Chapter 5
"အား-!!!"
မော့ဝုဟန်မှာ မျက်နှာကို ရိုက်ခံလိုက်ရကာ အော်ဟစ်လိုက်သည်။
မော့ဝုဟန် အရိုက်ခံရပြီး လဲကျသွားသည်ကို အခြားအစေခံများက မြင်လိုက်ရသောအခါတွင် ခဏမျှ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူတို့ထဲမှတစ်ဦးက အလွန်ထိတ်လန့်နေကာ စကားကိူချောချောမွေ့မွေ့ပင် မဆိုနိုင်ချေ။ သူ့ခြေထောက်များက တုန်ရီနေပြီး အော်ပြောလိုက်သည်။
"ကျိုးသွားပြီ၊ ကျိုးသွားပြီ!၊ ပဉ္စမသခင်လေးရဲ့နှာခေါင်းကသွေးထွက်နေတယ်၊ သခင်ငယ်လေးက သူ့ကို နှာခေါင်းသွေးထွက်တဲ့အထိ ရိုက်ပစ်လိုက်ပြီ !!!"
"ငါ-ိုး... ထွက်သွားစမ်း!!!"
မော့ဝုဟန်က သူ့အားလာကူညီသူများကို ဘေးသို့တွန်းထုတ်ပစ်လေသည်။ သူကခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်ပြီး မော့တိကိုစိုက်ကြည့်ရင်း မြေပြင်မှထလိုက်သည်။
"မော့တိ သတ္တိတွေသိပ်ရှိနေတာပဲ၊ မင်းကငါ့ကိုတောင် ရိုက်ရဲတယ်လား၊ မင်းအခု အရမ်းအင်အားရှိနေပြီပေါ့လေ အာ...၊ မင်းကရှောင်ကွေ့ကိုသာမက ငါ့ကိုပါ ထိခိုက်စေခဲ့တာ၊ မင်းက တကယ့်ကိူ တိရစ္ဆာန်ကောင်ဖြစ်သွားဖို့ ကြိုးစားနေတာလား"
"ကျွန်တော်မဟုတ်... ကျွန်တော်.. ကျွန်တော်က ဂရုမစိုက်မိဘဲ အိတ်ကချော်ကျသွားရုံလေးပါ..."
မော့တိက မော့ဝုဟန်အား ကြောက်ရွံ့စွာကြည့်လိုက်သည်။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ်တာကာလအတွင်း သူအရိုက်ခံရသည့်အချိန်တိုင်း ကြည့်လေ့ရှိသောအကြည့်ပင်။ ကြောက်ရွံ့မှုက သူ့အား မသိစိတ်ဖြင့် နောက်ကို ဆုတ်လိုက်စေသည်။ သူကခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်းဖြင့်
"ကျွန်တော်မရည်ရွယ်ပါဘူး၊ ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ရပါဘူး ၊ ပဉ္စမအစ်ကို ကျွန်တော် မရည်ရွယ်ခဲ့ပါဘူးဗျာ"
"မင်းလိမ်ရဲနေတုန်းလား!!!"
အနာဂတ်တွင် မော့ဝုဟန်က ကမ္ဘာကျော်ထိပ်တန်းမော်ဒယ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားမော်ဒယ်များထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရလိမ့်မည်။ ယခုမူ သူက1.85mရှိပြီဖြစ်ကာ ကြွက်သားများကလည်း လုံးဝဖွံ့ဖြိုးနေပေပြီ။ သူနစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ ကြိုးစားနေသည်ကို ကြည့်ရသည်မှာ အမှန်ပင် ကြောက်စရာကောင်း၏။
သူက လက်ဆစ်တွေကို တင်းတင်းဆုပ်ရင်း လှေကားပေါ်ကို ပြေးတက်ပြီး မော့တိ၏ ကော်လာကို ဆွဲကိုင်လိုက်သည်။
မော့တိ၏အတွင်းပိုင်း၌ ပြင်းထန်သည့်အရောင်တစ်ချက်လက်သွားသော်လည်း သူက ယင်းအားထုတ်ဖော်မပြခဲ့ပေ။ သူက တစ်ဖက်သို့ လှည့်၍ ပြေးသွားလိုက်၏။ ပြေးနေရင်း သူကသက်ညှာပေးဖို့လည်း တောင်းဆိုနေသေးသည်။
"ပဉ္စမအစ်ကို၊ ကျွန်တော် မရည်ရွယ်ပါဘူး ၊ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး၊ ကျွန်တော့်ကို မရိုက်ပါနဲ့နော်၊ ကျွန်တော်ကအခုမှ ဆေးရုံကပြန်လာတာလေ၊ ကျွန်တော် လုံးလုံးမသက်သာသေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့"
"ငါမင်းကိုရိုက်မှာ၊ ရက်စက်တဲ့ကောင်၊ အခုမှဆေးရုံကဆင်းလာတာလို့ ပြောရဲသေးတယ်နော်၊ ရှောင်ကွေ့ကသတိလစ်သွားတာ ခုထိဆေးရုံကတောင် မထွက်လာရသေးဘူးကွ၊ မင်းတောင်းပန်ခဲ့လား၊ မင်းသူ့ဆီသွားလည်ခဲ့ရဲ့လား"
သူပြောလေလေ ဒေါသထွက်လာလေလေပင်။
"သေစမ်း...၊ ရှောင်ကွေ့က ကြင်ကြင်နာနာနဲ့ မင်းကိုသောက်စရာပေးခဲ့ပေမယ့် မင်းကသူ့ကိုစွပ်စွဲတယ်၊ မင်းကိုကိုးနဲ့ ဓါတ်မတည့်ဘူးဆိုတာ သိလားလို့တောင် မေးလိုက်သေးတယ်၊ ငါမင်းကိုပြောပါရစေ မော့တိ၊ မင်းရဲ့ အမှိုက်လိုရည်ရွယ်ချက်တွေကို ရှင်းပစ်စမ်းပါ မဟုတ်လို့ကတော့ မင်းကို ငါသတ်ပစ်မယ်၊ မင်းမှာအလာ့ဂျစ်ရှိရှိမရှိရှိ ငါတို့နဲ့ဘာလုပ်စရာမှ ရှိမနေဘူး၊ ဒါ့အပြင် မင်းဓာတ်မတည့်မှုကြောင့် သေသွားရင် ငါတို့မိသားစုက မင်းလိုအမှိုက်ကောင်မျိုး မရှိတော့လို့ သန့်ရှင်းသွားလိမ့်မယ်"
မော့ဝုဟန်က ဆက်လက်ကျိန်ဆဲနေပြီး မော့တိကိုလိုက်ဖမ်းနေသည်။ သူကျိန်ဆဲနေရင်း မျက်နှာကလည်း နီသထက်နီလာကာ လုံခြုံရေးအစောင့်အများအပြားကို မော့တိအား မလွတ်မြောက်နိုင်အောင် တားဆီးရန် အမိန့်ပေးလိုက်သည်။
မော့တိက အဘက်ဘက်မှ ပိတ်ဆို့ခံလိုက်ရသည်။ သူ့မျက်လုံးက အေးစက်သွားပြီး ရိုးရိုးရှင်းရှင်းပင် လှည့်ကာ မော့ဝုဟန်ထံ တည့်တည့်ပြေးသွားလိုက်၏။
မော့ဝုဟန်မှာ မော့တိက သူ့ထံအရှိန်ဖြင့်ပြေးလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက မျက်ထောင့်နီဖြင့် ကြည့်လိုက်ရင်း လက်သီးတင်းတင်းဆုပ်ကာ မော့တိ၏ရင်ဘတ်ထံ ချိန်ရွယ်ထားလိုက်သည်။ သို့ပေသိ မမျှော်လင့်ထားစွာပင် သူ့ခြေထောက် လှုပ်ရှားသွားသည်နှင့် သူခြေချော်ပြီး နောက်ပြန်လဲကျသွားသည်။ သူ့ခေါင်းနောက်ဘက်က မြေပြင်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွား၏။
မော့ဝုဟန်က ပြင်းထန်စွာပြုတ်ကျသွားပြီး သူ့မြင်အာရုံမှာ မည်းမှောင်သွားကာ အော်ပင်မအော်နိုင်ချေ။
အစေခံများမှာ ရယ်ချင်စိတ်နှင့်အတူ တုန်လှုပ်ခြောက်ခြားသွားကာ လူတိုင်းက နေရာတွင် မတ်တပ်ရပ်နေကြသော်လည်း သူတို့၏ နှလုံးသားများကမူ အလိုအလျောက် တုန်လှုပ်နေကြသည်။ ကံကောင်းစွာဖြင့် တစ်ယောက်က တုန့်ပြန်နိုင်သွားပြီး မြေပြင်တွင်လဲကျနေဆဲ မော့ဝုဟန်ကို အမြန်ကူညီပေးလိုက်သည်။
အားလုံးက ယနေ့ တကယ်ကို ဘာတွေဖြစ်ပျက်နေသည်လဲဟု တွေးနေကြသည်။ ယခင်က သခင်လေးငါးမှ သခင်ငယ်လေးအား သင်ခန်းစာပေးလျှင် အမြဲလိုလို ချောချောမွေ့မွေ့ပင်ဖြစ်၏။ သို့ပေသိ ယနေ့တွင်မူ သခင်လေးငါးမှာ နှာခေါင်းသွေးထွက်သွားရုံမှမက ခေါင်းကိူလည်း ရိုက်မိသွားသေးသည်။
အဲတာက ခေါင်းနော်!။ တစ်ခုခုသာမှားယွင်းသွားရင် သူတို့လိုအစေခံလေးတွေက မော့မိသားစုရဲ့အငြိုးတွေကို မဖြေရှင်းနိုင်ဘူး။
ပြီးနောက်တွင် မော့တိက ဗလာဖြစ်နေသည့် ဂျယ်လီထုတ်လေးကို ကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်ကာ သဲလွန်စချန်မထားခဲ့ချေ။ ထို့နောက်တွင် သူက မော့ဝုဟန်အနားသို့ မဝံ့မရဲလျှောက်သွားလိုက်ကာ သူ၏ကျောပိုးအိတ်ကို ကောက်ယူလိုက်သည်။
"ကျွန်... ကျွန်တော် ဒုတိယဦးလေးနဲ့အဒေါ်ကို ရှာလိုက်မယ်၊ သူတို့ကို ပဉ္စမအစ်ကိုကို ဆေးရုံပို့ပေးဖို့ ပြောလိုက်မယ်နော်"
မော့တိက စကားတစ်ခွန်းကိုပြောလိုက်ပြီး ဗီလာဂိတ်ပြင်ပကို အမြန်ထွက်လာလိုက်သည်။ အစေခံများနှင့်အစောင့်များမှာ ရှုပ်ထွေးနေကြပြီး သူ့အား မည်သူကမှမတားဆီးခဲ့ပေ။ သို့သော်လည်း သူစိတ်သက်သာရာရသွားစဥ်မှာပင် မော့မိသားစု၏အကြီးဆုံးနှင့်အရှည်လျားဆုံး Lincolnက ဗီလာသံတံခါးရှေ့တွင် ရပ်သွားသည်ကို မြင်လိုက်ရသည်။
မော့တိ၏နှလုံးသားက ရပ်တန့်သွားပြီး အံကြိတ်လိုက်သည်။
ဒီတိုက်ဆိုင်မှုက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ။ ကြည့်ရတာတော့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကမ္ဘာကြီးရဲ့စွမ်းအားက သူ့အတွက်ဆိုးဝါးဦးတည်ချက်ကို အတင်းအကြပ်တွန်းပို့နေပုံပဲ။
"အိုး? ဒါကရှောင်တိလေးမလား၊ ရှောင်တိ ပြန်လာပြီ ..."
ဦးဆုံးထွက်လာသူမှာ သူ၏အကြီးဆုံးဦးလေးမော့ရှစ်ချန်နှင့်သူ့ဇနီးလင်းရုန်ဖန်ဖြစ်သည်။ လင်းရုန်ဖန်က အကြည့်တစ်ချက်ဖြင့်ပင် မော့တိအားမြင်သွားပြီး အပြုံးတစ်ခုဖြင့် ကားဘက်လှည့်ကာ အော်လိုက်လေသည်။
"တတိယမောင်လေးနဲ့ ယောက်မလေး နင်တို့မိသားစုရဲ့ရှောင်တိပြန်ရောက်နေပြီ !"
"အဲ့အမှိုက်သရိုက်က ဘယ်လိုတောင် ပြန်လာရဲတာလဲ!"
မော့ရှစ်ဟုန်က ကားမှန်ကိုချပြီး မော့တိကိုမြင်လိုက်လျှင် ဒေါသနှင့်ရွံမုန်းမှုတို့အား သူ့အကြည့်ထဲတွင် တွေ့လိုက်ရသည်။ သူ၏သားအရင်းကို ကြည့်နေသည်နှင့်မတူဘဲ ရန်သူအား ကြည့်နေသကဲ့သို့ပင်။
သို့ပေသိ သူ၏ရတနာမျက်ရှုသမီးငယ်လေးကြောင့် မော့ရှစ်ဟုန်က မော့တိအား ချက်ချင်း သင်ခန်းစာမပေးသေးပေ။ သူကခေါင်းကိုလှည့်လိုက်သည်နှင့် နူးညံ့သိမ်မွေ့သောပုံစံသို့ပြောင်းသွားကာ တိုးတိုးလေးပြောလိုက်သည်။
"လာ လိမ္မာတဲ့သမီးလေး၊ ကားပြင်ထွက်ရင် ဂရုစိုက်၊ နောက်ဆိုရင် အဲဒီ့ရက်စက်တဲ့ကောင်ကို အာရုံမစိုက်နဲ့တော့၊ မင်းပြန်သက်သာအောင်နေရမယ်၊ ဒေါသလည်းမထွက်နဲ့၊ အများကြီးလည်း မတွေးနဲ့တော့"
"အဖေ၊ ရှောင်တိကို အဲလိုမပြောပါနဲ့၊ ကျွန်မ... တကယ်ကိုမှားသွားတာပါ၊ သူအိမ်မှာလား၊ ကျွန်မသူ့ကိုတွေ့ချင်တယ်"
မော့လျှိုကွေ့၏ ချိုမြပြီးနူးညံ့သည့်အသံက ကားထဲမှရှင်းလင်းစွာ ထွက်လာသည်။
"ရှောင်ကွေ့၊ မင်းဘာအမှားမှ မလုပ်ခဲ့ဘူး၊ တတိယဦးလေးပြောတာမှန်တယ်၊ မော့တိက အဲလိုအရာမျိုးကိုလုပ်ခဲ့တာ၊ သူ့စိတ်ကအဆိပ်သင့်နေပြီ၊ မင်းသူ့ကို အရာရာတိုင်း ခွင့်လွှတ်ပေးနေလို့မရဘူး၊ အဲဒါကသူ့ကို ပိုပြီးအထိန်းအကွပ်မဲ့စေလိမ့်မယိ"
ငယ်ရွယ်ပြီးကြည်ရှင်းသည့်အသံက မော့လျှိုကွေ့၏စကားကို ဖြတ်လိုက်ပြီး သူကညင်သာစွာဆက်ပြောသည်။
"ရှောင်ကွေ့ မင်းကအရမ်းကိုကြင်နာပြီး စိတ်ထားကောင်းလွန်းနေတုန်းပဲ၊ မော့တိကို ငါတို့ပဲကိုင်တွယ်လိုက်မယ်၊ အခုထိ မူးနေတုန်းပဲလား၊ သွေးအားနည်းတာက တကယ့်ကိုပြဿနာကြီးပဲ၊ ပေါ့ပေါ့လေးမတွေးနဲ့၊ အဲ့ဆရာဝန်တွေက အဆင်ပြေတယ်လို့ပြောရင်တောင် ဘာမှမဖြစ်တော့တာမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ်၊ စတုတ္ထအစ်ကို၊ ကျွန်မ မမူးတော့ဘူး၊ အခုကျွန်မ လုံးဝခေါင်းမူးမနေတော့ဘူး "
မော့လျှိုကွေ့က အခြားလူများ၏ ဂရုစိုက်မှုနှင့် စိတ်ပူမှုကြားမှ အပြုံးလေးဖြင့် ဆိုလိုက်သည်။ ပြီးနောက် သူမက စကပ်ကိုမကာ ကားပြင်ကို ထွက်လာခဲ့လေသည်။ အလင်းရောင်အောက်မှ မော့တိအား မြင်လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
"ရှောင်တိ... နင်ပြန်လာပြီ၊ ငါနင့်ဆီ ဆေးရုံကို လာလည်ဖို့လုပ်နေတာ၊ အခုသက်သာသွားပြီလား"
မော့တိက အနည်းငယ် ကြောက်လန့်နေပုံရပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားလိုက်သည်။ သူက အမြန်ပင်ပြန်ဖြေသည်။
"ငါ...ငါ အဆင်ပြေတယ်"
အနည်းဆုံးတော့ ငါမသေခဲ့ဘူးလေ။
"နင်အဆင်ပြေတာကောင်းတယ်၊ ငါတောင်းပန်ပါတယ်နော်၊ နင်ကိုကိုးနဲ့ဓာတ်မတည့်တာ ငါမသိခဲ့ဘူး"
မော့လျှိုကွေ့က နောင်တဖြင့်ဆိုလာသည်။
"ဒီမတိုင်ခင်က နင်ဓာတ်မတည့်တဲ့ တုန့်ပြန်မျိုးမှုရှိတာကို ငါမမြင်ဖူးတော့လေ၊ ဒါကြောင့်..."
အရင်ကတစ်ခါမှ မတွေ့ဖူးဘူး...
မော့တိ သူ့စိတ်ထဲမှ ရယ်ချင်စိတ်ကိုသာ ခံစားရသည်။ သူကခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။
"မမ၊ တကယ်တော့... တကယ်တော့လေ၊ ဂျူနီယာအထက်တန်း နှစ်ဝက်စာမေးပွဲပြီးတော့ ငါကိုကိုးကို မတော်တဆသောက်မိပြီး အရေးပေါ်ကုသမှုခံခဲ့ရတာ၊ မမက အဖေ၊ အမေ၊ ပဉ္စမအစ်ကိုတို့နဲ့အတူ ခရီးထွက်နေတာလေ၊ နင်တောင် ငါ့ကိုဖုန်းခေါ်ခဲ့သေးတယ်၊ မေ့သွားပြီလားဟင်"
ထိုအချိန်က သူဆေးရုံတွင် ၈ရက်နေခဲ့ရသည်။ သူ့မှတ်ဥာဏ်၏အနက်ရှိုင်းဆုံးနေရာတွင် သူ့မိသားစုဝင်များက သူ့အားတစ်ကြိမ်တည်းသာ ဖုန်းခေါ်ခဲ့ပြီး တစ်ယောက်လေးတောင်မှ သူ့ထံလာမလည်ခဲ့ပေ။
မော့လျှိုကွေ့၏မျက်နှာ ရှက်ရွံ့မှုနှင့်အတူ နီရဲသွားသည်။
"ဆောရီးပါ၊ ငါတောင်းပန်ပါတယ်ဟာ၊ ငါမမှတ်မိဘူး၊ ငါ..."
"မော့တိ!!!"
မော့လျှိုကွေ့ အဆုံးထိမပြောရသေးမှီမှာပင် မော့ရှစ်ဟုန်၏အသံနက်နက်က ထွက်ပေါ်လာသည်။ သူ၏လှိုက်တက်လာသောဒေါသတို့ကို ဖိနှိပ်ကာ ပြောလိုက်၏။ "မင်း အဖျက်ကောင်၊ မင်းအစ်မကို နှိပ်စက်ချင်သေးတာလား!!"
"မင်းကငါ့ကိုဒေါသထွက်သေအောင်လုပ်နေတာပဲ၊ ဘယ်လိုလုပ် ငါမင်းလိုကောင်ကို မွေးခဲ့မိတာလဲ !"
မော့ရှစ်ဟုန်က သူ့သမီးလေးကို ဖျားနာသွားသည်အထိ သူ့ကိုယ်သူအပြစ်တင်စေခဲ့သည့် စွပ်စွဲချက်အား မော့တိမှ ထပ်ခါတလဲလဲ ပြောရန် ကြိုးစားနေသည်ကို မြင်လျှင် ဒေါသကိုဖိနှိပ်ကာ ဆိုလိုက်သည်။
"မင်းတကယ်လုပ်ရဲတယ်၊ ငါတို့ရှေ့မှာတောင် မင်းအစ်မကို အပြစ်တင်ရဲတဲ့ သတ္တိရှိနေတယ်"
မော့တိက သူ့စကားကြောင့် တုန်လှုပ်သွားဟန်ဖြင့် ခေါင်းကို အမြန်ခါလိုက်သည်။
"မဟုတ်ပါဘူး ၊ အဖေ... ကျွန်တော်က ကျွန်တော်ကိုကိုးနဲ့မတည့်တာကို ပြောချင်ရုံလေးပါ၊ ကျွန်တော့်အလာ့ဂျစ်က ရုတ်တရက်ပေါ်လာတာမဟုတ်သလို မမကိုထိခိုက်စေချင်စိတ်လည်း မရှိပါဘူး၊ ကျွန်တော်က..."
"ကျွန်တော်က... ဘာလဲ၊ ပါးစပ်ပိတ်ထားလိုက်တော့ !" ကြည်လင်သောမျက်နှာနှင့် လှပသည့် အမျိုးသမီးတစ်ဦးက လျင်မြန်စွာ ရောက်ရှိလာပြီး မော့တိအား အဓိပ္ပါယ်အပြည့်ပါသောအကြည့်ကို ပေးလိုက်သည်။ မော့တိက ခေါင်းအမြန်ငုံ့ကာ မျက်လုံးများ နီရဲလာသည်။
............
စာရေးသူမှာပြောစရာရှိပါတယ်
မော့မိသားစုမှာ မြေး၇ယောက်ရှိပါတယ်: မော့ယီ(1)ချန်း၊ မော့အာ့(2)ချမ်၊ မော့စန်း(3)ကျစ်၊ မော့စစ်(4)လန်၊ မော့ဝု(5)ဟန်၊ မော့လျှို(6)ကွေ့ ၊ ပြီးတော့ မော့တိ။ သူတို့ဘယ်သူလဲဆိုတာ မမှတ်မိရင် သူတို့နာမည်တွေရဲ့ အလယ်အက္ခရာကိုပဲ သတိရလိုက်ပါ။. Yi, Er, San, Si, Wu, Liu (တရုတ်လို နံပါတ်၁ကနေ၆အထိပါ၊ မော့တိနာမည်က အဲ့patternအတိုင်းမဟုတ်ပါဘူး၊ နောက်ဆုံးအခန်းမှာ အဲ့အကြောင်းရှင်းပြပါ့မယ်)
သူတို့ထဲမှာ မော့ယီနှင့် မော့စစ်က (1 and 4) အကြီးဆုံးမိသားစုကပါ။ အမွှာတွေဖြစ်တဲ့ မော့အာ့၊ မော့စန်းနှင့် မော့ဝုက ဒုတိယဦးလေးရဲ့မိသားစုက၊ မော့လျှိုကွေ့နဲ့မော့တိကတော့ မော့ရှစ်ဟုန်နှင့်သူ့မိန်းမရဲ့ကလေးတွေ။
Xxxxxx