Chapter 10
“ကျုပ်ပြောတာ ဘယ်ရောက်သွားပြီလဲ… အိုး သိပြီ… ဒါက သာမန်အလာ့ဂျစ်မျိုး မဟုတ်ဘူး သေစေနိုင်တယ်… ဒီကလေးကို အမှန်တကယ် ဂရုစိုက်တဲ့သူသာဆိုရင် ဒီအကြောင်းကို မသိဘဲ နေမလား... ဟာသပဲ… ကျုပ်အမြင်အရဆိုရင် သာမန်စကားလေး တစ်ခွန်းကနေတောင် မရည်ရွယ်ဘဲနဲ့ အမှန်တရားကို ထောက်ပြနေတယ်… ဘယ်လိုလုပ်ပြီးတော့ အသရေဖျက်မှု ဒါမှမဟုတ် ရန်ငြိုးထားမှုဆိုပြီး သတ်မှတ်လို့ ရမှာလဲ… အဲ့ဒါထက် မင်းတို့တွေ သူ့ကို အခုလိုထိ ဖြစ်အောင် အနိုင်ကျင့်ခဲ့ကြတာလေ… မင်းတို့တွေက တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ… စိတ်ပျက်ဖို့ကောင်းရုံတင်မကဘူး…”
လိုင်သယ်စစ်က ကျူးဝမ်ဇီကို လှောင်ပြောင်လိုက်သည်။
“မင်းတို့က အမှန်တရားကို လီဆယ်ပြီး ပြောရုံမကဘူး ဒီကလေးကို စော်ကားပြီး အနိုင်ကျင့်ကြသေးတယ်… အကြင်နာတရားကင်းမဲ့လိုက်တာ…”
“ခင်ဗျားကတော့…”
ကျူးဝမ်ဇီက လိုင်သယ်စစ်ကို သတ်ဖြတ်တော့မတတ်ပုံစံဖြင့် စိုက်ကြည့်လိုက်၏။
“ခင်ဗျားကမှ အမှန်တရားကို လုပ်ကြံပြီးပြောနေတာ… ခင်ဗျားကမှ အကြင်နာတရား မရှိတဲ့သူ…”
“ဟေ့ ကောင်လေး… တစ်ပွဲတစ်လမ်း နွှဲချင်နေတာလား…”
“လိုင်သယ်စစ်…”
မုထျန်းဟန်က ရုတ်တရက် ထပြောပြီး လိုင်သယ်စစ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအခါမှသာ လိုင်သယ်စစ်က ပါးစပ်ပိတ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။
“ကျောင်းအုပ်ကြီးဟွမ်း…”
မုထျန်းဟန်က သူ့ဘေးနားတွင် ရပ်နေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် အေးစက်သော သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။
“ဒီကိစ္စကို အခု ခင်ဗျား အပြည့်အဝ နားလည်သွားလောက်ပြီဆိုတော့ ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲခင်ဗျ…”
“ဒါက…”
ဤအခိုက် ကျောင်းအုပ်ကြီးဟွမ်း၏ ရင်ထဲ၌ မွန်းကြပ်သလို ခံစားလိုက်ရသည်။ သူ့ကျောပြင်မှာ ချွေးသီးချွေးပေါက်များ စီးကျနေပြီး သူက တစ်ချိန်လုံး အသံတိတ်နေသည့် မော့တိကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
“မော့တိ ဒီကိစ္စကို မင်း ဘယ်လိုမျိုး ဖြေရှင်းစေချင်လဲ…”
“ကျွန်တော်လား…”
မော့တိက လိုင်သယ်စစ်နှင့် မုထျန်းဟန်တို့ကို ကြည့်ရင်း အနည်းငယ် လေးတိလေးကန် ဖြစ်သွားသည်။ သူ တစ်ချိန်လုံး သင်ကြားခဲ့ရသည်နှင့် လုံးဝကွဲပြားသော သင်ကြားမှုပုံစံများနှင့်လူ့ကျင့်ဝတ်စံနှုန်းများအကြောင်း ပထမဆုံး ကြားဖူးခြင်းဟု ထင်မှတ်ရပေ၏။ သူ့အတွက် စကားလမ်းကြောင်း လွှဲရန် ခက်ခဲလှပေသည်။
မုထျန်းဟန်က မော့တိ၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုများနှင့် ဖိအားများကို မြင်သောအခါ သူ့မျက်ခုံးကြားမှ အရေးအကြောင်းများမှာ ပို၍ နက်ရှိုင်းလာ၏။
“ဒါ မော့တိရဲ့ အမှားဆိုတာ ရှင်းနေတာပဲလေ…”
ကျူးဝမ်ဇီက မော့တိကို စိုက်ကြည့်ကာ ပြောသည်။
“မော့တိ… မင်း ဒီနေ့ ကျောင်းပြန်တက်ရင် လျှိုကွေ့ကို လူရှေ့မှာ တရားဝင်တောင်းပန်မယ်ဆိုပြီး မင်း မိသားစုဝင်တွေကို ကတိပေးထားခဲ့တယ်မလား… မင်း အခု တောင်းပန်သင့်တယ်လို့ မထင်ဘူးလား…”
“အခုတော့ မင်း ကျောင်းကို ပြန်မလိုက်နိုင်ဘူးဆိုတာ ငါတို့ နားလည်ပါတယ်… မှတ်တမ်းယူထားရင် ဖြစ်တာပဲ မဟုတ်လား…”
အခြားသူများ စကားပြောရန်ပင် မစောင့်တော့ဘဲ ကျူးဝမ်ဇီက သူ့ဖုန်းကို ထုတ်လိုက်ပြီး ကင်မရာကို ဖွင့်ကာ သူ့အိတ်ထဲမှ ပုလင်းတစ်လုံးကိုပါ ဆွဲထုတ်လိုက်သည်။
“ပြီးတော့ မင်း တောင်းပန်မယ်ဆိုရင် ဒီဟာကို သောက်ရမယ်… ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး စိတ်ရင်းလို့ သတ်မှတ်နိုင်မှာလဲ…”
ကျူးဝမ်ဇီက အစ်ကိုဝုဟန်အနေဖြင့် မော့တိတောင်းပန်နေသည့် အချိန်တွင် သူ့ကို အဘယ်ကြောင့် အရက်သောက်ခိုင်းရသည်နှင့် ပတ်သက်ပြီး သေချာမသိပေ။ အရက်သောက်ပြီး တောင်းပန်ခြင်းမှာ ကာလရှည်ကြာ တည်ရှိခဲ့သည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သော်လည်း ကျောင်းသားများဖြစ်သော သူတို့အတွက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော် အစ်ကိုဝုဟန်က သူ့ကို ထပ်ခါထပ်ခါ တောင်းဆိုနေသောကြောင့် အကောင်းဆုံး ကြိုးစားနေရခြင်းပင်။
“ဒါ ဘာလဲ…”
မော့တိက သံသယဖြင့် ကျူးဝမ်ဇီကို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဒါက အရက်…”
မုထျန်းဟန်က ရုတ်တရက် ပြောလိုက်သည်။ ခပ်တိုးတိုး သူ့အသံမှာ ဆွဲငင်အား ကောင်းလှပြီး အခန်းထဲတွင် အနည်းငယ် ပဲ့တင်ထပ်သွားလေ၏။
မော့တိက သူ့ကို ကြည့်လိုက်သည်။
“အရက်လား…”
“သူ့ဒဏ်ရာတွေက အရမ်းကို ဆိုးရွားနေတာ… အရက်သောက်လို့ မရဘူး…”
လိုင်သယ်စစ်က ကျောင်းအုပ်ကြီးဟွမ်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ကို ပြောလိုက်သည်
“ကျွတ်… ဒီကလေးက တခြားသူတွေကို နာကျင်အောင် လုပ်နေတာပဲ…”
“ဟုတ်တယ်… ဟုတ်တယ်… သူ သောက်လို့ မရဘူး…”
ကျောင်းအုပ်ကြီးဟွမ်းနှင့် ဆရာလျှို့က ပထမဆုံးအကြိမ် ဝင်ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးဟွမ်း၏ မျက်နှာမှာ ဒေါသထွက်လာပုံရပြီး ကျူးဝမ်ဇီကို မောင်းထုတ်ပစ်ချင်လာ၏။
“ဟေ့ကောင်… မင်း ပြန်ပြီး အတန်းသွားတက်တော့… ဒီကိုလာပြီး ပြဿနာရှာမနေနဲ့…”
“ကျောင်းအုပ်ကြီး…”
ကျူးဝမ်ဇီက လုံးဝနားမလည်နိုင်ဘဲ ဒေါသထွက်လာသည်။
“ကျောင်းအုပ်ကြီး… ဆရာလျှို့… ဒါတွေအားလုံးက မော့တိရဲ့အမှားပဲ… သူ တောင်းပန်မှရမယ်… သူ တခြားသူတွေကို ကတိပေးထားတာလေ… ဘယ်လိုလုပ်ပြီး…”
“မင်း ပါးစပ်ကိုပိတ်ထား… ထွက်သွားတော့…”
ကျောင်းအုပ်ကြီးဟွမ်းက စည်းကမ်းထိန်းသိမ်းရေးဆရာအား စကားများနေသော ထိုကောင်လေးကို အခန်းထဲမှ ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။
ဆရာလျှိုမှာ စိတ်ထဲတွင် ခါးသီးသွား၏။ ကျူးဝမ်ဇီ၏ မိသားစုမှာ မြို့တော်ထဲတွင် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား မိသားစု ဖြစ်သောကြောင့် ကျူးမိသားစု၏ သခင်လေးကို အမှန်တကယ် မစော်ကားဝံ့ပေ။ သို့သော် နှိုင်းယှဉ်ကြည့်လျှင် ကျောင်းအုပ်ကြီးဟွမ်းနှင့် အခြားလူနှစ်ယောက်ကို စော်ကားရန်မှာ ပို၍ ဝန်လေးစရာ ကောင်းလှသည်။ ထို့ကြောင့် သူက ကျူးဝမ်ဇီ၏ လက်မောင်းကို ဆွဲကာ အခန်းထဲမှ ခေါ်ထုတ်သွား၏။
“ကျောင်းသားကျူးဝမ်ဇီ… ဒီကိစ္စကတော့…”
အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ဆရာလျှို့၏ အသံမှာ လုံးဝပင် မကြားရလောက်အောင်အထိ ပို၍ တိုးလျသွားသည်။ ကျောင်းအုပ်ကြီးဟွမ်းက စိတ်ရှုပ်ထွေးနေသည့်အတွက် သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း တောင်းပန်တိုးလျှိုးသော အပြုံးမျိုး ပြောလိုက်သည်။
“ဒီကိစ္စမှာ ဒီလောက်ထိ နားလည်မှုလွဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး… ဒါပေမဲ့ လူတိုင်းက ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိသာပါတယ်… သူတို့တွေ စိတ်လိုက်မာန်ပါနဲ့ လုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ လွဲချော်မှု ရှိလို့…”
“ကျောင်းအုပ်ကြီးဟွမ်း…”
မုထျန်းဟန်က သူ၏ ရှည်လျားပြီး အားကောင်းသော လက်ချောင်းများဖြင့် အင်္ကျီလက်အနားကို ခေါက်လိုက်သည်။
“ရိုးရိုးသားသား ပြောရရင် ရှာကျားနိုင်ငံတကာကျောင်းကို သိပ်ကောင်းတဲ့ ကျောင်းတစ်ကျောင်းဆိုပြီး ကျုပ်က ထင်နေတာ… ဒီလိုမှမဟုတ်ရင် ကျုပ်က ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက် ရှိလာမှာ မဟုတ်ဘူး…”
“ဟုတ်ပါတယ်… အမှန်ပါပဲ… ကျွန်တော်တို့ရဲ့ ရှာကျားနိုင်ငံတကာကျောင်းက…”
“ဒါပေမဲ့ ကျုပ်က ကျောင်းတွင်းအကြမ်းဖက်မှုကိုတော့ လုံးဝ သည်းခံလို့ မရဘူး…”
မုထျန်းဟန်က ဟွမ်းလီချန်းကို ယဉ်ကျေးစွာပင် စကားကို ကြားဖြတ်ပြောလိုက်သည်။
“ကျောင်းအုပ်ဟွမ်းက ဒီပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းပေးမှာလဲ…”
“ဒါ… ဒါကတော့… သေချာပေါက် ဆုံးမရမယ့် ကိစ္စပါပဲ…”
“ဆုံးမရမယ် ဟုတ်လား… ကျုပ်ကတော့ ဒီလောက်နဲ့ မလုံလောက်ဘူး ထင်တာပဲ…”
မုထျန်းဟန်က တံခါးဆီသို့ ကြည့်ရင်း ယတိပြတ် ပြောဆိုလိုက်သည်။
“အခုလေးတင် ခင်ဗျားရဲ့ စည်းကမ်းထိန်းသိမ်းရေးဆရာ ပြောတာကို မှတ်မိသေးတယ်… တကယ်လို့ ခင်ဗျားက ပြင်းထန်တဲ့ အမှားတစ်ခု လုပ်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ ကျောင်းသားဘဝ တစ်သက်တာမှတ်တမ်းထဲမှာ အမှတ်ခံရမယ်ဆိုတာလေ… အမှန်ပဲလား…”
မော့တိက အနည်းငယ် မော့ကြည့်လိုက်၏။
ထိုစဉ် ဟွမ်းလီချန်း၏ နှလုံးသားထဲတွင် ဝုန်းဒိုင်းကြဲနေသော်လည်း ခေါင်းငြိမ့်ပြနေရဆဲပင်။
“ဟုတ်ပါတယ်… အမှန်ပါပဲ…”
“အဲ့ဒီရန်ပွဲမှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ အခုလေးတင် လာသွားတဲ့ ကောင်လေး ကျူးဝမ်ဇီတို့ကိုပါ သူတို့ရဲ့ မှတ်တမ်းထဲ ဒီတစ်ခါဖြစ်ရပ်ကို ထည့်ပေးရင် ကျုပ် ယွမ် ၈၀ မီလီယံ ရင်းနှီးမြှုပ်နှံမယ်…”
မုထျန်းဟန်က ပေါ့ပေါ့လေး ပြောလိုက်၏။
“၈… ၈၀ မီလီယံလား…”
ဟွမ်းလီချန်းမှာ တပြိုင်နက်တည်း အံ့အားသင့်ပြီး ပျော်ရွှင်သွား၏။ သူတို့ ယခင် ဆွေးနွေးခဲ့စဉ်က ရင်းနှီးမြှုပ်နှံမှုမှာ ၅၀ မီလီယံသာ ဖြစ်ရာ ယခုအခါ ၃၀ မီလီယံ ထပ်တိုးသွားခြင်း ဖြစ်သည်။
“ဒါ ပထမတစ်ရစ်ပဲ ရှိသေးတယ်… ကျုပ် အနာဂတ်မှာ ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဦးမှာပါ…”
မုထျန်းဟန်က ပြုံးရွှင်စွာ ပြောလိုက်၏။
“ဒါတောင်မှ ကျုပ်ရဲ့တောင်းဆိုချက်က များနေသေးတယ်လို့ ကျောင်းအုပ်ကြီး ထင်နေသေးတာလား…”
“မများပါဘူး… လုံးဝ မများပါဘူး…”
“ကျုပ်လည်း ဒီလိုပဲ ထင်ပါတယ်… ကျောင်းရဲ့ စိတ်ဓာတ်ခံယူချက်က သင်ကြားမှုပုံစံရယ် ကျောင်းသား တစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တယ်လေ… ဒီလိုပြင်းထန်တဲ့ ပြစ်မှုမျိုး လုပ်ပြီးတဲ့နောက်ပိုင်း ထိရောက်တဲ့ အပြစ်ပေးမှု မရှိဘူးဆိုရင် တခြားကျန်တဲ့ကျောင်းသားတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပဲ… တကယ်တော့ ကျုပ်ရဲ့ တောင်းဆိုချက်က တော်တော့်ကို ကျိုးကြောင်း ဆီလျော်မှု ရှိတယ်လို့ ထင်ပါတယ်… သူတို့တွေက သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရတာပဲလေ… ကျောင်းအုပ်ဟွမ်း ခင်ဗျား ဘယ်လိုထင်လဲ…”
“အမှန်ပါပဲ… အမှန်ပါပဲ…”
ထိုစဉ် ကျောင်းအုပ်ကြီးဟွမ်းက သူ့ခေါင်းထဲ၌ ပါဝင်ပတ်သက်နေသော ကျောင်းသားများ အားလုံးကို တွေးကြည့်နေသည်။ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ဖြစ်သော ကျူးဝမ်ဇီ၏ မိသားစုမှအပ အခြားသူများမှာ ပမွှားများသာ ဖြစ်၏။ သူတို့ကို အပြစ်ဒဏ် ချမှတ်လျှင်ပင် ဆိုးဆိုးရွားရွား ဖြစ်လာမည် မဟုတ်ပေ။ ထို့ပြင် သူ့ထံ၌ အခင်းဖြစ်ပွားသည့် ဗွီဒီယိုဖိုင် ရှိနေဆဲပင်။
ထိုကျောင်းသားများက တစ်ခုခု လုပ်ဆောင်ရန် ကြိုးပမ်းလာပါက သူ့အနေဖြင့် ထိုဗွီဒီယိုဖိုင်ကို ထုတ်ပြလိုက်နိုင်ပေသည်။
ဗွီဒီယိုထဲတွင် ထိုကျောင်းသားများမှာ ရက်စက်လှပြီး အကြင်နာတရား ကင်းမဲ့လှပေသည်။ အကယ်၍ ၎င်းကို ထုတ်ဖော်ခြင်း မရှိပါက သူတို့အားလုံး တစ်နည်းနည်းဖြင့် တက္ကသိုလ်အချို့သို့ ဝင်ခွင့် ရနိုင်သေး၏။ အကယ်၍ ထုတ်ဖော်ခံလိုက်ရပါက သူတို့အားလုံး ပျက်စီးခြင်းအဖြစ်သို့ ရောက်သွားကြနိုင်ပေသည်။ သူတို့အားလုံး ပြည်သူလူထု၏ အပြစ်တင်ရှုံ့ချခြင်းကို ခံရပြီး တက္ကသိုလ် ဝင်ခွင့် မရနိုင်သည့်အပြင် သူတို့၏ ပုပ်ပွနေသော ဂုဏ်သတင်းကြောင့် သူတို့မိသားစု၏ စီးပွားရေးကို ထိခိုက်စေနိုင်သည်။
မော့တိက ကုတင်ပေါ်တွင် လှဲနေရင်း ဤကိစ္စနှင့် ပတ်သက်၍ မုထျန်းဟန် လျင်မြန်စွာ ဖြေရှင်းသွားသည်ကို နားထောင်နေသည်။
ကျောင်းအုပ်ကြီးဟွမ်းနှင့် ဆရာလျှို့တို့အား လိုက်လံပို့ဆောင်ပြီးနောက် မုထျန်းဟန်က ဆေးရုံခန်းထဲသို့ ပြန်ဝင်လာသောအခါ ကုတင်ပေါ်ရှိ ကောင်လေးမှာ အိပ်ပျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဒီကောင်လေးက အိပ်ပျော်သွားပြီ… ငါ သူနဲ့ စကားပြောချင်သေးတာကို…”
လိုင်သယ်စစ်က သူ့အိတ်ကပ်ထဲမှ မီးခြစ်ကို ထုတ်လိုက်ပြီး သူ့လက်ချောင်းများကြားတွင် လှည့်နေ၏။
“အပြင်ထွက်ရအောင်… ဒီကလေး သူ့ဟာသူ နားပါစေ…”
မုထျန်းဟန်က မော့တိကို ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆေးရုံခန်းအပြင်ဘက်သို့ လျှောက်သွားသည်။
လိုင်သယ်စစ်က သူ့နောက်မှ လိုက်လာရင်း တခွိခွိ ရယ်နေ၏။
“မုထျန်းဟန်… မင်းက တကယ့်ကို ဆရာကြီးပဲ… မင်း ရင်းနှီးမြှုပ်နှံမှုကို ၅၀ မီလီယံကနေ ၈၀ မီလီယံလို့ ပြောလိုက်တာ ကြားတယ်… အခု ၈၀ မီလီယံကို သုံးပြီးတော့ ကျောင်းအုပ်ဟွမ်းလည်း ပျော်ရွှင်ရရုံတင်မကဘူး… ကောင်ချောလေး တစ်ယောက်ရဲ့ နှလုံးသားကိုပါ မင်းက ဖမ်းစားလိုက်နိုင်တာပဲ… မင်း သောက်ရမ်း တော်လွန်းတယ်… ခုနက မင်းကို အဲ့ဒီကောင်လေးက ကယ်တင်ရှင်ကြီး တစ်ယောက်လို ကြည့်နေတာ…”
“ကျေးဇူးပြုပြီး ပါးစပ် ပိတ်ထားပေးပါလား…”
မုထျန်းဟန်က သူ့နာရီကို ကြည့်လိုက်ရင်း သူ့အမူအရာမှာ ပေါ့ပါးနေ၏။
“ငါက နည်းနည်းလောက် တွန်းအားပေးချင်ရုံပါပဲ… ပြီးတော့ ကျောင်းတွင်းအကြမ်းဖက်တာကို လုံးဝ သည်းခံပေးလို့ မရဘူး…”
“သိပါတယ်… သိပါတယ်…” မင်း ဂျူနီယာ အထက်တန်းတုန်းက ဒေသခံကျောင်းသားတွေထက် ပိုပြီးတော့ လူကောင်သေးနေလို့ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုတာ ငါ သိပါတယ်။
လိုင်သယ်စစ်က နောက်က စကားကိုမူ ထုတ်မပြောရဲပေ။ သူက အရပ် ၁.၈၇ မီတာ မြင့်သော အရပ်ရှည်သည့် မုထျန်းဟန်ကိုသာ မကျေမချမ်း ကြည့်နေသည်။ ဤလူက မည်သို့ ကြီးပြင်းလာခဲ့ပါသနည်း။ သူတို့ အထက်တန်းတက်စဉ်က သူ့အရပ်မှာ ခေါင်မိုးသို့ပင် ထိလုမတတ် ရုတ်တရက် ရှည်လာခဲ့သည်။ ထို့ပြင် သူက အနိုင်ကျင့်ခံခဲ့ရသော်လည်း သိပ်မကြာမီပင် လက်စားပြန်ချေနိုင်ခဲ့သည်။ ထိုကျောင်းသားများမှာ သူတို့၏ အမေများဆီသို့ပင် ပြန်၍ တိုင်ကာ ငိုခဲ့ကြရသေး၏။
လိုင်သယ်စစ်က သက်ပြင်းချလိုက်သည်။ အချို့လူများမှာ သူ့လို သာမန်လူတစ်ယောက် မဟုတ်ဘဲ တမူထူးခြားနေသူများ ဖြစ်ရန် ကံကြမ္မာဖန်ကြပေသည်။
“ကောင်းပြီ… ဒီကိစ္စကို ခဏ ဘေးဖယ်ထားကြတာပေါ့…”
မုထျန်းဟန်က အိပ်ပျော်နေသော ကောင်လေးကို လှမ်းကြည့်ကာ လိုင်သယ်စစ်ကို ပြောလိုက်သည်။
“သွားရအောင်… မြို့ရဲ့ အရှေ့ဘက်စွန်းက ပရောဂျက်ကို စစ်ဆေးကြည့်ရဦးမယ်…”
---
ကျူးဝမ်ဇီမှာ ကန်ထုတ်ခံရပြီးနောက် အလွန်စိတ်ဆိုးကာ သွေးအန်မတတ် ဖြစ်ရသော်လည်း မော့ဝုဟန်ဆီသို့ သတင်းပို့ရန် မေ့လျော့နေခြင်း မရှိပေ။
ရလဒ်အနေဖြင့် မော့ဝုဟန်က သူ့လက်ထဲတွင် ကိုင်ထားသော ပန်းကန်လုံးကို ကမန်းကတမ်း ပစ်ချလိုက်ရာ လှလှပပ တန်ဆာဆင်ထားသော ပန်ကန်းလုံးမှာ အစိတ်စိတ် အမွှာမွှာ ကွဲသွားလေသည်။
“ဝုဟန်… ဘာဖြစ်တာလဲ…”
မကောင်းဆိုးဝါး တစ်ကောင်လို မိတ်ကပ်ပြင်ထားသည့် ယောက်ျားတစ်ယောက်က ပြုံးရွှင်စွာ ရောက်လာသည်။
“နည်းနည်းတော့ ပူသေးတယ်ဆိုပေမယ့် စိတ်ရှည်ရှည်ထားပါဦး… ဓာတ်ပုံတွေ ရိုက်ဖို့ ကျန်သေးတယ်…"
“အဆင်ပြေပါတယ်… ကျွန်တော် ခဏနားချင်လို့…”
မော့ဝုဟန်က စီးကရက်တစ်လိပ် ထုတ်ယူလိုက်ပြီး တစ်ဖွာရှိုက်လိုက်သည်။
Xxxxxxxxc