အပိုင်း ၉
Viewers 28k

Chapter 9


မော့တိက သူ့ကို ဖက်ထားသည့် ကျယ်ပြောသန်မာသော ရင်ခွင်တစ်စုံကို ခံစားလိုက်ရသည်။ နွေးထွေးသော ရင်ခွင်ထဲမှ ထုတ်လွှတ်နေသည့် အပူငွေ့ငွေ့က သူ့ကို ရစ်သိုင်းထား၏။ ဤခံစားချက်မှာ သက်တောင့်သက်သာမရှိသလို ထူးဆန်းနေသောကြောင့် သူက ကိုယ်လွတ်ရုန်းချင်နေသည်။


သို့ရာတွင် သူ့အစီအစဉ်ကို ပြန်တွေးကြည့်ရင်း သည်းခံလိုက်၏။


ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့က ဆေးရုံသို့ သွားသည့်လမ်းတလျှောက် လိုက်လာကြသည်။ မော့တိ အမျိုးမျိုးသော ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ပြီးနောက် သူ၏ ညာဘက်ခြေထောက် အဆစ်လွဲသွားခြင်း၊ ပေါက်ပြဲဒဏ်ရာများနှင့် ဆရာဝန်၏ ညွှန်ကြားချက် လိုအပ်သော အသေးစား သတိလစ်ခြင်း စသည်ဖြင့် ရလဒ်များကို သိရသောအခါမှသာ သူတို့ စိတ်သက်သာရာ ရသွားကြသည်။


ကံကောင်းထောက်မစွာဖြင့် ရှုပ်ထွေးသော ကိစ္စမျိုး မရှိပေ။


ကျောင်းအုပ်ကြီးဟွမ်းက ဤကျောင်းအတွက် ရရှိခါနီးဖြစ်သော ရင်းနှီးမြှုပ်နှံမှုများကို မဆုံးရှုံးချင်သောကြောင့် ဤပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းချင်နေသည်။ သူက ဆေးရုံကုတင်ပေါ်၌ လှဲလျောင်းနေသည့်၊ လက်ရှိတွင် မူလက ရုပ်ချောချော ကောင်လေးတစ်ယောက်နှင့် မတူတော့သော မော့တိကို လှမ်းကြည့်လိုက်သည်။


“ကျောင်းသားလေး ဒီတစ်ကြိမ် ရန်ပွဲက တော်တော့်ကို ဆိုးရွားလွန်းတယ်… ဆရာကြီးတို့ အခြေအနေကို သိထားဖို့ လိုတယ်လေ… မင်းတို့တွေ ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလဲ…”


သူက ဤရန်ပွဲမှာ တစ်ဖက်သတ် အနိုင်ကျင့်ခြင်းဟု လက်မခံဘဲ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်ခြင်းဟု ထင်နေ၏။ ဤကောင်လေးမှာ မော့မိသားစုမှ သခင်လေး ဖြစ်ကြောင်းကို သိထားလေသည်။ သူနှင့် ပတ်သက်သော ကောလာဟလများမှာ အလွန်ကောင်းမွန်ခြင်း မရှိသောကြောင့် သူ့အကျင့်စရိုက်တွင် တစ်ခုခု မှားယွင်းနေခြင်း ဖြစ်သည်ဟု ထင်နေသည်။ အကယ်၍ သူသာ ဤကိစ္စကို နက်နက်နဲနဲ တူးဆွကြည့်ပါက ဒါရိုက်တာမုနှင့် ပတ်သက်သော အချို့အချက်အလက်များကို ပြန်လည်ရရှိနိုင်ပြီး လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထို့ပြင် နှစ်ဖက်စလုံး အမှားမကင်းသည့်အတွက်ကြောင့် ကျောင်းတွင်းအကြမ်းဖက်မှုဟု မခေါ်ဆိုနိုင်တော့ဘဲ ရိုးရှင်းစွာပင် “ရန်ပွဲ” တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။


ထိုမျှမက သူတို့ရှာကျားနိုင်ငံတကာကျောင်း၏ အနေအထားမှာ အမြဲတစေ ဂုဏ်သတင်း မွှေးပျံ့လှပြီး ယခင်က အခြားသော ကျောင်းတွင်းအကြမ်းဖက်မှုဟူ၍ တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ထို့ကြောင့် ဤကျောင်းသားလေးမော့တိက အမှန်တကယ်ပင် ဆိုးရွားလှသောကိစ္စတစ်ခုခုကို ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ပြီး ထိုသို့မဟုတ်ပါက မည်သည့်အတွက်ကြောင့် သူတစ်ယောက်တည်း အနိုင်ကျင့်ခံရမည်နည်း။


မော့တိက ဖူးယောင်နေသော သူ့မျက်လုံးများကို ဖွင့်ကာ သူ့ကုတင်ဘေး၌ ရပ်နေကြသော ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာလျှို့တို့အပြင် မုထျန်းဟန်နှင့် ဆံပင်အညိုရောင်ပိုင်ရှင် နိုင်ငံခြားသား တစ်ဦးကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြောက်ရွံ့နေသဖြင့် စကားတစ်ခွန်းမှ မပြောပေ။


မော့တိ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျောင်းအုပ်ဟွမ်က သူ့ထင်မြင်ချက် မှန်ကန်ကြောင်း ခံစားလိုက်ရပြီး ယုံကြည်ချက်ရှိရှိ ဖိအားပေးလိုက်သည်။


“ဒီကျောင်းသားကတော့… မင်း မပြောပြဘူးဆိုရင် ငါတို့ဆရာတွေက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး စုံစမ်းလို့ ရတော့မှာလဲ… အဲ့ဒီကျောင်းသားတွေက မင်းကို ဘာလို့ ဝိုင်းရိုက်တာလဲ… မင်း ဆရာကြီးတို့ကို အရင် ပြောရင် ပြောနော်… မဟုတ်ရင် အဲ့ဒီကျောင်းသားတွေဆီ အရင်ဆုံး သွားမေးရလိမ့်မယ်…”


“ကျွန်တော်… ဘာလို့လဲဆိုတော့… အကြောင်းပြချက်က ကျွန်တော် အမှားလုပ်မိလို့ပါ…”


မော့တိ၏စကားများက ကျောင်းအုပ်ကြီးဟွမ်း တွေးထားသည့်အတိုင်းဖြစ်ရာ သူ့ကို စိတ်ကျေနပ်သွားစေ၏။


မော့တိကိုယ်တိုင်ကလည်း အရိုက်ခံရသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေသည်။


ကြောက်ရွံ့စိတ်နှင့် အပြစ်တင်စိတ်တို့ကြောင့် မော့တိဆက်ပြီး စကားမပြောနိုင်ကြောင်း မြင်လိုက်ရသောအခါ ကျောင်းအုပ်ကြီးဟွမ်းက သူ့ကို မေးခွန်း ဆက်မမေးတော့ပေ။ သူက မျက်မှောင်ကြုံ့ထားသော မုထျန်းဟန်ဘက်သို့ လှည့်သွား၏။


“ဒါရိုက်တာမု… ခင်ဗျားမြင်တဲ့အတိုင်းပဲ ဒီကိစ္စက တကယ်တော့ ကျောင်းတွင်းအကြမ်းဖက်မှု မဟုတ်ပါဘူး… ကျွန်တော်တို့ကျောင်းရဲ့ အခြေအနေက အမြဲတမ်း ကောင်းမွန်တဲ့အနေအထားမှာ ရှိပါတယ်… ဒီကိစ္စက ဒီတိုင်း ကျောင်းသားတွေကြားက ရန်ပွဲလေးတစ်ခုပါပဲ… ပြီးတော့ ဒီကျောင်းသားလေးကိုယ်တိုင်ကလည်း သူ့အမှားဆိုတာ ဝန်ခံနေတာပဲ မဟုတ်လား… တစ်ဖက်က ကျောင်းသားတွေကလည်း ရန်စခံရတော့ ပြဿနာကို မှားယွင်းတဲ့ နည်းလမ်းမျိုးနဲ့ ဖြေရှင်းလိုက်တာပဲ ဖြစ်မှာပါ… ကျွန်တော်တို့ကတော့ ကျောင်းသားတွေအားလုံးကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ လက်တုံ့ပြန်တာမျိုး လုပ်ဖို့ ခွင့်မပြုထားပါဘူး…”


ကျောင်းအုပ်ကြီးဟွမ်းက နှစ်လိုဖွယ်အပြုံးမျိုး ပြုံးရင်း ပြော၏။


“ဘာပဲဖြစ်ဖြစ် သူတို့တွေ စိတ်ကျေနပ်သည်ဖြစ်စေ ဒေါသထွက်နေတုန်းပဲဖြစ်စေ ပြဿနာကို ဒီလိုနည်းမျိုးနဲ့ ဖြေရှင်းတာကိုတော့ လက်မခံပါဘူး… ဒီလိုအပြုအမူမျိုးကို ကျွန်တော်တို့ ခွင့်လွှတ်ပေးလို့ မရဘူးလေ… တနင်္လာနေ့ကျရင် ကျွန်တော်တို့ အစည်းအဝေး ခေါ်ပြီး…”


“ကျောင်းအုပ်ကြီးဟွမ်း… တခြားကိစ္စတွေပြောဖို့အတွက်တော့ နည်းနည်း စောသေးတယ်လို့ ထင်တာပဲ…”


မုထျန်းဟန်က သူ့လက်ဖဝါးကို မြှောက်ကာ ကျောင်းအုပ်ကြီးဟွမ်း၏စကားကို ကြားဖြတ်လိုက်သည်။ သူက မော့တိကို ကြည့်ကာ မေး၏။


“မင်းက ဘာအမှားလုပ်မိလို့လဲ…”


ထိုကိစ္စမှာ သာမန်ရိုက်ပွဲတစ်ခု မဟုတ်ပေ။ သူ့ကို ရေဆိုးများဖြင့် ပက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကန်ကျောက်ခြင်းတို့ ခံရရုံသာမက ဆံပင်ဆောင့်ဆွဲကာ ကြမ်းပြင်ပေါ် ပစ်ချခံရပြီး မျက်နှာကိုပါ ခြေထောက်ဖြင့် အကန်ခံခဲ့ရသည်။ ထို့ကြောင့် ဤကိစ္စမှာ မည်သည့်အတွက်ကြောင့် ကျောင်းသားအချင်းချင်းရန်ပွဲဟု ဆိုနိုင်ပါမည်နည်း။


ကျောင်းအုပ်ဟွမ်မှာ မုထျန်းဟန်၏ ငြင်းဆန်မှုကို အကြိမ်ကြိမ် ခံနေရသဖြင့် သူ့မျက်နှာအမူအရာမှာ စိတ်မထိန်းနိုင်တော့ဘဲ အကျည်းတန်သွားလေ၏။


“ဘာ… ဘာဖြစ်လို့လဲဆိုတော့…”


မော့တိက သူ့လက်နှစ်ဖက်ဖြင့် စောင်ကို ဆွဲထားကာ မျက်လုံးအပြူးသားဖြင့် စကား ဆက်မပြောနိုင်တော့ချေ။


ထိုစဉ် ဘေးနားတွင် ရပ်နေသော စည်းကမ်းထိန်းသိမ်းရေးဆရာက တင်းမာသောလေသံဖြင့် ကြားဖြတ် ပြောလိုက်သည်။


“မော့တိ… တခြားသူတွေ မကျေမနပ်ဖြစ်အောင်လို့ မင်း ဘာသွားလုပ်မိတာလဲ… မင်း အခုပြောရင် ရသေးတယ်နော် ဆရာတို့တွေ မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး… ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားကို သိချင်ရုံပဲ… ဒါပေမဲ့ တခြားကျောင်းသားတွေဆီကနေ မင်းရဲ့အမှားကို ပြန်ကြားရရင်တော့ မင်းရဲ့ ကျောင်းမှတ်တမ်းထဲ ထည့်ရလိမ့်မယ်…”


မှတ်တမ်းထဲတွင် အမှတ်ခံလိုက်ရပါက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ တက္ကသိုလ်ကောင်းကောင်းသို့ ဝင်ခွင့်ရရန် မဖြစ်နိုင်တော့ပေ။ ကနဦးတွင် မော့တိကို တိုက်ခိုက်ခဲ့သော ကျောင်းသားများ၏ မှတ်တမ်းထဲတွင် ဤကျောင်းတွင်းအကြမ်းဖက်ခံရမှု မှတ်တမ်း ပါသွားမည်ကို စိုးရိမ်နေမိသည်။ ထိုကျောင်းသားများထဲတွင် မိမိတို့၏ ကလေးငယ်များကို နှစ်ပေါင်းများစွာ မျက်နှာသာပေးရန်အတွက် သူ့အား အမျိုးမျိုး လာဘ်ထိုးထားသော အထက်တန်းလွှာ မိသားစုများမှသခင်လေးများလည်း ပါဝင်နေကြ၏။ ထို့ကြောင့် သူ့အနေဖြင့် ထိုကလေးများ၏ မှတ်တမ်းထဲတွင် ဤကဲ့သို့ ပြင်းထန်သောပြစ်မှုမျိုး ပါဝင်ခွင့် မပြုနိုင်ပေ။


ကံကောင်းထောက်မစွာဖြင့် မော့တိမှာ အရှုံးသမား တစ်ယောက် ဖြစ်နေခဲ့သည်။ ဤမှတ်တမ်းဖြင့် ခြိမ်းခြောက်လိုက်ပါက ဤကိစ္စကို ဆက်လက် တင်းခံနေတော့မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူကလည်း အပြစ်ကင်းသူ တစ်ယောက် မဟုတ်သည့်အတွက် ဤကိစ္စကို အလွယ်တကူပင် ဖြေရှင်းနိုင်ပေသည်။


အမှန်တကယ်ပင် မော့တိက ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့သွား၏။ စောင်အောက်ရှိ သူ့ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားပြီး တုန်ရီနေသော အသံဖြင့် သူက ပြောသည်။


“ကျွန်တော် ပြောပါ့မယ်… ဘာလို့လဲဆိုတော့… ကျွန်တော့်အစ်မကို မူးလဲအောင် လုပ်မိလို့ပါ…”


“ဘာပြောတယ်…”


ဆရာလျှို့က ဤအကြောင်းပြချက်ကို လုံးဝမမျှော်လင့်ထားပေ။ မော့တိ၏အစ်မဖြစ်သူ မော့လျှိုကွေ့မှာ မော့မိသားစု၏ လေးဆက်မြောက်မျိုးရိုးအားလုံးအနက် တစ်ဦးတည်းသော ပုလဲရတနာလေးပင်။ သူမသည်လည်း အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် အလွန်တရာ ဆွဲဆောင်မှုရှိပြီး ရေပန်းစားလှသည်။ ဤကျောင်းသား မော့တိက အမှန်တကယ်ပင် သူ့အစ်မဖြစ်သူကို မေ့လဲအောင် လုပ်ခဲ့သည်လား။


“မင်း ဘာလုပ်ခဲ့တာလဲ…”


“ကျွန်တော်… ကျွန်တော့်မမပေးတဲ့ ဖျော်ရည်ကို သောက်ပြီးတော့ အလာ့ဂျစ် ဖြစ်သွားလို့ အရေးပေါ်ကုသမှု ခံယူဖို့ ဆေးရုံတင်လိုက်ရပါတယ်… ကျွန်တော် ဆေးရုံကားပေါ် မတက်ခင် မမကို ကျွန်တော့်မှာ ကိုကိုးအလာ့ဂျစ်ရှိတာကို မသိဘူးလားလို့ မေးလိုက်မိတယ်… အဲ့ဒါကြောင့် ကျွန်တော့်မမက ဝမ်းနည်းပြီး ငိုရင်းနဲ့ သတိလစ်သွားတာပါ…”


မော့တိက ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲပေ။


“ဆရာ… ကျွန်တော်မှားတယ်ဆိုတာ ကျွန်တော် သိပါတယ်… ကျွန်တော် တကယ့်ကို မှားသွားပါတယ်… ကျွန်တော့်မမ သတိလစ်ပြီး ဆေးရုံတင်ရလောက်အောင်ထိ ကျွန်တော် မလုပ်သင့်ဘူး…”


“ကျွန်တော့်ရဲ့အဖေ၊ အမေနဲ့ ညီအစ်ကိုတွေရော၊ ကျွန်တော့်ရဲ့ အတန်းဖော်တွေရော အားလုံး အရမ်း စိတ်ဆိုးနေကြတယ်… ကျွန်တော့်မမက ကျွန်တော့်အပေါ် တကယ် ဂရုစိုက်ပေးတယ်ဆိုတာကို လူတိုင်း သိကြပါတယ်… ကျွန်တော်လည်း သိပါတယ်… ကျွန်တော် မှားသွားတာပါ… ဒါပေမယ့် လူတိုင်းပြောနေကြသလို ကျွန်တော်က ကိုကိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ သောက်ပြီး ကျွန်တော့်မမကို နာမည်ဖျက်ချင်တာ မဟုတ်ရပါဘူး… တကယ် မဟုတ်ပါဘူး… ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို မယုံကြဘူး အဲ့ဒါကြောင့်…”


“ကျက်သရေမရှိတဲ့ကောင်…”


ကျယ်လောင်သောအသံတစ်ခုက ရုတ်တရက် ကြားဖြတ် ဝင်ရောက်လာပြီး တံခါးမှာ တွန်းဖွင့်ခံလိုက်ရသဖြင့် နံရံနဲ့ တိုက်မိပြီး ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာသည်။


“မင်္ဂလာပါ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာလျှို့…”


ကျူးဝမ်ဇီ မည်သည့်အချိန်က ရောက်လာကြောင်း ဘယ်သူမှ မသိကြသော်လည်း သူက အခန်းထဲသို့ ဝင်လာပြီး မော့တိကို အထင်သေးပြီး ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်နေသည်။ 


“ကျောင်းကအပြန် ဒီကိုဝင်လာလိုက်တာ မှန်သွားတယ်… ဒီလိုမှမဟုတ်ရင် မင်းက အမှန်တရားကို ကူလီကူမာ လုပ်ပြီး ပြောနေဦးမှာပဲ…”


“ကျောင်းအုပ်ဆရာကြီး… ဆရာလျှို့… ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားပါတယ်… အဲ့ဒါကြောင့် ကျွန်တော့်လို ဘေးလူတစ်ယောက်ပြောတာကို နားထောင်တာက ပိုပြီး ကောင်းပါလိမ့်မယ်…”


ကျူးဝမ်ဇီက ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ကို ကြည့်နေပြီး သူနှင့်မသိသလို အကြောင်းပြချက်အချို့ကြောင့် ခံစားချက်မကောင်းသည့် အခြားယောက်ျားနှစ်ယောက်ကိုမူ လုံးဝ လျစ်လျူရှုထားသည်။ 


“ကျွန်တော်က မော့တိရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ… ယုတ္တိကျကျပြောရရင် ကျွန်တော်က သူ့ဘက်က လိုက်သင့်တယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ အသိစိတ်ဓာတ်ကြောင့် အမှန်တရားကို ဒီလို ကလိမ်ကကျစ်ကျတာမျိုး လက်မခံနိုင်ပါဘူး… မော့တိရဲ့မမ လျှို… မော့လျှိုကွေ့က အမြဲတမ်း သူ့အပေါ်ကို အရမ်းကို ကြင်နာတတ်ပြီးတော့ ဂရုစိုက်တတ်ပါတယ်… ဒါပေမဲ့ မော့တိက မော့လျှိုကွေ့အပေါ် အမြဲတမ်း လုပ်ကြံပြောဆိုပြီး အသရေဖျက်လေ့ရှိပါတယ်… ဒီတစ်ကြိမ်မှာလည်း မော့လျှိုကွေ့က သူ့ကို စေတနာနဲ့ အအေးတစ်ခွက်လောက် တိုက်တာကို သူ့အလာ့ဂျစ် နည်းနည်းလေး ပြင်းသွားတာနဲ့ပဲ သူ့မမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ထူးဆန်းတဲ့ စကားတွေ ပြောပြီး လူတွေ သူ့အပေါ် အထင်လွဲအောင် လုပ်ခဲ့ပါတယ်… ပြီးတော့ ကိုကိုးက အနံ့ခံရုံနဲ့တင် သိနိုင်ရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ သောက်ပြီးတော့မှ သေလုနီးပါး ဖြစ်တော့မယ်ဆိုပြီး ဟန်ဆောင်ခဲ့တာပါ… သူက လျှိုကွေ့ကို သိက္ခာချဖို့ အမျိုးမျိုး လုပ်ပေမယ့် သူ့မမက သူ့အပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံနေတုန်းပါပဲ… အဲ့ဒါကြောင့် ဒီတစ်ကြိမ်တော့ လူတိုင်းရဲ့ ဒေါသက ငယ်ထိပ်ထိရောက်သွားပြီးတော့ သူ့ကို နည်းနည်းလောက် သတိပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ… ဆရာတွေက နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်…”


“ခဏနေဦး…”


မုထျန်းဟန်က ကျူးဝမ်ဇီကို ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။ သူက ယခုအချိန်ထိ ခေါင်းမဖော်ရဲသော မော့တိကို ကြည့်ရင်း တည်ငြိမ်သော အသံဖြင့် မေးလိုက်၏။


“ဒါကို နည်းနည်းလောက် သတိပေးရုံပဲလို့ ပြောချင်တာလား…”


ကျူးဝမ်ဇီက ထူးဆန်းသော ဤလူကြီးကို မသိသော်လည်း သူ၏ အေးစက်သော မျက်လုံးများထဲမှ ဖိအားကို ခံစားလိုက်ရသည်။ ထို့ပြင် ဒေါသသံစွက်နေသည့် ရုတ်တရက် သူ့စကားကြောင့် တစ်ခဏမျှ ကြောင်အသွားလေသည်။


လိုင်သယ်စစ်က မီးမညှိရသေးသော စီးကရက်တစ်လိပ်ကို လှည့်နေရင်း စကား ဝင်ပြောလိုက်၏။


“အင်း… သူ့ကို ဒီလိုထိုးကြိတ်၊ ကန်ကျောက်၊ ရေနဲ့ပက်ပြီး သူ့ခေါင်းနဲ့ မျက်နှာကိုပါ ဖူးယောင်တဲ့အထိ ရိုက်နှက်ထားတာက ဒီတိုင်း သတိပေးရုံဆိုရင် မင်းစကားတွေထဲက အမှန်တရားကပါ သံသယဖြစ်စရာပဲ… မင်းပြောတဲ့အထဲမှာ သူ့ရဲ့အလာ့ဂျစ်က နည်းနည်းတော့ ပြင်းထန်တယ်ဆိုတော့ သေစေနိုင်လောက်တဲ့ ကိစ္စပဲ…ပြီးတော့ အရေးပေါ်ကုသမှုလည်း ခံယူဖို့ လိုတယ်…”


လိုင်သယ်စစ်က ရုတ်တရက် ဟက်ခနဲ ရယ်လိုက်သည်။


“ရိုးရိုးသားသား ပြောရရင် ကွေ့မိန်းကလေးနဲ့ ပတ်သက်ပြီး သိပ်ကို သံသယဖြစ်စရာ အချက်တွေ ရှိနေတယ်… သူက အပြစ်မကင်းသလို ခံစားရပြီလို့ သာမန်မေးခွန်းလောက်နဲ့တင် စိတ်လှုပ်ရှားသွားတာလား… တကယ်တော့ သူက တစ်ခါမှ စိတ်ရင်းနဲ့ ဂရုစိုက်ခဲ့တာ မဟုတ်လောက်ဘူး…ဒီလိုမှမဟုတ်ရင် သူပေးလိုက်တဲ့ စားစရာကြောင့် သူ့မိသားစုဝင်တစ်ယောက် သေသွားနိုင်တယ်ဆိုတာကို မသိစရာရှိပါ့မလား…”


“တော်စမ်းပါ… ခင်ဗျားက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ…”


ဤစကားကို ကြားသောအခါ ကျူးဝမ်ဇီက စိတ်မထိန်းနိုင်တော့ဘဲ ဒေါသထွက်သွားလေသည်။ ထို့နောက် သူက တုတ်ထိုးအိုးပေါက် ပြောချလိုက်၏။


“လျှိုကွေ့ကို စော်ကားရအောင် ခင်ဗျားက ဘာကောင်မလို့လဲ…”


“ကျူးဝမ်ဇီ… မင်း ဒီလိုပြောလို့မရဘူးလေ…”


ကျောင်းအုပ်ကြီးဟွမ်းက သူ့ကို ကမန်းကတမ်း ဟန့်တားကာ ဆုံးမလိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့ထားရင်း အချိန်အတော်ကြာအောင် အသံတိတ်နေသော ကျူးဝမ်ဇီကို မြင်သောအခါ သူ့ကျောပြင်မှ ချွေးစက်များ စီးကျလာသည်ကိုပင် ခံစားလိုက်ရသည်။


“ကိစ္စမရှိပါဘူး… ကျုပ်က ခွင့်လွှတ်ပေးတတ်ပါတယ်…”


လိုင်သယ်စစ်က လက်ခါပြလိုက်သည်။


Xxxxxxxxx