Chapter 6
ထို့နောက် အမျိုးသမီးက မော့လျှိုကွေ့ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ သူမ၏လက်ကို ကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။ "ရှောင်ကွေ့၊ မေမေ့ရဲ့ရှောင်ကွေ့လေး၊ အဲ့အကြောင်း မတွေးနဲ့တော့၊ မေမေ့ကိုစိတ်ပူရအောင် မလုပ်ပါနဲ့ကွယ်၊ မမှတ်မိတာ မင်းအပြစ်မှမဟုတ်ပဲ၊ သူဘာနဲ့ဓာတ်မတည့်ဘူးလဲဆိုတာ ငါတို့မိသားစုဝင်တစ်ယောက်မှ သိမနေဘူး၊ သူ့အလာဂျစ်က ငါတို့မိသားစုက ဘယ်သူနဲ့မှ ဆိုင်မနေဘူး၊ မင်းနဲ့လည်းမဆိုင်ဘူး၊ ငါ့ချစ်သမီးလေး မင်းအရမ်းကြင်နာတတ်နေလို့မဖြစ်ဘူး၊ အရာအားလုံးအတွက် တာဝန်ယူမနေနဲ့၊ သူ့ပြဿနာသေးသေးလေးတွေကြောင့် မင်းတစ်ခုခုဖြစ်သွားရင် အမေဘာလုပ်ရမလဲ"
"ကောင်းပြီ အထဲမှာပြောကြတာပေါ့၊ မင်းတို့ဘာလို့ ဒီအရှုပ်ထုပ်တွေကို အပြင်မှာလုပ်နေကြရတာလဲ" နောက်ဆုံးမှဆင်းလာသည့် မော့ဖိုးဖိုးက သူ့တုတ်ကောက်အား မြေပေါ်ဆောင့်ချပြီး မကျေနပ်ကြောင်းပြလာသည်။
"တတိယချွေးမ၊ အပြင်မှာ နေရှိန်ပြင်းလွန်းတယ်၊ ရှောင်ကွေ့ကိုအထဲခေါ်ပြီး နားခိုင်းလိုက်"
"ဟုတ်ကဲ့ပါ အဖေ..." အမျိုးသမီးက လျင်မြန်စွာပင် တုန့်ပြန်လိုက်ပြီး မော့လျှိုကွေ့၏လက်ကို ဆွဲလိုက်၏။
"သွားကြမယ် ရှောင်ကွေ့၊ အမေတို့အထဲမှာ ပြောကြရအောင်"
"အမှန်ပဲ၊ အဲဒါကအမှန်ပဲ၊ အပြင်မှာ အပူရှိန်ပြင်းလွန်းတယ်၊အိမ်ထဲမှာပြောတာက အကောင်းဆုံးပဲ၊ ရှောင်ကွေ့က သွေးအားနည်းနေတာ၊ ဒါကို ပေါ့ပေါ့လေးတွေးလို့မရဘူး၊ အပြင်မှာ အကြာကြီး မနေခိုင်းနဲ့"
လူတစ်စုက ခြံဝင်းအတွင်း ဖြတ်သွားကာ ဗီလာထဲသို့ လျှောက်သွားကြသည်။ ဘေးမှာရပ်နေသည့် မော့တိက သူတို့အတွက် ဖြတ်သွားဖြတ်လာလူတစ်ယောက်ကဲ့သို့ပင် သူ့ကြောင့် အနှောင့်အယှက်ဖြစ်စရာမလိုသည့်အလား။
မော့တိက ခေါင်းငုံ့လိုက်သည်။ ဤသို့ ရင်းနှီးနေသည့် ဆက်ဆံခံရမှုကြောင့် သူ့နှလုံးသား ထုံကျဉ်နေတာ ကြာပါပြီ။
ငယ်စဥ်ကတည်းက ဆူငေါက်ရိုက်နှက်ခြင်းမှလွဲ၍ သူကမမြင်နိုင်သည့် လူတစ်ယောက်လိုပင် မဟုတ်ပါလား။ လျစ်လျူရှုခြင်း၊ မမျှမတဆက်ဆံခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲခံရခြင်း၊ ဤဆက်ဆံပုံတို့အား သူ့နှလုံးသားထဲမှပင် သိလေသည်။
မော့တိ ခံနိုင်ရည်ရှိပါသည်။ အဲဒီလူတွေ ဗီလာထဲကို ဝင်သွားသည်အထိ သည်းခံပြီးသည်နှင့် သူထွက်သွား၍ရ၏။
သို့ပေသိ ပြောင်းလဲသွားသည်မှာ သူမထွက်သွားမှီတွင် မော့အဖိုး၏အသံက ထွက်လာသည်။
"တတိယသား၊ မင်းသားကိုအထဲခေါ်ခဲ့၊ ငါတို့ မော့မိသားစုမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်၊ တစ်ယောက်ယောက်ကို ထိခိုက်စေပြီးမှတော့ သူအပြစ်ပေးမခံရဘဲ ထွက်သွားခွင့်မရှိဘူး"
မော့ရှစ်ဟုန်၏ ရွံရှာဖွယ်အကြည့်မှာ တောက်ပသွားသည်။ သူက အစောင့်များကို ချက်ချင်း အမိန့်ပေးလိုက်၏။
"သားရဲကောင်ကို ကြိုးတုပ်ပြီးခေါ်လာခဲ့"
မော့တိခေါင်းငုံ့လိုက်သည်။ သူ့လက်သီးဆုပ်ကို အနည်းငယ်တင်းကြပ်လိုက်ပြီးမှ ပြန်ဖြေလျော့လိုက်သည်။ အဆုံးဆွင် သူကအစောင့်များဆွဲခေါ်ခြင်းကို မစောင့်ဘဲ အတွင်းကို ဝင်သွားလိုက်၏။
သူတံခါးဝရောက်သည်နှင့် ခေါင်းမော့ကာ ကြောက်ရွံ့မှုနှင့်တောင်းပန်မှုတို့ကို အပြည့်အဝ ဖော်ပြလိုက်၏။
"အဖေ၊ ကျွန်... ကျွန်တော့်ကို ကြိုးမချည်လို့ရလားဟင်"
မော့လျှိုကွေ့က ထိုစကားကြားသည်နှင့် ချက်ချင်းဆိုလိုက်သည်။
"အဖေ၊ ဘာလို့ရှောင်တိကို ကြိုးချည်ချင်ရတာလဲ၊ ရှောင်တိကို ကြိုးမတုပ်ရဘူး၊ သူအခုမှ ဆေးရုံကဆင်းလာတာလေ!"
“အိုင်း၊ ငါ့ရဲ့တုံးအတဲ့သမီးလေး၊ မင်းဘာလို့များ…”
မော့ရှစ်ဟုန်က မော့လျှိုကွေ့အား ချစ်မြတ်နိုးစွာကြည့်ရင်း ထိုအကြောင်းကို ထပ်မပြောရက်တော့ပေ။ သူကသက်ပြင်းချကာ မော့တိအပေါ် ပို၍ဒေါသထွက်လာသည်။
"မင်း အဲဒီ့မှာပဲရပ်နေ၊ မင်းအစ်မကိုကြည့်စမ်း၊ သူမင်းကြောင့် နာကျင်ခဲ့ရပေမယ့် မင်းကိုချစ်နေတုန်းပဲ၊ မင်းရဲ့အသိစိတ်ကဘယ်မှာလဲပြောစမ်းပါ"
မော့တိက တိတ်ဆိတ်နေပြီး မော့ရှစ်ဟုန်အား နီရဲနေသည့်မျက်လုံးများနှင့်သာ ကြည့်လိုက်လေသည်။ ထိုအချိန်တွင် ပြုတ်ကျသည့်ဒဏ်မှ သက်သာသွားသည့် မော့ဝုဟန်က ရေချိုးခန်းထဲမှ ထွက်လာ၏။ သူကမော့တိကိုမြင်ပြီးနောက် ဒေါသများ ငြိမ်ကျသွားသည်။
သူကမော့တိထံ တိုက်ရိုက်လျှောက်သွားကာ မျက်နှာထက်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
မော့တိက ရှောင်တိမ်းချင်သော်လည်း မော့စစ်လန်က ရယ်မောကာ သူ့နောက်တွင် ရပ်လိုက်သည်။သူ့အနေဖြင့် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သံလက်သီး(အားအပြည့်ပါသည့်လက်သီး)ဖြင့် ရိုက်ခံလိုက်ရသည်။ ထိုလက်သီးချက်က သူ၏အမြင်အာရုံကို မည်းမှောင်သွားစေပြီး ပြင်းထန်သော နာကျင်ကိုက်ခဲမှုနှင့်အတူ နှာခေါင်းနှင့်နှုတ်ခမ်းတို့တွင် သံချေးနံ့များ ပျံ့နှံ့သွားသည်။
မော့တိက ခါးကို ကွေးလိုက်ပြီးနောက် နာကျင်စွာ အသက်ရှူသွင်းလိုက်သည်။ ပါးစပ်ကို လက်ဝါးဖြင့်သုတ်လိုက်ရာ သွေးများပေကျံသွား၏။
"ပဉ္စမအစ်ကို၊ နင်ဘာလုပ်လိုက်တာလဲ"
ထိုမြင်ကွင်းကြောင့် မော့လျှိုကွေ့ ထိတ်လန့်သွားရသည်။
"ပဉ္စမအစ်ကို၊ ဘာလို့ရှောင်တိကို ရိုက်ရတာလဲ!"
“ရှောင်ကွေ့၊ သူကအဲဒါနဲ့တန်တယ်!!” တစ်ချက်တည်းဖြင့် မလုံလောက်သေးသလို ခံစားရပြီး မော့ဝုဟန်က မော့တိအား နောက်တစ်ချက် ထိုးချင်ခဲ့သည်။
“ရှောင်ဟန်၊ ပြန်လာခဲ့ ...”
လူအိုကြီးမော့က မာစတာကုလားထိုင်တွင်ထိုင်နေရင်း နောက်ဆုံးတွင် ချောင်းဟန့်ကာ စကားပြောလာသည်။
“အဖိုး!”
မော့ဝုဟန်က မကျေနပ်ပေ။ သူကမော့တိအား ထက်ရှသည်အကြည့်ဖြင့်ကြည့်လိုက်၏။ မော့တိတုန်ယင်သွားပြီး ခေါင်းငုံ့လိုက်လေသည်။ သူ့မျက်နှာအောက်ပိုင်းတစ်ဝက်က သွေးများဖြင့် စေးကပ်နေ၏။
မော့ဖိုးဖိုးက မော့တိမျက်နှာထက်မှသွေးများကို မမြင်သည့်အလား မကျေမချမ်းကြည့်နေလေသည်။ သူကလည်ချောင်းရှင်းကာ တည်ငြိမ်သည့်မျက်နှာပေးဖြင့် ပြောလာသည်။
"ဒီနေ့ ငါတို့လူစုံတယ်လို့ပြောလို့ရတယ်၊ ပြီးခဲ့တဲ့ရက်တွေက ဖြစ်ခဲ့တာတွေကို ငါပြောပြချင်တယ်"
“ကိုယ့်မိသားစုကို အရှက်ခွဲဖို့ ကြိုးစားတာမျိုး... ဒီလိုကိစ္စမျိုး ငါတို့မိသားစုမှာဖြစ်ပျက်ခဲ့တာကို မယုံကြည်နိုင်သေးဘူး” မော့ဖိုးဖိုးက မျက်ခွံကိုပင့်ကာ မော့တိအား အေးစက်စက်ကြည့်လိုက်သည်။
“ရှောင်တိ၊ မင်း မင်းအစ်မကို ဘာလုပ်ခဲ့လဲ၊ မင်းရဲ့အသိစိတ်က နည်းနည်းလေးတောင် နာကျင်မနေဘူးလား!!”
မော့တိက ထရပ်သည်။ “ကျွန်တော် မလုပ်ခဲ့ပါဘူး အဖိုး၊ ကျွန်တော် မလုပ်ခဲ့ဘူး …”
“ဆင်ခြေပေးစရာ မလိုဘူး၊ သက်သေက စကားလုံးတွေထက် အသံ ပိုကျယ်တယ်၊ လူတိုင်းက ကန်းမနေဘူး၊ မင်းရဲ့လှည့်ကွက်လေးတွေကို ရှင်းပစ်စမ်းပါ"
မော့ဖိုးဖိုးက နားထောင်ပေးဖို့ငြင်းပြီး မော့တိ၏ စကားများကို ဖြတ်ပြောလိုက်သည်။ သူ့အသံက အလွန်အမင်း စိတ်ဆိုးနေ၏။
"မော့မိသားစုက အဲဒီ့အပြုအမူတွေကို သည်းမခံနိုင်ဘူး၊ ရှောင်ကွေ့က ကြင်နာပြီးထောက်ထားတတ်ရင်တောင် ငါတို့အကြီးတွေက ဒီကိစ္စကို ဘေးပစ်မထားနိုင်ဘူး"
“အဖိုးမှန်တယ်!”
မော့စစ်လန်၏ မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းများက မသိမသာကျဥ်းမြောင်းသွားပြီး သူကမော့တိကို အဆိပ်ပြင်းသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"မော့တိက ရှောင်ကွေ့ကြင်နာတတ်တာကို အခွင့်အရေးယူပြီး ရှောင်ကွေ့သူ့ကိုဂရုမစိုက်ဘူးလို့ လူတွေကို အထင်လွဲစေချင်နေတာ၊ ပြီးတော့ သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးလာစေချင်နေတာ၊ ဒါက မျက်လုံးဖြူဝံပုလွေကို ပျိုးထောင်ရသလိုပဲ၊ သင်ခန်းစာပေးတာက ပေါ့ပေါ့လေးလုပ်လို့မရဘူး၊ အဖိုး... သူ့ကို မော့မိသားစုကနေထုတ်ပစ်ပါ"
မော့တိ၏နှလုံးသားက လှုပ်ရှားသွားပြီး သူကခေါင်းကို ပို၍ငုံ့လိုက်လေသည်။ သူ့ပုခုံးများက မသိသာတုန်ယင်နေ၏။ မော့စစ်လန်က ထိုသို့မော့တိ၏ ကြောက်ရွံ့ပြီးတုန်ယင်နေသည့် ကိုယ်ကိုကြည့်ကာ သူ့ခံစားချက်များ သက်တောင့်သက်သာဖြစ်သွားသည်ကို ခံစားလိုက်ရ၏။
“စတုတ္ထအစ်ကို!” မော့လျှိုကွေ့က အလျင်အမြန် ဆိုလာသည်။
“မရဘူး၊ လုံးဝမဖြစ်ဘူး၊ နင် ရှောင်တိကို ကျွန်မတို့မိသားစုထဲက ထုတ်လို့မရဘူး!”
“ညီမလေး၊ နင်ဘာလို့ သူ့ဘက်မှာနေပေးနေရသေးတာလဲ !” မော့ဝုဟန်၏ မျက်လုံးများက လောင်ကျွမ်းလုနီးနီးဖြစ်အောင် မော့တိအား ကြည့်နေလေသည်။ “သူမင်းကို ဒီလိုဆက်ဆံနေတာတောင် ဘာလို့သူ့ဘက်မှာ နေပေးနေရတာလဲ၊ ငတုံးမလေး!”
“ပဉ္စမအစ်ကို ရှောင်တိက ကျွန်မရဲ့မောင်လေးပါ၊ ကျွန်မသူ့အပေါ် ကောင်းမပေးသင့်ဘူးလား ”
ခန်းမထဲတွင် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွား၏။
မော့ရှစ်ဟုန်နှင့် ကျန်လူများက မော့လျှိုကွေ့အတွက် အလွန်စိတ်မကောင်းဖြစ်ကာ စိတ်ပူသွားကြရသည်။ သူတို့၏စောင့်ကြည့်မှုအောက်၌ ကြီးပြင်းလာသည့် မင်းသမီးလေးက ဖြူစင်ပြီးကြင်နာတတ်လွန်းသည်။ သူတို့ သူမကို ကောင်းကောင်းမကာကွယ်ပါမူ သူမလေး အနာဂတ်တွင် အခွင့်ကောင်းယူခံရမည်မှာ အသေအချာပင်။
သို့သော်လည်း မော့လျှိုကွေ့၏တောင်းဆိုမှုကိုမြင်လျှင် မော့ဖိုးဖိုးမှာ သူ့မြေးမလေး၏ဆန္ဒကို လျစ်လျူမရှုနိုင်တော့ပေ။ နောက်ဆုံးတွင် သူ့တုတ်ကောက်အား မြေပြင်ထက် ဆောင့်ချကာ မော့တိကိုကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ရှောင်ကွေ့က ဒီကိစ္စကို မဆွဲဆန့်ချင်မှတော့ မင်းကိုဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်၊ အပြစ်လွတ်ရင်တောင် မင်းတောင်းပန်ရမှာပဲ၊ မနက်ဖြန် မင်းကျောင်းပြန်သွားရင် ရှောင်ကွေ့ကို လူကြားထဲမှာ တောင်းပန်ရမယ်၊ ဟုတ်ပြီလား"
မော့တိက ခေါင်းမော့ကာ လက်ခံလိုက်သည်။
“အဖိုး၊ သူမတောင်းပန်ရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့ တစ်ယောက်ယောက်ကို ကြီးကြပ်ခိုင်းသင့်တယ်၊ ရှောင်ကွေ့ရဲ့အတန်းမှာ ကျူးဝမ်ဇီဆိုတဲ့ကလေးရှိတာကို ကျွန်တော်မှတ်မိတယ်၊ သူကသိပ်မဆိုးဘူး၊ ကျွန်တော်သူ့ကို ဖုန်းခေါ်ပြီး ဒီကိစ္စကို စောင့်ကြည့်ဖို့ ပြောလိုက်မယ်လေ"
မော့ဝုဟန်က ဆိုလာသည်။
“ကောင်းပြီ...” မော့ဖိုးဖိုးက လက်ခံလိုက်၏။
…
မော့မိသားစု၏ မူယာမာယာတို့ကို အဆုံးသတ်ရန် နာရီဝက်မျှကြာသည် ။ မော့တိက သွေးပေရေနေသည့်မျက်နှာဖြင့် အခန်းထဲကို ပြန်သွားလိုက်သည်။
မော့တိက တံခါးကိုပိတ်ပြီး လော့ချလိုက်သည်။
နောက်အခိုက်အတန့်တွင် သူ့မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် သူ့ပခုံးများတုန်ယင်နေရသည့် တုန်လှုပ်ချောက်ချားမှုများမှာ ဘယ်တုန်းကမှ မရှိခဲ့သကဲ့သို့ လုံးဝပျောက်ကွယ်သွားသည်။သူတို့၏နေရာ၌ မတုန်မလှုပ် လျစ်လျူရှုခြင်း နှင့် ဂုဏ်သိက္ခာရှိသည့် ကိုယ်ဟန်အနေအထားသာ ကျန်ခဲ့သည်။
မော့တိက မျက်နှာသစ်ချင်သွားသည်။ မှန်ထဲရှိ သူ့ကိုယ်သူကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။
ဆိုတော့ ဒါကလည်း နှစ်ကြိမ်ထပ်ဖြစ်ပြန်ပြီပေါ့။
…အတင်းအကြပ် တောင်းပန်ခိုင်းတဲ့အဖြစ်ကိုလေ။
သို့ပေမယ့် ယင်းကမှန်သည်။ သေချာပေါက်ကို ဤတောင်းပန်မှုကို သူလုပ်ပေးလိမ့်မည်မဟုတ်ပေ။ ပြီးနောက် ယနေ့ဖြစ်ရပ်ကို သူညှာတာခြင်းမဲ့စွာ မှတ်ထားပေလိမ့်မည်။
မော့တိက မျက်နှာသုတ်ပုဝါတစ်ထည်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်ခုံးပေါ်ရှိ ရေများကို သုတ်လိုက်သည်။ သူ့အိပ်ခန်းရှိစာကြည့်စားပွဲကို အမြန်ပြန်သွားပြီး သူ့ကွန်ပြူတာကို ထုတ်လိုက်သည်။
အစောပိုင်းက ပြုတ်ကျမှုကြောင့် သူ့ကွန်ပြူတာမှာ အနည်းငယ် နှေးကွေးသွားသည်။ မော့တိက ပရိုဂရမ်တစ်ခုကို ဖွင့်လိုက်ပြီး သူ၏ ဖြူလွလွလက်ချောင်းများက ကီးဘုတ်ထက်တွင် ပျံဝဲနေကာ ကုတ်အတွဲလိုက်ကို ရိုက်ထည့်လိုက်သည်။
သိပ်မကြာခင်မှာပင် မျက်နှာပြင်က မီးခိုးရောင်နောက်ခံအဖြစ် ပြောင်းလဲသွားလေသည်ာ
အရင်ဘဝ၌ သူအိမ်မှ ထွက်ပြေးလာပြီးနောက်တွင် ကမ္ဘာ့ပထမဆုံး 4D အွန်လိုင်းဂိမ်းကို စတင်ထုတ်လုပ်ခဲ့သည့် သူ၏ကိုယ်ပိုင်ဗီဒီယိုဂိမ်းကုမ္ပဏီကို မဖွင့်နိုင်မှီ နှစ်အနည်းငယ်ကြာအောင် ဝီရိယစိုက်ထုတ်ပြီး ဖြတ်သန်းခဲ့ရသည်။
တည်ထောင်သူအနေဖြင့် သူ့တွင်မည်သည့်ကျွမ်းကျင်မှုမှ မရှိစရာအကြောင်းမရှိချေ။ ပရိုဂရမ်ရေးခြင်းနှင့် ကုတ်ရေးခြင်းတို့က သူ့အတွက်တော့ ရင်းနှီးကျွမ်းဝင်နေသည့် သူငယ်ချင်းများကဲ့သို့ပင်။ သူသည် ဟက်ကာစွမ်းရည်အချို့ကိုလည်း တတ်မြှောက်ထားသည်။
အဲတာက **ရုံလေးပါပဲ...
သူ့နှလုံးသွေးများသွန်းလောင်းကာ ထူထောင်ခဲ့ရသော ဂိမ်းကုမ္ပဏီ၏အဆုံးသတ်ကို တွေးမိချိန်တွင် သူ့မျက်လုံးများ၏အေးစက်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူသေဆုံးပြီးနောက် အမွေအနှစ်ဖြစ်လာသည့် ထိုဂိမ်းကုမ္ပဏီကို မော့မိသားစုက လွှဲပြောင်းယူခဲ့သည်။ ယင်းက ရှေ့ပြေးဂိမ်းစနစ်ဖြစ်ရာ ဟွာရှားတွင်သာမက တစ်ကမ္ဘာလုံး၌ပါ 4Dဂိမ်းကို ဦးဆောင်နေသည့် ဂိမ်းကုမ္ပဏီကြီး ဖြစ်လာခဲ့သည်။ အခြားပြိုင်ဘက်များက သ။တို့၏စနစ်ကို အတုယူရန် ကြိုးစားခဲ့သော်လည်း သူတို့အနေဖြင့် အမြဲတမ်းနောက်၌ကျန်ခဲ့ရသည်ပင်။နှစ်နှစ်အတွင်းတွင် သူ၏ကုမ္ပဏီက မော့မိသားစုကို ဟွာရှားရှိ ဒုတိယအချမ်းသာဆုံးမိသားစုဖြစ်လာစေခဲ့သည်။ ပြီးနောက်တွင် ကုမ္ပဏီကို မော့လျှိုကွေ့ထံလွှဲပြောင်းပေးခံရပြီး သူမက ရုပ်ရှင်ဘုရင်မအဖြစ်သာမက အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်အဖြစ်ပါ ချီးကျူးခံလိုက်ရသည်။
ပြီးတော့ သူကတော့...သူနှင့်ထိုက်တာကိုသာ ရခဲ့သော ရက်စက်သူအဖြစ် ဖော်ပြခံခဲ့ရသည်။သူ့ကို စိတ်ကျန်းမာရေးဆေးရုံမှာ ပိတ်လှောင်ထားခြင်းခံရရုံတင်မက ရက်ရက်စက်စက် သေဆုံးခဲ့ရသည်။သူ့ဘဝတစ်ခုလုံးစာ ကြိုးစားအားထုတ်မှုက အဓိကဇာတ်ကောင်အတွက် ခြေနင်းကျောက်တုံး ဖြစ်လာခဲ့ပြီး မော့မိသားစုအတွက်ပင် သူတို့၏အဆင့်အတန်းကိုမြှင့်ရန် ကြီးမားသည့်တွန်းအားပေးခဲ့ပြီး ကမ္ဘာကျော်စေခဲ့သေးသည်။
Xxxxxxxx