှလုံးသားက ရုတ်တရက် ထိတ်လန့်သွားသည်။
"ဘယ်ရှစ်လုံးလဲ"
"မင်း မတွေ့ဘူးလား"
ရုန်ယီက မေးသည်။
"လွန်ခဲ့တဲ့ တစ်နာရီက တင်ခဲ့တဲ့ ပို့စ်က 'ဒီညဘလိုင်းဒိတ်လေး ဂွတ်လက်' တဲ့"
“…”
ကျိုးလီသည် ဆွံ့အသွား၏။
"ဟို... ငါက မင်း မြင်အောင် တမင်တကာ တင်ထားတာလို့ ထင်သွားတာ"
ရုန်ယီမှာ အနည်းငယ် အားနာသွားပုံရသည်။
"... သူက ဘာလို့ ငါ့အတွက် သီးသန့် ဒီလိုမျိုးကြီး တင်ပေးမှာလဲ"
ကျိုးလီက ပြောလိုက်သည်။
“အဲ…”
ရုန်ယီသည် ဘာကြောင့် အနည်းငယ် နေရခက်သလို ခံစားရမှန်း မသိချေ။
"ဒါက သာမန် စမ်းသပ်နည်းတစ်ခုပဲ မဟုတ်ဘူးလား"
"အခုတော့ သူက ငါ့ကို သီးသန့်ကြီး hideလုပ်ထားတယ်"
“…”
"ဒေါသထွက်လိုက်တာ"
ကျိုးလီသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဖုန်းကို ကိုင်ကာ လျိုယွမ်နှင့် စကားပြောထားသည့် conversationကို ဖွင့်ကာ တစ်ခုခု ပြောသင့်၊မပြောသင့် အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွေဝေနေမိသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်က သူ့ကို သဘောကျသည်ဟု ပြောသွားခဲ့ပြီး ယခု သူက တခြားတစ်ယောက်နှင့် ချိန်းတွေ့နေသည်။
သူ့ကို ခပ်မြန်မြန်ပင် စိတ်ထဲမှ ထုတ်လိုက်ကာ သူ့အပေါ် ထားရှိသည့် ခံစားချက်များကလည်း အစစ်အမှန် မဖြစ်နိုင်ပေ။ ထိုအကောင်မှာ တကယ့်ကို လူယုတ်မာ ဖြစ်သည်။
သူ့ကို မဖယ်ထုတ်ဘဲ တခြားတစ်ယောက်နှင့် ချိန်းတွေ့သည် ဆိုပါက ပို၍ပင် ဆိုးရွားသေးသည်။
မည်သည့်ရှုထောင့်ကပဲ ကြည့်ကြည့် လျိုယွမ်က လူယုတ်မာကောင် ဖြစ်သည်။
သူ၏ ဒေါသများကို ပုံချစရာနေရာ မရှိခြင်းက နှမြောစရာ ဖြစ်သည်။ ထိုလူယုတ်မာကောင်ကို စိန်ခေါ်ချင်သော်လည်း သင့်လျော်သည့် အကြောင်းပြချက် မရှိပေ။
ထိုအချိန်၌ပင် လီရှောင်းရန်က သူ့ထံ ပြေးလာပြန်လေသည်။
"ကိုယ် ပြီးရင် ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးရမလား"
ကျိုးလီသည် တခဏ ရပ်တန့်သွားပြီးနောက် သဘောတူလိုက်ရာ လီရှောင်းရန်ကို အံ့သြတကြီးဖြစ်သွားစေ၏။
ကားထဲသို့ ဝင်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ဖုန်းကို ထုတ်၍ အလွန်ဂရုတစိုက်ဖြင့် မက်ဆေ့ခ်ျပို့ရန် စာရိုက်လိုက်သည်။
"ငါ့ရဲ့ဘော့စ်က ငါ့ကို ကားနဲ့ အိမ်ပြန်လိုက်ပို့နေပြန်ပြီ။ လုံခြုံစိတ်ချရဖို့ မင်းကို ဖုန်းခေါ်လို့ရမလား"
မက်ဆေ့ချ် ပေးပို့ပြီးနောက်တွင် သူသည် အနည်းငယ် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် မျက်နှာပြောင်တိုက်သည် ဟု ခံစားလာရသောကြောင့် စာကို ပြန်ဖျက်ချင်မိသွားသည်။ သူ မက်ဆေ့ချ်ကို ပြန်ဖျက်ပြီးနောက်တွင် ဖုန်းမြည်လာသည်။
"ကောင်းပြီလေ"
လျိုယွမ်က ဖုန်းထဲမှ ပြောသည်။
"ငါ မင်း အိမ်ပြန်ရောက်တဲ့အထိ စကားပြောပေးလို့ရပါတယ်"
“…”
သူသည် လျိုယွမ်၏ အသံကို အချိန်အနည်းငယ်ကြာသည်အထိ မကြားခဲ့ရပေ။ ရုတ်တရက် သူ၏အသံမှာ အရင်ကထက် ပိုကောင်းလာသည်ဟု ထင်ယောင်ထင်မှား ဖြစ်မိသွား၏။
"မင်းရဲ့ ဘော့စ်က မင်းကို ဘာလို့ အဲ့လောက် တွယ်ကပ်နေတာလဲ။ မင်း သူ့ကို တကယ် သတိထားသင့်တယ်"
လျိုယွမ်က ဆက်ပြောသည်။
"မင်း အခု ဘာလုပ်နေတာလဲ"
ကျိုးလီက မေးလိုက်သည်။
"ညစာစားနေတာ"
လျိုယွမ်က ဆိုသည်။
"ဒါပေမယ့် စကားပြောလို့ အဆင်ပြေပါတယ်"
"… ဘယ်သူနဲ့လဲ"
"ဘာလို့ မေးတာလဲ"
သူသည် မေးခွန်းကို ရှောင်ဖယ်ပြီး ဖြေရန် ငြင်းဆိုလာသောကြောင့် ကျိုးလီအား ပို၍ပင် စိုးရိမ်လာစေသည်။
"မင်း ငါ့ကို ဒီတိုင်း ပြောပြလို့မရဘူးလား"
သူက မေးလိုက်၏။
လျိုယွမ်သည် ဒေါသတကြီး ပြုံးပြလိုက်ပြီး
"ငါ့ကုမ္ပဏီက အထက်လူကြီးတစ်ယောက်နဲ့ ဘလိုင်းဒိတ်တွေ့နေတာ"
"ဒါဆို ငါ့ကို ဘာလို့ ဖုန်းခေါ်တာလဲ"
ကျိုးလီက မေးသည်။
"မင်းက ငါ့ကို ခေါ်စေချင်လို့လေ"
"ဒါဆို မင်း ငါ့ကို ဘာလို့ အခုတလော လုံးဝ ဖုန်းမခေါ်တာလဲ"
ကျိုးလီက ထပ်မေးလိုက်သည်။
“…”
"မင်းရဲ့ အထက်လူကြီး... ကြည့်ကောင်းလား"
"ကြည့်ကောင်းတယ်၊ အထူးသဖြင့် ရုပ်ရည် ကြည့်ကောင်းတယ်"
လျိုယွမ်သည် ရုတ်တရက် သူ၏အသံကို နှိမ့်ကာ အလွန် တိုးညှင်းသည့် လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ တဝက်နီးပါးလောက် ချောတယ်"
“…”
“သူက ရောက်လာတာနဲ့ သူ့မှာ ချစ်သူရှိပြီးသားလို့ ပြောတယ်။ သူ့မိသားစုက သူတို့နှစ်ယောက်ကို သဘောမတူတာနဲ့ သူ့ကို ဒီ ဘလိုင်းဒိတ်တွေ့ဖို့ အတင်းအကြပ် ဖိအားပေးခဲ့တာ။ ထမင်းစားပြီးရင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် လမ်းခွဲကြမှာ”
ကျိုးလီသည် မရယ်ဘဲ မနေနိုင်။
"မင်း ငါ့ဆီ ဖုန်းဆက်နိုင်သေးတာ မထူးဆန်းပါဘူး။ သူက မင်းကိုမှ မကြိုက်တာ"
"သူ ငါ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ငါ ဖုန်းခေါ်လို့ရတယ်"
လျိုယွမ်က ပြောသည်။
“မင်းနဲ့ အခုလို ခဏလောက် စကားပြောခွင့်ရဖို့က လွယ်တာမဟုတ်ဘူး။ ငါ့အတွက် ခက်ခဲမယ်လို့ မတွေးမိဘူးလား"
“…”
ကျိုးလီက မတုံ့ပြန်ခဲ့။ သို့သော် ရုတ်တရက် သူ အလွန့် အလွန်ကို ပျော်ရွှင်သွားသည်။
၎င်းသည် သူ အတိတ်က ခံစားခဲ့ရသည့် အခြား အလားတူ ပျော်ရွှင်မှုများနှင့် လုံးဝ မတူညီပေ။ သူသည် လျိုယွမ်၏စကားကို နားထောင်ပြီးနောက် "သူက ငါ့ကို သဘောကျသေးပုံရတယ်" ဟု စိတ်ထဲမှ ပြောလိုက်မိသည်။ ထို့နောက် သူသည် မထိန်းထားနိုင်တော့ဘဲ ပျော်ရွှင်လာသည်။
"တောင်းပန်ပါတယ်"
လျိုယွမ်က နားလည်မှုလွဲသွားလေသည်။
"ငါ အဓိပ္ပါယ်မရှိတာတွေ ပြောနေမိတာပဲ။ ဟိုးအရင်က ငါ ဖတ်ဖူးခဲ့တဲ့စာအုပ်အကြောင်းပဲ ပြောရအောင်”
ကျိုးလီ မည်သည်မျှ မပြောရသေးမီ ကားမောင်းသူထိုင်ခုံနေရာမှ လီရှောင်းရန်က ရုတ်တရက် စကားစလာသည်။
"မင်း ကိုယ့်ကို အသုံးချနေတဲ့အတွက် ကိုယ် ဘယ်လိုခံစားရမလဲ"
ကျိုးလီသည် အံ့သြသွားပြီးနောက် ရှက်ရွံ့သွား၏။
"မင်း ... မင်း ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောဖူးတယ်။ ကောင်းပြီ၊ ဒါ မင်း ငါ့ကို ပြန်ဆပ်ဖို့ အခွင့်အရေးပဲ"
လီရှောင်းရန်သည် သူ့ကို ငုံ့ကြည့်ကာ ခပ်မဲ့မဲ့ပြုံး၍ ခေါင်းခါလိုက်လေသည်။
"မင်း ငါ့ကို အပြန် လမ်းကြုံ စီးခွင့်ပေးတယ်ပဲ သဘောထားလိုက်။ ငါ မင်းကို ပိုက်ဆံပေးမယ်"
ကျိုးလီက ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"မင်းက တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ"
လီရှောင်းရန်က သက်ပြင်းချလိုက်သည်။
"အခု မင်းနဲ့ ဖုန်းပြောနေတဲ့လူ ဘယ်မှာလဲ။ ကိုယ် အဲ့ဒီကို လိုက်ပို့ပေးမယ်"
"အာ"
ကျိုးလီ အံ့အားသင့်သွား၏။
လျိုယွမ်၏ စိတ်ရှုပ်ထွေးနေသော အသံက သူ၏နားထဲသို့ ဆုပ်ကိုင်ထားသည့် ဖုန်းမှတဆင့် ဝင်လာသည်။
"မင်းတို့ ဘာတွေပြောနေကြတာလဲ"
"သူ့ကို ထားလိုက်"
ကျိုးလီက ပြောသည် ။
"မင်း အခု ဘယ်မှာလဲ"
လီရှောင်းရန်၏ အဆိုပြုချက်မှာ အလွန်ကောင်းမွန်သည်ဟု သူ တွေးမိသည်။ မူလက ဖုန်းမှတဆင့် စကားအနည်းငယ် ပြောရခြင်းက လုံလောက်ခဲ့သည်။ ထိုအသံကို ကြားလိုက်ရသောအခါ ထိုလူကို ပို၍ပင် တွေ့ချင်လာသည်။
လျိုယွမ် အမှန်အတိုင်းပြောနေလား ဆိုသည်ကို သူ သွားကြည့်ချင်သည်။ နောက်ပြီး နှစ်သစ်ကူးတွင် သူနှင့်အတူ အိမ်ပြန်ရန် တစ်စုံတစ်ယောက် လိုသေးလား ဟု ပို၍ မေးချင်မိသေး၏။
စာရေးသူ၏မှတ်ချက်-
အရပ်အမြင့်နှင့်ပတ်သက်သော အခြားအချက်အလက်များ- ချန်းခယ့်ယောင် 191၊ ရုန်ယီ 188။ လျိုယွမ် 185၊ ကျိုးလီ 169။ ဤဝတ္ထုတွင် O သည် ဤကဲ့သို့ သေးငယ်သော ဇာတ်ကောင်လေး ဖြစ်သည်။
ကျိုးလီ : ကျွန်တော့်ကို ပစ်မှတ်ထားနေကြတယ်လို့ ထင်မိတယ်။ ဘာလို့ အနည်းဆုံး ကိန်းပြည့်လေးဖြစ်တဲ့အထိ မပြောင်းပေးနိုင်ရတာလဲ။
ကျိုးလီ : ...
ကျိုးလီ : ရိုးရိုးသားသားပြောရရင် ကျွန်တေည် နောက်ထပ် ငါးစင်တီမီတာလောက်တော့ ရှည်နိုင်မယ် ထင်တယ်။