Chapter 78
ဆရာချန်းတော့ ဒုက္ခရောက်ပြီ
ထိုနေ့က ကျောင်းဆင်းသောအခါ မိဘများ လာမကြိုသေးသော ကလေးများသည် အားကစားခန်းထောင့်ရှိ ကြမ်းပြင်ပေါ်တွင် ဂိမ်းကစားရန် စုဝေးနေကြ၏။
ချန်းခယ့်ယောင်သည် ကျောင်းလှုပ်ရှားမှု စာရွက်အချို့ ယူရန် လျှောက်လာသောအခါ ကလေးများကစာရွက်လိပ်လေးများကို ယူလာပြီး တစ်လိပ် ရွေးခိုင်းလေသည်။ သူသည် စက္ကူပုံကြီးကြားတွင် လက်နှိုက်၍ ရွေးချယ်ပုံဟန်ဆောင်ကာ နောက်ဆုံးတွင် အရောင်အသွေး အနည်းငယ် ကွဲထွက်နေသည့် စာရွက်ကို ကောက်ယူလိုက်သည်။
သူ ဖွင့်ကြည့်လိုက်သောအခါ ပန်းနုရောင် ရေဆေးဖြင့် ဆေးချယ်ထားသော ပန်းပွင့်လေးတစ်ပွင့်ကို တွေ့လိုက်ရသည်။
"ဒါက ဆရာ့အတွက် နှင်းဆီပန်းလေးလား"
သူ မေးလိုက်သည်။
“မဟုတ်ဘူး”
ကလေးတစ်ယောက်က သူ၏ ချိုသာသော ကလေးငယ်အသံလေးဖြင့် ပြောသည်။
"ဆရာ မက်မွန်ပွင့်လေးနဲ့ တွေ့ရတော့မယ်"
ချန်းခယ့်ယောင်သည် စနောက်သည့်သဘောဖြင့် ဖွီခနဲ လုပ်မိလုနီးပါးပင် ဖြစ်သွား၏။
“မက်မွန်ပန်းလေးနဲ့ တွေ့ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ သားရဲ့”
"အဲဒါက... အာ... ဆရာ့ကို သဘောကျတဲ့သူနဲ့ တွေ့ရတော့မယ်လို့ ဆိုလိုတာ"
ချန်းခယ့်ယောင်က သူ၏ခေါင်းလေးကို ပွတ်သပ်လိုက်ကာ
"ဒါဆို ကလေးတို့အားလုံးက ဆရာချန်းရဲ့ မက်မွန်ပွင့်လေးတွေပေါ့".
နာရီဝက်ခန့် ကြာသောအခါ မိဘအားလုံးက သူတို့ ကလေးများကို လာခေါ်သွားကြသည်။ ချန်းခယ့်ယောင်သည် လှေကားပေါ်မှ ဆင်းလာစဉ်မှာပင် လမ်းတစ်ဖက်ခြမ်းမှ ရှော့ပင်းမောလ် အဝတွင် လူတစ်ဦးကို တွေ့လိုက်ရ၏။
ထိုအမျိုးသားသည် ရှည်လျားပြီး ပါးလွှာသော ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားကာ အမူအရာကင်းမဲ့သော မျက်နှာဖြင့် တစ်စုံတစ်ခုကို စောင့်နေသည်။
ချန်းခယ့်ယောင်သည် ၎င်းဘက်သို့ မတော်တဆသာ ဖြတ်ခနဲ လှမ်းကြည့်မိလိုက်သော်လည်း ထိုလူကို မြင်လိုက်ရသောအခါ အကြည့်မလွှဲနိုင်တော့ပေ။ ထိုလူ၏ မျက်နှာကို မနီးမဝေးလွန်းသော အကွာအဝေးမှ မြင်နေရသော်လည်း လုံးဝကြီး သဲသဲကွဲကွဲ မသိနိုင်ပေ။ သို့သော်လည်း ထိုအချိန်က ထိုမြင်ကွင်းမှာ ချန်းခယ့်ယောင်၏ ကြည်နူးပျော်ရွှင်မှုကို မထိခိုက်စေခဲ့ပေ။
၎င်းက ဖက်ရှင်တစ်ခုတင်မကပါ။ ထိုကဲ့သို့ ၀တ်စုံမျိုးကို ဝတ်ဆင်ရန်မှာ အမျိုးသားအများစုအတွက် စိန်ခေါ်မှုတစ်ခုပင်။ ကုတ်အင်္ကျီရှည်များမှာ ထူးဆန်းသည့်အရာဖြစ်ပြီး ခြေတံတိုသူများကို ပို၍ပုသွားစေနိုင်၍ ခြေတံရှည်သူများကို ပို၍ အရပ်မြင့်စေနိုင်သည်။
ချန်းခယ့်ယောင်၏အကြည့်က တစ်ဖက်လူ၏အာရုံကို ဖမ်းစားသွားပုံရသည်။
ထိုလူက သူ့ခေါင်းကို လှည့်၍ ကြည့်လာသောအခါ ချန်းခယ့်ယောင်သည် သူခိုးလူမိသွားသကဲ့သို့ အနည်းငယ် အထိတ်တလန့်ဖြစ်သွား၏။ သူသည် ဟိုဘက်ဒီဘက် လှည့်ကြည့်လိုက်ကာ တစ်စုံတစ်ယောက်နှင့် စကားပြောဟန်ဆောင်ရန် ဖုန်းကိုပင် ထုတ်လိုက်သေးသည်။
အချိန်တခဏကြာသည်အထိ ဖုန်းပြောဟန်ဆောင်ပြီး ဂရုတစိုက်ဖြင့် နောက်တကြိမ် ပြန်ကြည့်လိုက်သောအခါ ထိုလူမှာ ထွက်သွားနှင့်ပြီး ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ချန်းခယ့်ယောင်မှာ ချက်ချင်းပင် နောင်တရသွားသည်။
ထိုလူသည် အရပ်အမောင်းနှင့် အသွင်အပြင်အားဖြင့် အတိအကျကို အယ်လ်ဖာတစ်ဦး ဖြစ်နိုင်သည်။ ရုတ်တရက်ကြီး ထိုနေရာသို့ သွား၍ စကားစမြည်ပြောရန် ကြိုးစားကြည့်လျှင် သံသယဝင်သွားနိုင်သော်လည်း သို့မဟုတ် စိတ်မသက်မသာပင် ဖြစ်သွားနိုင်သော်လည်း အောင်မြင်ရန် ရာခိုင်နှုန်းမှာ အခါတစ်သောင်းတွင် တစ်ကြိမ်သာ ဖြစ်မည်ဆိုလျှင်လည်း အခွင့်အရေးတစ်ခု ဖြစ်နိုင်သေးသည်။ ယခုမူ သူ ဤအခွင့်အရေးကို လုံးဝ ဆုံးရှုံးလိုက်ရလေပြီ။ ယခုတော့ မျှော်လင့်ချက် မရှိတော့ချေ။
အယူသီးသည့်လူတစ်ဦး မဟုတ်သော်ငြားလည်း ထိုအခိုက်အတန့်တွင် ချန်းခယ့်ယောင်သည် သူ ရွေးချယ်မိလိုက်သည့် စာရွက်လေးအား အလုပ်ဖြစ်စေရန် အမှန်တကယ် မျှော်လင့်မိခဲ့၏။
ထိုအချိန်မှာပင် လမ်းတစ်ဖက်ခြမ်းမှ ဆူညံသံတစ်ခု ထွက်လာလေသည်။
ချန်းခယ့်ယောင်သည် ကံကြမ္မာ၏ ကောင်းချီးပေးမှုကို ခံရတော့မည်ဟု ခံစားမိလိုက်ရ၏။
မိနစ်နှစ်ဆယ်အကြာတွင် ထိုလူ၏အမည်ကို သိလိုက်ရပြီး တစ်နာရီခွဲကြာပြီးနောက်တွင် သူ၏ WeChat IDကို ရခဲ့သည်။ ထို့နောက် သုံးရက်အကြာတွင် သူနှင့် ပထမဆုံး ချိန်းတွေ့ခဲ့ပြီး တစ်ပတ်အကြာတွင် ချိုမြိန်သော ပထမဆုံးအနမ်းကိုပင် ရရှိခဲ့လေသည်။
ထိုအဖြစ်အပျက်များအားလုံးက လှပဆန်းကြယ်ကာ မယုံနိုင်စရာပင်။ သူ တိမ်တိုက်များပေါ်တွင် ရောက်နေသလို ခံစားရသည်။
ယုန်ပုံစံလက်ကိုင်ပုဝါလေးကို တိတ်တဆိတ် ဝယ်ယူခဲ့သည့်အတွက် အပြစ်ရှိစိတ်ပင် အငွေ့ပျံသွားခဲ့၏။
သူ့ထံမှ ပထမဆုံး နှုတ်ဆက်စာကို စာပြန်ရန်အတွက် သူကိုယ်တိုင် မနက်တိုင်း နှိုးစက် စတင် ပေးခဲ့သည်။
"ဂွတ်မောနင်း"
ထိုစာကြောင်းမှာ တကယ်ကို ရိုးရှင်းသော်လည်း သူ အကြိမ် 300 ခန့် ထပ်ခါတလဲလဲ ဖတ်နိုင်သည်။
ရုန်ယီသည် နူးညံ့သိမ်မွေ့ကာ ရှက်တတ်ပြီး အေးအေးဆေးဆေးနေတတ်သူတစ်ဦး ဖြစ်သည်။
သူသည် ကိုယ်တိုင် စတင်စကားပြောခဲသော်လည်း ချန်းခယ့်ယောင်က သူ့ကို လှမ်းကြည့်လိုက်တိုင်း သူချက်ချင်း ပြုံးသွားလိမ့်မည်။ သူ၏အသွင်အပြင်မှာ နူးညံ့သိမ်မွေ့သော အယ်လ်ဖာပုံစံ ဖြစ်ပြီး သူ၏မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးရယ်လိုက်သည်နှင့် မျက်လုံးထောင့်စွန်းမှ လခြမ်းကွေးသဏ္ဍာန်လေးများက သူ့ကို စွဲမက်ဖွယ်ဖြစ်စေသည်။
ချန်းခယ့်ယောင်မှာ သူနှင့်အတူရှိသည့် မိနစ်တိုင်း ရင်ခုန်ကြည်နူးရသည်။
ဤမျှ ချောမောလှပသော လူတစ်ဦး မည်သို့ ရှိနေနိုင်သနည်း။
အလွန်နူးညံ့သိမ်မွေ့ကာ နားလည်မှုအပြည့်ပေးနိုင်သည့်အပြင် နှလုံးသားကို တဒုန်းဒုန်း ဖြစ်သွားစေနိုင်သည့် အကြည့်များနှင့်။ သူသည် အဘက်ဘက်မှ ပြီးပြည့်စုံ၍သာမက အနမ်းပေးခါနီးတွင် မျက်လုံးများကို ကပျာကယာ မှိတ်လိုက်သည့်အချိန်က အလွန် ချစ်စရာကောင်း၏။
ချန်းခယ့်ယောင်သည် သူ့တစ်သက်တာတွင် ဤမျှ အံဝင်ခွင်ကျဖြစ်မည့် အယ်လ်ဖာတစ်ဦးနှင့် တွေ့ဆုံကာ တစ်ဦးနှင့်တစ်ဦး၏ ပရိုမုန်းများကိုပင် ကောင်းမွန်စွာ လက်ခံနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့ဖူးပေ။
ပျော်ရွှင်မှုက အလွန်တရာ စိတ်ကူးယဉ်ဆန်လှသောကြောင့် အတုအယောင်ဟုပင် ခံစားရသည်။
၎င်းမှာ အမှန်တကယ်ပင် အတုအယောင် ဖြစ်လာခဲ့သည်။
ချန်းခယ့်ယောင်သည် ပျက်စီးသွားသောတံခါးအတွက် အလွန် ဒေါသထွက်မိသောကြောင့် ရယ်သာရယ်ချင်လာတော့သည်။
လိင်အမျိုးအစားနှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းအပေါ် ခွင့်လွှတ်နိုင်ဆဲဖြစ်သော်လည်း သူသည် နူးညံ့သိမ်မွေ့သော သိုးငယ်ဟန်ဆောင်ထားသည့် အမြီးကြီးကြီးနှင့် ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း ထင်ရှား၏။
နောက်တစ်နေ့တွင် သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် ကားကို ပြုပြင်ရန် မောင်းလာသောအခါ မတော်တဆ မဟုတ်ဘဲ လူအင်အားကြောင့် ဟု ယူဆရသော ဤကဲ့သို့ ပျက်စီးမှုမျိုးကို ရဲထံတိုင်ကြားခြင်း မပြုရသေးပါက ပြုပြင်ပေးမည်မဟုတ်ကြောင်း အာမခံကုမ္ပဏီက ပြောကြားခဲ့သည်။
သူတို့နှစ်ဦးမှာ ကောင်းမွန်သော လမ်းခွဲမှုမျိုး မဟုတ်ခဲ့သော်လည်း ချန်းခယ့်ယောင်ကတော့ ဤငွေပမာဏ အနည်းငယ်ကြောင့် ဤမျှ ရက်စက်တတ်သူ အမှန်တကယ် မဖြစ်ချင်ခဲ့ပေ။
သူ ထွက်သွားရန် ပြင်လိုက်စဉ် ဝန်ထမ်းတစ်ဦးက သူ့ကို တား၍ ကားထဲတွင် ID ကတ် ရှာတွေ့ကြောင်း ပြောခဲ့သည်။
ချန်းခယ့်ယောင်သည် ၎င်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီး အရာအားလုံးက မတူညီသောကမ္ဘာတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
လူအနည်းငယ်မျှသာ သူတို့၏ ID ဓာတ်ပုံထဲတွင် အလွန် ကြည့်ကောင်းသည့်ပုံပေါ်နိုင်လေသည်။ ယခုမှဆိုလျှင်ပင် ဓာတ်ပုံဘေးရှိ သေးမွှားသည့် ကျား၊မ နေရာအမှတ်အသားကို သတိမပြုမိခဲ့ခြင်းကြောင့် တရားမျှတသည်ဟု ခံစားမိသေးသည်။
ဤမျက်နှာကနေ မည်သူမျှ အကြည့်လွှဲလိုမည် မဟုတ်ပေ။
ချန်းခယ့်ယောင်သည် တက္ကစီပေါ်တွင် ထိုင်ကာ အိမ်ပြန်ရောက်သည်အထိ သက်ပြင်းချ၍ တုံ့ဆိုင်းနေမိခဲ့သည်။ နောက်ဆုံးတွင် သူသည် ရုန်ယီ၏ကုမ္ပဏီသို့ ID ကတ်ကို အမြန်ချောဖြင့် ပို့ဆောင်ရန် စီစဉ်ပေးခဲ့၏။
နောက်ဆုံး ကိစ္စများအားလုံးကို ပြန်လည်သုံးသပ်ကြည့်သောအခါ သူတစ်ယောက်တည်း နာကျင်ခံစားရခဲ့သည်တော့ မဟုတ်ပေ။
အတူ အချိန်တိုလေးသာ ကုန်ဆုံးခဲ့ရသော အထူးလှပပုံပေါက်သည့် ထိုအမျိုးသားက သူ့ကို အမှန်တကယ် ချစ်ခဲ့ပါသည်။ ဤကိစ္စမှာ တစ်စုံတခုက မူမမှန်ဖြစ်ခဲ့ပြီး သူ့ကိုယ်သူ အတင်းအကြပ် ဖိအားမပေးနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်၏။
တံခါးကို ပြန်လည်ပြုပြင်ပြီးနောက်တွင် ချန်းခယ့်ယောင်သည် ကားတစ်စီးကို အသေးစိတ် သန့်ရှင်းရေး ပြုလုပ်ရန် ချက်ချင်း ပို့ဆောင်ခဲ့သည်။
ထိုညနေခင်းက ရုန်ယီ၏ရနံ့မှာ ကားထဲတွင် ကိန်းအောင်းနေသေးကြောင်း သူ အမြဲလိုလို ထင်ယောင်ထင်မှား ဖြစ်နေသည်။ ကား၏ နေရာအနှံ့တွင် ပြန့်ကျဲနေသော ချိုဖျော့ဖျော့ရနံ့က သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
သူ၏စိတ်ထဲတွင် သူသည် ဤလူနှင့် နောက်တဖန် ရေစက်မဆုံရန် တိတ်တဆိတ် ဆုတောင်းနေခဲ့၏။
အဘယ်ကြောင့်ဆိုသေည် သူ့အတွက် အရာအားလုံးက ခက်ခဲနေလွန်းသောကြောင့် ဖြစ်သည်။
ဘုရားသခင်ကတော့ သူ၏ဆုတောင်းကို ထိုတချိန်လုံး မကြားခဲ့ပေ။
သူ၏အဖေက သူ့အား အချိန်နှင့်အမျှ နားပူနားဆာလာလုပ်နေခြင်းကို ရပ်တန့်ရန် အခြားနည်းလမ်း အများအပြား ရှိပါသည်။ သို့မဟုတ် သူ နောက်ရက်အနည်းငယ် စောင့်နိုင်လျှင် သူ၏ စည်းကမ်းချက်များနှင့်ကိုက်ညီသော အိမ်ငှားတစ်ဦးကို ရှာဖွေရန် လုံလောက်လေသည်။
ချန်းခယ့်ယောင်သည် ထိုအခိုက်အတန့်တွင် ရုန်ယီအား သူနှင့်အတူ နေရန် အဘယ်ကြောင့် တောင်းဆိုခဲ့သည်ကို နားမလည်ခဲ့ပေ။
အချိန်သိပ်မကြာမီ သူ၏အဖေဆီမှ ဖုန်းဆက်လာသောအခါ တကယ်ကို ပျော်ရွှင်အံ့အားသင့်သွားခဲ့ကြောင်း သူ နောက်ဆုံးမှ သိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ့အတွက် အဆင်ပြေစေရန်နှင့် ရုန်ယီကို ဆွဲဆောင်ရန် သင့်တော်ပြီး ယုတ္တိရှိသော အကြောင်းပြချက်တစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။
သို့သော် ချန်းခယ့်ယောင်မှာ ရက်အနည်းငယ်အကြာတွင် ဝမ်းနည်းစပြုလာသည်။
သူ့မျက်နှာပေါ်၌ ပတ်တီးလေးရှိနေဆဲ တစ်ညတွင် ဖိုရမ်သို့သွားကာ ကံကြမ္မာက သူ့အပေါ် ကျီစားခဲ့သည့် နောက်ပြောင်ခဲ့ပုံကို တဂျီဂျီဖြင့် ငိုကြွေးမြည်တမ်းရင်း ရေးသားခဲ့သည်။ ပို့စ်တစ်ဝက်ခန့်အရောက်တွင် သူ ရေးနေသည့် အကြောင်းအရာများက ခေါင်းစဉ်မှ အနည်းငယ် သွေဖည်နေသည်ကို တွေ့လိုက်ရ၏။ သူ၏အဓိက အကြောင်းအရာကို အာရုံပြောင်းစေနိုင်သည့် ရုန်ယီ၏ အသွင်အပြင်အပေါ် ဖော်ပြချက်များက အလွန် များပြားလွန်းနေသည်။ သို့သော် သူ မည်သည်ကိုမျှ ဖျက်လိုစိတ်မရှိခဲ့ပေ။ နှစ်ကြိမ်ပြန်ဖတ်ကြည့်ပြီးနောက် သူသည် စာမရေးနိုင်လောက်အောင်ပင် ခံစားလာရသောကြောင့် စာကြောင်းအနည်းငယ် ထပ်ထည့်လိုက်၏။
သူ၏အတန်းဖော်သူငယ်ချင်းဟောင်း လျိုယွမ်အား ညည်းတွားပြန်သည်။
" မင်း ငါ့ကို မိတ်ဆက်ပေးခဲ့တဲ့ အဲဒီအိမ်ငှားက သူ့ရဲ့ ဒေါသကြီးတဲ့အကျင့်ဆိုးကြီးကြောင့် ရည်းစားတွေနဲ့ပြတ်ခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် သူ့ရုပ်ရည်နဲ့ သူ ကြိုက်တဲ့သူကို ရွေးလို့ရတာပေါ့။ တကယ်တော့ သူက သာမန် အိုမီဂါတွေနဲ့ မတူပေမယ့် ရုပ်ချောတာက ချောတာပဲလေ။ အဲ့တာက ထာဝရအမှန်တရားပဲ"
လျိုယွမ်က စာပြန်လာသည်။
"ငါ တောင်းပန်ပါတယ် ဂေးကောင်ရယ်။ ပုံမှန် အယ်လ်ဖာတွေဘက်ကနေ ကိုယ်စားပြုပေးဖို့ ငါတို့ကို ဖိအားမပေးပါနဲ့"
လျိုယွမ်မှာ အမှန်တကယ်ကို စိတ်သဘောထားသေးသိမ်သည်ဟု ချန်းခယ့်ယောင် တွေးမိလိုက်၏။
သို့သော် ရုန်ယီကလည်း ထိုကောင်လေးကို ဖွင့်ပြောလိုက်ပြီး ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ သေးသိမ်သော စိတ်သဘောထားကို အထင်ကြီးစပြုလာသည်။
နောက်ဆုံးတွင် ရုန်ယီသည် သူ့ရှေ့တွင် သတိကြီးကြီးဖြင့် ဟန်ဆောင်ဖုံးကွယ်မနေတော့သောကြောင့် ချန်းခယ့်ယောင်သည် ပြုံးခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း မဟုတ်သည့် သူ၏ အခြားမျက်နှာများကိုပါ မြင်တွေ့ခွင့်ရခဲ့လေသည်။
သူသည် မကြာခဏဆိုသလို ချန်းခယ့်ယောင်ကို မနှစ်မြို့ပေ။ ခပ်တည်တည်မျက်နှာထားဖြင့် မျက်မှောင်ကြုတ်ကာ သို့မဟုတ်လည်း ခပ်တည်တည်ဖြင့် သူ့ကို စိုက်ကြည့်နေတတ်သည်။ သို့သော် ရံဖန်ရံခါ သူ့ရှေ့တွင် ပြုံးရယ်နေတတ်ပြီး သူ၏ ချက်ပြုတ်မှုအပေါ် ချီးကျူးခံရပြီးနောက်ပိုင်း သိသိသာသာ ဘဝင်မြင့်လာခဲ့သည်။ သူ့ထံမှ အကူအညီတစ်ခုခု ရယူပြီးနောက်တွင် စိတ်လှုပ်ရှားကာ သတိတကြီး အမူအရာဖြင့် ကျေးဇူးတင်စကားပြောရန် ကြိုးစားလေ့ရှိသော်လည်း အနည်းငယ် စနောက်လိုက်ရုံနှင့် ချက်ချင်း စိတ်ဆိုးသွားလိမ့်မည်။
သူ၏ အကျင့်စရိုက်များက ပို၍ ပွင့်ပွင့်လင်းလင်း ဖြစ်လာသည်။
သူ ချက်သော နံရိုးဟင်းက တကယ်ကို အရသာရှိသည်။
သူ၏ရင်ခွင်ထံမှ နွေးထွေးကာ မွှေးကြိုင်သည့် ရနံ့က အလွန် ယစ်မူးစေသည်။
ချန်းခယ့်ယောင်သည် ဓာတ်လှေကားထဲမှ အပြေးအလွှားထွက်လာပြီး အန်ချလိုက်သောအခါ သူ့စိတ်ထဲတွင် လုံးဝ ကမောက်ကမ ဖြစ်နေသည်။
သူ၏အစာအိမ်မှာ တဆတ်ဆတ်တုန်ခါနေပြီး ဦးနှောက်ကလည်း တဝီဝီမြည်နေသည်။ ခန္ဓာကိုယ်၏ တုံ့ပြန်မှုတစ်ခုအဖြစ် မျက်ရည်များ မရပ်မနား စီးကျလာကာ လက်ရန်းပေါ်ရှိ သူ၏လက်များကလည်း တုန်ခါနေလေသည်။
သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက သူ့ကိုသတိပေးနေသည် - မင်း အခု အန္တရာယ်ကြုံနေရပြီ သတိကြီးကြီးထားရမယ်။ မင်း အဲဒီကြောက်စရာကောင်းတဲ့ အတွေးတွေကို ရပ်တန့်မှဖြစ်မယ်။
သူက အိုမီဂါ။ အိုမီဂါတွေက မင်းဘဝတစ်ခုလုံးကို ဖျက်စီးပစ်လိမ့်မယ်။
ရုတ်တရက် လက်တစ်ဖက်က သူ့နောက်ကျောကို ပုတ်လိုက်လေသည်။
"မင်း အများကြီး သောက်လာပြန်ပြီလား"
ရုန်ယီက သူ့ကို မေးလာသည်။
သူ၏လေသံမှာ ခါတိုင်းနှင့်မတူဘဲ သိသိသာသာကို ယစ်မူးစေသေးသည်။ အနည်းငယ် စိတ်ပျက်ငြီးငွေ့နေပုံပေါ်သော်လည်း အထူးသဖြင့် ချစ်စရာကောင်း၏။
ချန်းခယ့်ယောင်က ခေါင်းကို လှည့်၍ ကြည့်လိုက်သည်။
ရုန်ယီ၏ မျက်လုံးများသည် အစတွင် ပြူးကျယ်နေသော်လည်း သူ့မျက်လုံးများနှင့် ဆုံမိသည်နှင့် တပြိုင်နက် မျက်လွှာချသွားသည်။
သူက အနည်းငယ် စိတ်ရှုပ်ကာ အနည်းငယ်လည်း စိုးရိမ်နေပုံရသည်။
"ငါ ကူညီပေးရမလား"
စကားပြောနေရင်းက ခေါင်းကို အနည်းငယ် ငုံ့ချလိုက်သည်။
ချန်းခယ့်ယောင်၏ ဖရိုဖရဲဖြစ်နေသော ဦးနှောက်ထဲတွင် မယုံကြည်နိုင်လောက်အောင် ပြတ်သားပြီး အင်အားကြီးမားသော အတွေးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။
သူ တွေးမိလိုက်သည်က
'ဒီလူက လုံးဝကြီး အန္တရာယ်ရှိတာတော့ မဟုတ်ပါဘူး'
'သူနဲ့ တစ်ချိန်လုံး အတူ ရှိနေရရင် ပျော်စရာကောင်းတယ်လို့ သေချာပေါက် ခံစားမိတယ်'
သူ ငါ့ကို ပွေ့ဖက်ပေးသည့်အချိန်တိုင်း သူ့ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလို့ရလျှင် သိပ်ကောင်းမည်။
ဆရာဝန်က ပြောခဲ့သည်။
'ခင်ဗျားရဲ့ ပါတနာကို အတူ ခေါ်လာရင် ပိုကောင်းမယ်'
ချန်းခယ့်ယောင်သည် အချိန်အတော်ကြာ စဉ်းစားနေပြီးမှ ပြောလိုက်၏။
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
.
နောက်ဆုံး လပေါင်းများစွာ ကြာမြင့်ပြီးမှ ရုန်ယီကို သူနှင့်အတူ ခေါ်ဆောင်နိုင်ခဲ့သည်။
ချန်းခယ့်ယောင်သည် ထိုသို့သော ပျော်ရွှင်မှုနှင့် နာကျင်မှုကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ချစ်ရသူသည် သူ၏ရှေ့တွင် ရှိနေသော်လည်း အနည်းငယ်မျှ ပူးပူးကပ်ကပ် နေ၍မရနိုင်။ မည်သည့် သာမန် အယ်လ်ဖာတစ်ယောက်မဆို ဤကိစ္စအား ဖြေရှင်းရန် အကြံထုတ်ခြင်းကို ရပ်တန့်နိုင်မည်မဟုတ်ပေ။
လိင်ပိုင်းဆိုင်ရာခံယူချက်နှင့် ခံစားချက်အစစ်အမှန် တိမ်းညွှတ်မှုများကြားတွင် ချန်းခယ့်ယောင်သည် သူ၏ဘေးနားက အခြားလူများနှင့် မကွာခြားခဲ့ပေ။
ကံမကောင်းစွာဖြင့် သာမန် အယ်လ်ဖာတစ်ဦးသည် ထိုအကြောင်းကို စဉ်းစားရုံနှင့် မပြီးသွားခဲ့ပေ။ သူသည် ရုန်ယီကို ခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ အမှတ်အသားပေးခဲ့ပြီးဖြစ်သော်လည်း နောက်ဆုံးအောင်မြင်မှုကြီး မရမီ အကြိမ်တိုင်း အစာအိမ်က တဆတ်ဆတ်တုန်ခါခြင်းဖြင့် အဆုံးသတ်သွား၏။
နောက်ဆုံး သူ အရက်မူးအောင် သောက်ပြီး အောင်မြင်စွာဖြင့် 'ပြစ်မှုကျူးလွန်ခြင်း' မတိုင်မီ သူ၏ အောင်မြင်မှုကို ဆင်နွှဲရန် အချိန်မရမီပင် ကြောက်မက်ဖွယ်ကောင်းသော အရာများက ချက်ချင်းဆိုသလို ဖြစ်ပျက်လာခဲ့သည်။
သူ၏အစာအိမ်က စတင် ထုံကျင်ကိုက်ခဲလာခဲ့ပြီးနောက် ရုန်ယီက သူ့အား အစာအိမ်မှန်ပြောင်းကြည့်ရန် အတင်းအကျပ် စေခိုင်းတော့သည်။
မနာကျင်လောက်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ် မေ့ဆေးပြယ်သွားပြီးနောက် ချန်းခယ့်ယောင်သည် လည်ချောင်းနှင့် အစာအိမ်တစ်ခုလုံး တဆက်တည်း မအီမသာဖြစ်နေသည်ဟု ခံစားနေရဆဲ ဖြစ်၏။
နောက်ဆုံး ရောဂါလက္ခဏာခန့်မှန်းချက်မှာ အပေါ်ယံအစာအိမ်ရောင်ခြင်း ဟု အဖြေထွက်လာခဲ့သည်။
"ဟန်နီ ကိုယ် နေလို့မကောင်းဘူး"
အိမ်ပြန်ရောက်သည်နှင့် ရုန်ယီသည် မျက်မှောင်ကြုတ်၍ ဆေးစာကို ဖတ်ကြည့်နေသောကြောင့် ချန်းခယ့်ယောင်က ချွဲနွဲ့လိုက်သည်။
"နောက်တစ်ခါ ဒိန်ချဉ်အေးအေးတွေ ထပ်မသောက်နဲ့ ကြားလား"
ရုန်ယီက ပြောသည်။
“ဒါကို ရေခဲသေတ္တာထဲက ထုတ်ပြီး အနည်းဆုံး နာရီဝက်လောက် အပြင်မှာ ထားလိုက်။ လုံးဝ မအေးတော့ဘူးဆိုမှ သောက်"
“သိပါပြီ”
ချန်းခယ့်ယောင်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့ပါးကို ရုန်ယီနား ကပ်ထားလိုက်သည်။
“ကိုယ့် လည်ချောင်းနဲ့အစာအိမ်က အရမ်း နာနေတာ။ မင်း မနမ်းမချင်း နေလို့ကောင်းမှာမဟုတ်ဘူး"
ရုန်ယီက မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်ပြီးမှ စိတ်မပါတပါနှင့် အနမ်းပေးကာ ဆက်ပြောသည်။
“အခုချိန်ကစပြီး တစ်နေ့ကို ထမင်းသုံးနပ် ပုံမှန်စားရမယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ခန္ဓာကိုယ်ကို အချိန်ပြန်ညှိရမှာဖြစ်လို့ ညနက်တဲ့အထိ မအိပ်ဘဲ မနေနဲ့"
ချန်းခယ့်ယောင်က တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
ရုန်ယီသည် သူ၏အခက်အခဲကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ပေ။ သူက ဆေးစာကို ချလိုက်ပြီးနောက် ချန်းခယ့်ယောင်၏ပါးပြင်ကို အနမ်းပေးလိုက်သည်။
"မင်း ငါ့ကို လိမ်လိမ်မာမာနဲ့ စကား နားထောင်ပါ့မယ်လို့ ကတိပေးထားတယ်လေ"
“…”
ရုန်ယီသည် ဘောလုံးကို ညှစ်ကာ သံဖြင့် အပူပေး ဖြောင့်တန်းထားသည့် စာလုံးကို နံရံတွင် ဘောင်ဖြင့် ချိတ်ဆွဲပြီးမှ မေ့သွားခဲ့သောကြောင့် ချန်းခယ့်ယောင်မှာ ဝမ်းနည်းသွားခဲ့သည်။
ရုန်ယီက သူ့ဆံပင်များကို ထိုးဖွလိုက်ပြီး
“လိမ္မာလိုက်တာ... ဒီည ဖက်ထုပ်စွပ်ပြုတ်လုပ်ပေးမယ်"
ရုန်ယီ ဖက်ထုပ်ရွက်များဝယ်ရန် ထွက်သွားစဉ် ချန်းခယ့်ယောင်သည် အိမ်တွင် ကျန်နေခဲ့ပြီး သူ၏ချစ်သူကို အနည်းဆုံး ထိုဘောင်ကို နံရံမှ ဖြုတ်ကာ အံဆွဲထဲသို့ ထည့်ရန် မည်သို့ ဖြားယောင်းသွေးဆောင်ရမှန်း စဉ်းစားနေခဲ့သည်။
သူကိုယ်တိုင်ဖတ်ရခြင်းကပင် ရှက်စရာ ဖြစ်နေပြီ။ အခြားတစ်ယောက်ယောက်က သူ့အခန်းထဲ ဝင်လာကာ ၎င်းကဘာလဲ ဟု မေးလျှင် သူ မည်သို့ ဖြေရမည်နည်း။
သူက တိုက်ခန်းထဲတွင် လှည့်ပတ်ကာ အဖြေတစ်ခု ရရန် ကြိုးစားနေသည်။ နောက်ဆုံး သူ မီးဖိုချောင်ထဲသို့ ဝင်ကာ ရေခဲသေတ္တာကိုဖွင့်၍ ဒိန်ချဉ်တစ်ဘူးကိုထုတ်လိုက်ပြီး အဖုံးကို ခွါပြီးသည်နှင့်တပြိုင်နက် ချက်ချင်း သောက်ချလိုက်၏။
ဒိန်ချဉ်အေးက သူ၏ဗိုက်ထဲသို့ ရောက်သွားပြီး နေမကောင်းစပြုလာသည်အထိ စိတ်ထဲရှိ အချက်ပေးသံက ထွက်မလာခဲ့ပေ။
လက်ထဲမှ ဒိန်ချဉ်ဘူးကို ဘာလုပ်လို့လုပ်ရမှန်းမသိ တုံ့ဆိုင်းနေချိန် မီးဖိုခန်းအပြင်ဘက်က တံခါးဖွင့်သံ ထွက်လာလေသည်။
ခြေသံများ နီးကပ်လာသည်နှင့်အမျှ ချန်းခယ့်ယောင်မှာ ထိတ်လန့်ကာ ချွေးများပျံလာသည်။
ငါတော့ သွားပြီ။
သူ တွေးလိုက်မိသည်။ ယနေ့တော့ သူ ထပ်၍ အဆဲခံရတော့မည့်ပုံပေါ်သည်။