Chapter 84 -
မိုးကြိုးလေး၊ လျှပ်စီးလေးနှင့် ကျိုးလီ (1)
လျိုယွမ် လျှပ်စီးလေးကို မွေးစားဖြစ်ခဲ့ခြင်းက လုံးဝ မတော်တဆမှုတစ်ခုသက်သက်သာ ဖြစ်သည်။
ထိုနေ့က သူ အိမ်တွင် စာရွက်စာတမ်းအချို့ မေ့ကျန်ခဲ့သောကြောင့် နေ့လယ်စာစားချိန်တွင် ပြန်ယူရန် အိမ်သို့ထွက်လာခဲ့သည်။ သူ၏တိုက်ခန်းအပြင်ဘက်တွင် ဘေးအိမ်မှ ဆယ်နှစ်မကျော်သေးသည့် ကလေးမလေးက ရင်ခွင်ထဲတွင် ဖောက်ထွင်းမြင်နေရသော သေတ္တာလေးတစ်လုံးကို ပိုက်လျက် ငုတ်တုတ်လေးထိုင်ကာ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရ၏။
လျိုယွမ်လည်း အနားသို့ လျှောက်သွားပြီး ထိုင်ချလိုက်သောအခါ ကလေးမလေးက မော့ကြည့်၍ ငိုသည်။
"ကိုကို လျိုယွမ်.. ဖွားဖွားက သမီးရဲ့ ပဲစေ့လေးကို လွှင့်ပစ်ဖို့ ပြောတယ်"
သူမက ပြောသည်။
လျိုယွမ်သည် မျက်မှောင်ကြုတ်ကာ သေတ္တာထောင့်ရှိ သစ်သားတုံးများကြားတွင် ကွေးနေသော အဖြူရောင်လုံးလေးကို ကြည့်လိုက်သည်။ သူ ဘာလုပ်ရမှန်းမသိစွာ ခေါင်းကို ကုတ်လိုက်မိ၏။
သူသည်လည်း မူလတန်းကျောင်းသားဘဝတုန်းက အိမ်မွေးတိရစ္ဆာန်အဖြစ် ဟမ်းစတားလေးတစ်ကောင် မွေးခဲ့ဖူးသည်။
၎င်းမှာ မီးခိုးရောင်လေးဖြစ်ပြီး နောက်ကျောတွင် ငွေရောင်လိုင်းလေးများဖြင့် အလွန် ချစ်စရာကောင်းကာ လှပသည်။ လျိုယွမ်က ၎င်းကို မိုးကြိုးလေး ဟု အမည်ပေးခဲ့သည်။
မိုးကြိုးလေးသည် သေတ္တာထဲသို့ လက်လှမ်းလိုက်သည်နှင့် သင်၏လက်ဖဝါးထဲသို့ ခုန်ဝင်မည့် အထူးဖော်ရွေသော ဟမ်းစတားတစ်ကောင် ဖြစ်သည်။ ထိုအချိန်က လျိုယွမ် အနှစ်သက်ဆုံးအရာမှာ သူ၏လက်ချောင်းများပေါ်တွင် ရေအနည်းငယ် ဆွတ်၍ လှောင်အိမ်နားတွင် ကပ်ထားကာ မိုးကြိုးလေးက လက်ချောင်းထိပ်များကို လာလျက်သည့်အချိန်ထိ စောင့်ဆိုင်းရခြင်းဖြစ်သည်။
၎င်းက သူ့နှလုံးသားတစ်ခုလုံးကို နူးညံ့နွေးထွေးစေသည်။
မိုးကြိုးလေးသည် သူ၏ အသေအချာဂရုစိုက်ပေးမှုအောက်တွင် ဟမ်းစတားများလောက၌ အသက်ရှည်သည်ဟု သတ်မှတ်နိုင်သည့် တစ်နှစ်ခွဲသက်တမ်းအထိ နေထိုင်သွားခဲ့သည်။
သို့သော် ကလေးတစ်ယောက်အတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ဘဝနှင့်သေခြင်းတရား၏ အတွေ့အကြုံကို ဖြတ်သန်းရခြင်းမှာ ခက်ခဲခဲ့သည်။ လျိုယွမ်သည် မိုးကြိုးလေးအတွက် အုတ်ဂူလေး ပြုလုပ်ပေး၍ သစ်ပင်တစ်ပင် စိုက်ပေးခဲ့သည်။
ထို့နောက်တွင် သူ မည်သည့် အိမ်မွေးတိရိစ္ဆာန်ကိုမျှ ထပ်မမွေးရန် ဆုံးဖြတ်လိုက်၏။
သူတို့ ကွယ်လွန်သွားသည်ကို စောင့်ကြည့်နေရခြင်းက အလွန် ဝမ်းနည်းစရာပင်။
သို့သော် နှစ်အတော်ကြာပြီးနောက် လျိုယွမ်သည် ပဲစေ့လေးကို အိမ်သို့ခေါ်လာရန် ဆုံးဖြတ်ခဲ့သေးသည်။
ထို့နောက် မူလပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ၎င်း၏အမည်ကို လျှပ်စီးလေး ဟု ပြောင်းခဲ့သည်။
လျှပ်စီးလေးသည် မိုးကြိုးလေးနှင့် အလွန် ကွာခြားသော ဟမ်စတားတစ်ကောင် ဖြစ်သည်။ ၎င်း၏အမွေးမှာ အခြားအရောင်များနှင့် လုံးဝ မရောစပ်နေသော နို့လက်ဖက်ရည်ရောင်စစ်စစ် ဖြစ်ပြီး ၎င်းမှာ မယုံကြည်နိုင်လောက်အောင် ရှက်ကြောက်တတ်လေသည်။
၎င်းသည် လျိုယွမ်နှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်ခဲ့ပေ။
လျိုယွမ်သည် ဇိမ်ခံနှစ်ထပ် လှောင်အိမ်များ၊ သွားဖြင့် ကိုက်လို့ရသည့် ကစားစရာများ၊ အဆင့်မြင့် ဟမ်းစတားစာ အစေ့အဆန်များ၊ အာဟာရဓာတ်ကြွယ်ဝသော ပိုးတုံးလုံးခြောက်များနှင့် ရနံ့မွှေးသော ရေချိုးသဲတို့ကို ၎င်းအတွက် ဝယ်ပေးခဲ့သည်။
လျှပ်စီးလေးသည် ထိုအရာများအားလုံးကို နှစ်သက်သော်လည်း လျိုယွမ်တစ်ယောက်တည်းကသာ ခြွင်းချက် ဖြစ်သည်။
ညတိုင်း လျိုယွမ် မီးပိတ်၍ အိပ်ယာပေါ် လှဲလိုက်သည့်အချိန်၌ ၎င်း၏ ဘီးလေးပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားနေသည့်အသံကို သူ ကြားရလေ့ရှိသည်။ သို့သော် မနက်မိုးလင်း၍ လှောင်အိမ်နား ရောက်သွားသောအခါ လျှပ်စီးလေးက ချက်ချင်း ပုန်းကွယ်နေလိမ့်မည်။
ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှုများ မရှိဘဲ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန်မှာ မလွယ်ကူပေ။
လျိုယွမ်ကတော့ အထူးတလည် မခံစားနေခဲ့ပါ။ ဤအကောင်လေးများ၏သက်တမ်းမှာ တိုတောင်းလွန်းလှသည်။ ၎င်းအပေါ် စိတ်ခံစားချက် များများစားစား မရှိလျှင် ခွဲခွာရခြင်းကလည်း သိပ်ပြီး ဝမ်းနည်းစရာကောင်းမည် မဟုတ်ပေ။
သူသည် ထိုကဲ့သို့ တွေးရန် ကြိုးစားကြည့်သော်လည်း လျှပ်စီးလေးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရန် နေ့စဉ် ကြိုးစားနေဆဲ ဖြစ်၏။
သူ နေကြာစေ့များကို လက်ဖဝါးထဲ ထည့်ကာ လက်ကို မလှုပ်မယှက်ဖြင့် လှောင်အိမ်အတွင်း ထားထားကြည့်သည်။
လျှပ်စီးလေးသည် အစပိုင်းတွင် ရန်ထောင်စွာ တုံ့ပြန်၍ ၎င်း၏သွားများကို ဖြဲပြခဲ့သည်။ လအနည်းငယ် ကြာပြီး နောက်ဆုံးတွင် ၎င်းသည် ရှေ့သို့ တိုးကာ လျိုယွမ်၏လက်ချောင်းများကို နမ်းရှူံ့ကြည့်ရန် သတ္တိရှိလာခဲ့သည်။ ထပ်မံ၍ အချိန်အနည်းငယ် ကြာလာသောအခါ လျိုယွမ်၏ လက်ဖဝါးထဲသို့ ခုန်ဝင်၍ အစေ့များကို ကောက်ယူပြီး ထွက်ပြေးသွားခဲ့သည်။
ဤသို့ဖြင့် တစ်နှစ်ခန့် ကြာသွားခဲ့ပြီး နောက်ဆုံးတွင် ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် သူ့လက်ဖဝါးပေါ်၌ ဆောင့်ကြောင့်လေးထိုင်ကာ အခွံကို နွှာ၍ အစေ့အား ပါးစပ်ထဲသို့ ညင်သာစွာ ထိုးထည့်လိုက်လေသည်။ လျိုယွမ်မှာ စိတ်လှုပ်ရှားမိလွန်းသောကြောင့် ငိုချလုမတတ်ပင်။
သို့သော်လည်း ဤအချိန်တွင်တော့ လျှပ်စီးလေးမှာ သူတို့၏ ဟမ်းစတာကမ္ဘာတွင် အသက်ကြီးကြီး အဘိုးအိုလေးတစ်ဦး ဖြစ်နေခဲ့လေပြီ။
“သူက အသက်ကြီးလာတာနဲ့အမျှ အမွေးတွေ ကျွတ်လာပြီး အစားနည်းလာတယ်။ ပြီးတော့ သူ့ရဲ့ဗိုက်နားမှာ ဝက်ခြံလေးတွေလည်း ထွက်လာတယ်။ ငါ ဆရာဝန်နဲ့ ပြဖို့ ခေါ်သွားပေမယ့် ဆရာဝန်က ပြောလိုက်တယ်.. သူက အရမ်း အသက်ကြီးနေပြီ ဖြစ်လို့ ကုလို့မရတော့ဘူး ဒီတိုင်းလေးပဲ ထွက်သွားခွင့်ပေးလိုက်ပါတဲ့”
"အယ်"
ကျိုးလီမှာ မျက်လုံးလေး ပြူးလျက် သူ့ကို အံ့သြစွာ ကြည့်နေသည်။
လျိုယွမ်က ပြုံးလိုက်သည်။
“အဲဒီအချိန်တုန်းက ငါ တွန့်ဆုတ်နေခဲ့ပြီး သူ့ကို လက်မလွှတ်နိုင်လောက်အောင် စိတ်မကောင်းဖြစ်နေမိတယ်။ တကယ်တော့ မနေ့တနေ့ကမှ အလုပ်ဆင်းရင် သူ့ကို ဆေးရုံတင်ဖို့ စိတ်ကူးနေတာ"
“…”
ကျိုးလီသည် အောက်ကို ငုံ့သွားကာ နှုတ်ခမ်းကို ကိုက်ပြီး ဘာမှပြန်မပြောချေ။
"စိတ်မပူပါနဲ့ အဲ့ဝက်ခြံတွေက အဆိပ်မဖြစ်ပါဘူး"
လျိုယွမ်က ပြောသည်။
"မဟုတ်ဘူး"
ကျိုးလီက ခေါင်းခါလိုက်သည်။
“ငါ အဲဒါကို စိတ်မပူပါဘူး”
လျိုယွမ်သည် လမ်းအတူလျှောက်နေရင်းက သူ့ကို လှမ်းကြည့်သည်။
ကျိုးလီ၏ မျက်လုံးများက အောက်ကို စိုက်ကြည့်နေပြီး လျိုယွမ်ဘက်မှ ကြည့်လျှင် သူ၏ရှည်လျား၍ ကော့တက်နေသော မျက်တောင်များကိုသာ မြင်နိုင်လေသည်။ ၎င်းတို့မှာ တိုတောင်းကာ ပျော့ပျောင်းသော သူ၏ဆံပင်များကဲ့သို့ လူတိုင်းအပေါ် အလွန် နူးညံ့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
"မင်း တကယ် စိတ်မကောင်းဖြစ်ရင်......"
လျိုယွမ်က သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး
"ငါ့ကို တခြားနည်းနဲ့ နှစ်သိမ့်ပေးလို့ရတယ်"
ကျိုးလီက ချက်ချင်း သူ့ကို မော့ကြည့်လာသည်။
"ဥပမာ အနမ်းပေးတာမျိုး"
လျိုယွမ်က ပြောလိုက်သည်။
ကျိုးလီက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
“ဘယ်လို အဓိပ္ပါယ်မရှိတာမျိုးလဲ”
သူက ခေါင်းပြန်ငုံ့သွားကာ
“လျှပ်စီးလေးတောင် ဒါကို ကြားရင် စိတ်ဆိုးသွားလိမ့်မယ်”
လျိုယွမ်က ပခုံးတွန့်လိုက်၏။
စကားစမြည်ပြောရင်း သူတို့နှစ်ဦးမှာ ရုန်ယီနှင့် ချန်းခယ့်ယောင်တို့၏နေအိမ်သို့ ရောက်ရှိလာလေသည်။
ဓာတ်လှေကားကို စောင့်နေကြတုန်း လျိုယွမ်သည် ရုတ်တရက် အတိတ်ကို အထူးတလည် လွမ်းဆွတ်သွားသလို ခံစားလိုက်ရ၏။
"ငါတို့ ပထမဆုံးတွေ့ခဲ့တဲ့နေရာကို မှတ်မိလား"
ကျိုးလီ၏အမူအရာမှာ နူးညံ့သိမ်မွေ့နေသည်။
လျိုယွမ်က သူ့ကို ပြုံးပြပြီး ချက်ချင်းဆိုသလို ခေါင်းကို ပြန်လှည့်သွားသည်။
လျိုယွမ်သည် ကျောင်းသားဟောင်းများနှစ်ပတ်လည် တွေ့ဆုံပွဲကြောင့် ယနေ့ ဤနေရာသို့ ရောက်နေရခြင်း ဖြစ်သည်။
အဆောင်အတူနေ ညီအကိုလေးယောက်သည် ယနေ့အချိန်အထိ ကောင်းမွန်သော သူငယ်ချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သော်လည်း သူတို့အားလုံးမှာ အလုပ်ကိုယ်စီများလွန်းသောကြောင့် အတူ ဆုံရန် အချိန်ရခဲလှသည်။ အဆက်အသွယ်မပြတ်စေရန်အတွက် နှစ်စဉ် အချိန်တစ်ခု ရအောင် သတ်မှတ်ကာ မိတ်ဆုံစားပွဲ ပြုလုပ်လေ့ရှိ၏။
အရင်ကတော့ ထိုအတွက် စားသောက်ဆိုင်တွင် အမြဲ ဘွတ်ကင်ယူခဲ့ကြသော်လည်း ဤနှစ်တွင်တော့ ချန်းခယ့်ယောင်က သူ၏အိမ်တွင် လက်ခံကျင်းပပေးသောကြောင့် အချိန်အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ် ပျော်ပါးနိုင်သည်။
ချန်းခယ့်ယောင်အကြောင်းကို လျိုယွမ်က ကောင်းကောင်း နားလည်သောကြောင့် ထိုကောင်သည် သူ့ချစ်သူ၏ ဟင်းချက်ကျွမ်းကျင်မှုကို ကြွားဝါရန် ယခုကဲ့သို့ စိတ်သဘောထားပြည့်ဝပုံပေါ်သည့် အကြောင်းပြချက်ကို အသုံးပြုရန် ကြိုးစားနေခြင်း ဖြစ်နိုင်လေသည်။
လူတိုင်းက သူတို့၏ လက်တွဲဖော်များကို ပွဲသို့ ခေါ်လာကြမည် ဖြစ်သောကြောင့် လျိုယွမ်ကလည်း ကျိုးလီကို သူနှင့်အတူ လိုက်ခဲ့ရန် ဆန္ဒရှိ၊မရှိ မေးခဲ့သည်။ သူ ဘာမှ မမျှော်လင့်ထားခဲ့သော်လည်း ကျိုးလီက လိုက်ခဲ့မည် ဟု ပြောသည်။
လျိုယွမ်သည် ရုန်ယီနှင့် အပေါင်းအသင်း ဖြစ်ရခြင်းမှ အကျိုးကျေးဇူးရနေသည်ဟု ခံစားမိလာ၏။
အမှန်မှာ တစ်ခါတရံတော့လည်း သူ အနည်းငယ် မနာလိုစိတ် ဖြစ်မိသည်။
သူ၏ အသိစိတ်က ရုန်ယီမှာ အိုမီဂါဖြစ်သည် ဟု ဆက်တိုက် ပြောနေသော်လည်း သူ့ချစ်သူက အခြား အယ်လ်ဖာတစ်ဦးနှင့် တပူးပူးတတွဲတွဲ ဖြစ်နေသည့်ပုံပေါ်၍ စိမ်းသက်နေသလို ခံစားမိသည်။ သို့သော် တစ်ခုခုပြောရန်ကလည်း မသင့်တော်ပေ။
သူ ချန်းခယ့်ယောင်ကို မနာလိုဖြစ်ခဲ့သည့် ဟိုးအတိတ်က နေ့ရက်များ အတိုင်းပင်။
အယ်လ်ဖာများကိုသာ စိတ်ဝင်စားသော ထိုအယ်လ်ဖာကောင်မှာ အခြားဆန့်ကျင်ဘက်လိင်များကိုတော့ ပန်းလေးများက လိပ်ပြာကို ဆွဲဆောင်သလို မကြာခဏ မရည်ရွယ်ဘဲ ဆွဲဆောင်မိနေသည်။ ချန်းခယ့်ယောင် ကိုယ်တိုင်လည်း ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသော်လည်း လျိုယွမ်ကတော့ သံပုရာသီးချဉ်ကဲ့သို့ နေ့တိုင်း မနာလို ဖြစ်နေမိသည်။
ထိုကဲ့သို့ အချိန်မျိုးတွင် အနည်းဆုံး သူသည် အမှန်တကယ် စိတ်ခံစားမှု အတွေ့အကြုံပိုင်းတွင် ချန်းခယ့်ယောင်ထက် အများကြီး ပိုသာကြောင်း တွေးမိခြင်းဖြင့် သူ့ကိုယ်သူ အမြဲ နှစ်သိမ့်ပေးလေ့ရှိသည်။
လျိုယွမ်က မူလတန်းကျောင်းမှာတည်းကပင် စတင်၍ ရည်းစားထားခဲ့သည်။
သူမက ရှည်လျားသော ကျစ်ဆံမြီးနှင့် မျက်လုံး ဝိုင်းဝိုင်းလေးများ ရှိသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ အတန်းထဲတွင် အမြဲ ဆိုးပေနေတတ်သည့် ကောင်လေးတစ်ယောက်ကလည်း သူမကို သဘောကျကာ တစ်နေ့တွင် သူမ၏ ကျစ်ဆံမြီးကို ဆွဲ၍ သူမ ထည့်လာသော နွားနို့ကို လုယူသွားသည်။
ထို့နောက် လျိုယွမ်က သူ့နွားနို့ကို သူမအား နေ့တိုင်း တိုက်ခဲ့ခြင်းဖြင့် သူမနှလုံးသားကို အပိုင်ရခဲ့လေသည်။
ကံမကောင်းစွာဖြင့် ကောင်မလေးက အတန်းဆင်းပွဲရောက်ခါနီးတွင် ကျောင်းပြောင်းသွားသည့်အတွက် သူ့အချစ်ဦးကို အနေဝေးမှုကြောင့် ဆုံးရှူံးခဲ့ရသည်။ နောက်ပိုင်းတွင် သူမက အယ်လ်ဖာတစ်ဦးအဖြစ် ပြောင်းလဲသွားကာ အိုမီဂါ အဖြစ်သို့ ပြောင်းလဲသွားသည့် ထိုခပ်ဆိုးဆိုးကောင်လေးနှင့်ပင် ပြန်တွဲခဲ့ကြသေးသည် ဟု ပြောကြသည်။ လျိုယွမ်က သူတို့၏ဆက်ဆံရေးမှာ အလွန် ရှုပ်ထွေးသည် ဟု ခံစားမိခဲ့သည်။
သူ အလယ်တန်းသို့ရောက်သောအခါ နောက်တစ်ကြိမ် ထပ်၍ ချစ်မိခဲ့သည်။ သူ့ထက် အသက်တစ်နှစ်ကြီးသော အိုမီဂါကောင်လေးတစ်ဦး ဖြစ်သည်။
ကောင်လေးမှာ အထူး လှပပြီး လျိုယွမ်သည် သူ့ကို မြင်မြင်ချင်းပင် ချစ်မိသွားခဲ့ကာ ထိုအချိန်က လိင်အမျိုးအစားပင် မခွဲခြားနိုင်သေးသည့်အချက်ကို လျစ်လျူရှူကာ သူ့ကို ခက်ခက်ခဲခဲ လိုက်ရှာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦး တွဲခဲ့ကြသည်။
တစ်နေ့တွင် လျိုယွမ်သည် ထိုကောင်လေးမှာ အထက်တန်းကျောင်းမှ စီနီယာတစ်ဦးနှင့် တိတ်တဆိတ် တွဲနေကြောင်း သိလိုက်ရလေသည်။
လျိုယွမ်ကတော့ သူ့ထံ ပြန်လာနိုင်သရွေ့ ထိုကိစ္စအား စိတ်မဝင်စားဟု ပြောခဲ့သည်။
ကံဆိုးစွာဖြင့်ပင် ကောင်လေးက သူ့ကို ပြောခဲ့သည်။
"တောင်းပန်ပါတယ်။ ကိုယ် သူ့ကို တကယ် သဘောကျတယ်။ လမ်းခွဲကြရအောင်"
သူသည် အထက်တန်းကျောင်းသားဘဝ၌လည်း ချစ်မိခဲ့သေးသည်။ ယခုတစ်ခါက သူ့ဘေးတွင် ထိုင်သော အိုမီဂါ ကောင်မလေး ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် မည်သူက မည်သူ့ကို စတင် သဘောကျခဲ့သလဲ ဆိုတာ မပြောနိုင်သော်လည်း အတွဲညီစွာ အတူ ရှိခဲ့ကြသည်။ ထိုတစ်ခေါက်တုန်းက အချိန်လည်း အတော်ကြာခဲ့ပြီး သူတို့၏ ဆက်ဆံရေးမှာလည်း တည်ငြိမ်နေခဲ့သည်။
သူတို့ နှစ်ဦး မတူညီသော တက္ကသိုလ်အသီးသီးကို မသွားရင်ခင်အချိန်ထိ လျိုယွမ်က သူမကို ယုံကြည်ချက်ရှိရှိဖြင့် ပြောခဲ့သည် - "ကိုယ်တို့ လေးနှစ်အတွင်း လက်ထပ်ကြရအောင်"
နောက်ပိုင်းတွင် မိန်းကလေးသည် တက္ကသိုလ်မှ ထွက်သွားကြောင်း သိလိုက်ရ၏။
ကျောင်းရပ်နားရသည့် အကြောင်းရင်းမှာ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဖြစ်သည်။
သူ နောက်ဆုံးမှ သိလိုက်ရခြင်းမှာ သူမက သူ့အား အင်္ဂလိပ်အိမ်စာများ မရေးခိုင်းသည်မှာ အလွန် ကြာမြင့်သွားသောကြောင့် ကျောင်းနားလိုက်ရခြင်း ဖြစ်သည်ပင်။
ထိုအချိန်က သူတို့ တစ်ဦးနှင့်တစ်ဦး မတွေ့ခဲ့ကြသည်မှာ ခြောက်လခန့် ရှိသွားပြီ ဖြစ်သည်။
လျိုယွမ်အား သူမအကြောင်း အမှန်အတိုင်း ပြောပြခဲ့သည့် အတန်းဖော်သူငယ်ချင်းဟောင်းက သူမကို ကိုယ်ဝန်ပျက်ကျစေခဲ့သော အယ်လ်ဖာမှာ လုံးဝကို အမှိုက်ကောင် ဖြစ်ကြောင်းပါ ပြောပြခဲ့သည်။
လျိုယွမ်က သူမထံ တောက်လျှောက် ပြေးလာခဲ့ကာ ပြောခဲ့သေးသည် - မင်း နာကျင်နေမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကိုယ် ဒါတွေကို မင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်သွားဖို့ ဆန္ဒရှိတယ်။
ကောင်မလေးမှာ ရင်ထဲ အလွန် ထိရှသွားသောကြောင့် ငိုလို့မဆုံးနိုင်။ နှစ်လအကြာတွင် လျိုယွမ်သည် မိန်းကလေးမှာ ထိုအမှိုက်ကောင်နှင့် ပြတ်ပြတ်သားသား လမ်းမခွဲနိုင်သေးကြောင်း သိရှိလိုက်ရ၏။
သူမက လျိုယွမ်ကို ထပ်ပြီး ငိုပြကာ ပြောပြန်သည်။
"ငါ ဘာလုပ်ရမှန်း မသိဘူးဟာ။ သူ့ကိုလည်း လက်မလွှတ်နိုင်ဘူး"
ထိုအချိန်က လျိုယွမ်သည် တတိယနှစ်၏ ပထမနှစ်ဝက်မတိုင်မီ ဖြစ်သောကြောင့် နောက်ဆုံးတွင် သူ ဤလမ်းခွဲမှုကို ဖြတ်ကျော်နိုင်ခဲ့ပြီး (move onလုပ်နိုင်သွားတာ) နတ်သမီးလေးနှင့်တူသော ဂျူနီယာမိန်းကလေးတစ်ဦးနှင့် ချစ်မိသွားခဲ့သည်။
မိန်းမပျိုလေးမှာ တကယ်ကို ချောမောလှပပြီး ပိုးပန်းသူများစွာရှိလေသည်။
သို့သော် လျိုယွမ်ကတော့ အနိုင်ရသူ ဖြစ်ခဲ့သည်။
ကံမကောင်းစွာဖြင့် သူတို့၏ဆက်ဆံရေးမှာ နှစ်ဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ မိန်းကလေးဘက်မှ လမ်းခွဲရန် အကြံပေးလာခဲ့ချိန်တွင် သူမက ပြောသွားခဲ့သည်။
"အစ်ကိုက တကယ် အဆင်ပြေတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ကြားမှာ ဘာသာစကားတစ်ခုခု ပျောက်ဆုံးနေတယ်။ အစ်ကိုနဲ့ အတူ ရှိနေတဲ့အချိန် စိတ်အားထက်သန်မှုကို မခံစားရဘူး"
လျိုယွမ် တကယ်ကို နားမလည်နိုင်ခဲ့ပေ။ သူသည် ဆောင်းရာသီကြီး၌ပင် မိုးမလင်းမီ ကော်ဖီဆိုင်သို့ သွားကာ မနက်စာဝယ်၍ သူမအဆောင်ခန်းကို ပို့ပေးခဲ့သည်။ သူမအတွက် စာကြည့်တိုက်မှာ ထိုင်ခုံနေရာဦးရန်အတွက် သူ့ကိုယ်ပိုင်အတန်းချိန်များကို လစ်ခဲ့ရသည်။ သူမ ပြောခဲ့သော ဟာသတစ်ခုကြောင့် သူမနှင့် အခန်းဖော်များအတွက် ညလယ်စာ ဝယ်ပေးရန် ညသန်းခေါင်ကြီး အဆောင်နံရံကို ကျော်တက်ခဲ့ရသည်။ သူမအတွက်နှင့် အားကစားကွင်းတွင် မဖြစ်မနေ မနက်ခင်း အပြေးလေ့ကျင့်ခန်း လုပ်ရန် မနက်တိုင်း စောစောထခဲ့ရသည်။ စာသင်နှစ်အဆုံးတွင် သူမအတွက် စာတမ်းများပင် ကူရေးပေးခဲ့သည်။
သို့သော် သူမကတော့ သူ့ကို စိတ်ဝင်စားစရာတစ်ခု ဟု မသတ်မှတ်ခဲ့ပေ။
သူတို့ လမ်းခွဲပြီးနောက်တွင် မိန်းကလေး၌ လက်တွဲဖော်အသစ် ရှိလာခဲ့ပြီး ရံဖန်ရံခါ သူ့ထံ တိုင်ကြားလာခဲ့သည်။
သူမက သူ့ကို ပြောသည်။
“အစ်ကိုက အရမ်း ကောင်းတဲ့လူတစ်ယောက်ပါ။ ညီမတို့ ထာဝရသူငယ်ချင်းကောင်းတွေ ဖြစ်နိုင်မယ်မလားဟင်"
လျိုယွမ်မှာ မည်သို့ တုံ့ပြန်ရမည်မှန်း မသိခဲ့ပေ။
နောက်ပိုင်း အိုမီဂါတစ်ဦးက သူ့ကို ပြောခဲ့ဖူးသည်။
"ခင်ဗျားရဲ့ပြဿနာက လူတွေအပေါ် အရမ်း ကောင်းလွန်တာပဲ"
"လူတွေကတော့ ခင်ဗျားက သူတို့အပေါ် အရမ်း ကောင်းပေးတဲ့အတွက် ခင်ဗျားနဲ့အတူ တွဲသွားတွဲလာလုပ်ချင်ပေမယ့် အဲ့လို အရမ်း ကောင်းပေးတဲ့အတွက်ကြောင့်ပဲ ခင်ဗျားကို တန်ဖိုးမထားကြဘူး"
အိုမီဂါလေးက ပြောသေးသည်။
"ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို စတွေ့တည်းက အချစ်ခံကြည့်ချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ဒီလို တစ်စုံတစ်ယောက်ရဲ့ ချစ်ခင်မြတ်နိုးမှုကို လိုချင်ခဲ့ပေမယ့် ခင်ဗျားကိုတော့ အဲဒီလူ ဖြစ်လာပေးဖို့ မမျှော်လင့်ပါဘူး"
လျိုယွမ်သည် နောက်ပိုင်းတွင် ထိုအိုမီဂါလေးနှင့် တွဲခဲ့သော်လည်း ဘွဲ့ရပြီးနောက်တွင် လမ်းခွဲခဲ့သည်။
အကြောင်းမှာ အိုမီဂါလေး၏မိသားစုက လျိုယွမ်တို့မိသားစုကို တင်တောင်းရန်အတွက် တိုက်ခန်းတစ်ခန်း ဝယ်ပေးရန် အလိုရှိခဲ့သော်လည်း လျိုယွမ်မှာ ထိုအချိန်က မတတ်နိုင်ခဲ့ပေ။
သူတို့ အေးအေးချမ်းချမ်းပင် လမ်းခွဲခဲ့ကြပါသည်။ နောက်ဆုံးတွင် အိုမီဂါလေးက ပြောသွားခဲ့သည်။
“တစ်ယောက်ယောက်ကို ဘယ်လောက်ပဲ သဘောကျပါစေ ကိုယ်တိုင်အတွက် နေရာလွတ်တစ်ခု ချန်ထားဖို့ အမြဲ သတိရပါ"
၎င်းမှာ အလွန် ခက်ခဲမှန်း လျိုယွမ် သိရှိလိုက်ရသည်။
ယခု သူ ကျိုးလီကို သဘောကျသည်။ သူ့ကို မြင်နေရရုံဖြင့်ပင် အလွန် ပျော်ရွှင်သည်။ သူ့အပေါ် ကောင်းပေးချင်သည်။ သူ သဘောကျသည့်အရာမှန်မျှကို လုပ်ခွင့်ပေး၍ တစ်ခုခုပြန်ရရန် မျှော်လင့်ချက် မရှိဘဲ သူ့အပေါ် အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်ပေးချင်သည်။
ကျိုးလီကတော့ သူ့ကို သိပ်ပြီး ကြိုက်နှစ်သက်ပုံမပေါ်ပေ။ ထိုအတွက် သူ အနည်းငယ် ဝမ်းနည်းမိသော်လည်း အားလျှော့လိမ့်မည် မဟုတ်။ အနည်းဆုံးတော့ ကျိုးလီသည် သူနှင့် အတူ ရှိနေရန် ကြိုးစားကြည့်မည် ဟု ကတိပေးခဲ့ပြီး ထိုတစ်ခုနှင့်ပင် သူ့ကို အားတက်စေရန် လုံလောက်လွန်းနေပြီ ဖြစ်သည်။
ကျိုးလီသည် အခြားအချိန်များတွင်သာ စမတ်ကျပုံပေါ်သော်လည်း အချစ်ရေးရာနှင့်ပတ်သက်လာလျှင် အံ့သြစရာကောင်းလောက်အောင် ရိုင်းစိုင်းနေခဲ့သည်။ လျိုယွမ်ကတော့ လုံးဝ စိတ်ထဲမထားပေ။ ၎င်းကိုပင် အလွန်အမင်း ချစ်စရာကောင်းသည် ဟု ထင်မိသည်။
Xxxxxxx