အပိုင်း ၈၃ (Extra )
Viewers 14k


Chapter 83 - 
ဖခင်လောင်းတစ်ယောက်၏ နေ့စဉ်ဘဝ


ရုန်ယီသည် ချန်းခယ့်ယောင်က သူ့အား နုနယ်ပျက်စီးလွယ်သော အန္တရာယ်ရှိသည့် ကုန်ပစ္စည်းတစ်ခုအဖြစ် အပြည့်အဝ ဆက်ဆံနေသည် ဟု ခံစားလာရသည်။

 ချန်းခယ့်ယောင်အား အနီရောင် လိုင်းနှစ်ကြောင်းပေါ်နေသော ကိုယ်ဝန် စစ်ဆေးတံကို ပြ၍ "ဒါ မင်းအတွက် ငါ့ရဲ့ Valentine's Day လက်ဆောင်ပဲ" ဟု ပြောခဲ့သည်မှာ တစ်လကျော်ရှိသွားပြီ ဖြစ်သည်။

ရုန်ယီသည် ရံဖန်ရံခါ ဗိုက်အောင့်ခြင်းမှလွဲ၍ မည်သည့်လက္ခဏာမျှ ထူးထူးခြားခြား မခံစားခဲ့ရပေ။

သူသည် စိတ်ကောင်းဝင်နေကာ အစာစားချင်စိတ် ပြင်းပြကာ ခွန်အားများအပြည့်ဖြစ်နေသည့်အတွက် သူ၏စိတ်ခံစားချက်က အမှန်တကယ် ကောင်းမွန်နေလေသည်။ ဆေးရုံတွင် ဆေးစစ်ကြည့်ပြီးနောက် ရလဒ်များအားလုံးမှာ ပြီးပြည့်စုံကြောင်း ဆရာဝန်က ပြောကြားခဲ့သည်။

 ချန်းခယ့်ယောင်ကတော့ လက်မခံခဲ့ပေ။

ရုန်ယီသည် ဧည့်ခန်းရှိ လျှပ်စစ်စွမ်းအင်ချွေတာသော မီးသီးကို ပြောင်းလဲတပ်ဆင်ရန် ထိုင်ခုံပေါ်သို့ တက်လိုက်သောအခါ သူ တုန်လှုပ်သွားပြီး အော်ဟစ်ကာ ရုန်ယီထံသို့ ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ရောက်လာပြီး သူ၏မျက်နှာမှာ လုံးဝ ဖြူဖျော့နေလေသည်။

"ဆင်း ဆင်း။ အရမ်း အန္တရာယ်များလွန်းတယ်။ ကိုယ် လုပ်ပေးမယ်"

ရုန်ယီသည် မူလက အတော်လေး လုံခြုံသည့် အခြေအနေတွင် ရှိသော်လည်း ယခုမူ သူလည်း အလွန် ထိတ်လန့်သွားကာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။

"မင်း နည်းနည်းလေးများ အကြောက်လွန်နေတာလားလို့"

ချန်းခယ့်ယောင် မီးသီး လဲပြီးနောက်တွင် ရုန်ယီမှာ သူ၏ထင်မြင်ချက်အတိုင်း မထိန်းနိုင်ဘဲ ပြောမိလိုက်သည်။

“ငါ မီးလုံးတွေ အများကြီး လဲဖူးပါတယ်။ ထိုင်ခုံပေါ်ကနေ တစ်ခါမှ မပြုတ်ကျဖူးပါဘူး”

"မတော်တဆဆိုတာ ရှိတယ်လေ"

ချန်းခယ့်ယောင်က သူ့ဖုန်းကို အိတ်ကပ်ထဲက ထုတ်ပြီး သူ့အား screenကို ပြရင်း ပြောလိုက်သည်။

 "ဘယ်အရောင် ပိုကောင်းမယ်ထင်လဲ"

ရုန်ယီသည် မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်၏။ - ၎င်းက ရေချိုးခန်းတွင် ချော်မလဲအောင် ခင်းသည့် အခင်းပြားများ ဖြစ်သည်။

“ငါ ရေချိုးနေရင်းနဲ့လည်း တစ်ခါမှ ချော်မလဲဖူးပါဘူး”

 "လှတယ်မထင်ဘူးလား" 

ချန်းခယ့်ယောင်က ဆိုသည်။

 "အလှဆင်ဖို့သက်သက် သုံးမလို့ပါ"

ဟင့်အင်း။ လုံးဝ မလှဘူး။ ချန်းခယ့်ယောင်၏ အလှအပအပေါ် အမြင်မှာ ရုန်ယီကိုပင် သူ၏ရုပ်ရည်အသွင်အပြင်နှင့် ပတ်သက်၍ သံသယဝင်စေမိသည်။

 "တစ်ခု ရွေးပေး" 

ချန်းခယ့်ယောင်က သူ့ကို မျှော်လင့်တကြီး ကြည့်နေရှာသည်။

 “…”

 ရုန်ယီက လက်လျှော့လိုက်ပြီး 

“ဒါဆိုလည်း အလင်းဖောက်တဲ့အရောင်လေး ထားလိုက်”

ချန်းခယ့်ယောင်သည် ချော်မလဲစေသည့်အခင်းပြားများသာမက ထူးဆန်းသောအရာများစွာကိုလည်း ဝယ်ယူခဲ့သည်။ တစ်နေ့ ရုန်ယီ အလုပ်မှ အိမ်ပြန်ရောက်သောအခါ ပရိဘောဂများအားလုံး၏ ထောင့်များကို ထူးဆန်းသော ပလပ်စတစ်ရောင်စုံများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရလေသည်။

“အခု သူတို့နဲ့ ဆောင့်မိမှာ စိုးရိမ်စရာ မလိုတော့ဘူး”

ချန်းခယ့်ယောင်က ထိုအကြောင်း ရှင်းပြလာသည်။

"ဒါပေမယ့် ငါ သူတို့ကို ဝင်တိုက်မိရင်တောင် ကြီးကြီးမားမား ဘာမှ ဖြစ်မှာ မဟုတ်ဘူးလေ" 

ထမင်းစားပွဲ၏ ထောင့်လေးထောင့်မှာ အနီ၊ အဝါ၊ အပြာနှင့် လိမ္မော်ရောင်များအဖြစ် ပြောင်းလဲသွားသည်ကို ရုန်ယီက ကြည့်ပြီး ပြောသည်။

"အိမ်မှာ သူ့ဟာသူ လမ်းလျှောက်နေရင်း စားပွဲထောင့်နဲ့ ဘယ်သူက ဆောင့်မိမှာလဲ"

“ကိုယ်တို့အတွက်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကလေးတွေကတော့ မတူဘူးလေ။ သူတို့ကို အကာအကွယ် လုပ်ထားတာက ပိုလုံခြုံတယ်”

 ချန်းခယ့်ယောင်က ဆိုသည်။

ရုန်ယီမှာ မည်သည်မျှ ပြန်မပြောနိုင်တော့ပေ။ ကလေးလေးက အိမ်အနှံ့ ပြေးလွှားနိုင်သည့်အရွယ်အထိ ကြီးပြင်းလာရန် အနည်းဆုံး နှစ်အနည်းငယ်တော့ ကြာဦးမည် ဖြစ်သည်။ ဤလူအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် အချိန်စောလွန်းနေသည် မဟုတ်ပါလား။

ပတ်ဝန်းကျင်တစ်ခုလုံး တလက်လက် တောက်ပနေသည့် သက်တံရောင်များကို ကြည့်လိုက်သောအခါ ရုန်ယီ မျက်စိကန်းလုနီးပါးပင် ခံစားလိုက်ရသည်။

"တော်တော် ကြည့်ရဆိုးတယ်လို့ မထင်ဘူးလား" 

သူက မေးလိုက်သည်။

"ကလေးတွေက အရောင်တွေကို သေချာပေါက် သဘောကျမှာ" 

ချန်းခယ့်ယောင်ကတော့ သူ့ကိုယ်သူ ကျေနပ်နေပုံရသည်။

ထိုအရာများအားလုံးကို ဖျက်ရန် ချန်းခယ့်ယောင်ကို အမိန့်ပေးပြီးနောက် ရုန်ယီသည် သူ၏အခန်းထဲတွင် ထူးဆန်းသော လျှပ်စစ်ပစ္စည်း ကိရိယာတစ်ခုကို ခပ်မြန်မြန် ရှာတွေ့သွားသည်။

 “ဒါက ဘက်စုံသုံး အစောပိုင်း သင်ကြားရေးစက်”

 ချန်းခယ့်ယောင်က ပြောသည်။

“သုံးနှစ်အောက် ကလေးတိုင်းအတွက် သင့်တော်တယ်တဲ့။ အစောပိုင်း ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် သူက …”

 "...အစ်မကြီးလန်က မင်းရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဘာလို့ တစ်လုံးလောက် မဝယ်ခဲ့လဲ သိချင်မိတယ်" 

 ရုန်ယီက ရေရွတ်လိုက်သည်။

 "အဲ့တာက စျေးချနေတာနဲ့..." 

ချန်းခယ့်ယောင်က ပြောသည်။

ရုန်ယီသည် သက်ပြင်းအရှည်ကြီး ချမိလိုက်၏။

ထို့နောက် ချန်းခယ့်ယောင်သည် ကိုယ်ကို ငုံ့ကိုင်းကာ သူ၏ဗိုက်နားကပ်၍ ဖခင်တစ်ဦးအမူအရာဖြင့် စတင် စကားပြောလာသည်ကို ကြည့်လိုက်မိပြန်သည်။

"ကလေးလေးရေ... ဖေဖေက ကလေးအတွက် ဝယ်လာတာနော်။ ကြိုက်ရဲ့လား"

ရုန်ယီ၏ စိတ်ထဲတွင် "ဘုရား ဘုရား"

ကိုယ်ဝန်ဆောင်ခြင်းမှာ မိခင်များ၏ဉာဏ်ရည်ကို 3 နှစ်ကြာသည်အထိ နိမ့်ကျစေသည်ဟု လူအများကပြောကြသော်လည်း သူ၏မိသားစုတွင်တော့ ၎င်းက ချန်းခယ့်ယောင်ထံတွင် ဖြစ်သွားပုံရသည်။

"ပုံမှန် လှုပ်နေတယ်လို့ ခံစားရလား" 

ချန်းခယ့်ယောင်က စိတ်အားထက်သန်စွာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

 “ဘယ်လိုလုပ် ခံစားရမှာလဲ” 

ရုန်ယီက ခေါင်းခါယမ်းလိုက်သည်။

"လာစမ်းပါ။ အခုမှ သုံးလတောင် မပြည့်သေးပါဘူး။ မင်း အချိန်တစ်ခုလောက် မစောင့်နိုင်ဘူးလား"

မျက်မှောင်ကြုတ်ကာ တခဏ စဉ်းစားပြီးနောက်တွင် ချန်းခယ့်ယောင်သည် ရုန်ယီ၏ ပြားချပ်နေဆဲဖြစ်သော ဗိုက်လေးနားသို့ သူ့နားကို ကပ်လိုက်သည်။

 "ဘာကြားရလဲ"

 ရုန်ယီက မေးသည်။

 "ဗိုက်ဆာနေလား" 

ချန်းခယ့်ယောင်က ပြန်မေးသည်။

ရုန်ယီမှာ ယခုတလော အလွန် အလွယ်တကူ ဗိုက်ဆာလာတတ်သည်။

ချန်းခယ့်ယောင်သည် သူ အလုပ်သွားရသော ရက်များ၌ နေ့လည်တွင် အပြင်စာများ ဆက်လက် မှာစားနေမည်ကို စိုးရိမ်မိပြီး မနေ့ညက စားကြွင်းစားကျန်များမှာလည်း ကျန်းမာရေးနှင့် မညီညွတ်ဟု ယူဆသောကြောင့် နေ့စဥ်နေ့တိုင်း အထူးနေ့လည်စာကို ပို့ပေးလေ့ရှိသည်။

သူ ငှားရမ်းထားသော အချိန်ပိုင်း စားဖိုမှူးသည် မနက်တိုင်း လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ပေးပြီး အရသာလည်း ကောင်းမွန်သည်။ ရုန်ယီက ၎င်းကို အလွန် နှစ်ခြိုက်သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းမှာ အပေါ်ယံ အနည်းငယ်လေးမျှ ဟု တွေးမိပြန်သည်။

ချန်းခယ့်ယောင်သည် နေ့လည်စာထမင်းကို သူ့ထံ ပို့ပေးရုံသာမက မနက်တိုင်း ညနေတိုင်း အလုပ်ခွင်ထဲသို့ လိုက်ပို့ပေးသည်။

မကြာမီပင် ရုန်ယီထံတွင် သူ့အပေါ် လုံးဝ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတတ်သော အယ်လ်ဖာတစ်ဦး ရှိနေမှန်း ကုမ္ပဏီတစ်ခုလုံး သိသွားကြသည်။

ရုန်ယီမှာ တိတ်တိတ်ကလေး ဂုဏ်ဆာနေခြင်း မဟုတ်ပါ ဟု ပြောလျှင် လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။

“ကျွန်တော် သူ့ကို မနှောင့်ယှက်ဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူက မရပ်တန့်နိုင်ခဲ့ဘူး။ အင်းပေါ့လေ.."

ရုန်ယီသည် လူအများရှေ့၌ ကြွားဝါးနေချိန်တွင် အမှန်တကယ် သူကိုယ်တိုင်လည်း ဤအရာများကို အစစ်အမှန်ဟု မယုံကြည်နိုင်သေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်ခန့်က အဆုံးမရှိသော ချစ်ခြင်းကင်းမဲ့သည့် ဘဝတစ်ခု၏အဆုံးသတ်တွင် သူ တစ်ယောက်တည်း သေဆုံးရတော့မည် ဟုသာ ယုံကြည်ထားခဲ့လေသည်။

ချန်းခယ့်ယောင်သည် သူ့ဘဝအတွင်းရှိ အံ့အားသင့်စရာများထဲမှ အကြီးမားဆုံးတစ်ခု ဖြစ်သည်မှာ မလွဲမသွေပင်။

အံ့အားသင့်စရာ နံပါတ်နှစ်မှာ သူ့ဗိုက်ထဲတွင် ဇီးသီးစေ့အရွယ်သာ ရှိသေးသော အရာလေး ဖြစ်သည်။

အမှန်တော့ ရုန်ယီသည် ဘဝသစ်လေးတစ်ခု သူတို့ထံ ရောက်ရှိလာကြောင်း အတည်ပြုချက်ကို ပထမဆုံး ရရှိခဲ့စဉ်က ကြည်နူးပျော်ရွှင်သည်ထက် များစွာ တုန်လှုပ်သွားခဲ့လေသည်။

သူနှင့် ချန်းခယ့်ယောင်တို့သည် ထိုအချိန်က လက်ထပ်စာချုပ်ပင် မရှိခဲ့သေးသလို သူတို့နှစ်ဦး၏ ကမ္ဘာတွင် အတူ ကုန်ဆုံးရသည့် အချိန်များက မရှိသလောက်ကို နည်းပါးသည်။ သူတို့ အကြိမ်တိုင်းတွင် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ရ၏။

နောက်ပိုင်းတွင် သူနှင့် ချန်းခယ့်ယောင်တို့သည် ကွန်ဒုံးအရည်၏ သန္ဓေတားဆီးနှုန်းမှာ ၉၆.၇% မြင့်မားသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိခဲ့သော်လည်း ၎င်းဘေးတွင် စာကြောင်းလေးတစ်ကြောင်းက ရှိနေခဲ့သည်။

“မျိုးပွားလမ်းကြောင်းအတွင်း သန္ဓေတားဆီးနှုန်းမှာလည်း 64.4% မြင့်မားသည်”

ရုန်ယီသည် 64.4% ၏ဘေးတွင် "မြင့်မားသည်" ဟူသော စာလုံးကို သူတို့ မည်သို့ ရေးနိုင်ခဲ့မှန်း နားမလည်နိုင်ခဲ့ပေ။

သို့သော် ရုန်ယီနှင့် ချန်းခယ့်ယောင်သည် မိသားစုဝင်အသစ်လေးကို ကြိုဆိုရန် မပြင်ဆင်ရသေးသော်လည်း ရောက်ရှိလာချိန်တွင်လည်း မစောင့်မျှော်ဘဲ မနေနိုင်ကြပေ။

ထိုရက်များအတွင်းက ချန်းခယ့်ယောင်မှာ ပြင်ဆင်မှုများကို အရူးအမူး လုပ်နေခဲ့သည်။ ချစ်သူများနေ့အပြီးတွင် သူတို့၏လက်ထပ်စာချုပ်ကို အလျင်အမြန် ပြင်ဆင်ပေးလာသောအခါ ရုန်ယီက ပျော်ရွှင်နေခဲ့သည်။

သို့သော် မကြာမီတွင် သူ မောပန်းလာခဲ့သည်။

စိတ်အနှောက်အယှက်အဖြစ်ရဆုံးအပိုင်းမှာ ဆွေမျိုးအပေါင်းအသင်းများ၏ရှေ့တွင် သူ၏ ပျော်ရွှင်မှုကို ထုတ်ကြွားရခြင်းက ကျေနပ်စရာကောင်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ အနည်းငယ် ဂနာမငြိမ်ဖြစ်စပြုလာသည်။

ဆရာဝန်က ကိုယ်ဝန်ပထမသုံးလမှာ တည်ငြိမ်မှု အနည်းဆုံး ကာလ ဖြစ်၍ မတော်တဆဖြစ်နိုင်ချေအများဆုံး ဖြစ်သည့်အတွက် ဖခင်ဖြစ်သူက သူ့ကိုယ်သူ ထိန်းချုပ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ချန်းခယ့်ယောင်က အလွန်အမင်း ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။

ရုန်ယီ နာကျင်စပြုလာသည့်အချိန်အထိ။

အမှန်တကယ်တော့ ကိုယ်ဝန်ရှိနေမှန်း သူတို့ မသိခဲ့မီတွင် အပြင်းအထန် လေ့ကျင့်ခန်းများ မပြတ်မလပ် ပြုလုပ်ခဲ့သော်လည်း အရာအားလုံး အဆင်ပြေနေခဲ့သည်။ ယခုတော့ အထဲတွင် ကလေးလေး ရှိနေပြီဆိုတာ သိလိုက်ရသောအခါ ရုန်ယီသည် သန္ဓေလမ်းကြောင်းကို မထိခိုက်မိရန် သတိထားသရွေ့တော့ ပြဿနာ မဖြစ်လောက် ဟု ထင်ထားခဲ့သည်။

ချန်းခယ့်ယောင်က ပူးပေါင်းဆောင်ရွက်ပေးခြင်း မရှိသည်မှာ နှမြောစရာပင်။

 “မဟုတ်ဘူး။ မင်း နားမလည်ပါဘူး” 

သူက ပြောသည်။

"ဘာမှ မလုပ်တာထက် သတိထားဖို့က ပိုခက်တယ်"

ရုန်ယီ တကယ်ကို နားမလည်နိုင်။

လုံးလုံး မလိုက်လျောလျှင်တောင်မှ ပွေ့ဖက်ကာ ထိတွေ့ပေးရုံမျှနှင့် အဆင်ပြေလိမ့်မည် မဟုတ်ပါလား။ သို့သော် ချန်းခယ့်ယောင်သည် အိပ်ယာပေါ်မှ တဝက်တပျက် ကိုယ်လုံးတီး ဖြစ်နေသော ရုန်ယီကို တစ်ချက်လောက် ကြည့်ရန်ထက် ခေါင်းအုံးကိုဖက်ကာ ဖခင်လောင်းများအတွက် လေ့ကျင့်ရေး ဗီဒီယိုများ ကြည့်ခြင်းကို ပို၍ အားသာလေသည်။ 

ရုန်ယီက သူ့ကို ရာဇသံပေးလာသည်။

"မင်း အခု လာပြီး ငါ့ကို မနမ်းရင် ငါ ဒီတိုင်း ဒီတိုင်း ......"

ခြိမ်းခြောက်မှု တစ်ဝက်တစ်ပျက်အရောက်တွင် သူ့ထံ၌ ချန်းခယ့်ယောင်ကို ခြိမ်းခြောက်စရာ ဘာတစ်ခုမှ မရှိမှန်း သဘောပေါက်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ချန်းခယ့်ယောင်က အလွန် စကားနားထောင်ခဲ့သည်။ ခေါင်းအုံးကို ပွေ့ထားလျက်က အမြန် ပြေးလာကာ ရုန်ယီ၏နဖူးကို ဖျတ်ခနဲ နမ်းလိုက်ပြီး ကွန်ပြူတာဆီသို့ အမြန် ပြန်ပြေးသွားသည်။

ရုန်ယီ ထပ်ပြီး စိတ်မဆိုးနိုင်တော့ပေ။

"မင်း အဲ့လောက်တောင် ကလေးထိန်းရတာ ဝါသနာ ပါနေရင် ကလေးလေး မွေးလာတဲ့အခါ ထိန်းဖို့က မင်းအလုပ်ပဲ" 

သူက ဗလုံး‌ဗထွေး ရေရွတ်လိုက်သည်။

ချန်းခယ့်ယောင်က သူ့ဘက် လှည့်လာပြီး 

"မင်း ကိုယ်နဲ့ ပြိုင်လုချင်မှာ ကြောက်ရတယ်"

ရုန်ယီသည် သူ့ကို လျစ်လျူရှုပြီး စောင်အောက်တွင် ဝင်လှဲလိုက်၏။

ဗီဒီယိုမှ ညွှန်ကြားသည့်အတိုင်း ချန်းခယ့်ယောင်သည် သူ၏ခေါင်းအုံးကို အနည်းငယ် လွှဲချီလိုက်ပြီး ပြောလာသည်။

“ကိုယ် သူ့အတွက် နာမည် နည်းနည်း စဉ်းစားထားတယ်။ မင်း ကြည့်ချင်လား"

ရုန်ယီသည် စောင်အောက်မှ လက်တစ်ဖက်ကို ထုတ်လာကာ 

“ငါ့ကို ပြ”

ချန်းခယ့်ယောင်က စာရွက်တစ်ရွက်ကို ပြထားသည့် သူ့ဖုန်းအား ကမ်းပေးလိုက်သည်။

 “သူ့အတွက် ကိုယ့်မှာ မျှော်လင့်ချက်နဲ့ ဆန္ဒတွေ အရမ်း များနေတဲ့ပုံပဲ။ ဘယ်လို ရွေးချယ်ရမလဲ မသိဘူး။ ကိုယ် လောဘအရမ်းကြီးပြီး သနားစရာ ကလေးအပေါ် ဖိအားတွေ အများကြီး ပေးမိမှာ ကြောက်တယ်။ ပိုစဥ်းစားလေ မဆုံးဖြတ်နိုင်လေပဲ"

ချန်းခယ့်ယောင်က ပြောသည်။

 “…”

ရုန်ယီသည် စာမျက်နှာအပြည့်အမည်များကို ကြည့်ကာ ပြောလိုက်၏။

 “‌ခေါ်လို့အကောင်းဆုံးတစ်ခုကို ရွေးလိုက်ပါ”


.......

 စာရေးသူမှတ်စု-

အင်း...... ငါတို့ သူ့ကို ဘယ်လို ခေါ်ရင် ကောင်းမလဲ...