အပိုင်း ၇၉ (Extra )
Viewers 14k


Chapter 79
: ဦးလေး -1 (မော့ယွီဖေး × အဖေချန်း)

နွေဦးပွဲတော် ရောက်ခါနီးတွင် ချန်းရွှမ်သည် သားဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့၏။

ချန်းခယ့်ယောင်က နှစ်သစ်ကူး အားလပ်ရက်တွင် အခြားတစ်နေရာသို့ ခရီးထွက်ချင်သလား ဟု ဖုန်းနှင့် လှမ်းမေးခြင်း ဖြစ်သည်။

ချန်းရွှမ်မှာ တခဏခန့် နားလည်ရခက်သွားသော်လည်း ချန်းခယ့်ယောင်က တွန့်တွန့်ဆုတ်ဆုတ်ဖြင့် နေရာအမည်ကို ပြောလာသောအခါ ချက်ချင်းဆိုသလို နားလည်သွားသည်။

ထို့နောက် သူက ငတုံးသားလေးကို အလုပ်တစ်ခုရှိနေသောကြောင့် ထွက်လာလို့မရ ဟု ပြောလိုက်သည်။ နောက်ဆုံး သူသည် ယောက္ခမနှစ်ယောက်အား နှုတ်ဆက်စကားပြောရန် ချန်းခယ့်ယောင်ကို ထပ်မံ သတိပေးခဲ့သေးသည်။

သူ့အပေါ်ထားရှိသည့် ချန်းခယ့်ယောင်၏ သဘောထားမှာ ဤနှစ်များတစ်လျှောက်လုံးတွင်အနည်းငယ် ကွဲလွဲမှု ရှိခဲ့သည်။

ထိုအကြောင်းအရင်းကိုလည်း သူ အနည်းနှင့်အများ သိထားပါသည်။ ချန်းခယ့်ယောင်မှာ ဤနှစ်များအတွင်း ယောင်လန် ရုန်းကန်နေရသည်ကို အမြဲ ခံစားမိခဲ့သည်။ ဤကလေးက ငယ်ရွယ်စဥ်တွင် သူနှင့် ပို၍ ရင်းနှီးခဲ့သော်လည်း ကြီးပြင်းလာသည်နှင့်အမျှ သူ့အမေကို သနားလာခဲ့သည်။ လူသားများ၏ ခံစားချက်မှာ အားနည်းသည့်ဘက်ကို အမြဲ တိမ်းစောင်းနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။

ချန်းရွှမ်ကတော့ ထိုကိစ္စအတွက် များများစားစား စိတ်မကောင်းမဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် ဤအဆင်မပြေသည့်အိမ်ထောင်ရေးမှ အမှား အများအပြား ကျူးလွန်မိခဲ့ကြောင်း တဖြည်းဖြည်းချင်း သိလာခဲ့သည်။

သို့သော် မည်သို့ပင်ဆိုစေ ချန်းခယ့်ယောင်ကတော့ သူ့အပေါ် ဂရုစိုက်နေဆဲပင်။

ယောင်လန်နှင့် နှိုင်းယှဥ်ကြည့်လျှင် ချန်းရွှမ်မှာ ယခုအခါ အထီးကျန်ဆန်သောအဘိုးကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။ အခြားအချိန်များတွင် သိပ်ပြီး အရေးမကြီးလှသော်လည်း နွေဦးပွဲတော်အချိန်တွင်တော့ ချန်းခယ့်ယောင်က သူ့ကို တစ်ဦးတည်း မရှိနေစေချင်ပေ။

တစ်မြို့တည်းတွင် နေထိုင်ကြသော သားအဖနှစ်ယောက်မှာ ပိတ်ရက်များတွင် ရံဖန်ရံခါ တွေ့နိုင်ကြသော်လည်း ဇာတိမြို့နှင့် ဝေးကွာသည့် မြို့ပေါ်တွင် နေထိုင်သော ရုန်ယီမှာတော့ ပွဲတော်အချိန်များတွင်သာ မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အခွင့်အရေး ရနိုင်ပေသည်။ ချန်းခယ့်ယောင်သည် နှစ်ဖက်စလုံးကို တစ်ယောက်တည်း မထားခဲ့နိုင်သောကြောင့် သူ့အဖေကို အလည်အပတ်အဖြစ် ခေါ်သွားချင်သည်။

ငယ်ရွယ်သော လူငယ်စုံတွဲလေး အတူ ခရီးသွားရာတွင် အဘိုးကြီး ချန်းရွှမ်မှာ အပိုလူတစ်ယောက်အဖြစ် နောက်မှလိုက်ရန် အလွန် ရှက်ရွံ့မိသည်။

မလိုက် ဟု အငြင်းခံရပြီးနောက် ချန်းခယ့်ယောင်မှာ တုံ့ဆိုင်းနေဆဲ ဖြစ်၏။

သူက ချန်းရွှမ်ကို ပြောသည်။

"ရုန်ယီက အဖေ ကျွန်တော်တို့နဲ့ အတူလိုက်လာမှာကို မကြိုက်မှာ စိုးရိမ်နေတာလား။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် သူ့ကို ပြောပြီးပြီ။ သူ့အတွက် တကယ် ကိစ္စမရှိဘူး လို့ ပြောတယ်"

ဤကလေးသည် အလွန် တုံးအသော်လည်း အလွန် ချစ်စရာလည်းကောင်း၏။

"ငါ တကယ် ဘယ်မှသွားလို့မရဘူးကွ" 

ချန်းရွှမ်က ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဖေးဖေးက နှစ်သစ်ကူးအကြိုနေ့မှာ အဖော်ပြုပေးဖို့ လာလိမ့်မယ်။ ငါ့အတွက် စိတ်မပူနဲ့တော့"

ချန်းခယ့်ယောင်မှာ ချက်ချင်း စကားရပ်သွားသည်။

၎င်းမှာ ချန်းရွှမ်က လုပ်ကြံပြောဆိုသည့်စကားများသာ ဖြစ်သည်။

မော့ယွီဖေးသည် ယခုတလော အလွန် အလုပ်များနေ၏။ နိုင်ငံတဝှမ်းရှိ လူတိုင်းအတွက် နှစ်သစ်ကူးအကြို ပါတီရှိုးများ ရိုက်ကူးရန် ရုပ်မြင်သံကြား ဌာနအများအပြားမှ ကမ်းလှမ်းချက်များ လက်ခံရရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အမှားတချို့ကြောင့် သူ ကြိုးစားလုပ်ကိုင်နေသော ရုပ်ရှင်ရိုက်ကူးရေးမှာ ယခုအချိန်တွင် လုံးဝကို ရှုပ်ထွေးနေလေသည်။

၎င်းတို့မှာ သူနှင့် မနေ့က video chatတွင် မော့ယွီဖေး ပြောခဲ့သည့်စကားများ ဖြစ်သည်။ မူလက ဖုန်းခေါ်ဆိုမှုသာ လုပ်ခဲ့ခြင်း ဖြစ်သည်။ စကားပြောနေရင်း အလယ်လောက်အရောက်တွင် မော့ယွီဖေးက သူ၏ မိတ်ကပ်မလိမ်းထားသော မျက်လုံးနားတဝိုက်ရှိ မျက်ကွင်းညိုမည်းမည်းများကို ပြချင်သည်ဟု ရုတ်တရက် ပြောလာခဲ့သည်။

ဗီဒီယိုထဲတွင် သူသည် ကင်မရာရှေ့တွင် မျက်နှာကို ပြကာ လက်နှင့် မျက်လုံးအောက်ကို ထိုးပြ၍ ကျယ်လောင်စွာ ငြီးတွားပြောဆိုသည်။

“ကြည့်ပါဦး ဦးလေးရယ်။ ကျွန်တော် ဘယ်လောက် သနားစရာကောင်းလဲ။ အရမ်း ပင်ပန်းတာပဲ။ ဦးလေးကို စောက်ရမ်း သတိရတယ်"

ထို့နောက် ခေတ္တရပ်လိုက်ပြီးမှ အသံတိုးတိုးဖြင့် ပြန်ပြင်ပြောလိုက်လေသည်။

 “ဦးလေးကို ကျွန်တော် အရမ်း သတိရတယ်” 

ချန်းရွှမ်မှာ သူ့ကို ကြည့်၍ မရယ်ဘဲ မနေနိုင်ပေ။

"ကောင်းကောင်းအနားယူလိုက်။ လွတ်လွတ်လပ်လပ် အိမ်ပြန်လာလို့ရရင် ဦးလေးကို ကြိုပြော။ ဦးလေး မင်းအကြိုက် ဟင်းပွဲတွေ ချက်ထားမယ်"

မော့ယွီဖေးသည် ဗီဒီယိုထဲတွင် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြခဲ့ပြီး ယခင်ကကဲ့သို့ပင် ချစ်စဖွယ်ကောင်းနေဆဲ ဖြစ်၏။

အမှန်မှာ မော့ယွီဖေး၏ မျိုးရိုးအမည်က "မော့" မဟုတ်ပေ။ သူ၏ ID ကတ်တွင် "ဟန်" ဟု အမည်ရနေဆဲ ဖြစ်သည်။ သို့သော် ယခုတော့ လူအနည်းငယ်လောက်သာ သူ့ကို ဟန်ယွီဖေး ဟု ခေါ်ကြတော့သည်။ အစောပိုင်းနှစ်များတွင် သူသည် ၎င်းကို ပြောင်းလဲရန် ရဲစခန်းသို့ သွားခဲ့သော်လည်း လိုအပ်ချက်များနှင့် မကိုက်ညီသောကြောင့် ပြောင်းလဲခွင့် မရခဲ့ပေ။

ထိုအချိန်တွင် သူနှင့်အတူရှိနေခဲ့သည့် ချန်းရွှမ်မှာ သူကိုယ်တိုင်ထက်ပင် စိတ်ပျက်သွားခဲ့သည်။

 “တကယ်တော့ ဒါက အရေးမကြီးပါဘူး” 

ထိုအချိန်က လူကြီးအရွယ်သို့ ကူးပြောင်းလာပြီ ဖြစ်သည့် မော့ယွီဖေးက သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ 

"ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ကျွန်တော်က မျိုးရိုးနာမည်ကို ချန်း လို့တောင် ယူချင်တာ"

ဤကလေးမှာ အကြံတစ်ခုရပြီးသည်နှင့် သူ့ကိုတားရန် ခက်ခဲပေသည်။ သူ၏ show biz အစီအစဉ်ကို စတင် ထုတ်လွှင့်စဉ်က ချန်းယွီဖေး ဟူသော အမည်ကို သုံးရန် ဆန္ဒရှိခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူက ချန်းရွှမ်စကားကို နားထောင်လိုစိတ် ရှိခဲ့၏။

သို့သော် စကားနားထောင်ခြင်းက သူ လုံးဝ စိတ်မဆိုးပါ ဟု မဆိုလိုပေ။

"ကျွန်တော်က ဦးလေးရဲ့သားအရင်းတစ်ယောက်လို့ မခံစားရဘူး" 

သူက ဆိုသည်။

ချန်းရွှမ်က သူ့ကို ခေါင်းကို ပွတ်သပ်ပြီး ဆုချလိုက်သည်။

“ဘာလို့ ဒီလို အကြင်နာမဲ့တဲ့ စကားမျိုး ပြောရတာလဲ။ ဦးလေးလည်း ဒီလို ကလေးမျိုးကို မလိုချင်ပါဘူးနော်"

မော့ယွီဖေးသည် ခေါင်းကို ငုံ့လိုက်၍ နှုတ်ခမ်းဆူကာ ချန်းရွှမ်ကို အံ့အားသင့်သွားစေမည့် တစ်စုံတစ်ခုကို ပြောလိုက်လေသည်။

“ကျွန်တော် သိပါတယ် ဦးလေး။ ကျွန်တော့် မျိုးရိုး နာမည်ကို မော့လို့ ပြောင်းချင်တာက အမေရဲ့ ပုံရိပ်ကို ကျွန်တော့်ဆီမှာ ရှာချင်လို့မလား”

ထို့နောက် ချန်းရွှမ်၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် သူ အမြန် ပြုံးပြလိုက်၏။

 "ကျွန်တော် စိတ်မဆိုးပါဘူး" 

သူက ပြောသည်။

"ဦးလေး အမေ့ကို သဘောကျသလောက် ကျွန်တော့်ကို သဘောကျဖို့ မျှော်လင့်ပါတယ်"

ခဏတာ အထိတ်တလန့် ဖြစ်သွားပြီးမှ ချန်းရွှမ်သည် နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာပြီး သူ့အကြည့်ကို လွှဲသွားခဲ့သည်။

 “ပေါက်ကရတွေ”

 သူက ဆိုသည်။

အမှန်တကယ်တော့ မော့ယွီဖေးသည် အရွယ်ရောက်လာသည်နှင့်အမျှ သူ့အဖေနှင့် ပိုတူလာသည်။

သူ ပြုံးလိုက်မှသာလျှင် သူ၏မျက်ခုံးကြားမှ လခြမ်းကွေးသဏ္ဍာန်လေးက ချန်းရွှမ်၏ မှတ်ဉာဏ်ထဲရှိ အလှပဆုံးပုံရိပ်တချို့ကို ပြန်လည် မြင်ယောင်လာစေသည်။ သူ နှစ်ခြိုက်မိလွန်းသောကြောင့် မကြည့်ဝံ့ပေ။

သို့သော် ယခုနှင့်မတူဘဲ သူသည် ကလေးဘဝက သူ့အမေနှင့် အလွန် ဆင်တူ၏။ အလွန် ဆင်တူနေလွန်းသောကြောင့် ချန်းရွှမ်သည် သူ့ကို ပထမဆုံး တွေ့ခဲ့စဉ်က ချက်ချင်း မှတ်မိရန် အချိန်မကြာခဲ့ပေ။

အမှောင်ထဲတွင် မေးစေ့ကို လက်နှင့်ထောက်ကာ ခွေးခြေသေးသေးလေးပေါ်တွင် ထိုင်လျက် ကောင်းကင်ကို ငြိမ်သက်စွာ ငေးမောနေသော ကလေးငယ်လေးကို မြင်တွေ့လိုက်ရသောအခါ သူ အံ့ဩသွားခဲ့သည်။

နောက်ဆုံး သူ စိတ်ငြိမ်သွားပြီးသည့်အခါမှ ထိုကလေးနှင့် စကားစမြည်ပြောရန် တက်လာခဲ့သည်။

"ကလေး ဒီလောက် ညဉ့်နက်နေပြီ။ ဘာလို့ ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလဲ"

ကလေးက သူ့ကို မကြည့်ဘဲ မျက်နှာလေးကို မော့ထားဆဲ ဖြစ်သည်။

 "ကြယ်တွေကို ကြည့်နေတာ"

ထို့ကြောင့် ချန်းရွှမ်လည်း ခေါင်းကို မော့ကြည့်လိုက်သည်။

ထူထပ်သော တိမ်တိုက်များနှင့် မြို့၏ လေးလံသော အလင်းရောင် ညစ်ညမ်းမှုအောက်တွင် မီးခိုးရောင် တိမ်တိုက်များကြောင့် မည်သည့်အရာကိုမျှ မမြင်နိုင်ဘဲ လမင်းကြီးပင် အုံ့ဆိုင်းနေလေသည်။

"ကြယ်တွေက ဘယ်မှာလဲ" 

သူက မေးလိုက်သည်။

 “မသိဘူး”

ကလေးငယ်က ခေါင်းခါပြီး ပြောသည်။

“ဦးလေး တစ်ခုခုများ တွေ့မိရင် သားကို ပြောပါဦး” 

ချန်းရွှမ်မှာ မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။

သူက ကိုယ်ကို ကိုင်းချ၍ မေးလိုက်သည်။

“သားက ဘာလို့ ဒီမှာ တစ်ယောက်တည်း ကြယ်တွေကို ကြည့်နေတာလဲ။ သားမိသားစုရော ဘယ်မှာလဲ"

ထို့နောက် ကလေးငယ်က သူ့လက်ကို မြှောက်၍ မှောင်မဲနေသော ကောင်းကင်အား ညွှန်ပြသည်ကို တွေ့လိုက်ရသည်။

"မေမေက ဒီမှာ ရှိသင့်ပေမယ့် အခုတော့ သွားပြီ"

ချန်းရွှမ်သည် သူ့လက်ချောင်းများ ညွှန်ပြရာကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မတွေ့ရတော့ပေ။

ထို့နောက် သူက အောက်ကို ငုံ့ကြည့်၍ မေးလိုက်သည်။

"သားနာမည်က ဟန်ယွီဖေး မလား"

နောက်ဆုံးတွင် ကလေးက သူ့ထံ အကြည့်ရောက်လာလေသည်။

 “ဦးလေး သားကို သိလား”

ချန်းရွှမ်က ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။

 "ဦးလေး သူ့ကို သိတယ်"

ကလေးက နားလည်ရခက်သောပုံစံဖြင့် မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်သည်။

 "သားအဖေ ဘယ်မှာလဲ"

ချန်းရွှမ်က မေးသည်။

"အရမ်း နောက်ကျနေပြီ။ သူက ဘာလို့ သားကို တစ်ယောက်တည်း လွှတ်ထားတာလဲ။ ညစာရော စားပြီးပြီလား"

ထိုစကားကို ကြားသောအခါ ကောင်လေးက အနည်းငယ်တော့ ဝမ်းနည်းသွားပုံရသည်။

 “အဖေက … အလုပ်များနေတယ်”

ထိုအချိန်က မော့ယွီဖေး၏အိမ်မှာ အလွန် စုတ်ချာသည့် အသံမလုံအိမ်ဟောင်းတစ်လုံး ဖြစ်သည်။ သူသည် ချန်းရွှမ်ကို ဦးဆောင်ခေါ်လာကာ ရှုပ်ပွကာ ညစ်ပတ်ပျက်စီးနေသော ခန်းမတစ်ခုကို ဖြတ်၍ နောက်ဆုံး သစ်သားတံခါးဟောင်းတစ်ခုရှေ့တွင် ရပ်လိုက်လေသည်။

“သူက ဒီအထဲမှာ။ ဒါပေမယ့် အခု တံခါးမခေါက်တာ ပိုကောင်းမယ်။ သူ စိတ်ဆိုးသွားလိမ့်မယ်" 

မောယွီဖေးလေးက သူ့အသံကို လျှော့ချပြီး ပြောသည်။

"သားအဖေက စိတ်ဆိုးရင် အရမ်းကြောက်စရာကောင်းတယ်"

သေချာပေါက် ချန်းရွှမ်က တံခါး မခေါက်ပေ။

အတွင်းမှ ကြမ်းတမ်းသော စကားလုံးများနှင့် ညစ်ညမ်းသည့် ဆဲရေးသံများကို ကြားလိုက်ရသောအခါ ကလေးကို ချက်ချင်း ခေါ်သွားချင်စိတ်ပင် ပေါ်သွားသည်။ သူ ဤနေရာသို့ မရောက်လာမီကပင် ထိုလူသည် အကျင့်ဆိုးရှိကြောင်း ကြားသိခဲ့ရသော်လည်း ဤမျှ ဆိုးရွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သို့သော် ထိုစဉ်က ကလေးလေး မော့ယွီဖေးသည် ထိုမျှ စိတ်ထဲမထားခဲ့ပေ။

သို့မဟုတ် သူ ကျင့်သားရနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အံ့အားသင့်မှုနှင့်အတူ ဒေါသတကြီးဖြင့် ချန်းရွှမ်သည် ကောင်လေးကို ထိုလမ်းဟောင်းမှ ခေါ်လာခဲ့သည်။

 “ဗိုက်ဆာလား” 

သူက ငုံ့ပြီး မေးလိုက်သည်။

“ဦးလေးက အရသာရှိတဲ့စားစရာတွေ စားဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား”

သူ့ရှေ့မှ အနက်ရောင်မျက်လုံးကြီးများက ချက်ချင်း တောက်ပသွားသည်။ ထိုနေ့က ချန်းရွှမ်သည် မော့ယွီဖေးကို မပြန်မီ သူ့ဖုန်းနံပါတ် ပေး၍ သူ့ကို အချိန်မရွေး ဆက်သွယ်ရန် ပြောခဲ့သည်။

နှစ်ပတ်ခန့်ကြာသောအခါ သူ့အမှားကို ရုတ်တရက် သိရှိသွားသည်။

ထိုကလေးတွင် လက်ကိုင်ဖုန်း မရှိပေ။ သူ၏အိမ်တွင် ကြိုးဖုန်းကိုလည်း သေချာပေါက် ရှိမည်မဟုတ်။ ထိုနေ့က ညစာစားရန် ခေါ်သွားသောအခါ သူ့ထံတွင် မုန့်ဖိုးတပြားမှမရှိ ဟုပင် ချန်းရွှမ်ကို ပြောခဲ့သေးသည်။

ချန်းရွှမ်က သူ့ကို ပိုက်ဆံ အနည်းငယ် ပေးချင်သော်လည်း သူက လက်မခံခဲ့ပေ။ သူ့အဖေ မြင်လျှင် သိမ်းသွားလိမ့်မည်ဟု ပြောသည်။

သူ့ထံသို့ ဆက်သွယ်ရန် အခြေအနေ လုံးဝ ရှိပုံမပေါ်ချေ။

ထို့ကြောင့် ချန်းရွှမ်သည် သူ့ကို ရှာရန် နောက်ဆုံးအကြိမ်ကအတိုင်း တစ်မြို့လုံးနီးပါးရှိ လမ်းများကို လျှောက်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ထိုမိသားစုမှာ အဆောက်အဦမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။

ဘေးအိမ်မှ အဘွားအိုက သူ့ကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ပြီး မေးသည်။

“လူငယ်လေး မင်း အကြွေးတောင်းဖို့ လာတာ မဟုတ်လား” 

လွန်ခဲ့သည့် တစ်ပတ်ခန့်က အဆိုပါ အမျိုးသားအား မူးယစ်ဆေးဝါးလက်ဝယ်ရရှိမှုဖြင့် ရဲများက ဖမ်းဆီးသွားကြောင်း ချန်းရွှမ်အား သူမက ပြောသည်။ သူ၏သားငယ်လေးကို သူတို့မိသားစုမှ ဝေးကွာနေသော ဆွေမျိုးအရင်းတစ်ယောက်က ခေါ်သွားခဲ့ပုံရသည်။ သူတို့၏ လေယူလေသိမ်းနှင့် အဝတ်အစားများက ဤမြို့မှ မြို့ခံများနှင့် မတူသည်ကို သိရှိခဲ့ရရုံမှတပါး အဘွားအိုသည် ထိုမိသားစုအကြောင်း မည်သည်ကိုမျှ မသိထားခဲ့ပေ။

ချန်းရွှမ်အတွက်မူ သဲလွန်စ လုံးဝ မရှိတော့ချေ။

သူသည် နှစ်ဝက်ကြာသည်အထိ ကြောက်ရွံ့စိုးရိမ်မှုများနှင့် ဖြတ်သန်းခဲ့ရပြီး တစ်နေ့တွင် ထူးဆန်းသော ဖုန်းခေါ်ဆိုမှုတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့လေသည်။

ဖုန်းနံပါတ်မှာ ပုံသေနံပါတ်ဖြစ်ပြီး ချန်းရွှမ်သည် မကိုင်ရသေးမီ spam ဖုန်းခေါ်ဆိုမှု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

အဖြေခလုတ်ကို နှိပ်လိုက်ပြီးနောက် နောက်မှ ဆူညံသံများက ဝေါခနဲ ထွက်လာသောကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ချန်းရွှမ်က ဖုန်းချရန် ပြင်လိုက်စဉ်မှာပင် မဝံ့မရဲအသံတစ်သံက ဖုန်းထဲမှ ထွက်လာလေသည်။

 "ဦးလေး သားကို မှတ်မိသေးလား"

ချန်းရွှမ်သည် အလွန်အမင်း စိတ်သက်သာရာရသွားပြီးနောက် လှိုက်ခနဲ တက်လာသော ဝမ်းသာပီတိကို ခံစားလိုက်ရ၏။

"သားဘယ်မှာလဲ ဖေးဖေး" 

နှစ်နာရီကြာသည်အထိ အဝေးပြေးဘတ်စ်ကားဖြင့် တသွယ်၊ မီနီဘတ်စ်ကားဖြင့် တတန် ထို့နောက် ဖုန်ထူ‌နေသော လမ်းပေါ်၌ နာရီဝက်ကြာ လမ်းလျှောက်ပြီးနောက်တွင် ချန်းရွှမ်သည် သူ တချိန်လုံး စိုးရိမ်နေခဲ့ရသည့် ကလေးငယ်ကို နောက်ဆုံး တွေ့လိုက်ရလေသည်။

သူ့ကို မြင်သောအခါ မော့ယွီဖေးတစ်ယောက် နှာရည်တရွှဲရွှဲဖြင့် ငိုကြွေးခဲ့ပုံကို သူ အမြဲ အမှတ်ရနေသေးသည်။

အစအနောက်သန်သော သက်လတ်ပိုင်းအရွယ် မိဘတစ်ယောက်အနေဖြင့် ဤသို့ ရှက်စရာကောင်းသော ကလေးဘဝအခိုက်အတန့်အကြောင်းကို သူကိုယ်တိုင် ပြောပြသည့်အခါတိုင်း အထက်တန်းကျောင်းသား ဖြစ်နေပြီဖြစ်သော မော့ယွီဖေးမှာ သိသိသာသာပင် မျက်နှာနီရဲသွားလေ့ရှိသည်။

 ထို့နောက် သူက ခပ်တိုးတိုး ပြောသည်။

“ဦးလေး မရယ်နဲ့။ ကျွန်တော် ဦးလေးကို တကယ် လွမ်းနေခဲ့တာ"

အခုလေးတင် စနောက်နေခဲ့သည့် ချန်းရွှမ်မှာ လေးနက်သည့်ပုံပေါ်သွားလေသည်။

 "ဦးလေး ကျွန်တော့်ကို မှတ်မိပါ့မလားလည်း မသေချာဘူး... ကျွန်တော် ဦးလေးကို တစ်ချိန်လုံး ဖုန်းခေါ်ချင်ပေမယ့် သတ္တိမရှိခဲ့ဘူးလေ။ အဲဒီစာရွက်ပိုင်းလေးကို ရတနာတစ်ခုလို သိမ်းထားခဲ့တယ်။ ကျွန်တော် နေ့တိုင်း ထုတ်ဖတ်ပြီး နံပါတ်ကို အလွတ်ရသွားတာတောင် လွှင့်မပစ်ရက်ခဲ့ဘူး”

 ချန်းရွှမ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အခုတော့ အားလုံး ပြီးသွားပါပြီ။ ဒီအကြောင်းတွေ ဆက်မပြောနဲ့တော့"

 မော့ယွီဖေးကတော့ မရပ်တန့်ချင်ခဲ့ပေ။

“အဲ့မတိုင်ခင်က တစ်ကြိမ်ပဲ တွေ့ခဲ့ဖူးပေမယ့် ဦးလေးက တစ်လောကလုံးမှာ ကျွန်တော့်အပေါ် အကောင်းမွန်ဆုံးလူတစ်ယောက်ပဲ”

 ချန်းရွှမ်မှာ စကားမပြောနိုင်တော့ချေ။

သူသည် ထမင်းစားဖို့ ခေါ်သွားကာ ကလေးနှင့် စကားစမြည်ပြောပေးရုံတင်။ မုန့်ဖိုးလေးပင် ပေးရန် မတတ်သာခဲ့။

ဆိုးရွားမှုပေါင်းများစွာကြားတွင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သောကြောင့်သာ သူ၏ သေးငယ်သော ကြင်နာမှုလေးက အလွန် ကြီးကျယ်ခမ်းနားပုံပေါ်သွားခဲ့ခြင်း ဖြစ်ပါလိမ့်မည်။


Xxxxxxx