Chapter 80
ဦးလေး-2 ( မော့ယွီဖေး x ဖေဖေချန်း )
မော့ယွီဖေးခမျာ ရွာမှဆွေမျိုးသားချင်းများ၏ပြန်ခေါ်ခံရပြီးနောက်ပိုင်းဆိုးရွားလွန်းသောဘဝကိုရောက်သွားခဲ့သည်။
သူသည်ကျောင်းမသွားခင်နှင့်ကျောင်းမှပြန်လာပြီးသည့်နောက် အလုပ်များစွာကူညီပေးခဲ့သော်ငြား သူ၏ကျောင်းစာများ သို့မဟုတ် အိမ်စာများပြန်လုပ်ရန် အချိန်မပေးနိုင်ရှာချေ။ ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏ပတ်ဝန်းကျင်မှလူများ၏ သဘောထားများပင်။
ရွာမှလူတိုင်းနှင့်ကျောင်းက သူ့အား "ထောင်ထွက်ရာဇဝတ်ကောင်လေး" ဟုသိထားကြသည်။ လူကြီးများက နောက်ကွယ်တွင်သာတီးတိုးပြောတတ်လင့်ကစား ကလေးများမှာပါးစပ်ပိတ်မထားနိုင်ကြချေ။
"ငါ့အဖေကမင်းနဲ့မကစားရဘူးလို့ပြောထားတယ်"
"မင်းအမေကသတ်သေသွားတာလား၊ ဘာလို့သူ့ကိုယ်သူသတ်သေတာလဲ"
"ငါကြားဖူးတာတော့မင်းကမင်းအမေကိုမြစ်ထဲတွန်းချလိုက်တာတဲ့!"
မော့ယွီဖေးသည်အစပိုင်းတွင်မည်သို့မျှမကြံတတ်နိုင်စေကာမူ နောက်ပိုင်းတွင်အနှီသူတို့၏ဇာတ်လမ်းအတိုင်း မျှောလိုက်သွားခဲ့ပြီးအဓိပ္ပါယ်မရှိသည့်စကားများလည်းစတင်ထွက်လာကြသည်။
ချန်းရွှမ်ရေးထားခဲ့သည့် စားသောက်ဆိုင်၏လက်ကမ်းကြော်ငြာစာရွက်ပေါ်မှဖုန်းနံပါတ်သာ သူဘဝ၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့သည်။
ချန်းရွှမ်ကထိုအကြောင်းကိုသိသွားသည့်အချိန်တွင် မော့ယွီဖေးသည်ချန်းခယ့်ယောင်နှင့် သူ၏အချစ်အတွက်ပြိုင်ဆိုင်ရင်းအလုပ်များနေခဲ့သည်။
အဆိုပါကောင်လေးနှစ်ယောက်သည် စတင်တွေ့ဆုံကြချိန်တည်းမှခင်ခင်မင်မင်ရှိကြသည်ဟူ၍တစ်ခါမှမရှိ။ တိတိကျကျပြောရပါမူ မော့ယွီဖေးကသာ ချန်းခယ့်ယောင်နှင့်ခင်မင်ရန်ငြင်းဆန်ခဲ့သည်။ သည့်အပြင်ချန်းခယ့်ယောင်သည်တော်ရုံဒေါသမထွက်တတ်ဘဲ အခြားသူများကိုခြေတစ်လှမ်းစောယူကာ တိုက်ခိုက်ခြင်းမှာလည်းရှားသည်။
အထူးသဖြင့် မော့ယွီဖေးသည်အချိန်အများစုတွင် အလိုက်အထိုက်နေနိုင်သူတစ်ယောက်ပင်။
သူသည်ချန်းခယ့်ယောင်တစ်ယောက်တည်းရှေ့တွင်သာ ဇီဇာကြောင်နေတတ်ပြီး ပွင့်လင်းရန် ပေါ်ပေါ်ထင်ထင်နှင့်လျို့ဝှက်၍ပါပြိုင်ဆိုင်နေတတ်သည်။ အမှန်တကယ်ဆက်ဆံရခက်သောလူတစ်ယောက်နှယ် သူသဘောကျသည့်လူကိုသာရွေးချယ်ပေါင်းသင်းတတ်သည်။
ချန်းခယ့်ယောင်က ဆက်ဆံရလွယ်ကူသည်။ ပုံမှန်အားဖြင့် သူအချိန်အတန်ကြာအောင်ပစ်မှတ်ထားမခံရလျှင် လုံးဝသတိထားမိမည်မဟုတ်၊ ထို့ကြောင့် သူအစပိုင်းတွင်ကောင်းကောင်းမဆက်ဆံချင်သည်မှာအံ့ဩစရာမဟုတ်ပေ။
မော့ယွီဖေး၏တည်ရှိမှုကို မနှစ်မြို့သည့်ယောင်လန်က ချန်းရွှမ်ကိုနေ့တိုင်းခေါင်းကိုက်စေသည်။
သူ့ထံတွင်ရွေးချယ်စရာမရှိတော့သည့်တိုင် မော့ယွီဖေးနှင့်သီးသန့်ပြောဆိုရတော့သည်။
"မင်းဘာလို့မင်းအစ်ကို ကို အဲဒီလောက်တောင်သဘောမကျရတာလဲ"
မော့ယွီဖေးကခေါင်းယမ်း၍: "ကျွန်တော်လည်းသူ့ကိုသဘောမကျပါဘူး"
"အဲဒါဆိုလည်းမင်းဘာလို့သူ့ကို အမြဲတမ်းကလန်ကဆန်လုပ်နေတာလဲ"
ချန်းရွှမ်ကဆိုလေသည်။
"ငါယောင်ယောင်အကြောင်းကောင်းကောင်းသိတယ်၊ သူကရိုးသားပြီးစကားလည်းကောင်းကောင်းပြောတယ်၊ တခါတေလေတာ့ လူတွေကိုဘာမှမသိဘဲထိခိုက်အောင်လုပ်တတ်ပေမဲ့ ဆိုးတဲ့ရည်ရွယ်ချက်မျိုးမရှိပါဘူး၊ သူဘာမှမှားတာမလုပ်ခဲ့ရင် စိတ်ထဲမထားပါနဲ့၊ မင်းဦးလေးငါ့ကိုထောက်ထားပြီးတော့လေ ဟုတ်ပြီလား"
မော့ယွီဖေးသည်ခေါင်းငုံ့ထားသည်၊ အချိန်အကြာကြီးနှုတ်ဆိတ်နေပြီးနောက်ဆုံးမှပြောလာသည်: "သူကကျွန်တော့်အစ်ကို၊ သူခင်ဗျားကိုအဖေလို့ခေါ်ရင် ကျွန်တော်လည်းခင်ဗျားကိုဦးလေးလို့ခေါ်မယ်"
"....."
"မတရားလိုက်တာ"
သူပြောလိုက်မိသည်။
"ဘာလို့များမင်းရဲ့ကလေးကိုမွေးမိတာလဲ"
ချန်းရွှမ်က သူ၏ခေါင်းကိုအသာပုတ်သည်။
"မင်းအမေငါနဲ့ဇာတ်လမ်းဖြစ်ခဲ့ရင်တောင် ငါတို့မင်းကိုမွေးဖြစ်မှာမဟုတ်ဘူး"
ကောင်လေးနှစ်ယောက်ကြားမှပြိုင်ဆိုင်မှုသည် ချစ်သူအဖြစ်နှင့်အဆုံးသတ်သွားသောအဖြစ်က ချန်းရွှမ်ကိုပို၍ပင်ခေါင်းကိုက်သွားစေသည်။
သူတို့နှစ်ယောက်အကြားရှိလေထုသည် ထူးဆန်းနေသည်ကိုသတိထားမိချိန်တွင် ချန်းရွှမ်အများကြီးမတွေးမိသေး။ နှစ်ယောက်လုံးကိုလက်တွဲလျက်သားဖြင့် ရပ်ကွက်အနီးမှပန်းခြံတွင်မထင်မှတ်ဘဲတွေ့လိုက်ရသည့်အချိန်အထိ။
မော့ယွီဖေးကလမ်းတစ်ဖက်ကို ညင်သာသောအပြုံးရှိမျက်နှာဖြင့်ကြည့်နေခိုက် ချန်းခယ့်ယောင်ကခေါင်းငုံ့ထားပြီး တစ်ခုခုအားတီးတိုးပြောနေသည်။
ဘာကိုမှမသိကြသေးသောဖြူစင်သည့်ဆယ်ကျော်သက်လေးနှစ်ယောက် အချစ်တွင်ပျော်ဝင်နေပုံမှာရင်ထဲတွင်အထိရှဆုံးဖြစ်စေသည်။
သို့သော် ချန်းရွှမ်မှာပျော်မနေခဲ့ပေ။
အစိုးရိမ်လွန်နေသောအဖေအိုကြီးခမျာ ကလေးနှစ်ယောက်အားစကားပြောရန်အခွင့်အရေးရှာရတော့သည်။
ချန်းခယ့်ယောင်သည်ကလေးအရွယ်တည်းကပြောဆိုရလွယ်ကူသည်။တစ်ခါက သူကလေးအရွယ်တွင်ထိန်းသိမ်းရန်ခွန်အားများ ပြည့်ဝနေခဲ့သည်၊ သို့ထိတိုင် သူ့အားသိုင်းသင်တန်းကျောင်း၏ဂျုနီယာအတန်းသို့ပို့လိုက်သည်နှင့် ဒဏ်ရာရတော့သည်။
သူသည်ကလေးအရွယ်နှင့် ငယ်ရွယ်သည့်အချိန်တွင်ယဉ်ကျေးခဲ့သည်၊သို့သော် ထိုအချိန်ခန့်၌သာ သူ၏ဘဝတွင်ပုန်ကန်မှုအသေးစားကိုတွေ့ကြုံရရန်ဖြစ်လာသည်။
ချန်းရွှမ်ကတားလေ သူအချစ်စစ်ကိုပိုလိုချင်လာလေပင်။
ချန်းခယ့်ယောင်နှင့်မော့ယွီဖေးသည် ကွာခြားသည်။ မော့ယွီဖေးသည်သဘောထားပျော့ပျောင်းကာ သူ့အားတွယ်ကပ်နေတတ်သော်ငြားချန််းခယ့်ယောင်သည်အဆိုပါလှည့်ကွက်လေးအားနားမလည်။ သားအဖနှစ်ယောက်သည် သူတို့လမ်းခွဲချိန်အထိ စားပွဲကိုရိုက်ကာအချင်းချင်းအော်ဟစ်နေခဲ့ကြသည်
ချန်းရွှမ်သည် တစ်ကြိမ်ပင်စည်းကမ်းတင်းကျပ်သောအဖေမျိုးမဖြစ်ခဲ့သလို သူ၏သားအရှေ့တွင်လုပ်ပိုင်ခွင့်များကင်းမဲ့နေခြင်းမျိုးလည်းမရှိခဲ့။ သူ့ထံတွင်ရွေးချယ်စရာမရှိတော့လင့်ကစား မော့ယွီဖေးထံမှစတင်ရလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း မော့ယွီဖေးသည်အပြတ်အသတ်သဘောထားကွဲလွဲသွားခဲ့သည်။
ချန်းရွှမ်၏ရည်ရွယ်ချက်ကိုကြားရသည်နှင့် မော့ယွီဖေးကချက်ချင်းမဆိုင်းခေါင်းငုံ့ကာမေးခဲ့သည်: "ကျွန်တော်ကကျွန်တော့်အစ်ကိုနဲ့မတန်လို့လား"
"သေချာပေါက်မတန်ဘူးပေါ့"
ချန်းရွှမ်ကလည်းပြောလိုက်သည်။
"မင်းကအရမ်းကောင်းပါတယ် ဖေးဖေး၊ မင်းနဲ့ယောင်ယောင်တို့နှစ်ယောက်လုံးတော်ကြပါတယ်၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးကအတူတူပဲလေ၊ နားလည်တယ်မလား"
"ကျွန်တော်နားမလည်ဘူး"
မော့ယွီဖေးကပြောခဲ့သည်။
"ကျွန်တော့်အဖေနဲ့အမေက လိင်မတူဘူး၊ ဒါပေမဲ့ သူကကျွန်တော်နဲ့ကျွန်တော့်အစ်ကိုတို့အတူရှိနေတာထက်ပိုကောင်းလာလို့လား"
ချန်းရွှမ်မတုံ့ပြန်လာခဲ့ပေ။
"ဒါမှမဟုတ် မြေးမချီရမှာစိုးရိမ်လို့လား"
မော့ယွီဖေးက: "ဖြေရှင်းဖို့လွယ်ပါတယ်၊ အစ်ကိုကသူနဲ့ကလေးယူဖိုတစ်ယောက်ယောက်ကိုရှာလို့ရတယ်"
"မင်းဘာတွေပြောနေတာလဲ"
ချန်းရွှမ်မျက်နှာကမှုန်ကုပ်နေသည်။
မော့ယွီဖေးကား ပေါ့ပေါ့တန်တန်သဘောထားကာပြောနေဆဲ: "ကျွန်တော်ကိုယ့်ကလေးလိုမျိုးစောင့်ရှောက်မှာပါ၊ လက်ထပ်ပြီးသွားရင်လည်း ကျွန်တော့်ကိုအဖေလို့ခေါ်လို့ရတယ်"
"မရဘူး"
ချန်းရွှမ်ကကြိုးစားပြီးဖြတ်ပြောသည်: "မင်းဒီကိစ္စနဲ့ပတ်သတ်ပြီးယောင်ယောင်ကိုပြောပြီးပြီလား"
"မပြောရသေးဘူး၊ ဒါပေမဲ့ သူလက်မခံနိုင်စရာအကြောင်းမရှိပါဘူး၊ ဟုတ်တယ်မလား"
မော့ယွီကပြုံးကာဆိုသည်: "အန်ကယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်အန်ကယ့်ကို အဖေလို့ခေါ်လို့ရလား"
ချန်းရွှမ် သက်ပြင်းချခေါင်းယမ်းကာ: "ဖေးဖေး၊ မင်းတကယ်ကိုငါ့ကလေးဖြစ်ချင်ရင်၊ မင်းလုပ်ဖို့မလို...."
"ကျွန်တော်သူ့ကိုကြိုက်တယ်...စိတ်ရင်းနဲ့ပါ"
ချန်းရွှမ်ပြောသည်မှာ: "ဒါပေမဲ့ ဒီလမ်းကမင်းအတွက်ခက်လိမ့်မယ်၊ ဦးလေးကမင်းတို့နှစ်ယောက်ကိုတစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေသွားစေချင်တာပါ၊ မင်းနားလည်ရဲ့လား"
"ကျွန်တော်အခုပျော်နေတယ်လေ...ဘာလို့လျှောက်တွေးနေရတာလဲ၊ တသက်လုံးဆိုတာကဘယ်လောက်ကြာမှာလဲ၊ ကျွန်တော်မနက်ဖြန်သေသွားရင်ရော၊ အဲဒါဆို ကျွန်တော်ဒီနေ့အစ်ကိုနဲ့လမ်းမခွဲတော့ဘူး၊ ဒါဆိုကျွန်တော်တသက်လုံးပျော်ရွှင်ရလိမ့်မယ်"
"ဖေးဖေး၊ မင်းဘာတွေပြောနေပြန်ပြီလဲ?"
ချန်းရွှမ်မှာအကူအညီမဲ့လာသည်။
"မင်းဘာလို့ဒီလိုမျိုးယူဆရတာလဲ"
"ကျွန်တော်တစ်ခါသေခဲ့ပြီးပြီ"
မော့ယွီဖေးကသူ့ကိုကြည့်လာသည်။
"ကျွန်တော်ကကျွန်တော့်နှလုံးသားနောက်ကိုလိုက်နေရုံပါ၊ အဲဒါကတကယ်ဆိုးနေလို့လား"
ချန်းရွှမ်မှာလုံးဝကိုပြောစရာမရှိတော့ပါချေ။
မော့ယွီဖေးသည် ယမမင်း၏တံခါးဝကိုတစ်ကြိမ်ဖြတ်ခဲ့ဖူးသည်။သူ၏အမေသည် လောကကြီးတွင်းမှပျောက်ကွယ်သွားရန်မြစ်ထဲခုန်ချရာ၌ သူ့ကိုပါသူမနှင့်အတူခေါ်သွားခဲ့သည်။ သူ့အားလူကောင်းတစ်ယောက်ကရေထဲမှဆွဲတင်ခဲ့ချိန်တွင် သူအသက်မရှူတော့ပေ။
ချန်းရွှမ်က ထိုအကြောင်းအကုန်လုံးကိုသိခဲ့သည်၊ အကြောင်းမှာ နှစ်များစွာကြာသောအခါ သူ့ကိုတစ်ယောက်မှတွေ့သွားပြီးသူပေးခဲ့ရသည့်ဆေးရုံစရိတ်များကိုမေးမြန်းခဲ့သည်။
၎င်းသည် မော့ယွီဖေးကအဖြစ်အပျက်ကိုသူကိုယ်တိုင်ပထမဆုံးအကြိမ်ပြောပြခြင်းဖြစ်သည်၊ တည်ငြိမ်သည့်အသံဖြင့်မဟုတ်သည့်တိုင်၊ သူ့အားဘာမှမပြောနိုင်တော့သောခံစားချက်ကိုချန်ရစ်ထားခဲ့သည်။
သူနောက်ဆုံးတွင် မော့ယွီဖေးအားမေးလိုက်သည်: "မင်းဘာလို့ယောင်ယောင်ကိုကြိုက်တာလဲ"
မော့ယွီဖေးကမဖြေ။ ပြုံးသာပြုံးနေသည်။
ထိုအချိန်က ချန်းရွှမ်သည် ၎င်းကဆယ်ကျော်သက်များသူတို့ချစ်ရသူများအကြောင်းပြောရသည့်အခါ မလွဲမသွေဖြစ်တတ်သည့်ရှက်ခြင်းမျိုးဟုထင်ခဲ့သည်။
ကလေးနှစ်ယောက်လမ်းခွဲပြီး နှစ်အနည်းငယ်ကြာမှ နောက်ဆုံးတွင်မော့ယွီဖေးထံမှအဖြေကို သူကြားခဲ့ရသည်။
ချန်းခယ့်ယောင်၏ဒေါသနှင့်အကြင်နာတရားမရှိခေါင်းမာတတ်မှုတို့နှင့်နှိုင်းစာလျှင် မော့ယွီဖေးကပိုတည်ငြိမ်သည်။ အဆုံးမရောက်ခင်အထိ သူသည်ချန်းခယ့်ယောင်၏အချစ်ကိုပြန်ရရန်ကြိုးစားနေပြီး သူ၏စိတ်ထားကိုအောက်တန်းကျလုနီးပါးဟုပင်ဖော်ပြရမည်။
သို့သော် ၎င်းကအလုပ်မဖြစ်ခဲ့။ အနှီယောကျ်ားသည်အခြားအချိန်များတွင်စိတ်ထိန်းထားရလေ၊ ဒေါသထွက်သောအခါ ပိုကာကြောက်မက်ဖွယ်ကောင်းလာလေပင်။
"သူက ကျွန်တော်သူ့ကိုချစ်တယ်ပြောတဲ့အခါတိုင်း သူပါရွံစရာကောင်းလာတယ်တဲ့"
မော့ယွီဖေးက ချန်းရွှမ်ကိုပြောပြခဲ့သည်။
"တကယ်တော့ ကျွန်တော်ရင်ကွဲနာကျတာကိုလည်းခံစားရပါတယ်"
ချန်းရွှမ် ဘာပြောရမှန်းပင်မသိတော့။
"ဦးလေး"
မော့ယွီဖေးသည် နက်နက်ရှိုင်းရှိုင်းခံစားနေရပုံဖြင့်: "ကျွန်တော်ဦးလေးကိုအဖေလို့ခေါ်ဖို့အခွင့်အရေးနောက်ထပ်မရှိတော့ဘူးထင်ပါတယ်"
"ငါသူ့ဘက်ကလိုက်ပြောတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတစ်ခါမင်းလုပ်တဲ့ကိစ္စကသိပ်မှားတယ်"
ချန်းရွှမ်က: "မင်းသူ့နေရာကိုဝင်ကြည့်ရင် သူနောက်တစ်ယောက်နဲ့တွဲနေတာကိုမြင်တဲ့အခါ မင်းစိတ်မဆိုးပဲနေမှာလား"
"ဟင့်အင်း၊ ကျွန်တော်စိတ်မဆိုးပါဘူး"
ချန်းရွှမ်မှာ ပြောရန်စကားပျောက်ဆုံးသွားကာရယ်ပင်ရယ်မိလိုက်၏။
"လူတိုင်းကတစ်ခါအသတ်ခံရတာကြောင့်သာမဟုတ်ရင် အဲဒီအတိုင်းတွေးမှာပဲ"
မော့ယွီဖေးကခေါင်းယမ်း၍: "လူအများစုတွေးတဲ့အတွေးကိုကျွန်တော်သိတယ်၊ သူတို့ကိုယ်သူတို့ ရှင်းပြရခက်တဲ့စည်းမျဉ်းတွေနဲ့တုပ်နှောင်ထားတယ်၊ ပြီးတော့ စည်းမစောင့်တဲ့လူတွေကို ဒုစရိုက်သမားတွေလို့ခေါ် ကြတယ်၊ ဦးလေး ကျွန်တော့်ကိုရောဒုစရိုက်သမားလို့ထင်လား"
ချန်းရွှမ်ကခေါင်းခါပြသည်။
မော့ယွီဖေးက ပုံမှန်မဟုတ်ဟူ၍သာသူထင်ခဲ့သည်။ သူ၏သွန်သင်ဆုံးမမှုများက အနှီသူကိုဤလောကကြီးနှင့်စိမ်းသက်စေခဲ့သည်။ ဤေလာကကြီးအတွင်း သူ့ကိုယ်သူပျော်ရွှင်မှုအပြည့်ဖြင့်ဖုံးကာထားသည်။
ချန်းရွှမ်ကသူ့အားအပြစ်မတင်ရဲပေ။
"ဆိုတော့ မင်းကအမြဲမင်းလုပ်ချင်တာပဲလုပ်နေတာပေါ့"
မော့ယွီဖေးကတုံ့ဆိုင်းနေပြီးမှခေါင်းခါပြန်သည်။
"မဟုတ်ဘူး၊ ကျွန်တော်လုပ်ရမှာကိုကြောက်တာတွေလည်းရှိတယ်"
"တကယ်ကြီးလား "
ချန်းရွှမ် သူ၏မျက်ခုံးများကိုပင့်လိုက်မိသည်။
အချိန်အတန်ကြာ တိတ်ဆိတ်မှုကြီးစိုးထားပြီးနောက် မော့ယွီဖေးကရုတ်တရက်ပြောသည်: "ဦးလေး၊ အစ်ကိုကဦးလေးနဲ့တူတယ်သိလား"
"အဲဒီတော့...?"
"တကယ်ပြောတာ၊ မျက်နှာတင်မကဘူး၊ လေသံရော အကျင့်ရော အသံရော အကုန်တူတယ်"
မော့ယွီဖေးကပြောလာသည်။
"အဲဒါကြောင့် ကျွန်တော်သူ့ကိုကြည့်လိုက်တိုင်း ဦးလေးကိုမြင်နေရသလိုပဲ သဘောကျတယ်..."
အရွယ်ရောက်ပြီးသူတိုင်း မသင့်တော်သည့်အခါ မည်သို့နားမလည်ချင်ဟန်ဆောင်ရမှန်းသိကြသည်။
ထို့ကြောင့် ချန်းရွှမ်သည်သူ၏မိတ်ဆွေလေးကိုရယ်ကာ စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
နောက်တစ်ချက်အနေဖြင့် ချန်းရွှမ်သည် ချန်းခယ့်ယောင်နောက်ထပ်ဂေးတစ်ယောက်ရှာတွေ့သွားမည်ကိုစိုးရိမ်မိသည်။
လူတိုင်းသည်သူတို့၏ဘဝကို ပလေတိုစတိုင်ကဲ့သို့အချစ်စစ်ဟုခေါ်သောအရာနှင့် နေထိုင်သွားရန်ဆန္ဒမရှိကြချေ။ သူ၏သားကို ပိုလွယ်ကူပြီးစိတ်ချမ်းသာရမည့်ဘဝမျိုးတွင်နေထိုင်ရန် ရွေးချယ်စေချင်သည်။
သူသည်အိမ်ထောင်ပြိုကွဲခဲ့ဖူးပြီး ချန်းခယ့်ယောင်ကိုလည်းသူ့နည်းတူအမှားမျိုးမဖြစ်စေချင်ပေ။ အဆိုပါ ရှည်ကြာပြီးကျဉ်းကျပ်သောအိမ်ထောင်ရေးက လူတိုင်းကိုလုံးဝကွဲပြားသည့်ပုံစံဖြစ်စေနိုင်သည်။
ချန်းရွှမ်သည် ယောင်လန်ကိုအချိန်တစ်ခုထိ မုန်းတီးခဲ့ဖူးသည်။
သူမထံမှလွှမ်းမိုးမခံခဲ့ရလျှင် သူသည်ကွဲပြားခြားနားသည့်ဘဝမျိုးရနိုင်မည်။ မော့ယွီဖေး၏အမေက ကံဆိုးသည်ဟုမခံစားခဲ့ရလျှင်ပင်သူမအိမ်ထောင်ရေးက လူရွေးမှားခဲ့သည်။
သူတို့လမ်းခွဲကြသည့်အခါ ချန်းရွှမ်သည်ရုတ်ချည်းပင် ယောင်လန်သည်လည်းသူ့အားတူညီသောအကြောင်းပြချက်ဖြင့်အမြဲမုန်းတီးနေခဲ့သည်ကိုသိလိုက်ရသည်။
သူတို့နှစ်ယောက်သည် နှစ်ဦးနှစ်ဖက်ညှင်းပန်းနေခဲ့ပြီးအလွန်အကျည်းတန်လာခဲ့သည်။ သူတို့မည်မျှမှားခဲ့သည်ကိုမသိမချင်းအဆုံးသတ်ချိန်အထိ စိတ်မသက်သာခဲ့ကြချေ။
ရုပ်ပိုင်းဆိုင်ရာတွန်းထုတ်မှုကြောင့်ဖြစ်လာသော ညီညွတ်မှုမရှိသောအိမ်ထောင်ရေးမှာ ကြာရှည်တည်မြဲရန်ခက်ခဲသည်။ သူချန်းခယ့်ယောင်အားထိုအတိုင်း မဖြတ်သန်းစေလိုပေ။
ချန်းရွှမ်သည် မော့ယွီဖေးကသူ့အားပုံမှန်အတိုင်းဖုန်းခေါ် ပြီး သူချန်းခယ့်ယောင်ထံမှ နောက်တစ်ခါကြိမ်းမောင်းခံရကြောင်းပြောလာသည်အထိ စိုးရိမ်နေခဲ့သည်။
"ဒါပေမဲ့ သူ့ရဲ့လက်ရှိပါတနာကလည်းအတော်လေးကောင်းပါတယ်"
သူပြောလာသည်။
"ဦးလေး သူ့ကိုအချိန်တိုင်းစိတ်မပူပါနဲ့၊ ကျေးဇူးပြုပြီးကျွန်တော့်ကိုပဲပိုဂရုစိုက်ပေးပါလား"
"ငါမင်းကိုအလုံအလောက်ဂရုမစိုက်ပေးခဲ့လို့လား"
ချန်းရွှမ် သူ့ကိုယ်သူတွေးနေလိုက်သည်။
သို့သော် ထိုကေလးက အခွင့်အရေးကိုအရယူပြီးတောင်းဆိုချက်များပိုများလာစေမည်စိုး၍ ထုတ်မပြောခဲ့ပေ။
"သူ့ကိုကြည့်ရတာသဘောကောင်းပုံရတော့ သူတို့ကိုသွားမရှုပ်နဲ့တော့"
မော့ယွီဖေးသည် ခဏတာငြိမ်နေပြီးမှပြန်ဖြေသည်။
"အိုး! ဦးလေးစကားနားထောင်ပါ့မယ်"
နောက်ပိုင်း အရာအားလုံးအဆင်ပြေသွားခဲ့သည်။
ချန်းခယ့်ယောင်ကမထင်မှတ်ဘဲ သူ့ပါတနာ၏မိဘများကတွေ့ဆုံပွဲလုပ်ချင်သည်ဟုပြောသည်။ တွေ့ဆုံပွဲအပြီး သူတို့သည်အပြန်အလှန်ပင် အကျိုးအကြောင်းသင့်ပြီးလက်ခံရနိုင်သည့်လူများဖြစ်မှန်းသိခဲ့ရသည်။ ရုန်ယီကိုယ်တိုင်ပင်ချန်းခယ့်ယောင်ကိုပျော်ရွှင်အောင်လုပ်နိုင်သည်။ ဖြောင့်မတ်ပြီး အပေါ်ယံတင်မဟုတ်ဘဲအပေးအကမ်းရက်ရောသည်။ ရုန်ယီကိုကြည့်လေ၊ သူထိုသူပိုသဘောကျလာလေပင်။
ချန်းခယ့်ယောင်ကသူနှင့်အတူ နှစ်သစ်ကူးကိုမကုန်ဆုံးနိုင်လျှင်ပင် ချန်းရွှမ်သည် ဆိုးရွားသည်ဟုမခံစားရတော့ပေ။
ကလေးတစ်ယောက် ကြီးပြင်းလာလျှင် သူ၏ကိုယ်ပိုင်မိသားစုနှင့်ကိုယ်ပိုင်ဘဝရှိသင့်သည်။ ဤအသက်အရွယ်တွင် သူလည်းပွဲတော်အားလပ်ရက်များကိုအလွန်အမင်း ဂရုမစိုက်တော့ချေ။ သူ့အားအဖော်ပြုပေးမည့်သူမရှိလျှင်လည်း ပုံမှန်နေ့ရက်အတိုင်းပျော်နေနိုင်သည်။
ဆိုလိုသည်မှာ နှစ်သစ်ကူးပွဲတော်တွင်သူတစ်ယောက်တည်းစားစရာအနည်းငယ်ပိုချက်ရုံပင်။
ထမင်းစားစားပွဲတွင်ထိုင်ကာ ထမင်းဟင်းအကျန်များကအနည်းဆုံးနှစ်ရက်ခန့် ခံနိုင်မည့်အကြောင်းတွေးနေစဉ် ရုတ်တရက်ဖုန်းဝင်လာခဲ့သည်။
"ဦးလေး၊ အမြန်အောက်ဆင်းလာခဲ့၊ ကျွန်တော်ကိုယ်ဟာကိုယ်အများကြီးသယ်လာမိတယ်၊ ဦးလေးကူညီဖို့လိုတယ်"
မော့ယွီဖေးသည် စိတ်လှုပ်ရှားပျော်ရွှင်နေသည့်အသံဖြင့် ဖုန်းထဲမှအော်ဟစ်နေသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော့်အတွက်ပြင်ဆင်ပေးထားပါလို့ပြောဖို့မေ့သွားတယ်"
Xxxxx